အဟုတ်ပဲ …
ကျမ ဘလော့နာကျနေပါပြီ။
အရက်ကိုစွဲလမ်းပြီး ညဘက်အရက်အလွန်အကျွံ သောက်တဲ့သူများ မနက် မိုးလင်းရင် ခေါင်းတွေအုံ မကြည်မလင်ဖြစ် နေထိုင်မကောင်းသလို ခံစားရ အဲဒါကို အရက်နာကျတယ်လို့ ခေါ်သတဲ့။
တစုံတယောက်ကို စွဲလမ်းပြီး ထိုသူနဲ့ ခွဲခွါရတဲ့အခါ ချစ်လျက်နဲ့ ခွဲခွဲ မုန်းလျက်နဲ့ ခွဲခွဲ ရင်ထဲမှာ တနင့်နင့် ခံစားရတဲ့အခါ လွမ်းနာကျတယ်လို့ ဆိုသတဲ့။
ကျမ ဘလော့နာကျတာကတော့ဖြင့် အရက်နာကျတာနဲ့ လွမ်းနာကျတာ နှစ်ခုပေါင်း ပြီး ခံစားနေရသလို ဖြစ်နေပါတယ်။ ဘလော့ကိုစွဲလမ်းပြီး နေ့လည်း ဘလော့၊ ညလည်း ဘလော့၊ အိပ်မက်ထဲလည်း ဘလော့၊ လမ်းသွားရင်းလည်း ဘလော့ .. အဲဒီလို ဖြစ်နေပြီး ဘလော့ကို အလွန်အကျွံစားသုံးမိနေသလိုပါပဲ။ ကိုယ့်ဘလော့ကိုယ် စာတင်ပြီးတာနဲ့ ဟိုလူ့ဘလော့ ဒီလူ့ဘလော့ သွားဖတ် သွားကြည့် ဆီဗုံးတွေထဲ အော်လိုအော်၊ ကွန်မန့်တွေ ရေးလိုရေး … ဘလော့ကို အချိန်ပေးရပုံများ … အလုပ်တာဝန်, အိမ်မှုကိစ္စ လစ်ဟင်းလို လစ်ဟင်းပေါ့။
ဒီလိုနဲ့ ညညဆို ဘလော့အတွက် စာတပုဒ်ရေးပြီးမှ အိပ်တဲ့အကျင့်က ဖြစ်နေပြီး လူခြေတိတ်ချိန် အနှောက်အယှက်ကင်းချိန်မှ စာရေးရတော့ ညဘက် အိပ်ရေးပျက်ပေါင်းလည်းများလှပြီ။ မနက်လည်း နောက်ကျမှထလို့ မဖြစ်တော့ မထချင်ထချင် ပျင်းပျင်းနဲ့ ထရတာမို့ မနက်တိုင်း အိပ်ရာကနိုးရင် ခေါင်းတွေက ကြည်ကြည်လင်လင်မရှိ၊ အုံတုံတုံ ကိုက်တိုက်တိုက် ဘလော့ကိုက်တယ်လို့ ခေါ်ရမလားမသိ။ ဘလော့ကိုက်တဲ့ ရက်ပေါင်းများလာတော့ အရက်နာကျတဲ့ လူလို … ဘလော့နာကျပါလေရောလား။
တခါတလေများ အကြောင်းမညီညွတ်လို့ စာမရေးဖြစ်တဲ့အခါ၊ စာမတင်ဖြစ်တဲ့ အခါ၊ ဘလော့တွေကို မဖတ်ဖြစ်တဲ့အခါမျိုး ဆိုရင်တော့ နေမထိ ထိုင်မထိနဲ့ ဘာလိုနေမှန်းမသိ ဟာတိဟာတာနဲ့ ခံစားနေရ ပြန်ပါတယ်။ ကိုယ့်ဘလော့မှာ ကွန်မန့်လေးတွေ ၀င်နေမလား၊ မ၀င်ဘူးလား။ ကိုယ်ဖတ်နေကျ သူတွေရဲ့ ဘလော့မှာ ဘာအသစ်တွေတင်ထားသလဲ။ ဖတ်စရာ မှတ်စရာ ခံစားစရာ လေ့လာစရာ … အသစ်အဆန်းလေးတွေ …. တမနက်လောက် မမြင်ရတာနဲ့ကို စိတ်ထဲ သိပ်မကောင်းလှဘူး။
