Friday, February 09, 2007

ပြာပုံထဲက ရုန်းထနိုင်မည်လော …

အမေ ခရီးထွက်ရာက ပြန်လာတော့ ကျမအတွက် လက်ဆောင်တွေ ပါလာပါတယ်။ အဲဒီ လက်ဆောင်တွေ ထဲကမှ … ထူးထူးခြားခြား ကျမ အလွန်နှစ်သက်မိတဲ့ လက်ဆောင် ကတော့ … စာအုပ်ကလေး တအုပ်နဲ့ စီဒီ တချပ်ပါပဲ။

ကျမက စာရေး စာဖတ် ၀ါသနာပါတာမို့ အမေက ဘယ်ကိုပဲ သွားသွား ကျမ ကြိုက်မယ်ထင်တဲ့ စာအုပ်လေးတွေ တွေ့ရင် ယူလာပြီး ကျမဖတ်ဖို့ ပေးတတ်တယ်။ သူကြုံလာခဲ့တဲ့ ဒေသန္တရ ဗဟုသုတတွေလည်း ကျမကို စီကာပတ်ကုံး ပြောပြတတ်တယ်။ အခု ဒီစာအုပ်နဲ့ စီဒီကလေး ကိုလည်း ကျမကြိုက်မယ်လို့ ဆိုပြီး တကူးတက ယူလာခဲ့တာပါ။



စာအုပ်ကလေးက ၂၀၀၆ နိုဝင်ဘာလ ၂၅ ရက် (ပါတော်မူနေ့) အမှတ်တရ ထုတ်ဝေတဲ့ စာအုပ်ကလေးပါ။ ရေးသူက ဒေါက်တာလှဘူး တဲ့။
“ဗမာပြည်က နောက်ဆုံး ဘုရင်နဲ့ မိဖုယားကို အင်္ဂလိပ်က ဖမ်းခေါ်သွားပြီး အိန္ဒိယကို ပို့ခဲ့တဲ့ အကြောင်းအရာ များနဲ့တကွ နောက်ခံ အဖြစ်အပျက်များကို အမှတ်ရစေဖို့၊ သမိုင်းကို မမေ့ကြစေဖို့ သတိပေးချင်တဲ့ စိတ်ကူးရပြီး ဒီစာစောင်လေးကို ရေးဖြစ်ပါတယ်”
လို့ ဒေါက်တာလှဘူးက စာအုပ်ရဲ့ အမှာစာ မှာ ရေးထားပါတယ်။

စာအုပ်ထဲမှာ သမိုင်းကြောင်းတွေ အပြင် မင်းတုန်းမင်းကြီးရဲ့ ပုံ၊ သီပေါမင်းနဲ့ စုဖုရားလတ်ရဲ့ပုံ အပါအ၀င် သီပေါမင်းရဲ့ အမတော်-နှမတော်ရဲ့ ပုံ တွေ၊ စုဖုရားကြီး- စုဖုရားလေး တို့ရဲ့ ပုံတွေ၊ သမီးတော်နဲ့ မြေးတော် ပုံတွေလည်း တွေ့ရပါတယ်။
ဒါ့အပြင် သီပေါမင်း လက်ရေးနဲ့ အင်္ဂလိပ် အစိုးရထံကို လစာတော်တိုးပေးဖို့ အသနားခံထားတဲ့ စာလေးတစောင် လည်း ပါပါသေးတယ်။ ခရစ်နှစ် ၁၈၉၈ ဇူလိုင် ၂၅ ရက် နေ့စွဲနဲ့ ရေးတဲ့စာလေးပါ။

“ … … … အကျွန်ုပ်၌ မည်သူ တစုံတယောက်မျှ ပေါင်နှံ ရောင်းချ ချေးငှားကြမည့် သူမရှိ၊ လက်ငင်းငွေ ပေးမှသာလျှင် အရပ်ရပ်ကို ပြုလုပ်ဝယ်ခြမ်း နိုင်သည်ဖြစ်ပါ၍ ယခုထောက်ပံ့ ထားသော ငွေ ၃၀၀၀ နှင့် မပြည့်စုံ နိုင်ပါသောကြောင့် ၄င်းငွေ ၃၀၀၀ တွင် ထပ်မံ တိုးတက် ချီးမြှင့်ပါလျှင် ချမ်းသာစွာ သုံးနိုင်မည်ဖြစ်၍ ကျွန်ုပ် အပေါ်၌ ကြည့်ရှု စောင့်ရှောက်ပါမည့် အကြောင်း … … …”

