Friday, February 25, 2011

သရဲများနဲ့ ကျမ (၃)

ဂျီတော့ခ်ထဲက သူ့ဝိညာဉ်

သူ့အကြောင်းကို ဒီခေါင်းစဉ်အောက်မှာ ရေးရတာ စိတ်ထဲ မကောင်းလှဘူး၊ ပြန်တွေးမိတိုင်းလဲ သိပ်ဝမ်းနည်းရပါတယ်။ ဒါပေမဲ့လဲ ဆက်စပ်နေတဲ့ အကြောင်းအရာမို့ ဒီခေါင်းစဉ်အောက်ပဲ ထည့်လိုက်တာကို သူသိရင် ခွင့်လွှတ်နိုင်မှာပါ။ သူက ကျမကို အမြဲ နားလည် ခွင့်လွှတ်ပေးခဲ့သူ တယောက်ပဲလေ။

တလောက ကိုဆိုဆီ (တည်ငြိမ်အေး) ဆီမှာ ကွန်မန့်သွားပေးရင်း ဂျီတော့ခ်ထဲမှာ သရဲခြောက်သလို ကြုံဖူးတယ်လို့ ပြောခဲ့မိတော့ ကိုဆိုဆီက အဲဒီအကြောင်း ရေးဖို့ ပြောပါတယ်။ ကျမလဲ ရေးမယ် ရေးမယ်နဲ့ စိတ်ကူးသာရှိပြီး ရေးဖို့ရာ လက်တွန့်နေမိတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီအဖြစ်အပျက်ကို သရဲခြောက်တယ်လို့ ကျမအနေနဲ့ လက်မခံနိုင်လို့ပါပဲ။ ဒါဟာ ကျမနားမလည်တဲ့ နည်းပညာရဲ့ လျှို့ဝှက်ချက် တခုခုပဲ ဖြစ်မှာပါလို့ ကိုယ့်ဘာသာ သတ်မှတ်ခဲ့တယ်။

ဒီအကြောင်းကို အထူးပြုပြီး မရေးဖူးပေမဲ့ ဒီဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အကြောင်းတွေကိုတော့ ဘလော့မှာ ခဏခဏ ရေးဖူးလို့ တချို့လဲ ဖတ်ဖူးမယ်ထင်ပါတယ်။ အဖြစ်အပျက်ကတော့ ငါးနှစ်ကျော်လောက် ကြာခဲ့ပါပြီ။ အတိအကျ ပြောရရင် ၂၀၀၅ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်ည … တန်ဆောင်မုန်း လပြည့်ကျော်တရက် ညပေါ့။ အဲဒီည ညဦးပိုင်းလောက်မှာ သူ ကျမအိမ်ကို လာခဲ့တယ်။ အဲဒီညမှာပဲ သူ … သေဆုံးသွားခဲ့ပါတယ်။

သူသေဆုံးပြီး လေးငါးရက်လောက်ထိ သူသေသွားမှန်း ကျမ မသိခဲ့ဘူး။ သူ့ဆီ ဖုန်းဆက်မရလို့ ကျမစိတ်တွေ တိုနေခဲ့တယ်။ နောက်မှ သိရတာက သူနဲ့တကွ သူ့မိဘနှစ်ပါးလုံး ရက်ရက်စက်စက် အသတ်ခံလိုက်ရတယ် ဆိုတာပဲ။ အဲဒီ ရက်ပိုင်းတွေမှာ သူ့ဇာတ်လမ်းက ဟိုးလေးတကြော် လူသိများခဲ့တယ်။ သတင်းစာတွေ ဂျာနယ်တွေမှာ သူတို့သတင်းတွေ အမြဲပါပြီး လူတွေ စိတ်ဝင်စားစရာ ဖြစ်ခဲ့တယ်။ သတင်းတွေ ဖတ်တိုင်း ကျမစိတ်ထဲ ဘ၀င်မကျဖြစ်မိတဲ့ အလွဲတခုက နေ့စွဲ … ။