အဲဒီလိုတွေ ဖြစ်နေတာကြာလာတော့ ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ကြည့်မိတယ်။ ဘလော့ကို ဘာကြောင့် ရေးနေရတာလဲ … ဘလော့တွေကို ဘာကြောင့်များ ဖတ်နေရတာလဲ။ ဘလော့ဟာ ကိုယ့်ဘ၀မှာ ဘယ်လောက်များ အရေးပါ နေပါသလဲ … လို့ တွေးမိပါတယ်။
ဘာကြောင့်ရေးနေရတာလဲ …ရေးချင်လို့ရေးပါတယ်။
ဘာကြောင့်ဖတ်နေရတာလဲ … ဖတ်ချင်လို့ဖတ်ပါတယ်။
ဘယ်လောက်အရေးပါသလဲ … ကျမ မဖြေတတ်ပါဘူး။
ဒါနဲ့ အငြိမ်မနေနိုင်လို့ ဆက်တွေးမိပါသေးတယ်။
ဘလော့သည် မိမိအတွက်လား … ။
ဘလော့သည် သူတပါးအတွက်လား … ။
ဘလော့သည် ဘလော့အတွက်လား … ။
ကိုယ့်အတွက်ကိုယ်ဆို ဒိုင်ယာရီပဲ ရေးမှာပေါ့။
ဒါဆို ကိုယ့်အတွက် မဟုတ်ဘူးလား။
ဒီလိုလဲမဟုတ်ပြန်ဘူး။ ဒါလေးရေးနေရတာ ကိုယ့်စိတ်သာယာမှု တခုပေပဲလေ။
အဲဒီလိုပဲ သူတပါးအတွက်ချည်းပဲလို့လည်း ပြောလို့မရပြန်ဘူး။ ကိုယ်ရေးချင် တာတွေလည်း ရေးနေတာမဟုတ်လား။
ဒီလိုဆို …ယေဘုယျအားဖြင့် ဘလော့သည် ဘလော့အတွက်ဆိုရင်ရော။
အင်း … ကျမ မသိတော့ပါဘူး။
ဘာသည် ဘာအတွက်ပဲဖြစ်ဖြစ် ဘလော့စရေးတဲ့ ၂၀၀၆ သြဂုတ်လကုန် လောက်ကနေ ဒီကနေ့ထိ နေ့တိုင်းလိုလို ကျမ စိတ်ထဲမှာ ဘလော့သာ အမြဲ လွှမ်းမိုးနေမိတာပါပဲ။ တခါတလေ ငြိမ်းငြိမ်းချမ်းချမ်း စိတ်အေးလက်အေး နေလို ပေမဲ့ နေလို့လည်း မရခဲ့ပါဘူး။ ဘလော့ကပေးတဲ့ ကောင်းကျိုး ဆိုးပြစ်တွေ လည်း ခံနေရတာမို့ အခုအချိန်မှာ ကျမ ဘလော့နာကျနေပါပြီ။ ဘလော့နာ ကျနေတဲ့ ကျမ ဘလော့ကိုမုန်းသွားပြီ၊ စိတ်နာသွားပြီ၊ မကြည့်ချင် မဖတ်ချင် လောက်အောင် ဖြစ်နေပြီလား …. ။ ဘလော့လောကကြီးကို ကျောခိုင်းလိုက် တော့မလား။ ဘလော့ရေးတာကို စွန့်လွှတ်လိုက် တော့ မလား …. ။
***
အရက်နာကျသူတွေဟာ ပြန်ဖြေတဲ့အနေနဲ့ မနက်ခင်းမှာ တခွက်တဖလား ထပ် သောက်ကြတယ်လို့ ကြားဖူးတယ်။
အင်း …. ဘလော့နာကျနေတဲ့ ကျမလည်း ….
