ဝါဆိုလပြည့်ကျော် (၅) ရက် (မနေ့က) အနတ္တလက္ခဏ အခါတော်နေ့မို့ အနတ္တလက္ခဏသုတ် အကြောင်း တင်မလို့ပါပဲ။ အင်တာနက်ကွန်နက်ရှင်က သိပ်မကောင်းတာနဲ့ မတင်ဖြစ်ခဲ့ပါဘူး။ ဒီကနေ့တော့ ရက်ကျော်သွားပြီမို့ မတင် တော့ဘူးစိတ်ကူးပေမဲ့ ကိုသံလွင်ရဲ့ “ငါ…ပြိုင်ပွဲ” ကဗျာဖတ်ရပြီး နည်းနည်းတင်ချင် စိတ် ပေါက်သွားလို့ တင်လိုက်ပါတယ်။ ရက်အားဖြင့် တရက်ကျော်သွားပေမဲ့ ကောင်းသော တရားဆိုတာ Expire မရှိဘူးမဟုတ်လား။
တကယ်တော့ လူတိုင်းဟာ ကိုယ့်အတ္တနဲ့ ကိုယ်ချည်းပါပဲ။ အတ္တမရှိဘူး၊ အရာရာ ဟာ အနတ္တဆိုတာ သိရက်နဲ့လည်း ငါမှငါ ဖြစ်နေကြပါတယ်။ ငါနဲ့ငါသာ နှိုင်းစရာ ဆိုပြီး “ငါ” မာန်တွေ တက်နေကြတယ်။ ငါသာကောင်းတယ်၊ ငါလုပ်တာသာ မှန်တယ်၊ ငါသည်သာ အဖြူစင်ဆုံးလို့ ထင်နေကြတယ်။ တကယ်တမ်း .. ငါ ဆိုတာ ဘယ်မှာလဲ။ ငါဆိုတာ တကယ်ရှိသလား။ ငါ … အဟုတ်လား၊ မဟုတ်လား မြတ်စွာဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဟောကြားခဲ့တာပါပဲ။ ဒါကို မသိကြတာလား၊ နားမလည်ကြတာလား၊ သဘောမပေါက်ကြတာလား၊ မသိချင်ယောင် ဆောင်နေကြတာလား။
သေချာတာကတော့ ပုထုဇဉ်မှန်သမျှ ငါအစွဲကို မဖြုတ်နိုင်ကြသေးပါဘူး။ ငါစွဲ အရှင်း မပြုတ်နိုင်သေးခင် အနည်းအကျဉ်း လျော့ပါးလို လျော့ပါးငြား ဘုရားဟော ကြားခဲ့တဲ့ အနတ္တလက္ခဏသုတ်ကို ကိုယ်တိုင် ဆင်ခြင်ရအောင်လို့ ဘလော့မှာ တင်ထားလိုက်ပါတယ်။ အတ္တကိုဖြေဖျောက်တဲ့တရား ဟောကြားတဲ့နေ့မို့ ၀ါဆို လပြည့် ကျော် ၅-ရက်ကို “ငါပျောက်တဲ့နေ့” လို့ ကျမက အမည်တပ်လိုက်ခြင်း ဖြစ်ပါတယ်။
***
အနတ္တ ဆိုတဲ့ စာလုံးကို ပုဒ် ခွဲလိုက်တဲ့အခါ …
န + အတ္တ
န = မဟုတ်
အတ္တ = ငါ
အနတ္တ = ငါမဟုတ်
အနတ္တလက္ခဏသုတ်ဆိုတာ အတ္တကို ချေဖျက်ဖို့အတွက် မြတ်စွာဘုရားက သေချာ ရှင်းလင်းစွာ ဟောကြားတော်မူခဲ့တဲ့ တရားတော်ဖြစ်ပါတယ်။ ၀ါဆိုလပြည့် ကျော် ၅-ရက်မှာ ပဉ္စ၀ဂ္ဂီ ၅-ဦးကို အမှူးထားပြီး ဟောကြားခဲ့ပါတယ်။
ရုပ်သည် အတ္တမဟုတ်။
ရုပ်ဟာ အတ္တလို့ဆိုပါရင် ရုပ်ဟာ နာကျင်ခြင်း မဖြစ်နိုင်ပါဘူး။ ငါ့ရုပ်ဟာ ဒီလို ဖြစ်စေ၊ ဒီလိုမဖြစ်စေနဲ့လို့ တောင့်တလို့ ရနိုင်ပါတယ်။
ရုပ်ဟာ အတ္တမဟုတ်တဲ့အတွက် နာကျင်ခြင်းလည်း ဖြစ်ရပါတယ်။ ရုပ်ကို ဒီလို ဖြစ်စေ ဒီလိုမဖြစ်စေနဲ့လို့ တောင့်တလို့လည်း မရနိုင်ပါဘူး။
ထိုနည်းတူပါပဲ …
ခံစားမှု ဝေဒနာသည်လည်း အတ္တမဟုတ်
မှတ်သားမှု သညာသည်လည်း အတ္တမဟုတ်