သူ နောက်ဆုံးလာတဲ့နေ့ကို ကျမ မှတ်မှတ်ရရ ဖြစ်ခဲ့မိတာက နိဗ္ဗာန်ဈေးမှာ မုန့်စားဖို့ ကျမ ၀ယ်ထားတဲ့ လက်မှတ်လေးကြောင့်ပါ။ သူနဲ့အတူ အဲဒီလက်မှတ်လေးနဲ့ မြို့ထဲမှာ မုန့်သွားစားဖို့ ပြောထားခဲ့တယ်။ လက်မှတ်ရဲ့ နောက်ဆုံး သတ်မှတ်ရက်က လပြည့်ကျော် တရက်ည။ လက်မှတ်ကလေးက လပြည့်နေ့နဲ့ လပြည့်ကျော် တရက်နေ့ … ၂ ရက် အတွင်းသာ သွားစားလို့ရတယ်။ လပြည့်နေ့ညမှာ သူ မလာဖြစ်ဘူး၊ နောက်ရက်မှ သွားစားမယ်လို့ သူကျမကို ကတိပေးခဲ့တယ်။ ဒါပေမဲ့ ရုတ်တရက် ချိန်းထားတာ ပေါ်လာလို့ဆိုပြီး အဲဒီညလဲ မစားဖြစ်ပြန်ပါဘူး။

အဲဒီနေ့ကို ကျမ သေချာမှတ်မိနေပေမဲ့ သတင်းစာတွေမှာ ထုတ်ပြန်တဲ့ သတင်းက နိုဝင်ဘာ ၁၅ ရက်မှာ သတ်ခံရတာ … တဲ့။ သတ်တဲ့လူကလဲ အဲဒီလိုပဲ ဖြောင့်ချက်ပေးတယ်။ ဒါဆို ကျမက လွဲနေတာလား … သူ ကျမဆီလာတာ သေပြီးမှလား … ။

မဖြစ်နိုင်ဘူး။ သူလာတာကို ကျမတယောက်ထဲ မြင်တာမှ မဟုတ်တာ။ ခြံထဲမှာ လမ်းလျှောက်ရင်း ဆေးလိပ်သောက်နေတဲ့ ကျမအကိုဝမ်းကွဲလဲ မြင်တယ်။ ကျမတို့ အလုပ်ထဲက ကလေးမလေးတွေလဲ မြင်တယ်။ အဲဒီညမှာ သူက ကျမကြည့်ဖို့ မစ္စတာဘင်း ဇာတ်လမ်းလေးတွေ လာပေးပြီး ကျမကို ဒေါင်းလုတ် လုပ်ခိုင်းထားတဲ့ ဆော့ဖ်ဝဲတချို့ ပြန်ယူသွားတယ်။ သူခဏလာပြီး အပြန် ခြံဝင်းအပြင်မှာ ရပ်ထားတဲ့ သူ့ကားနား အထိတောင် ကျမ လိုက်ပို့ လိုက်သေးတာပဲ။ ဆိုတော့ … သေပြီး သူတယောက်နဲ့ ပစ္စည်း အပေးအယူ အလွယ်တကူ လုပ်လို့ရသလား … လုပ်နိုင်ပါသလား၊ ကျမတော့ မထင်ပါဘူး။ အကြောင်း တခုခုရှိလို့သာ ရဲက သေတဲ့ရက်ကို လွှဲထားတာပဲလို့ ကျမ ယူဆခဲ့တယ်။ ဥပမာ တရားခံတွေထဲက တယောက်ယောက်ကို အပြစ်ပေါ့လျော့ စေချင်လို့ ရက်လွှဲလိုက်တာမျိုးပေါ့။

