Thursday, June 28, 2007

ဖတ်ခဲ့မိတဲ့ ရယ်စရာ

ပျင်းပျင်းရှိတာနဲ့ ဟာသမဂ္ဂဇင်းတစောင် ကောက်လှန်တော့ ဂျာနယ်လစ်လောက ဟဒယဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဟာသ လေးငါးခြောက်ပုဒ်ကို ဖတ်မိပါတယ်။ အဲဒီထဲကမှ ကျမနှစ်သက်တဲ့ ဟာသ ၂-ပုဒ်ကို ပြန်လည်ဝေငှရယ်ကြရအောင် ပျင်းရိတဲ့ကြားက အားတင်းပြီး ရိုက်ပေးလိုက်ပါတယ်။ တချို့သူတွေရေးသလို အတုခိုးပြီး “ကျမအကြိုက်”ဆိုပြီး တင်ရကောင်းမလား စဉ်းစားပါသေးတယ်။ တော်ကြာ ကော်ပီရိုက်နဲ့ ငြိမှာစိုးလို့ ခေါင်းစဉ်ပြောင်းလိုက်တာ။ ဒီစာကို တင်ရခြင်းကတော့ ဒီနေ့အတွက် ရေးစရာ ကိုယ်ပိုင်ဦးနှောက်နဲ့ မစဉ်းစားချင်တာ က တကြောင်း၊ ဘလော့ဂါတွေထဲ ဂျာနယ်လစ်တချို့လည်း ပါနေတာဆိုတော့ ဒီဟာသလေးတွေဖတ်ပြီး အတုယူချင် ယူရလေအောင် ဖော်ပြချင်တာက တကြောင်း … ဆိုပါတော့။ တချို့လည်း ဖတ်ဖူးပြီးသား ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ မည်သို့ပင်ဖြစ်စေ …ပေါ့လေ … ။

(၁)
တကယ်တော်သည့် သတင်းထောက်

ဆိုဗီယက်ယူနီယံ ခေတ်ဟောင်းက မော်စကိုမြို့ ရှေးဟောင်းယဉ်ကျေးမှု ပြတိုက်တစ်ခုရှေ့တွင် ဖြစ်သည်။ ပိုင်ရှင်ထံမှ လွတ်ထွက်လာသော အယ်ဇေးရှင်း ခွေးကြီးတစ်ကောင်က ကလေးငယ်တဦးအား ကိုက်ခဲမည်ပြုစဉ် လူရွယ်တစ်ဦးက ပြေးဝင်လာပြီး ခွေးလည်ပင်းကို ကရာတေးလက်ဝါးစောင်းဖြင့် ခုတ်ရိုက်သတ်၍ ကလေးငယ်ကို ကယ်တင်လိုက်လေသည်။ ထိုအချိန်တွင် အံ့အားသင့်နေသော လူအုပ်ထဲမှ သတင်းထောက်တစ်ဦး ပြေးထွက်လာပြီး …

ထောက်။ … ။ “သိပ်တော်တာပဲဗျာ၊ ကျွန်တော် ‘ပရာပဒါ’ သတင်းစာက သတင်းထောက်တစ်ယောက်ပါ။ ဒီသတင်းကို ဒီလိုခေါင်းစဉ်တပ်လိုက်မယ်နော်” ဟု ပြောပြီး …
“ကွန်မြူနစ်ကေဒါတစ်ဦးက ကလေးငယ်တစ်ဦးကို ခွေးဆိုးကြီးလက်မှ ရဲဝံ့စွာ ကယ်တင်” ဟု ရေးလိုက်သည်။

လူရွယ် ။ … ။ “ကျွန်တော် ကွန်မြူနစ်ပါတီဝင် မဟုတ်ပါဘူး”

သတင်းထောက်က “သြ … ဟုတ်လား” ဆိုပြီး ကွန်မြူနစ်ကေဒါတစ်ဦးနေရာတွင် မော်စကိုမြို့သားတစ်ဦးဟု ပြင်ရေးလိုက်သည်။

လူရွယ် ။ … ။ “ကျွန်တော် မော်စကိုမြို့သားမဟုတ်ပါဘူး”

