Tuesday, February 06, 2007

ဒီခေတ်ကြီးထဲမှာ …

“အဖေ … မှန်တာကို လုပ် ဟုတ်တာကို ပြောနေသူတွေရဲ့ အလုပ်တွေ အပြောတွေဟာ ဘာလို့ အရာမရောက်ကြတာလဲ…၊ မဟုတ်တာလုပ်ကြတဲ့ သူတွေကတော့ စင်ပေါ်က နေနိုင်တယ် … အဟုတ်အမှန်ကို လုပ်မိပြောမိ သူတွေက အနှိမ်ခံရ အပြောခံရနဲ့ အစော်ကားခံရနဲ့… တော်တော်လေး အားငယ်ဖို့ကောင်းတယ်နော် … အဲဒါ ဘာလို့လဲ … အဖေ”

မနေ့က “စိန်စီသောည” ဆိုတဲ့ နှိုင်းယှဉ်ဖော်ပြချက် မှတ်တမ်းတင် ဗီဒီယို ကြည့်အပြီး အဖေနဲ့ စကားစမြည် ပြောရင်း မေးမိပါတယ်။

အဲဒီ ဗီဒီယိုကို ကြည့်ရတာ အလွန်ရင်နင့်စရာ ကောင်းလှတယ်။
တဖိတ်ဖိတ်လက် တောက်ပြောင်နေတဲ့ မင်္ဂလာဧည့်ခံပွဲနဲ့ မွဲတေဆင်းရဲ နိမ့်ကျလွန်းတဲ့ ဘ၀တွေ …၊ ဟင်းတပွဲ သိန်းကျော်တန် အစားအသောက်တွေ စားနေသူတွေနဲ့ စတုဒိသာ အလှူမှာ တန်းစီတိုးစားရင်း မှောက်ကျတဲ့ထမင်းဟင်းကို ကောက်စားနေရတဲ့ဘ၀တွေ … ၊ တိုင်းပြည်ရဲ့ ဘဏ္ဍာတွေကို ကိုယ်ကျိုးအတွက်သုံးစွဲ အဖိုးတန်ကားကြီးတွေ ပေါ်မှာ ပျော်ပါးနေကြသူတွေနဲ့ ဟုတ်တာပြော မှန်ရာလုပ်မိလို့ ခြေထိပ်လက်ထိပ် ခတ်ခံပြီး ထောင်နန်းစံနေရတဲ့ ဘ၀တွေ …၊ မင်္ဂလာစိန်ကြိုးတားသူတွေကို ထောင်တန်တွေ အထပ်လိုက်၊ ဒေါ်လာစာအိတ်တွေ အထပ်လိုက် ဝေငှပေးတဲ့မြင်ကွင်းနဲ့ လမ်းပေါ်မှာ တောင်းရမ်းစားနေရတဲ့ ဘ၀တွေ … ။
ကြည့်ရင်း ကြည့်ရင်း မျက်လုံးတွေ စိုစွတ်လာခဲ့တယ် …. အမြင်တွေေ၀၀ါးလာခဲ့တယ် … ။

ဘာကြောင့်လဲ …
ဘယ်သူကမှန်ပြီး ဘယ်သူကမှားသလဲ …
မှားတဲ့သူတွေ ကောင်းစားပြီး မှန်တဲ့သူများက တောင်းစားနေရပါလား …
မှားတဲ့သူတွေ ရယ်နိုင်ပြီး မှန်တဲ့သူတွေက မှိုင်တွေနေရပါလား …
မှားတဲ့သူတွေ စင်ပေါ်ရောက်ပြီး မှန်တဲ့သူများကျတော့ ခဲနဲ့ပေါက်ခံနေရသလိုပါပဲလား …
လောကကြီး ပြောင်းပြန်ဖြစ်နေပြီလား …
ကျမ တွေးမရလို့ အဖေ့ကို မေးကြည့်မိပါတယ်။