ဒီစာလေးနဲ့ ပတ်သက်ပြီး ဒေါက်တာလှဘူးက ခုလို ရေးထားပါတယ်။
“နန်းကျ ဗမာဘုရင်ဟာ ကိုယ့်တိုင်းပြည်နဲ့ ထီးနန်းကို မတရား လုယူသွားတဲ့ နယ်ချဲ့အင်္ဂလိပ်ဆီက အောက်ကျ နောက်ကျ ခံပြီး ပိုက်ဆံ လက်ဖြန့် တောင်းရတဲ့ ဘ၀ကို ဘယ်လောက်များ ရင်နာ စိတ်ဆင်းရဲ လိုက်မလဲ။ စဉ်းစားကြည့်ရင် အင်မတန် ခံပြင်းစရာ ကောင်းပါတယ်။ … … … ဘုရင်တစ်ပါး အနေနဲ့ ဒီလိုရေးရတာ ဘယ်လောက် အောက်ကျမယ် သိမ်ငယ်မယ် ဆိုတာ သီပေါမင်း နေရာက ၀င်ပြီး ခံစားကြည့်ပါ”

ဒီစာအုပ်နဲ့ တွဲပါတဲ့ စီဒီလေးထဲမှာတော့ သီချင်း ၃ ပုဒ်ပါပါတယ်။ စိန်ပါတီ သီဆိုတဲ့ ပါတော်မူ သီချင်းနဲ့ ရွှေပြည်ကြီး သီချင်းပါ။ နောက်တပုဒ် ကတော့ ဂီတလုလင် မောင်ကိုကို တီးတဲ့ ပါတော်မူ သီချင်း တီးလုံးချည်း သက်သက်ပါပဲ။
ပါတော်မူ သီချင်းကို ရွှေတိုင်ညွန့်ကရေးပြီး ရွှေပြည်ကြီး သီချင်းကိုတော့ နန်းတော်ရှေ့ ဆရာတင်က ရေးဖွဲ့ပါတယ်။ ဖတ်ရှုခံစား နိုင်စေဖို့ သီချင်းစာသား လေးတွေပါ ရိုက်ပေး လိုက်ပါတယ်။

ပါတော်မူ
ရေး -ရွှေတိုင်ညွန့်၊ ဆို - စိန်ပါတီ


ရတနာပုံ နေပြည်၊ မင်းဆယ့်တစ်ဆက် အုပ်စိုးခဲ့သည် .. အုပ်စိုးခဲ့သည် ..၊ ရှေးရှေးတုန်းကတော့ အလွန် သာယာစည်၊ သီပေါရာဇာ နန်းစံ ခုနစ်နှစ်မှာ ဖြစ်ရတဲ့ အရေးကို တွေးမိပါတော့သည်။
မြန်မာပြည် ဇာတ်လမ်း ရှုပ်သမျှကို ရွှေကညစ်နဲ့ ရေးကာ စာကိုစီ၊ ရာဇဌာနီ မြနန်း အရုပ်ဇာတ်မှာ ဧကရာဇ်နဲ့ ဝေးတာ ကြာလေပြီ၊

တစ်ထောင့်နဲ့ နှစ်ရာ လေးဆယ် ခုနစ်ခု နှစ်မှာအတည်၊ တန်ဆောင်မုန်း လဆုတ် ရှစ်ရက်နေ့ ကိုတော့ မမေ့နိုင် ပါပြီ … ယနေ့တိုင်ပြီ .. ၊ ရေမြေ့ရှင်ကို ယူငင်သွားတော့ လူရှင် အများတို့က ကြေကွဲကြလို့ ရေနည်းငါးပုံညီ၊ သြော် .. သီပေါရာဇာ ပါတော်မူလေပြီ။

* (ကိုယ့်ဘုရင် ကိုယ့်သခင်ကို မျှော်မှန်းရည်၊ ယနေ့တိုင် မမေ့နိုင် ပါတော့သည်။)

ဘီဒိုပေါ်ကို မောင်နှံတင်လို့ ဆောင်ပျံ အရှင် ဇာတာနွမ်းလို့ မြန်းရရှာလေပြီ၊ သမ္ဘာအလီလီ တအားယုတ် စေဖို့၊ အာဠ၀ီ တံခါးကထုတ်လို့ ရာဇာသမုတိကို ဆောင်သည်။ မဟာမုနိကိုတောင် ဖူးမျှော်ချင် ရက်ကယ်နဲ့၊ ဦးတော် မတင်ခဲ့ရ ရှာလေပြီ။
(*)
ရွှေမှန်ကင်း အစစ်က ထင်းဖြစ်ခဲ့တာ ကြာပြီ၊ ရေစီးတခါ ရေသာတလှည့်စီ၊ အမိမြန်မာပြည်၊ တိုင်းမြန်မာပြည်၊ ရွှေတိုင်ညွန့်က စာစီ ဘုန်းတန်ခိုးနဲ့ တိုးတက်ကြတော့မည်။ ရွှေနန်းရှင်ကို ထင်မြင်ကာ လွမ်းတော့သည်။
(*)