ကျမစိတ်နဲ့ကျမဆို ရက်လွဲနေတဲ့အကြောင်း အားလုံးသိအောင် ပြောချင်တယ်။ ဒါပေမဲ့ အိမ်ကလူကြီးတွေက ရုံးပြင်ကန္နား ရှောင်ရှားကြသူတွေမို့ ကျမကို လျှာမရှည်ဖို့ အထပ်ထပ် သတိပေးကြတယ်။ နောက်ထပ် ထူးဆန်းတာတခုက သူ့ဖုန်းတွေရဲ့ အ၀င်ကောလ် အထွက်ကောလ် မှန်သမျှကို ရဲက စစ်တော့ ကျမဖုန်းနံပါတ် မပါခဲ့ဘူးလား မသိပါဘူး၊ တခြား သူနဲ့ ပတ်သက်သမျှ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတွေ ရဲက ခေါ်စစ်ဆေးခဲ့ပေမဲ့ ကျမကတော့ လွတ်နေခဲ့တယ်။ အမှန်က သူမသေခင် တရက်ထိ ကျမနဲ့ညတိုင်းလိုလို ဖုန်းပြောဖြစ်ခဲ့ကြတာ။ သေမယ့်ညမှာတောင် သူက ကျမတို့ ခြံရှေ့မှာ ကားရပ်ပြီး သူရောက်ပြီဆိုတာ ဖုန်းဆက် ပြောလိုက်သေးတာပဲ။

သူသေသွားပြီး နောက်ပိုင်း အိပ်မက်ထဲကို သူခဏခဏ လာခဲ့တယ်။ အိပ်မက်က ကျမတယောက်ထဲ မက်တာမဟုတ်ဘူး။ သူနဲ့ သိပ်မရင်းနှီးတဲ့ ကျမအမကြီးပါ မက်တယ်တဲ့။ ကျမမက်တဲ့ အိပ်မက်ကတော့ ဒီလိုပါ။ သူခါတိုင်းလိုပဲ ကျမဆီရောက်လာပြီး သူ့အတွက် ဆွမ်းကျွေး အမျှဝေပေးဖို့ အန်တီ့ကို ပြောပေးပါလို့ ပြောတယ်။ အန်တီဆိုတာ အမေ့ကိုပြောတာပါ။ သူက အမြဲသပ်သပ်ရပ်ရပ် နေတတ်ပေမဲ့ အိပ်မက်ထဲမှာတော့ သူ့မျက်နှာက ရန်ဖြစ်ထားသလို ပေပေကျံကျံနဲ့ အ၀တ်အစားတွေကလဲ နွမ်းဖတ်လို့။ နောက်တခါ ထပ်မက်တော့ သူက ကတုံးကြီးနဲ့တဲ့။ အိပ်မက်တွေက နိုးတိုင်း ၀မ်းနည်းလို့ ကျမငိုမိတယ်။ သူ တကယ်မသေပါစေနဲ့ … ဒီအဖြစ်ကြီးဟာ အိပ်မက်ဆိုးကြီး တခုသာ ဖြစ်ပါစေလို့ မဖြစ်နိုင်မှန်း သိရက်နဲ့ ဆုတောင်းနေခဲ့မိတယ်။

သူသေပြီးနောက်ပိုင်း သူ့အရိပ်တွေက ကျမတို့ အိမ်နားမှာ ရှိနေသလိုပဲလို့ စိတ်ထဲ ခံစားနေရတယ်။ သူမသေခင် လပိုင်း ကာလတွေမှာ သူနဲ့ကျမ ပိုရင်းနှီးခဲ့ကြလို့ ထင်ပါရဲ့။ အိမ်မှာပဲ ထမင်းစားတယ်၊ အင်တာနက်သုံးတယ်၊ ကျမကို ဂစ်တာတီးပြီး သီချင်းဆိုပြတယ်၊ ပြီးတော့ ကျမနဲ့အတူ ဆော့ကြတယ်။ ကျမနဲ့ ကစားဖို့ဆိုပြီး သူ့အမေ မသိအောင် တိတ်တိတ်ကလေး လက်လှည့်ဘောလုံးကန်တဲ့ ခုံကလေးကို သူ့အိမ်က ယူလာခဲ့တာလေ။ သူမရှိတော့တဲ့ နောက်ပိုင်း သူ့အရိပ်တွေ လွှမ်းမိုးလွန်းလို့ ဘောလုံးကစားတဲ့ ခုံကလေး ပက်ကျိကို ပေးလိုက်တယ်။ ပက်ကျိဆိုတာက ကျမနဲ့ အွန်လိုင်းမှာခင်ရာက အပြင်မှာပါ သိနေတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်လေးပါ။ အွန်လိုင်းမှာသုံးတဲ့ နစ်ခ်နိမ်းက ပက်ကျိမို့ ပက်ကျိပဲ ခေါ်ဖြစ်တယ်။ သေတဲ့ရက်လွဲတဲ့ ကိစ္စ ပက်ကျိကို ပြောပြတော့ ပက်ကျိက စိတ်မကောင်းတဲ့ မျက်နှာနဲ့ ကျမကို ကြည့်ပြီး … အမကို လာနှုတ်ဆက်တာ နေမှာပါ အမရယ် … လို့ ပြောတယ်။ ကျမ ဘယ်လိုငြင်းရမလဲ မသိတော့ဘူး။

