ငယ်စဉ်က ဒီလိုနေ့ဆိုလျှင် အိမ်ရှေ့ လမ်းမကြီးပေါ်မှာ လူစုလူဝေး စီတန်းလျက်၊ အလံတွေကိုင်ဆောင် လွှင့်ထူလျက်၊ တူညီဝတ်စုံများ ၀တ်ဆင်လျက် ညီညီညာညာ လမ်းလျှောက်ရင်း “ဒို့အရေး … ဒို့အရေး” ဟု ကြွေးကြော်သွားကြသည့် မြင်ကွင်းကို နှစ်စဉ် မြင်ရလေ့ရှိသည်။
ဒီအခါဆို လူကြီးတွေက ဘိလပ်ရည်တွေ ဖျော်ထည့်ထားသော ဒန်အိုးကြီးများကို အိမ်ရှေ့တွင်ချကာ ချီတက် လာကြသူများ အမောပြေစေရန် အလို့ငှာ တိုက်ကျွေးကြ၏။ သူတို့လို ကလေးတွေကတော့ ဘိလပ်ရည် ခွက်ကလေးတွေ လိုက်လံ ကမ်းပေး၊ သောက်ပြီးသား ခွက်ကလေးတွေ ပြန်ယူ၊ လူစုစုကြား အပြေးအလွှား လှုပ်ရှားရတာကိုပင် ပျော်နေခဲ့ကြသည်။
“ဒို့အရေးတွေ လာပြီဟေ့” လို့ တယောက်ယောက်က စပြောလိုက်ပြီဆိုလျှင် အိမ်ရှေ့ထွက်ချင်ပြီ။ ဒို့အရေးတွေကို တနေကုန် မမောနိုင်အောင် ကြည့်ပြီး အားလုံးပြီးသွားချိန် ဆိုရင်တော့ မျက်စိမှိတ်လည်း မျက်စိထဲမှာ ဒို့အရေးတွေ၊ ရေသောက်လည်း ရေခွက်ထဲမှာ ဒို့အရေးတွေ၊ အိပ်ရာဝင်ချိန်ထိပင် ခြင်ထောင် ခေါင်မိုးမှာ ဒို့အရေးတွေ မြင်ယောင်လို့ နေ၏။
သည်တုန်းကတော့ “ဒို့အရေး .. ဒို့အရေး” ဟု အော်ကြတာဟာ ဘာမှန်းလဲ မသိခဲ့။ သိရန်လည်း မစဉ်းစား။ ဒို့အရေးရဲ့ အရှေ့က ဘာတွေ တိုင်ပေးနေတယ် ဆိုတာလဲ နားမလည်။
သူသိတာက ဒို့အရေး လာတတ်သည့် ပြည်ထောင်စုနေ့ ဆိုလျှင် ကျောင်းပိတ်မည်။ ပြည်ထောင်စု အလံကို ဟိုမှ သည်မှ သယ်ဆောင်ရင်း ကျိုက္ကဆံကွင်းမှာ ရပ်နားမည်။ ကျိုက္ကဆံကွင်းသို့ ချီတက်လာသည့် ဒို့အရေးတွေကို မမောတမ်း ကြည့်ကြမည်။ ညဘက်မှာ ပြည်ထောင်စုပွဲ ကျင်းပရာ ကျိုက္ကဆံကွင်းကို သွားကြမည်။ ပွဲကြည့်မည်။ အရောင်း ပြခန်းတွေ ကြည့်မည်။ ပစ္စည်းတွေ ၀ယ်မည်။ ဒီလောက်ပဲ။
အိမ်ရှေ့မှ ဖြတ်လျှောက် ချီတက် ကြွေးကြော် သွားကြသော ဒို့အရေးတွေက ဘာတွေလဲ … သူမသိ။ ဘာအတွက် အော် နေတာလဲ သူ နားမလည်။
ဒီလိုနှင့် တဖြည်းဖြည်း ကြီးပြင်းလာပြီး နောက်ပိုင်းမှာတော့ ဒီလို ဒို့အရေးမျိုးတွေ တစတစ ပျောက်ကွယ် သွားသည်။ ပျောက်ကွယ် သွားရာမှ ပြန်ပေါ်လာပြန်တော့ ပုံစံတမျိုး ဖြစ်လို့နေ၏။
ဒီအချိန်မှာတော့ သူ သိတတ် နားလည်တတ်သည့် အရွယ်သို့ပင် ရောက်လို့နေပြီ။
***
ဒီလမ်းမကြီးထက်မှာပါပဲ။
လူစုလူဝေး စီတန်း ချီတက် လျက်ပါပဲ။
အလံတွေလည်း ကိုင်ဆောင်လွှင့်ထူလျက်ပါပဲ။
“ဒို့အရေး … ဒို့အရေး” လို့လည်း ကြွေးကြော်လျက်ပါပဲ။