“ဒီမှာ”ဒေါင်းလုတ်ယူနိုင်ပါတယ်။
=============================
ရွှေပြည်ကြီး
ရေး - နန်းတော်ရှေ့ ဆရာတင်၊ ဆို - စိန်ပါတီ


သြော် …ရွှေပြည်ကြီး (ဘယ်အခါမှ နီးရပါ့ စည်ထီးနဲ့ ကွာခဲ့ပြီ)
သာသနာ့ ဒါယကာ ရာဇာ မရှိတာကြာပြီ၊ ယခုအခါ သူတပါး နိုင်ငံ ပိုင်စံကြတဲ့ မင်းမြတ်ရာဇာ စုံစုံညီညီ၊ လူမျိုးခြားများ မေးသော် မြန်းသော်၊ နန်းတော် တခုသာ .. မန္တလေးက နန်းတော် တခုသာ ကျန်ပါတော့သည်။ ဘယ်အခါမှ ဆိုသလို နေပြည် ရွှေပြည်ကြီး နီးချင်လှပြီ။

အထက်လွှတ်တော်ကိုလဲ လျှောက်လွှာ ဆက်မည်၊ အောက်လွှတ်တော်ကိုလဲ လျှောက်လွှာဆက်မည်၊ သြော် ကျွန်ဘ၀က လွတ်ကြရအောင် စီမံဖန်သော လမ်း၊ ကျမတို့ရဲ့ ဆရာအတည်၊ နန်းတော်ရှေ့ စာစီ၊ သာကီမျိုးတို့ တန်ခိုးကြီးခဲ့ပြီ။ ဘယ်အခါမှ နီးကြပါတော့မည်။

*(သြော် .. သခင်ရေ ..မျှော်ရင်း လွမ်းလှပြီ၊ သြော် .. ကိုယ်တော်ရေ ..မျှော်ရင်း လွမ်းလှပြီ
သြော် .. သခင်ရေ ..မျှော်ရင်း လွမ်းလှပြီ၊ ရွှေပဟိုရ် စည်သံများ မကြားရတာ ကြာပါပြီ … ရှစ်စုံထီးနဲ့ ရွှေပြည်တော်ကြီးဆီ။)

ရွှေပြည်ကြီး နီးအောင်ပင်လှမ်း၊ နန်းရိပ်ကယ်လှုံ၊ ရွှေဘုံဟံသာ ကွန်းဆီက၊ ယွန်းနတ်ကယ်စီ၊ ဒေါင်းမြီးကွက်တွေ လျှမ်းချိန်မို့ .. လွမ်းပြန်ရသည်။
(*)
ပြသာဒ်ဖျားဆီက စိန်သွားရောင်ခြည် ပဟိုရ် နှစ်ချက်တီးပြီထင့် ညည်းမှိုင်မိသည်။
(*)

“ဒီမှာ”ဒေါင်းလုတ်ယူနိုင်ပါတယ်။
=============================
ဒီစာအုပ်ကလေး ဖတ်ရင်း ဒီသီချင်းလေးတွေ နားထောင်ရင်း တချိန်က ကိုယ့်ထီး ကိုယ့်နန်း ကိုယ့်ကြငှန်းနဲ့ လျှမ်းလျှမ်း တောက်ခဲ့တဲ့ ရွှေပြည်ကြီးကို စိတ်ကူးနဲ့ မှန်းဆ ကြည့်မိပါတယ်။ ဒီလိုမှန်းဆ တွေးတောရင်းကနေ … အနန္တသူရိယ အမတ်ကြီးရဲ့ မျက်ဖြေလင်္ကာကို အမှတ်ရမိပြန်တယ်။

ရွှေအိမ်နန်းနှင့် ကြငှန်းလည်းခံ
မတ်ပေါင်းရံလျက် ပျော်စံရိပ်ငြိမ်
စည်းစိမ်မကွာ မင်းချမ်းသာကား
သမုဒ္ဒရာ ရေမျက်နှာထက်
ခဏတက်သည့် ရေပွက်ပမာ
တသက်လျာတည့် ….