“အဲဒါဟာ အချိန်ကာလ ကြောင့်ပဲ”
အဖေက စိတ်မသက်သာစွာနဲ့ အဖြေပေးပါတယ်။
“အချိန်ကာလ???? ဟုတ်လားအဖေ”
“အင်း … ဟုတ်တယ် …ခေတ်ကိုက မကောင်းမှုတွေ လွှမ်းခြုံတဲ့ခေတ်၊ မကောင်းတာလုပ်တဲ့ သူတွေ နေရာရတဲ့ခေတ် ဖြစ်နေတာကိုး”
ကျမ ကောင်းကောင်း သဘောမပေါက်ပါဘူး။ ဒါနဲ့ စောဒက ထပ်တက်မိတယ်။

“မှန်တာလုပ်တာ ကောင်းတာလုပ်တာလေ အဖေရယ်၊ အကုသိုလ် မလုပ်ဘဲ ဘာလို့ အကုသိုလ်ဖြစ်နေရတာလဲ၊ အကုသိုလ်လုပ်တဲ့ သူတွေကျတော့ … ကောင်းစားကြီးပွားကြတယ် … အဲဒါကို မကျေနပ်တာ”

“သမီး … ခုခေတ်က ဆုတ်ကပ်ဖြစ်နေပြီ၊ ခေတ်ကိုက အကုသိုလ်တွေ ကြီးစိုးတဲ့ခေတ်၊ ဆုတ်ကပ်တွေမှာဆိုရင် ဒီလိုပဲ၊ ကောင်းတာလုပ်နေပေမဲ့ ကောင်းတာ ဖြစ်မလာဘူး၊ ဒီတော့ မကောင်းတာလုပ်တဲ့ သူကများလာမယ်၊ လူတွေမှာ လောဘ၊ ဒေါသ၊ မောဟ တရားတွေ ပိုပိုဖိစီးများပြား လာကြမယ်။ ဒီလိုနဲ့ လူတွေ အသက်တို၊ အနာရောဂါတွေ ထူပြော၊ ခိုက်ရန်ဒေါသတွေ ပိုများလာ၊ ညီညွတ်မှုမရှိ၊ ငြိမ်းချမ်းရေးမရှိ၊ စစ်တွေဖြစ်၊ တဖြည်းဖြည်းနဲ့ ပျက်စီးလာရော … ။ ဆုတ်ကပ်ရဲ့ သဘာဝက ဒီလိုပဲ သမီး”

“ဒီလိုသာဆို ကောင်းတာ လုပ်တဲ့သူတွေ မျက်နှာငယ်လိုက်တာအဖေရယ် … အကုသိုလ်လုပ်တဲ့ သူတွေကို ဘာလို့ မကောင်းကျိုး မပေးတာလဲ၊ ကုသိုလ်လုပ်တဲ့ သူတွေမှာရော .. ဘာလို့ ကောင်းကျိုးမရတာလဲ”
“သမီးက လက်ရှိခဏလေးပဲ ကြည့်တာကိုး … လတ်တလော ချက်ချင်း အကျိုးမပေးတာနဲ့ … … ငါကောင်းတာ လုပ်ရက်နဲ့ မကောင်းကျိုးတွေ ခံစားရတယ် … ဒါကြောင့် ငါတော့ မကောင်းတာဘဲ လုပ်တော့မယ် ဆိုတဲ့ စိတ်မျိုး မမွေးနဲ့ … အချိန်တန်ရင် အကျိုးခံစားရမှာပဲ … ဒီတော့ လက်ရှိမှာ ကိုယ်က ကောင်းအောင် သာနေ၊ ခံစားရတာက ကောင်းသည် ဖြစ်စေ ဆိုးသည် ဖြစ်စေ … မတုန်လှုပ်နဲ့၊ ကောင်းတဲ့ ပေါ်မှာလည်း မသာယာနဲ့ ဆိုးတာ ကြုံရင်လည်း စိတ်ဓာတ်မကျနဲ့ …”
“ … .. … … ...”
“ပြီးတော့ ကိုယ်ကောင်းပါရက်နဲ့ မကောင်းတာဖြစ်တာက လတ်တလော ကုသိုလ်ကံရဲ့ အကျိုးပေးမှုကြောင့်မှ မဟုတ်ဘဲ၊ ကိုယ်လုပ်ခဲ့တဲ့ ကောင်းမှု မကောင်းမှုတွေ တပုံကြီးက နောက်မှာ ပါနေတာ၊ အကျိုးပေးခွင့် ကြုံတာနဲ့ အကျိုးပေးတတ်တယ်ဆိုတာ … သမီးလည်း သိတာပဲ”