တရက်တော့ အိမ်က ကွန်ပျူတာတွေ အားလုံးကို defrag လုပ်ဖို့ ဖွင့်ထားရင်း ကျမက ကျမစက်နဲ့ ဂျီတော့ခ်ထဲ ၀င်ထားတယ်။ အဲဒီအချိန် စိတ်ထဲ ဒိန်းခနဲ ဖြစ်အောင် လန့်သွားတာက သူ့နာမည်နဲ့ အကောင့်ကြီး စိမ်းနေတာ မြင်လိုက်ရလို့ပဲ။ အွန်လိုင်းမှာ သူရှိနေတာလား … ။ လှုပ်ရှားနေတဲ့ စိတ် … တုန်ရင်နေတဲ့ လက်နဲ့ ကျမ သူ့အကောင့်မှာ အစက်ကလေး ချပြီး enter ခေါက်လိုက်တော့ တုံခနဲ အသံသဲ့သဲ့ ကြားရတယ်။ ကျမ သိလိုက်ပါပြီ။ သူအိမ်ကိုလာရင် အမြဲသုံးနေကျ ကွန်ပျူတာကို ဖွင့်ထားခဲ့တာကိုး။ သူ နောက်ဆုံးသုံးတုန်းက လော့အောက် မလုပ်ခဲ့လို့ဘဲ ဆိုပြီး အဲဒီစက်နား ခပ်ကြောက်ကြောက်နဲ့သွား၊ လော့အောက် သေချာလုပ်၊ စက်ကိုလဲ တခါထဲ ရှပ်ဒေါင်း လုပ်ခဲ့လိုက်တယ်။

ဒါပေမဲ့ နောက်တခါ မရဲတရဲ ပြန်ဖွင့်ကြည့်တော့ သူ့အကောင့် ဂျီတော့ခ်ကလေးက အလိုလို ဆိုင်းအင် ဖြစ်ပြီး ပြန်စိမ်း လာပြန်ရော။ ဘယ်လိုလဲ … ကျမ မသိတော့ဘူး။ ဒါနဲ့ လော့အောက် ထပ်လုပ်၊ အော်တိုဆိုင်းအင်များ လုပ်ထားလား သေချာစစ်ကြည့်တယ်။ တကယ်တော့ သူက အင်တာနက် အမြဲသုံးနေကျလူပဲ။ သူ့စက်မဟုတ်တဲ့ တခြားစက်မှာ အော်တိုဆိုင်းအင် မဖြုတ်ဘဲ သုံးမယ့်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ နည်းပညာတွေကို ကျမလဲ သိပ်နားမလည်တော့ ဘာကြောင့် သူ့အကောင့် အလိုလို ဆိုင်းအင် ဖြစ်ရသလဲ စဉ်းစားမရခဲ့ဘူး။ ကိုယ့်ထက်ပိုတတ်တဲ့ ပက်ကျိကို ပြောပြတော့ လာလုပ်ကြည့်တယ်။ မရပါဘူး။ တခြားအကောင့် ပြောင်းဝင်၊ ပြန်ထွက်၊ စက်ပြန်ပိတ်၊ ပြန်ဖွင့်ရင် သူ့နာမည်ပဲ ၀င်ဝင်လာတယ်။ နောက်ဆုံးတော့ ပက်ကျိက ဂျီတော့ခ်ကို uninstall လုပ်ပစ်လိုက်တယ်။ အဲဒီတော့မှ အေးသွားတော့တာပဲ။ အကြောင်းသိနေတဲ့ ရုံးက ကလေးမလေးတွေ အဲဒီစက်ကို မသုံးရဲကြတော့ဘူး။