အချိန်ကလေးရတာနဲ့ ကွန်ပျူတာ အမြန်ဖွင့် ….
IE ရဲ့ address bar မှာ http://www.blogger.com/ ရိုက်ထည့်လိုက်ပြီး …

Username – abcdefg@gmail.com
Password – bla bla bla
စသဖြင့် ဖြည့်စွက်ပြီး
Sign In ကလေးကို ကလစ်နှိပ်မိလိုက်ပါတော့တယ်။
***
မေဓာဝီ
12th June, 2007
4:25 pm

11 comments:
haha. yah ma may , it it right. I was like those too, but now free abit as no internet connection . lucky i am the first to comment now. Ma So what, you are loooserrrr..hahahah;)
ဘလော့ရောဂါ စွဲကပ်လာ၊ လျင်စွာကုဖို့ပြင်၊ မကုစားပဲ ဘလော့စွဲ…. အဲ.. မဆက်တတ်တော့ဘူး.. ဟိဟိ
အဟင့်...သွားရှာပြီပေါ့လေး...မမေက ကျုပ်အလုပ်က အိမ်ပြန်ချိန်မှ ပို့စ်တင်တော့ ကျုပ်ကွန်မန့်ရေးချိန်မရလိုက်တာပါ ကိုမင်းမင်းရယ်...နောက်တစ်ပွဲပေါ့ ငှဲငှဲ...နက် မရသေးလို့ အလျှော့ပေးထားတယ်မှတ်ပါ...:P
မမေရေ ၁နှစ်ရှိတော့မယ်ဆိုတော့လည်း ဘလော့နာကျသင့်ပါတယ်...ဟီဟီ။။။ညီမလေးတော့ ကိုယ့်ဘလော့ကိုယ် သိပ်တောင် စိတ်မ၀င်စားတော့သလိုပဲ...:D
Nice to read this post , ma may.
Blog is web diary.
So many people write blog for their daily diary.
When we get old , that would be the memoir or rememberance or something else.
But in negative view, the others would know my secrets. But, who cares?
:D
အမလေးလေးမှန်လိုက်လေ။
သူတို့ တကယ်တည်းသမားတွေက တော်သေး..
ဒီမှာတော့ ချစ်ချစ်က ဘယ်တော့ ထရိုက်မလဲ မသိ။
ဒီကြားထဲ အသက်အရွယ်ကြောင့် ခါးနာတောင် မညည်းရဲ.
တော်ကြာသူက ဘလော့ကို မျက်စောင်းထိုးမှာစိုးလို့။
ဘလော့လေးကိုတော့ မျက်စောင်းတောင် အထိုးတောင်မခံနိုင်ပါ..