ထောက် ။ … ။ “ဒါဆိုရင် ခင်ဗျား ဘာမြို့သားလဲ”

လူရွယ် ။ … ။ “ကျွန်တော် နယူယောက်ကလာတဲ့ ကမ္ဘာလှည့်ခရီးသည် တစ်ဦးပါ”

ထိုအခါ သတင်းထောက်က နောက်ဆုံးရေးလိုက်သည်မှာ …
“ယန်းကီးတစ်ဦးက အိမ်မွေးခွေးလေးတစ်ကောင်ကို ရက်စက်စွာသတ်ဖြတ်”
***
(၂)
ကိုယ်သန်ရာသန်ရာ

တစ်နေ့တွင် အမေရိကန်၌ ကမ္ဘာကြီးသက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ချက်တစ်ရပ် ကြေညာလိုက်ရာ ၎င်းသတင်းနှင့်ပတ်သက်၍ မီဒီယာအသီးသီးက စက်ရပ်သတင်း ခြောက်လိုင်းစလုံး ခေါင်းစီးတပ်သွားကြသည် မှာ …

USA Today ။ … ။ “ကျွန်ုပ်တို့အားလုံးသေပြီ”

Wall Street Journal ။ … ။ “ကမ္ဘာဆုံးတော့မည်ဖြစ်ပါသောကြောင့် ရှယ်ယာ ဈေးနှုန်း တဟုန်ထိုးကျဆင်း”

National Enquirer ။ … ။ “ဒိုင်ယာနာနှင့် ချားလ်စ် ပြန်ဆုံကြတော့မည်”

Inc. Magazine ။ … ။ “ဘုရားသခင်ထံမှ နည်းလမ်း ၁၀-ချက်”

Rolling Stone ။ … ။ “သေမင်းလက်ဆုံ မဟာဂီတ ဖျော်ဖြေပွဲကြီး”

Sports Illustrated ။ … ။ “ပွဲချိန်စေ့ပြီ”

Playboy ။ … ။ “ကောင်းကင်ဘုံမှ မော်ဒယ်မလေးများ”

Lady’s Home Journal ။ … ။ “အဆုံးအဖြတ်ပေးမည့် ကမ္ဘာပျက်နေ့ကြီးတွင် ကိုယ်အလေးချိန် ၁၀-ပေါင် လျော့နည်း စားဖွယ်ရာများ”

Discover Magazine ။ … ။ “ကော့စမစ်တစ် ရောင်ခြည်များအတွင်းတွင် လူ့ဘ၀ ဆက်လက်ရှင်သန်နိုင်နည်း တွေ့ပြီ”

Microsoft Systems Journal ။ … ။ “နက်စကိတ်ကုမ္ပဏီရဲ့ ရှယ်ယာဈေးကွက် ဆုံးရှုံးပြီ”

Microsoft Website ။ … ။ “ဘ၀နေ၀င်ချိန်မှာ ပျော်ရွှင်စွာနေနည်း အတွေ့အကြုံ သင့်မှာ မရှိသေးလျှင် RAPT777.exe ကို download လုပ်ပါ။

America Online ။ … ။ “system ယာယီရပ်ဆိုင်းမည်၊ ၁၅ မိနစ်ကြာမှ တစ်ခါ ပြန် ကြိုးစားကြည့်ပါ”
***
ဟာသလေးကတော့ ဒါပါပဲ ရှင်။ ရယ်ရလားတော့ မသိဘူး။
မရယ်ရရင်တော့ ကျမလည်း တတ်နိုင်ဘူးရှင့်။ ကျမတော့ ဒုတိယ ဟာသကို ဖတ်ပြီး ဘလော့ဂါတွေလည်း ကိုယ်သန်ရာသန်ရာ ရေးလေ့ရှိတတ်ကြတာကို သွားသတိရမိတယ်။ အကယ်၍သာ ဒီသတင်းကို ကိုယ့်ကိုယ်ပိုင်ဘလော့မှာ ဖော်ပြကြမယ်ဆိုရင် ဘယ်လိုပုံစံနဲ့ ရေးကြမလဲဆိုတာ သိချင်လှပါဘိတော့တယ်။
***
မေဓာဝီ
၂၅၊ ဇွန်၊ ၂၀၀၇
ည ၁၁ နာရီ ၃၀ မိနစ်

(၀န်ခံချက် ။ … ။ ၂၀၀၇၊ ဧပြီလထုတ် ဟဒယမဂ္ဂဇင်းမှ။)

16 comments:

s0wha1 said...

