Saturday, February 10, 2007

ဇာတ်ဆရာကို ခံစားခြင်း

ဇာတ်ဆရာ … ဆိုတဲ့ စာလုံးလေးကို ခဏခဏ ကြားဖူးနေကျပါ။
ဇာတ်ခုံပေါ်က မင်းသမီးတွေ ဟာ .. ကန့်လန့်ကာ နောက်ကွယ်က ဇာတ်ဆရာကြီးရဲ့ အလိုကျ … ဆိုရ ကရ သလို …လောကဇာတ်ခုံ ပေါ်က လူသားတွေဟာလည်း ကံဇာတ်ဆရာ စီမံသမျှ ခံကြရပေတယ် လို့ တင်စားချက် တွေလည်း ကြားခဲ့ နာခဲ့ ဖူးပါရဲ့။

ဇာတ်ဆရာ ကိုယ်တိုင်ကရော …. ဘယ်သူ့အလိုကျ လှုပ်ရှားနေရပါသလဲ … ။

မကြာသေးခင်က ဆရာကြီးဦးတင်မိုးရဲ့ “ဇာတ်ဆရာ” ဆိုတဲ့ကဗျာလေး “ဟစ်တိုင် ၀က်ဘ်ဆိုက်” မှာ ဖတ်လိုက်ရပါတယ်။




ဆရာကြီး ကဗျာထဲက ဇာတ်ဆရာလို လူမျိုးတွေ လောကမှာ ဘယ်လောက်များ ရှိနေမလဲ။
ငါဇာတ်ဆရာပဲ … ငါ့ဇာတ်ငါ ဘယ်လိုပဲ က-က ဘယ်သူ့မှ ဂရုစိုက်စရာ မလိုဘူး ဆိုတဲ့ အတွေးလိုမျိုး ကိုယ်ပိုင်တဲ့ နေရာမှာ ကိုယ် လုပ်ချင်ရာ လုပ်နေသူတွေ ဘယ်လောက်များ ရှိနေမလဲ … မသိပါဘူး။ ဒီလို လူမျိုးတွေ များလေလေ …လောကကြီး ကြောက်စရာ ကောင်းလေလေ ပါပဲ။

ဇာတ်ဆရာ လုပ်ချင်ရာ လုပ်ရင် ကြည့်သူတွေ တပ်လန်ပြီး ရုံကြေးတွေ သူ အကုန်ရမယ်၊ ဒါပေမဲ့ … တခါပဲ ရမယ်လေ၊ နောက်ဆို ဒီဇာတ် ဘယ်သူမှ လာကြည့်တော့မှာ မဟုတ်ဘူး။
ဇာတ်ထဲက မင်းသမီး မင်းသားတွေလည်း တဇာတ် မကောင်း တဇာတ်ပြောင်း ကြပြီး နောက်ဆုံး … ဇာတ်ခေါင်းကွဲရုံပေါ့။

ဇာတ်တဇာတ်မှာ ဇာတ်ဆရာ အရေးကြီးသလို … တိုင်းပြည် တပြည်မှာလည်း အုပ်ချုပ် မင်းလုပ်သူက အရေးအပါဆုံးပဲ မဟုတ်လား။ ကဗျာထဲက ဇာတ်ဆရာ လိုမျိုးသာ တိုင်းပြည် အုပ်ချုပ်သူဟာ လုပ်ချင်ရာ လုပ်လို့ကတော့ဖြင့် … တိုင်းပြည် အိုးစားကွဲတော့မှာပဲ လို့ … ဇာတ်ဆရာ ကဗျာလေး ဖတ်မိရင်းက တွေးမိတွေးရာ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
9.2.07
11:00 pm

3 comments:

Anonymous said...

thanks for your new post Ma May..

Yan said...

မမေက နိုင်ငံရေးအမြင်နဲ့ယှဉ်တဲ့ အသိအမြင်လေးတွေ post ထဲမှာရေးနိုင်တာပဲဗျ။ ကောင်းတယ်ဗျာ။ ဆက်ရေးပါ။ အားပေးနေပါတယ်။

Anonymous said...

ဇာတ်ဆရာပြန်ရင်...
မှတ်စရာကျန်တတ်ပေမဲ့...
ဒို့ဆီက...
မင်း..ဇာတ်ဆရာကတော့..
ဒင်း..သတ်တာနဲ့ပဲ
ဒို့ပြည်သူတွေ အတုံးအရုံးပါလား ကွယ်ရို့....