သိတော့လည်း သိပါတယ်။ ဒါပေမဲ့ အဲဒီလိုမျိုးကြီး ကိုယ်တိုင်လည်း မဖြစ်စေချင်ဘူး၊ ဘယ်သူ့ကိုမှ လည်း မကြုံစေချင်ဘူး။ ဒါမှလည်း တရားမျှတတဲ့ လောက ဆိုတာ လူတိုင်း မြင်နိုင်ပေမပေါ့။ မဟုတ်ရင် … ငါက ကောင်းပါလျက် …ကောင်းကျိုး မခံစားရလေခြင်း လို့ မချင့်မရဲဖြစ်ပြီး ကောင်းတာ လုပ်ချင်တဲ့ သူတွေတောင် မကောင်းမှုဘက် ကူးပြောင်းသွားကြမှာ စိုးရိမ်မိတယ်။

“အကျိုးပေးခွင့်ကလည်း အဖေရယ် …ကောင်းတာလုပ်တဲ့ အချိန်ကျမှ မကောင်းတဲ့အကျိုး ပေးခွင့် ဘာလို့ ကြုံရတာတုန်း …နော်”
“အဲဒါက ဘာနဲ့ဆိုင်လဲ ဆိုတော့ ပတိရူပ နဲ့လည်း ဆိုင်တယ်၊ ကိုယ်ရောက်နေတဲ့ အရပ်က ပတိရူပ မဟုတ်ရင် ကိုယ့်ရဲ့ အကုသိုလ်ကံတွေက အကျိုးပေးခွင့် ပိုများနိုင်တာပေါ့ …နောက် တခုရှိတာက … ကိုယ်က နှိပ်စက် စော်ကားခံ နေရတဲ့အခါမှာ ဒီလို ပြုသူတွေကို ဒေါသပြန်မထားဘဲ သည်းခံစိတ်မွေးလိုက်ရင် ခန္တီပါရမီ ဖြည့်ကျင့်ရာ ရောက်တယ်၊ သူတို့ကိုလည်း ကိုယ်ပါရမီဖြည့်ခွင့် ရအောင် အနစ်နာခံပြီး ထောက်ပံ့ပေးတဲ့ သူတွေလို့ သဘောထားလိုက်ရင် ကျေးဇူးတောင် တင်ရဦးမယ်”

ဒီလိုနဲ့ အဲဒီညက အဖေနဲ့ စကားတွေ တော်တော်များများ ပြောဖြစ်လိုက်ပါတယ်။ အဖေကတော့ ကျမ ဘ၀င်ကျတဲ့အထိ ဇာတ်နိပါတ်တော်ထဲက သာဓကတွေနဲ့ သေချာရှင်းလင်း ဖြေပေးသွားခဲ့ပါတယ်။
အဖေနဲ့ စကားပြောအပြီးမှာတော့ ရောက်တတ်ရာရာ တယောက်ထဲ ထိုင်တွေးလို့ နေမိပါတယ်။