ယူတတ်ရင် သံဝေဂ ရစရာပါ။ တိုင်းပြည် တပြည်ကို အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ဘုရင်တပါး … အားလုံးက တလေးတစား ဘုရားထူး နေရတဲ့ ပုဂ္ဂိုလ်မျိုး တောင်မှ နောက်ဆုံးမှာတော့ နိမ့်ကျတဲ့ အဖြစ်နဲ့ ဘ၀ နိဂုံးချုပ်ရတာပါလား။

“ရွှေမှန်ကင်းအစစ်က ထင်းဖြစ်ခဲ့တာ ကြာပြီ” … တဲ့ ရွှေတိုင်ညွန့်က ရေးခဲ့ပါတယ်။ ရွှေတိုင်ညွန့်သာ အခုနေရှိရင် ဘာပြောမလဲ သိချင်လှတယ်။ တချိန်က ကျမတို့ ရွှေပြည်ကြီးဟာ ခုအချိန်မှာ ထင်းတောင် မဟုတ်တော့ပါဘူး …ပြာပုံဘ၀ရောက်နေရပါပကော …။

ပြာပုံထဲက ရုန်းထွက်ဖို့ရာ ကြိုးစားဖို့ကတော့ တဦးတယောက်ထဲကို အားကိုးရုံနဲ့ မရနိုင်ပါဘူး။ အများညီညီ ၀ိုင်းဝန်းကြမှ …ပြာပုံဘ၀က လွတ်မြောက်နိုင်မှာ မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ….ဒေါင်းမြီးကွက်တွေ လျှမ်းလာမယ့် အချိန်ကိုသာ … မှန်းဆ ရမ်းရော်ရင်း …
***
မေဓာဝီ
8.02.07
11:02 am

(မနေ့က ဒီစာကိုရေးပြီးပေမဲ့ ကွန်နက်ရှင်မကောင်းလို့ တင်မရတာနဲ့ ဒီနေ့မှ တင်လိုက်ရပါတယ်။ ဒီစာအုပ်ကို ရေးသူ ဒေါက်တာ လှဘူးနှင့် ကျမအတွက် တကူးတက ယူလာသော အမေ့ ကို ကျေးဇူးတင်ပါကြောင်း။)

တီးလုံးချည်း သက်သက် နားဆင်လိုပါက …
“ဒီမှာ”ဒေါင်းလုတ် ယူနိုင်ပါတယ်။

4 comments:

Mg Gyi said...

thanks for sharing with the articles whatever you have, whatever your thoughts, do keep thinking and do keep writing your post,

Mg Gyi said...

Now i am still waiting for your new post for today.. i think you are busy or connection is no good. any way.. there is your friend who is longing for your post. Have a nice day..

Philtre said...

သီပေါမင်းပါတော်မူတာနဲ့ပတ်သက်ပြီး..
မြေးဖြစ်တဲ့ တော်ဘုရားလေးအောင်ဇေရေးတာရော..
တခြားစာရေးဆရာ တွေရေးတာကိုပါဖတ်ဖူးပါတယ်..
အဲ့ဒီထဲမှာ သင်္ဘောသား စာရေးဆရာတယောက်ရေးတာ အကြိုက်ဆုံးပဲဗျ..
သူ့နာမ်မည်တော့မမှတ်မိတော့ဘူး... သူကသူ့သင်္ဘောသားအလုပ်ကိုထိခိုက်နိုင်ပါရက်နဲ့..
အတော်ကိုအရဲစွန့်ပြီး သီပေါမင်းနောက်ဆုံးခေါင်းချခဲ့တဲ့ မြို့ကိုအရောက်သွားပြီး သေချာလေ့လာရေးတာဗျ... အဲ့ဒီမြို့မှာ အဲ့ဒီအချိန်တုန်းက တဦးတည်းသာ သက်ရှိထင်သားရှိတော့တဲ့ သီပေါမင်းရဲ့မြေး ကုလားကပြားအဘွားအိုကြီးအိမ်ကိုပါ အရောက်သွားတွေ့ခဲ့ပုံတွေပါရေးတာ... မြေးတွေ..မြစ်တွေရဲ့ဘ၀နုံချာပုံကလည်း ဖတ်ရတာ သူတောင်းစားသာသာရယ်ပါ... တကယ့်ကိုစိတ်မကောင်းစရာပဲ.. အခု မမေဆောင်းပါးဖတ်ပြီး ခပ်နောက်နောက်အတွေးတခုရတယ်ဗျ...
ရှေးတုန်းက ဂီတစာဆိုတွေဟာ ဒီခေတ်မှာသာရှိရင် အပျံစား ကြော်ငြာဒါရိုက်တာတွေ ဖြစ်မယ်ထင်တယ်ဗျ... သူတို့ရေးတဲ့သီချင်းတွေမှာ သူတို့နာမ်မည်တွေ ထည့်သွင်းစပ်ဆိုကြော်ငြာရတာ အမောပါကလားကွယ်....

ဂျစ်တူး - gyit_tu said...

မမေ.. စာအုပ်လေးအကြောင်းမျှဝေတာ ကျေးဇူးပါ ။ အလွန်တန်ဖိုးရှိတာပဲ ။