ဘလော့ရောဂါ စွဲကပ်လာ၊ လျင်စွာကုဖို့ပြင်၊
မကုစားပဲ ဘလော့စွဲ…မျက်စေ့မွဲမှာပင်။
ဟဲဟဲ..(ပန်ရေ..ဆက်လိုက်ပြီ)
ဘလော့ရောဂါ စွဲကပ်လာ၊ လျင်စွာကုဖို့ပြင်၊
မကုစားဘဲ ဘလော့ဂ်စွဲ၊ မျက်စိမွဲမှာပင်
မျက်စိမွဲလဲ စွဲစွဲမြဲ မရေး မနေချင်
ပျော်ကာ မော်ကာ ရေးဖတ်မှာ
ဘလော့ဂါ ပြုံးရွှင်ရွှင် …။
ကဗျာလေး ပိုလှမလားလို့ လက်ဝင်ဆော့တာပါ။ ကျနော်ကတော့ ဘလော့ဂ်ကို စွဲလားမစွဲလားတော့ မသိဘူးဗျာ။ ဘလော့ဂ်ကို အာရုံစိုက်ပါများလို့ ကိုယ့်အပေါ် နားအလည်ပေးနိုင်ဆုံးလူတွေကတောင် အထင်အမြင်လွဲခြင်းကို ခံနေရတယ်။ ဒါပေမယ့် ခက်တာက ရေးချင်နေတဲ့ စိတ်ပဲ..။ တခုခုကို ဖတ်မိရင်လဲ တွေးလိုက်..၊ ရေးချင်စိတ်ပေါ်လာလိုက်..၊ တနေရာရာကို သွားရင်လဲ `ဒါလေးတော့ ငါ့ဘလော့ဂ်ကို လာဖတ်ကြတဲ့ လူတွေဖတ်ရရင် သိပ်ကောင်းမှာပဲ´ လို့ အတွေးဝင်လိုက်၊ ရေးလိုက်….။ အားပေးကြတဲ့ ကွန်မန့်တွေကလဲ တကယ်ကို အားဆေးပါပဲ။ ဒီလိုနဲ့ပဲ ဘလော့ဂ် ရေးလိုက်၊ ပစ်ထားမိသလို ဖြစ်နေလို့ စိတ်ကောက်တဲ့ သူငယ်ချင်းတွေကို ပြေရာပြေကြောင်း ချော့လိုက်…။ ပြောရင်းဆိုရင်းနဲ့ ဒီကွန်မန့်ရေးပြီးရင် ပို့စ်အသစ် တခုရေးဖို့ အားထုတ်ရအုံးမယ်။ ယိစ်((((
ကျွန်တော်ကခုမှစတာ... ဒါတောင်တော်တော်စွဲနေပြီ.. ဟီး
:D
မမေပြောသလို ညီမလည်း ဘလောဂ့်နာကျလို့ အိပ်ပျက်ရက်တွေ များလှပေါ့ ။
မမေဓာဝီတို့များ ဘလော့ဂ်စွဲနေတယ်တဲ့။ ကျွန်တော်တော့ နေ့တိုင်းလိုလို ရေးနေ၊ ဖတ်နေတာ တစ်ခါမှ မစွဲပါလား။ ဟဲ ဟဲ။ ကျွန်တော်ဆီလည်း လာလည်ဦးနော်..
မမေဒါဝီ
ကျွန်တော် အမိမြေနဲ့ ဝေးနေတဲ့ မေဒါဝီဘလောခ့် ပရိတ်သတ်တယောက်ပါ။ ရန်ကုန်က ကွန်ပြူတာ ကာဖေးလ် အတွေ့ အကြုံ ဖြစ်နိုင်ရင် ရေးပေးလို့ ရမလားလို့ ပါ။ မမေဒါဝီ အိမ်က ကွန်ပြူတာက နေ အင်တာနက်ကို အသုံးပြု တယ်ဆိုတာကို အမ ဘလောခ် ဖတ်ရင်း ခတ်မှန်းမိပါတယ်။ သို့ သော် အိမ်မှာ ကွန်ပြူတာ မရှိတဲ့သူတွေ ဘယ်လိုဆက်သွယ်နိုင်တယ်။ ဘာစည်းကမ်းတွေ၊ ဘယ်လောက်ပေးပြီး ဘယ်လို အင်တာနက်တက်နိုင်တယ်ဆို တာမျိုး ရေးပြနိုင်မယ်ဆိုရင် ဖတ်ချင်ပါတယ်။
လေးစားစွာဖြင့်
ဇော်
ဘလော့ နာကျသူများအသင်းဖွဲ့ ရင်ကောင်းမလားပဲ အနော့်ကိုလဲ ချန်ထားနဲ့ နော် တပတ်ကို ၇ရက် ဘလော့ နာကျလဲ ရေးမြဲ ရေးလျက် ဇက်ကြောတက် ဘလော့ ရေးရင်း အသက်ထွက် :D
Post a Comment