ကိုယ်က မမှားဘဲနဲ့ စော်ကားလာသူတွေကို ကိုယ့်ကို ပါရမီဖြည့်ပေးတယ် သဘောထားပြီး သည်းခံရမလား။
ကိုယ်လုပ်တဲ့ အမှန်တရား၊ ကိုယ့်ရဲ့ ကောင်းမှု ကုသိုလ်တွေက အချိန်တန်ရင် အကျိုးပေးမတဲ့။ အချိန်က ဘယ်တော့တန်မှာလဲ … ။ အချိန်တန်ဖို့ကို ဘယ်တော့ထိ စောင့်ရမှာလဲ။
“အမှန်တရားသည် အင်အား” ဆိုတဲ့စကားကို ဆုပ်ကိုင်ထားရင်း ကျမမှာ အင်အားတွေ ချိနဲ့လာပါရောလား။

ဆရာကြီးဦးတင်မိုးက “အမှန်တရားဟာ အင်အားဆိုပေမဲ့ အချိန်ကာလတော့ လိုတယ်” လို့ရေးခဲ့တာ ဖတ်ခဲ့မိဖူးတယ်။
အဲဒီတုန်းကတော့ အမှတ်တမဲ့ပါပဲ…။ ခုတော့ …
အဖေ့စကား .. ဆရာကြီးစကား … ကျမ နှလုံးသားထဲ ရောက်သွားပါပြီ … ။
ခေတ်ရဲ့ အခြေအနေအရ … ဆုတ်ကပ်ကြီးထဲမှာ ရှင်သန်နေရတဲ့ ကျမတို့တတွေ အမှန်ကို ဆုပ်ကိုင်ထားရတာ တကယ်ကို မျက်နှာငယ်ရပါတယ်။
အမှန်တရားဟာ ခါးသီးနေပြီလား … ။

ဒီခေတ်ကြီးမှာ အမှန်လုပ်တဲ့ သူတွေအတွက် …နေရာ မရှိဘူးလား။
မှားတဲ့သူတွေသာ လက်မထောင် ရင်ကော့နေနိုင်တာလား။
မှန်တဲ့ဘက်က ရပ်သူတွေဟာ ခေါင်းငုံ့ ကွယ်လျှိုး နေရတော့မှာလား … ။
ရင်နာစရာ ကောင်းလိုက်ပါဘိ …။

အမှန်တရား ထွန်းကားမယ့် အချိန်ကာလ … အမှားတွေ ပျက်သုဉ်းမယ့်ခေတ် …
ဘယ်တော့များမှ ဖြစ်ပါလိမ့်မလဲ …. စိတ်ထဲ တွေးနေရင်းနဲ့ …
~~ အရှေ့က နေ၀န်းထွက်သည့်ပမာပ ~~
~~ တို့ခေတ်ကိုတော့ …ရောက်ရမည်မှာ မလွဲပါ ~~
ဆိုတဲ့ တို့ဗမာ သီချင်းကို ကျမ ခပ်တိုးတိုး ဆိုညည်းနေမိပါရဲ့။
***
မေဓာဝီ
4.2.07
10:26 pm

3 comments:

mg gyi said...

i am waiting for your new post and now i read it but i have no word to write comment, just wishing for all.. .

ကိုချို said...

မမေဓါ။

ကြားဖူးတာလေးက "အမှန်တရား ဟာ အမြဲတမ်းနောက်ကျတတ်တယ်။ ဒါပေမယ့် အသေအချာ ရောက်လာလိမ့်မယ်တဲ့ ။" တစ်နေ့က နေနေတောင် နိုင်းနိုင်းရဲ့  ကွန်မင့်တစ်ခုထဲမှာ ခပ်ဆင်ဆင်လေး ရေးသွားသေးတယ်။ ဘယ်သူဆိုခဲ့ တဲ့  အဆိုမှန်း မသိပါဘူး။ ရှေးတရုတ် အဆိုလားမသိဘူး။

