Monday, February 05, 2007

မေ့လျော့မိသော အဆုံးအမ

ကျမ တော်တော်အသုံးမကျတာ … ။
ကိုယ့်ကိုယ်ကို အပြစ်တင်ရင်း စိတ်ထဲမှာ မချင့်မရဲဖြစ်မိတယ်။
ပြီးခဲ့တဲ့ ဒီတပို့တွဲလပြည့်မှာ ထမနဲကိုသာ သတိရပြီး ဘာကြောင့်များ တကယ့်အရေးကြီးတာကို သတိမရတာပါလိမ့်။

ဟိုးအရင် မြတ်ရတနာ ဆရာကြီးဦးမြသောင်းဆီမှာ သင်တန်းတက်တုန်းကပဲ ဖြစ်ဖြစ် … အဖေ့ သင်တန်းတွေ မှာပဲဖြစ်ဖြစ် တလတခါ လပြည့်နေ့တွေ ရောက်တိုင်း အခါတော်နေ့ အထိမ်းအမှတ် ပွဲလေးတွေ ကျင်းပတဲ့အခါ ကိုယ်ကိုယ်တိုင် တက်တက်ကြွကြွ ပါဝင်ဆင်နွှဲ ခဲ့ဖူးတယ်။ လပြည့်နေ့မရောက်ခင် ကြိုတင်ပြီး ပြင်ဆင်ထားကြ၊ ကျရောက်တဲ့ လပြည့်နေ့နဲ့ သက်ဆိုင်ရာကို ရွတ်ဖတ်ပူဇော်ကြ၊ လာတဲ့သူတွေကို အကျွေးအမွေးနဲ့ ဧည့်ခံကြနဲ့ တကယ်ကို ကြည်နူးစရာပါပဲ။

တပို့တွဲ လပြည့်နေ့ကတော့ တကယ်ကို ထူးခြားတဲ့နေ့အဖြစ် အမြဲအမှတ်ရနေခဲ့တာဟာ ထမနဲ တခုထဲကြောင့် မဟုတ်ပါဖူး။ တပို့တွဲလပြည့်နေ့ဟာ “သြ၀ါဒပါတိမောက် အခါတော်နေ့” မို့ပါပဲ။ ဒါကို ဒီလပြည့်မှာ ကျမ မေ့လျော့ နေခဲ့တယ်။ ဟိုတလောက ရေးခဲ့ဖူးသလိုပဲ ကျမစိတ်တွေ နောက်ပူညစ်ရှုပ် နေတာမို့ အရင်တုန်းက ဘယ်တော့မှ မမေ့တဲ့ သြ၀ါဒပါတိမောက်ကို ကျမ သတိမရမိခဲ့ဘူး။

မနေ့ညကမှ …ခြံထဲဆင်းလမ်းလျှောက်ရင်း ၀ါဝါထိန်ထိန် သာနေတဲ့ လမင်းကြီးကို ကြည့်ရင်း စိတ်တွေလည်း အတန်အသင့် အေးချမ်းနေရာက တပို့တွဲလပြည့်ဟာ သြ၀ါဒပါတိမောက် အခါတော်နေ့ပါလားလို့ စိတ်ထဲ အမှတ်ရလိုက်မိတယ်။ အဲဒီလို အမှတ်ရမိတဲ့ အချိန်မှာတော့ လပြည့်ညဟာ လွန်ခဲ့ပါပြီ။ ဒါကို မေ့လျော့ရ ကောင်းလားလို့ ကျမကိုယ့်ကိုယ်ကို အပြစ်တင်မိတယ်။ အသုံးမကျလှချည်လား လို့ ကိုယ်တိုင် စိတ်ထဲ မချိတင်ကဲ ဖြစ်ရတယ်။