ဒါပေမဲ့ နှုတ်ဖျားက အသံတွေမဟုတ်။ ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ အားမာန်အပြည့် ဟစ်ကြွေးသံများ။ ချီတက်လာကြသူ အားလုံး၏ မျက်လုံးများက မျှော်လင့်ချက် တို့ဖြင့် တလက်လက် တောက်ပလျက်။ ရဲစိတ် ရဲမာန် အပြည့်။ ဖမ်းမှာ မကြောက်၊ သေမှာ မကြောက်။
ဘေးမှ ကြည့်နေသူများပင် ကြက်သီးမွေးညင်း ထကာ စိတ်ဓာတ်များ တက်ကြွ လာကြသည်။ ဒို့အရေး … ဒို့အရေး ဟု … ရင်ထဲကအသံများ နှုတ်ဖျားမှ ဖွင့်ဟလာကြသည်။ လက်သီး လက်မောင်း တန်းလာကြသည်။
ဒီ ဒို့အရေးတွေကိုမူ … သူ၏ မျက်စိထဲတွင်မက နှလုံးသားထဲမှပင် ဒီတသက် ထွက်တော့မည် မဟုတ်။
***
သူ ငယ်ငယ်က ကြုံခဲ့ရသည့် ဒို့အရေးက အော်ခိုင်းလို့ အော်ကြရသည့် ဒို့အရေး …။ နောက်တချိန် ထပ်မံ ကြုံခဲ့ရသည့် ဒို့အရေးကတော့ ပြည်သူအားလုံး ရင်ထဲမှ မခံမရပ်နိုင်သည့်အဆုံး ထွက်ပေါ်လာသော ဒို့အရေး …။
စကားလုံးချင်း တူသော်ငြား … အဓိပ္ပါယ်ကား ကွာခြားလွန်းလှသည်။
အနှစ်သာရခြင်း ကွာခြားလွန်းလှသည်။
ခံယူချက်ခြင်း ကွာခြားလွန်းလှသည်။
ဒို့အရေး … ဆိုသော သုံးလုံးတည်းသော ဝေါဟာရလေး သည်ပင်လျှင် ခံယူချက် မတူညီသော လူတွေ၏ နှုတ်ဖျားမှာ ကောင်းတခါ ဆိုးတလှည့် ကြုံခဲ့ရပေ၏။
***
တကယ်တမ်း … ဒို့အရေး ဟူသည် …
တဦးတယောက်၊ တဖွဲ့၊ တအုပ်စု၏ အရေးပေလား။
တနိုင်ငံလုံး၊ တမျိုးသားလုံး၊ ပြည်ထောင်စုကြီး တခုလုံး၏ အရေးပေလား။
“ဒို့အရေး” သည် … ငါ့အရေး မဟုတ်၊ မင်းအရေးမဟုတ်၊ သူ့အရေးမဟုတ်၊ ငါတို့အားလုံး၏ အရေးပင်ဖြစ်သည်။
ငါနှင့် မဆိုင်၊ မင်းနှင့်မဆိုင်၊ သူနှင့်မဆိုင်ဟု ပြောလို့မရ၊ ငါတို့အားလုံးနှင့် ဆိုင်သည်။
ငါတို့ ဘိုးဘွား မိဘတွေ သည် … ဒီမြေပေါ်မှာ မွေး၊ ဒီမြေပေါ်မှာ ကြီးပြင်းရှင်သန်ခဲ့ကြသည်။
ငါတို့သည်လည်း … ဒီမြေပေါ်မှာပင် မွေး၍ ဒီမြေပေါ်မှာပင် ကြီးပြင်း ရှင်သန်ခဲ့ကြသည်။
ငါတို့၏ မျိုးဆက်များသည်လည်း ဒီမြေပေါ်မှာ မွေးပြီး ဒီမြေပေါ်မှာပင် ကြီးပြင်း ရှင်သန် ကြဦးမည်။
ဒီမြေသည် ငါတို့အားလုံး၏ မြေဖြစ်သည်။
ငါတို့ ရှင်သန် ကြီးပြင်းခဲ့ရာ မြေကို ငါတို့ ပြန်လည် ကျေးဇူးပြုကြရမည်။
ငါတို့အားလုံး တိုးတက်မှ ငါတို့မြေလည်း စည်ပင်ဝပြောမည်။
ငါတို့အားလုံး ညီညွတ်မှ ငါတို့မြေလည်း သာယာလှပမည်။
ငါတို့မြေ သာယာဝပြောဖို့ ငါတို့အားလုံးမှာ တာဝန်ရှိသည်။
ငါတို့ စဉ်းစားကြပါစို့ … ။
ငါတို့၏ မျိုးဆက်များသည် …. ငါတို့ ကြုံနေရသကဲ့သို့ … … …
အမှန်တရားကို မပြောရဲ မဆိုရဲ ကျိတ်မှိတ်ခံစား နေကြရဦးမလား။
အမှန် အမှား ခွဲခြားမသိ … မျက်စိမှိတ် နားပိတ် အမှောင်တိုက်ထဲမှာ ပြောသမျှယုံ ကြုံသမျှ ခံ နေကြရဦးမလား။
နိမ့်ကျသည့် ပညာရေး စနစ်ဆိုးကြီးထဲမှာ စမ်းတ၀ါးဝါး သင်ကြားကြရဦးမလား။