ဒါကို ကျွန်တော်တို့  ၀ိုင်အိုင်တီက စီနီယာ တစ်ယောက်ဖြစ်တဲ့  ကိုအောင်ဒင် (နာမည်ရင်း မသိ၊ တာရာမင်းဝေရဲ့  အစ်ကိုရင်း၊ ခု ယူအက်စ်အေမှာ မြန်မာ့အရေးလုပ်နေတယ် ထင်ပါတယ်၊ မိုးမခမှာ စာတွေရေးပါတယ်။) က " အမှန်တရားဆိုတာ ဟိုးမိုးပေါ်က ကောင်းကင်ကြီးလို အထင်အရှားရှိတယ်။ ကိုယ်နင်းထားတဲ့  ကမ်ဘာမြေကြီးလို ခိုင်မာတယ်။ ဟိုးအဝေးကြီးက တောင်တန်းတွေရဲ့  အလှအပကို စိတ်ကူုးနဲ့  လွမ်းဆွတ်ခံစားမနေနဲ့ ။ တောင်တန်းကြီးတွေဆီ မရောက် ရောက်အောင် သွားပြီး ပိုင်ပိုင်နိုင်နိုင် ပွေ့ ဖက်ကြည်နူးကွဲ့ ။ အမှန်တရားဆိုတာ စောင့်နေအပ်တဲ့  အရာမျိုး မဟုတ်ဘူး။ " လို့  သူ့ ဆောင်းပါးတစ်ပုဒ်မှာ ရေးသွားတာ ဖတ်ဘူးပါတယ်။

မမေဓါပြောတဲ့  "အမှန်တရား ထွန်းကားမယ့် အချိန်ကာလ … အမှားတွေ ပျက်သုဉ်းမယ့်ခေတ် …" ဆိုတာဆီကို ကျွန်တော်တို့ အားလုံး တတ်နိုင်သမျှ ပါဝင် ပြီး လျှောက်လှမ်းမှရမယ် ထင်ပါတယ်။ ကိုအောင်ဒင်တို့ ကတော့ တကယ် တက်တက်ကြွကြွလုပ်ပါတယ်။ ကျွန်တော်တို့ က သူတို့ တွေ လုပ်ပါလိမ့်မယ် ဆိုပြီး လွှတ်ထားရင်တော့ ပထမ အဆိုလိုဘဲ "လာမယ်၊ ကြာမယ်" ဖြစ်နေမယ် ထင်ပါတယ်ဗျာ။

do bamar said...

အမရေ..

ဆုတ်ကပ်က ဘာလို့ မြန်မာပြည်မှာဖြစ်နေရတာလဲ...

ဆုတ်ကပ်လို့ ကျွန်တော်တို့ ရဲ့ လူကြီးတွေက မှတ်ယူကြပါတယ်.. ကိုယ့်ကို မတရားလာလုပ်ရင်လည်း သည်းခံဆိုတဲ့ဝါဒကိုလည်း ဘုရားဟောလို့ မှတ်ယူကြပါတယ်.. ကျွန်တော်အထင်ကတော့ အဲဒါက မှားနေတယ်..

ဘုရားက သည်းခံဆိုတာက အလိုရမက်တွေ.. ဝေဒနာတွေကိုပါ.. မတရားတာကိုသည်းခံပါဆိုတာမဟုတ်လို့ အောင်ခြင်းရှစ်ပါးဆိုတာ
ရှိလာတာပါ.. ဘုရားက သူကိုလာစွပ်စွဲတဲ့မတရားမှုတွေကို တရားနည်းလမ်းကျကျ ဖြေရှင်းခဲ့တာပါ..

ဘုရားအလောင်းဘ၀တွေတုန်းက သည်းခံခြင်းတွေအကြောင်းကို ကျွန်တော်တို့ ဖတ်ဖူးကြပါတယ်.. ဥပမာ၊ ၊ ဇာတ်နိပါတ် တစ်ခုထဲမှာပေါ့..
ဘုရားအလာင်းရသေ့က ဥယျာဉ်တစ်ခုရဲ့ တရားအားထုတ်နေတဲ့အချိန်မှာ ဘုရင်တစ်ပါးကကြွလာတယ်.. သူ့ကို အရိုအသေမပေးလို့ ယူဆလို့ ဘုရင်က ရသေ့ကို ခြေဖြတ် လက်ဖြတ်လုပ်ပေမယ့် ရသေ့က စောင့်ထိန်းနေတဲ့သီလ အပျက်ဆီးမခံပဲနေသတဲ့၊ နောက်ဆုံးခေါင်းကိုပါ ဖြတ်လိုက်သတဲ့၊..