လပြည့်ည လွန်သွားပြီဖြစ်ပေမဲ့ … အဆုံးအမဆိုတာ သတိရတဲ့အချိန် လိုက်နာ ကျင့်ကြံမယ်ဆိုရင် အကျိုးတော့ မမဲ့ပါဘူး။ ဒါကြောင့် သြ၀ါဒပါတိမောက်နဲ့ပတ်သက်လို့ မှတ်မိသလောက်ကလေး ရေးလိုက်ပါတယ်။

***
ပါတိမောက် (ပါတိမောက္ခ) ဆိုတာ အပါယ်ဘေးမှ ကင်းဝေးစေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပါတိမောက်မှာ သြ၀ါဒပါတိမောက် နဲ့ အာဏာပါတိမောက် ဆိုပြီး နှစ်မျိုးရှိပါတယ်။ အပါယ်ဘေးမှ ကင်းဝေးစေတဲ့ အဆုံးအမတော်ကို သြ၀ါဒပါတိမောက်လို့ ခေါ်ပြီး အပါယ်ဘေးမှကင်းဝေးစေတဲ့ အမိန့်တော်ကို အာဏာပါတိမောက် လို့ ခေါ်ပါတယ်။ အခု ဖော်ပြမယ့် သုံးဂါထာဟာ သြ၀ါဒပါတိမောက် ဖြစ်ပြီး ၀ိနည်းတရားတော် (၀ိနည်းပိဋက) ဟာ အာဏာပါတိမောက်ဖြစ်ပါတယ်။

ဂေါတမမြတ်စွာဘုရားဟာ ၀ါတော် ၂၀ အတွင်းမှာ ၀ိနည်းဥပဒေတွေ ပညတ်တော် မမူဘဲ သြ၀ါဒပါတိမောက် ဖြင့်သာ ဆုံးမယဉ်ကျေးစေတော်မူပါတယ်။ ၀ါတော် ၂၀ လွန်မှ အာဏာပါတိမောက် (၀ိနည်းသိက္ခာပုဒ်) ကို ဟောကြား ပညတ်ခဲ့တာဖြစ်ပါတယ်။ သြ၀ါဒပါတိမောက်ဟာ ပိဋက သုံးပုံရဲ့ အကျဉ်းချုပ်လည်း ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်တိုင်း ဆုံးမ ဟောကြားခဲ့တဲ့ အဖိုးတန်လှတဲ့ အဆုံးအမတော် သြ၀ါဒပါတိမောက် ပါဠိမြန်မာပြန်ကို ဖော်ပြလိုက်ပါတယ်။

ဒီမြန်မာပြန်ကို ပြန်ဆိုခဲ့တဲ့ ဆရာကြီးဦးမြသောင်းဟာ သာမန်ကာလျှံကာ ပြန်ဆိုခဲ့တာ မဟုတ်ပါဘူး။
စာပိုဒ်တပိုဒ်ချင်းရဲ့ စာလုံးတွေကို ရေတွက်ကြည့်ရင် စာလုံးရေ တူညီနေတာကို တွေ့ရပါလိမ့်မယ်။ ဒါ့အပြင် အနက်အဓိပ္ပါယ်လည်း လွဲချော်တိမ်းပါးခြင်း မရှိလေအောင် ဆရာတော်ကြီးများ ကို ပြသ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ဖတ်ရှုကြည်ညို ကြပါအုံးရှင်။
***
သြ၀ါဒပါတိမောက် ပါဠိ
(၁) ခန္တီ ပရမံ တပေါတိ တိက္ခာ၊ နိဗ္ဗာနံ ပရမံ ၀ဒန္တိ ဗုဒ္ဓါ၊
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊ န သမဏော ဟောတိ ပရံ ၀ိဟေဌယန္တော

(၂) သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

(၃) အနူပ ၀ါဒေါ အနူပ ဃာတော၊ ပါတိမောက္ခေစ သံဝရော။
မတ္တညုတာစ ဘတ္တသမ္မိံ၊ ပန္တဉ္စ သယနာ သနံ၊
အဓိစိတ္တေစ အာယောဂေါ၊ ဧတံ ဗုဒ္ဓါန သာသနံ။ .. ။