ကျန်းမာရေးအတွက် ဆေးဝါးကောင်းမရှိ၊ ငွေမရှိလျှင် သေရမည့်ဘ၀မှာ ကျင်လည်ကြရ ဦးမလား။
ဝင်ငွေ ထွက်ငွေ မမျှတ၊ တနေ့လုပ်လို့ တနေ့ နပ်မှန်အောင်မှ စားကြရပါ့မလား။
အူမ-မတောင့်သည့်အတွက် သီလ-မစောင့်နိုင်ဘဲ … စာရိတ္တတွေ တစထက် တစ ယိုယွင်း ချိနဲ့လာကြလေမလား။
သူတပါး တိုင်းပြည်မှာ မျက်နှာ အငယ်ခံပြီး ရုန်းကန်ကြိုးစား နေကြရဦးမလား။
ရေ-မီး မရှိ နိမ့်ကျသည့် လူမှုဘ၀ မှာ နေထိုင်ရင်း … ဟိုပြေး ဒီပြေး နက်ဖန်အတွက် စိတ်မအေး နိုင်တဲ့ အဖြစ် မျိုးတွေ ကြုံတွေ့ရ လေဦးမလား။
ငါတို့ မျိုးဆက်များ ငါတို့ကဲ့သို့ မခံစားရစေရန် …. ဘ၀ အာမခံချက် ရှိရန် ငါတို့အားလုံး ညီညီညွတ်ညွတ် ကြိုးစား လုပ်ဆောင် ရမည် မဟုတ်ပါလော ….။
နောက်လူများ ငါတို့လို မဖြစ်ရလေအောင် …
စွမ်းဆောင်ကြဖို့ အရေးသည် ငါတို့အားလုံး၏အရေး …။
ဒါသည်ပင်လျှင် …
ဒို့အရေး …
***
မေဓာဝီ
၂၀၀၇ ခုနှစ် ၊ ဖေဖော်ဝါရီ ၁၂ - ရက်
(နှစ် ၆၀ -ပြည့် ပြည်ထောင်စုနေ့)
Subscribe to:
Post Comments (Atom)
9 comments:
All the events in the past came into my mind-eye: my childhood, school time. Union day was celebrated in Yangon and Independent day was celebrated in Mandalay, near Mandalay Hill. fortunately i participated in these celebration happily. Now Ma May's post recalled me to these historical events of our country. No one should forget these historical events. We, all Burmese, must open our eyes, alert our ears, to regain our rights, to rebuild our union with our knowledge. if we do not know or easily forget these events, how can we regain our rights? so we all have responsibility for our future like Ma May reminded. Here i also would like to remind all Myanmar not to forget all historical events of our country by our historical Doctor Than Tun's word: why we learn the history is not to be blind! Thanks Ma May, for reminding all Myanmar by this post !!!
ကျွန်တော် ဘလောက်တွေကို လိုက်ကြည့်တယ်ဗျ.. ဘယ်သူများ ပြည်ထောင်စုနေ့ကို မှတ်မှတ်ရရ တင်ထားမလား…အလုပ်ပဲရှုပ်နေကြလို့လား.. … အင်း.. မနက်ဖြန်ဆိုရင် ဗိုလ်ချုပ်မွေးနေ့ရောက်ပြန်ပြီ… မေ့ပဲမေ့နေကြလို့လား …… ချစ်သူများနေ့ကိုတော့ လူတော်တော်များများသတိတရရှိကြသားပဲ..