မမေရေ...တကယ်ကို ရယ်ရတဲ့ ဟာသတွေပါပဲ...ညီမကတော့ ပထမ ဟာသကို ပိုကြိုက်တယ်...

pandora said...

ဒုတိယ ဟာသက သတင်းကို ပန်ဒိုရာ့ ဘလော့ဂ်မှာ ဆိုရင်လား.. ဒီလိုရေးမယ်။
မျှော်လင့်ချက်တွေကို ထမင်းအိုးညှိလိုက်ကြပြီ..း)

s0wha1 said...

ညီမလေးကတော့ ဒီသတင်းကို ညီမဘလော့ဂ်မှာ "၀ိပဿနာတရား အားထုတ်ကြပါစို့" လို့ ရေးမယ်...ဟဲ...

မေငြိမ်း said...

မေငြိမ်းဘလော့မှာကတော့
ချစ်တဲ့သူတွေ အားလုံး တူတူရှိနေကြဖို့ အရေးကြီးပြီ…
လို့ ရေးမှာပေါ့..ဟဲဟဲ။

Anonymous said...

Ma May ye, pat le nay thaw ba va myar, post ko phat pee, twe mi dal bya, ta cho le, waing pyi pat pat du we we the ka, a thut khan ya tae lu twe le shi mel lo...
kya naw so khu waing dyi pat pat du we we the ka , thut khan like ya b lay

Thet Oo said...

ကျနော်ဆိုရင်တော့ “ကမ္ဘာပျက်ရင် စစ်တပ်လည်း ပါတယ်” လို့ ရေးမယ်။ ဘာဖြစ်လို့လဲဆိုတော့ “တိုင်းပြည်ပျက်ရင် စစ်တပ်လည်း ပါတယ်” လို့ ဦးလွင် ပြောခဲ့ဘူးတာ စိတ်ထဲစွဲနေလို့။

Anonymous said...

This is my heading:
ကမ္ဘာ့နိဂုံးကို ကိုယ်တိုင်တွေ့ကြုံခွင့်ရပြီ

Hteink Min said...

ကမ္ဘာပျက်တော့မည် ဖြစ်သဖြင့် မြန်မာပြည်တွင် ကုန်ဈေးနှုံး ကျဆင်းလားခြင်း

Anonymous said...

မမေရေ.. ညီမဘလောဂ့်မှာဆိုရင်.. ဒုတိယဟာသကို..

ငါတို့အပိုင်းအစများကြွေကျမည့်နေ့ လို့ ခေါင်းစဉ်တပ်လိုက်မယ် ။

ခင်မင်းဇော် said...

မမေ
အမကတော့ မြန်မာနိုင်ငံတွင် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ စတင်ရန်အချိန်ကျပြီလို့ ရေးမယ်။ ဟဲဟဲ

ကိုဖြိုး said...

မမေ လာရေးလို့ရမလားဗျ။
ကျွန်တော်သာဆိုရင်တော့ "ဒိုးရတော့မယ် အချစ်ရယ် အာဟ အာဟ" လို့ရေးမယ်။ ဦးကျော်ကြီးလေသံနဲ့။

သန့်ဇော်မင်း said...

မမေရေ.. ကျွန်တော်ဆိုရင်...
"ငါတို့တတွေ လွတ်လပ်ချိန် ရောက်တော့မည်"
လို့ရေးချင်တယ်

kay said...

ဒီမိုကရေစီ..ရပီ

kay said...

wait..wait

ဒီမိုကရေစီ..ပေးလိုက်ပီ

Anonymous said...

သားကောင်ချနင်းမည့်သူများခေတ်သို့တလှည့်

Anonymous said...

"Don't worry about the world coming to an end today. It's already tomorrow in Australia." - Charles Schultz