ရသေ့က သည်းခံတာက စောင့်ထိန်းနေတဲ့သီလကို အပျက်မခံတာပါ၊ သူရဲ့ မနောစိတ်အတွင်းက ရုန်းကြွလာတဲ့ ကိလေသာကိုမြင်အောင် ရှုရင်း နာကြင်ခြင်းကို ဝေဒနာတစ်ခုအနေနဲ့ သည်းခံတာပါ၊ ဘုရားဟောတဲ့ သည်းခံခြင်းက ဒါပါ.. အနှစ်သာရပါ.. အဲဒီ အနှစ်သာရကို ဖျောက်ပြီး လုပ်သမျှသည်းခံရတယ်ဆိုတဲ့ ၀ါဒကို ဘယ်ကာလက ဘယ်ပညာရှိက တီထွင်ခဲ့ခြင်းမသိပါ။ အဓိပ္ပါယ် တော်တော်ကိုလွဲသွားပြီ..

ဟုတ်ပါတယ်.. ဒေါသမထွက်ရဘူးဆိုတာကို တော့ လက်ခံစရာပါ.. ဘာကြောင့်လဲဆိုတော့ ဒေါသထွက်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ စိတ်သန္တာန်မှာ ကိလေသာ မြူမှုန် တွယ်သွားပြီ.. ကိုယ်ကဒေါသနဲ့ပြန်တုန့်ပြန်လိုက်မယ်ဆိုရင် ကိုယ်တုန့်ပြန်ချက်က လည်းအမှားဖြစ်သွားနိုင်ပါတယ်။ ဒါပေမယ့် ထွက်လာတဲ့ဒေါသကိုထိန်းလိုက်ပြီး ဒါဟာဒေါသလို့မြင်လိုက်တာပါ၊ ကိုယ်က မတရားစော်ကားခံနေရတာကို နည်းလမ်းကျကျ တွန်းလှန်လိုက်ပါ၊ ဒါမှ ဒေါသမပါတဲ့ ဖြေရှင်းမှုမျိုးကိုရပါမယ်..

အရိုးစွဲနေတဲ့ ဒီသည်းခံခြင်းအလွဲကို ကိုယ်တိုင်တွေးခေါ်ခြင်းဖြင့် အောင်နိုင်မှသာ ကျွန်တော်တို့တွေ ဆုတ်ကပ်က ရုန်းထွက်နိုင်ပါမယ်..

မနိုင်တော့တဲ့အချိန်မှာလည်း သည်းခံဆိုတဲ့ စကားကိုသုံးတတ်ကြတယ်၊ သဘောထားကြီးတယ်၊ သံသရာကြွေးမယူကြနဲ့ဆိုတာတွေကိုလည်း ပြောတတ်ကြပါတယ်။ ကွယ်ရာမှာတော့ ရင်ထဲကအတိုင်း ဒေါသတကြီး အတင်းအုပ်တော့တာပဲ.. ရေမလာ၊ မီးမလာလို့ မကျေနပ်တဲ့သူတွေ၊ ပညာငတ်လို့ အသိပညာမရှိသူတွေ.. စီးပွားရေးအဆင်မပြေလို့ ပျက်စီးသွားနေတဲ့ မိန်းမပျိုတွေ.. လမ်းလယ်မှာ တောင်းစားနေတဲ့သူတောင်းစားတွေ..

ကဲ.. ကျွန်တော်တို့တွေ သည်းခံနေတာလား.. အမှန်တရားကို သည်းခံခြင်းဆိုတာနဲ့ ဖုံးအုပ်ဖို့ကြိုးစားနေတာလား...