မြန်မာပြန်
(၁) လွန်စွာ ချုပ်တည်းမှုဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း။
နိဗ္ဗာန်တရားကို အမြတ်ဆုံးဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏။
သူတပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူမဟုတ်။

သူတပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူမဟုတ်။

(၂) မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ။
ကောင်းမှုဟူသမျှကို ပြည့်စုံစေရာ၏။
မိမိစိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏။

ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

(၃) သူတပါးကို မစွပ်စွဲ မပြစ်မှားရာ။
သူတပါးကို မညှဉ်းဆဲ မနှိပ်စက်ရာ။
မြတ်သောသီလ၌ စောင့်စည်း လုံခြုံရာ၏။
စားသုံးဖွယ်၌ ပမာဏကို သိရာ၏။
အစွန်အဖျား ကျောင်းအိပ်ရာ၌ နေရာ၏။
ထူးမြတ်သောစိတ်၌ လွန်စွာ အားထုတ်ရာ၏။
ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း။

အကျဉ်းချုပ် ဆောင်ပုဒ်
* မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင် စိတ်ကိုထား။
* ဗုဒ္ဓတိုင်းသာ၊ မိန့်ခဲ့တာ၊ သုံးဖြာ၍စကား။
* ခန္တီမူလ၊ မာန်ကိုချ၊ ဒေါသကိုပယ်၊ မေတ္တာလွယ်။ … ။

***
နောက်ဆုံးမှာတော့ ဘုရားရှင်ရဲ့ အဆုံးအမတော်ကို မေ့လျော့နေမိတဲ့ ကိုယ့်ကိုယ်ကို အပြစ်တင်နေလို့လည်း မထူးတော့တာမို့ အဆုံးအမအတိုင်း ကြိုးစားလိုက်နာဖို့သာ အဓိကပါပဲလို့ စိတ်ထဲ တွေးမိပါတော့တယ်။
***
မေဓာဝီ
5.2.07
1:10 pm

6 comments:

Anonymous said...

ကျေးဇူးပါ မမေ။ အခုမှ သိကြားသင်ယူရလို့ အဖိုးတန်လှပါတယ်။

ကလိုစေးထူး said...

လူဆိုတာ အမှားမကင်းပါဘူး အမ။ ကျနော်တော့ အဲဒီလောက်အထိ မရင့်ကျက်သေးတာကို ၀န်ခံရမယ်။ ဒေါသဆိုတာက ထိန်းနိုင်ခဲသား။ ဒေါသတရားကို ပယ်ဖျောက်ပစ်နိုင်တာနဲ့တင် ဒါဟာ တည်ငြိမ်မှုတခုလို့ သတ်မှတ်လို့ ရနေပါပြီ။ လမ်းဆက်လျှောက်ကြတာပေါ့ဗျာ။

Anonymous said...

i read your all posts, please try to post everyday ok? thaks

Anonymous said...

Hi, I would like to know if you got the mail that i've send to ur mail maydarwii@gmail.com =)

Anonymous said...

Hi, I would like to know if you got the mail that i've send to ur mail maydarwii@gmail.com =)

Anonymous said...

Now i read this post again very carefully and deeply paying my attention on all words and meaning. All words come out of our Lord Buddha's mouth are still alive for those who are following by heart. My burning mind for something start cooling by reading this post.

Thank you very much for Dhamma dana, the real and precious gift for my life. some one has something wrong to other, one way or other in one time. But by admitting it to restrain later also is the teaching of the Buddha as well i read in Dhammabook. By listening Dhamma from the Buddha Azar ta that get back cool mind i heard. Buddha himself said " Admitting the one's wrong dong is the manner of good people, thu daw kaung, forgiving one's wrong doing also the true Dhamma of the Buddaha. so by reading this post, thinking and reading other teaching of the Buddha make me cool. Thanks for post Ma May. May all be peaceful by reading this post!!! like me...