ပြုလုပ်အားထုတ်မှု သင်္ခါရသည်လည်း အတ္တမဟုတ်
ကြံသိမှု စိတ်ဝိညာဏ်သည်လည်း အတ္တ စသဖြင့် မဟုတ်ကြပါဘူး။
အတ္တမဟုတ်ရင် … ရုပ်ဟာ ဘာလဲ … ။
ရုပ်ဟာ …
တည်မြဲခြင်းမရှိ။
ဆင်းရဲခြင်းသာရှိတယ်။
မမြဲ၊ ဆင်းရဲတဲ့ ဒီရုပ်ဟာ ငါ မဟုတ်၊ ငါ့ရဲ့ကိုယ်မဟုတ်၊ ငါ့ရဲ့ဥစ္စာ မဟုတ်။
ထိုနည်းတူ …
ဝေဒနာ၊ သညာ၊ သင်္ခါရ နဲ့ ၀ိညာဏ်တို့ဟာလည်း
မတည်မြဲ။
ဆင်းရဲတယ်။
ငါ မဟုတ်၊ ငါ့ဥစ္စာမဟုတ်ကြပါဘူး။
အဲဒီလို ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရနဲ့ ၀ိညာဏ်တို့ဟာ ငါ့ဥစ္စာမဟုတ်၊ ငါမဟုတ်၊ ငါ့အတ္တမဟုတ်လို့ မှန်ကန်တဲ့ ပညာနဲ့ ရှုမြင်ရပါမယ်။
ဒီလို ဉာဏ်နဲ့ ရှုမြင်ပြီးသူဟာ ရုပ်မှာလည်း ငြီးငွေ့မယ်၊ ဝေဒနာမှာလည်း ငြီးငွေ့မယ်၊ သညာမှာလည်း ငြီးငွေ့မယ်၊ သင်္ခါရမှာလည်း ငြီးငွေ့မယ်၊ ၀ိညာဏ်မှာ လည်း ငြီးငွေ့ပါမယ်။
ငြီးငွေ့တဲ့အခါ … စွဲမက်မှုကင်းတယ်။
စွဲမက်မှု ကင်းတာကြောင့် … ကိလေသာမှ လွတ်မြောက်တယ်။
ကိလေသာမှ လွတ်မြောက်ရင် … ကိလေသာမှ လွတ်မြောက်တယ်ဆိုတဲ့ အသိ ဉာဏ် ဖြစ်ပေါ်တယ်။
ပဋိသန္ဓေနေမှု မရှိတော့ဘူး။
အကျင့်မြတ်ကို ကျင့်သုံးပြီးပြီ။
ပြုဖွယ်ကိစ္စတွေကို ပြုပြီးပြီ။
မဂ်ကိစ္စအလို့ငှာ တပါးသော ပြုဖွယ် မရှိတော့ပြီဟု အသိဉာဏ်ပေါ်ပေါက် လာပါ တော့တယ်။
***
ငါဆိုတာ မရှိမှတော့ ငါတွေ ပြိုင်နေဖို့လည်း မလိုအပ်တော့ဘူး ထင်တာပါပဲ။ ဒါပေမဲ့လည်း ငါမဟုတ် ငါမရှိဆိုတာ ဉာဏ်နဲ့ သေချာစွာ မသိသေးမချင်း ငါလှိုင်းတွေထန်နေတဲ့ သံသရာရေယာဉ်တကြောမှာ ကျမတို့ ဘယ်လောက် ထိအောင်များ မျောနေကြရဦးမှာလဲ … တွေးနေမိပါရဲ့။
***
မေဓာဝီ
၎၊ သြဂုတ်၊ ၂၀၀၇
၁၁ နာရီ ၁၀ မိနစ်

2 comments:
ငါ......ပျောက်တဲ့ နေ့ပို့စ်ကို အရမ်းသဘောကျပါတယ်။ အနတ္တသဘောကို ကောင်းကောင်းနားလည်ပြီး "ငါ" ဆိုတဲ့ အတ္တ ပျောက်သွားတဲ့နေ့လို့ သဘောပေါက်လိုက်ပါတယ်။ ပညတ်နဲ့ ပရမတ်ကို ခွဲခြားနာလည်သွားတဲ့နေ့လို့ ပြောရင်ရောရမလားမသိဘူး။
ပရမတ္တ သစ္စာကို နားလည်အောင် ရှင်းပြရုံတင်မဟုတ်ပဲ တကယ်မဟုတ်တဲ့၊ ပညတ်သဘော အမည်နာမ သဘောသက်သက်ဖြစ်တဲ့ သမုတိ သစ္စာကိုလည်း မပစ်ပယ်သင့်ကြေင်းအချက် ၁၀ ချက် ( အရေအတွက်က မသေချာပါ။) ကိုလည်း ဘုရားကဟောကြားဖူးတယ်လို့ သိရပါတယ်။
ဒီပိုစ်ဖတ်ပြီးသူတွေ အတွက် သတိပြုရန်ဖြစ်တဲ့ အဲဒီအချက်တွေကို မမေဓာဝီ အချိန်ရမယ်ဆိုရင် ရေးစေချင်ပါတယ်။
Post a Comment