မမေဓါဝီတစ်ယောက်ပဲ ပြည်ထောင်စုနေ့အကြောင်းတင်ထားတာတွေ့ရတယ်… ကောင်းတယ်ဗျာ..
ရင်ထဲက ဒို့အရေးပါ မမေဓာ။
မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်း ပျောက်ခဲ့ရပြီးပါပြီ။ ဗိုလ်ချုပ်နဲ့ တိုင်းရင်းသား ခေါင်းဆောင်များ ပူးပေါင်း စည်းလုံးခဲ့လို့ လွတ်လပ်ရေးဆိုတာ ရခဲ့ပါတယ်။ ဒါပေမယ့် စည်းကမ်း မရှိ၊ ညီညွတ်မှု မရှိခဲ့လို့ တရား မျှတသော လွတ်လပ်ရေး ဆိုတာကို မြန်မာ ပြည်သူတွေ မခံစားရပါဘူး။ ပြည်ထောင်စုနေ့ ဆိုတာ စည်းလုံး ညီညွတ်ခြင်းကို ဖေါ်ဆောင်တဲ့ နေ့လို့ နားလည်ထားပေမယ့် မြန်မာ ပြည်သူများကတော့ မစည်းလုံးတာ စိတ် မကောင်းစရာပါပဲ။ အကျင့်စာရိတ္တ ပျက်စီးတာတွေ၊ ကိုယ့်ကျင့် တရားတွေ ပျောက်ပျက်ကုန်တာတွေ မြင်ရ ကြားရတာလည်း ဝမ်းနည်းဖို့ ကောင်းပါတယ်။
“နှစ်ယောက်ပေါင်းတော့ သုံးစုကွဲ၊ အဲဒါ ဗမာပဲ” လို့ ဆိုရလောက်အောင် ဖြစ်နေတာတွေ ပြင်နိုင်ကြရင် ကောင်းမှာပဲဗျာ။
ရင်ထဲက မပါတဲ့ “ဒို့အရေး” တွေ မကြားရတာကိုတော့ မလွမ်းပါဘူး။
ခုခတ်က ပါးစပ်ဟလိုက်တာနဲ့ ဖမ်းမယ်ချည်းပဲ လုပ်နေလို့
လစ်ထဲမှာ နှစ်ထပ်ကွမ်း ဖြစ်သွားမှာစိုးလို့ အသံတိတ် ဒို့အရေးလုပ်
နေတာပါ။ ဒီနေ့ရောက်မှ ဒီနေ့ကို သတိရမယ်ဆိုရင် သတိရတဲ့
နှစ်တွေသာ တိုးသွားမယ်...ဒုံးရင်းက ဒုံးရင်းပါပဲ.....တို့ဗမာရယ်။
ဒီနေ့မရောက် ဟိုနေ့မရောက်လဲ ဒို့အရေးတွေ လုပ်နိုင်ကြပါစေ
မမေရေ....ကျေးဇူး...ကျေးဇူး....
ပြည်ထောင်စုနေ့ဆိုတာကို မမေ့တာသေချာပေမယ့် ပို့စ်မတင်ဖြစ်တာကတော့ အပြစ်တခု မဟုတ်ပါ။ အရေးကြီးတာက ရင်ထဲက စိတ်ဓာတ်တွေ တကယ်ကို ကိန်းအောင်းရှင်သန်နေဖို့ပါ။ ပုံစံမတူတဲ့ ဒို့အရေး တွေကြားမှာ ကျနော်တို့ ဘယ် ဒို့အရေး လုပ်မလဲ ဆိုတာပါပဲ။
that's great.
i think our country will develop when than shwe & his friends die.
ပြည်ထောင်စုနေ့မှာ ပို့စ်မတင်တာ အပြစ်မဟုတ်
ပါဘူး...။။။ပြည်ထောင်စုနေ့ဖြစ်လျှက်တောင်
မှ ပြည်ထောင်စုစိတ်ဓါတ်လေးကို အမှတ်မရနိုင်
တာကမှ အပြစ်လို့ထင်ပါတယ်....ပို့စ်တင်
တာမတင်တာ အပြစ်မဟုတ်ပါဘူး...
အားလုံးကို လေးစားပါတယ်..ကိုယ်တတ်နိုင်သလောက်
လေးပြည်ထောင်စုကြီးအတွက် ပေးဆပ်ကြရအောင်လား..:)
(မှတ်ချက်...ပြည်ထောင်စုစိတ်ရှိသေး
တဲ့သူတွေကိုသာလေးစားခြင်းဖြစ်ပါသည်...)
Post a Comment