ကျမကတော့ ဒါကို သူလာခြောက်တယ်လို့ ခုထိ မထင်သေးပါဘူး။ ကျမ နားမလည်တဲ့ နည်းပညာဆိုင်ရာ အကြောင်းတခုခုတော့ ရှိရမယ်လို့ ယုံကြည်နေဆဲပါ။ ကျမတို့ညီအမ အိပ်မက်တွေ မက်တော့ အမေက သူ့ကို ရည်စူးပြီး ခြောက်ထပ်ကြီး ရတနာကျောင်းတိုက်မှာ သံဃာ အပါး ၂၀ ဆွမ်းကျွေးပေးပါတယ်။ ကျမကိုယ်တိုင် ရေစက်ချပြီး အမျှဝေခဲ့တယ်။ သူ့ကို ကောင်းရာမွန်ရာ အေးချမ်းတဲ့ ဘ၀ ရောက်စေချင်ပါတယ်။ နောင်ဖြစ်လေရာ ဘ၀မှာလဲ ခုလို အဖြစ်ဆိုးမျိုးနဲ့ မကြုံရပါစေနဲ့ … ။


အဲဒီနောက်ပိုင်း အိပ်မက်ထဲကို သူမလာတော့ဘူး။ အချိန်ကြာလာတာနဲ့အမျှ ကျမရဲ့ မျက်ရည်တွေလဲ တဖြည်းဖြည်း ခြောက်ခမ်းခဲ့ပါပြီ။ ဒါပေမဲ့ ပြန်တွေးလိုက်တိုင်း မနေ့တနေ့ကလို ထင်မိနေတုန်းပဲ။ ငါးနှစ်ကျော်ဆိုတဲ့ အချိန်ကာလ တခုကို ဖြတ်သန်းခဲ့ရပေမဲ့ သူ့ကို မမေ့နိုင်သေးပါဘူး။ သူ ဘယ်ဘ၀များ ရောက်နေမလဲ တွေးမိရင်း ဂျီတော့ခ်ဝင်တဲ့အခါ Supermegalove ဆိုတဲ့ သူ့နာမည်လေး စိမ်းလာလေအုံးမလားလို့ တခါတလေ စောင့်ကြည့်နေမိပါသေးရဲ့။
***
မေဓာဝီ
၂၅၊ ၂၊ ၂၀၁၁
၁၃း၃၇ နာရီ

သူနဲ့ပတ်သက်တဲ့ ပို့စ်လေးတွေ …
- လွမ်းဆွတ်ခြင်း များစွာဖြင့်
- လွမ်းမပြေ
- အမှတ်တရ စာလုံးလေးတွေ
- လွမ်းလျက်သာပင်
- မပြေတဲ့ အလွမ်း
- ကြည့်မိလိုက်သော ဗီဒီယိုဇာတ်ကား (ဒီပို့စ် လင့်ခ်ဖို့ မေ့ကျန်ခဲ့လို့ ခုမှလင့်ခ်လိုက်တယ်။)

29 comments:

အဖြူရောင်နတ်သမီး said...

စိတ်မကောင်းဘူး အမရယ်..
ဖတ်ရင်းနဲ့ ကြက်သီးတွေထထလာတယ်...
အဲဒီလိုအဖြစ်အပျက်တွေက ကိုယ်ကိုတိုင်ကြုံရမှ ယုံရတဲ့အဖြစ်မျိုးတွေမို့.. ကိုယ်ချင်းစာပါတယ်။
သူ့ကိုလည်း ကောင်းရာဘုံကိုရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ညီလင်းသစ် said...

ထူးဆန်းလိုက်တာနော်...၊ နားမလည် နိုင်တာတွေလည်း အများကြီးပဲ၊ စိတ်လည်း မကောင်း ပါဘူး၊ အဲဒီလို အဖြစ်မျိုးဆန်ဆန် ကျနော်လည်း တခါ ကြုံဖူးတယ်၊ ဒါပေမယ့် ကိုယ်နဲ့မပတ်သက်တာမို့ အခုလိုတော့ ခံစားမှုက တူနိုင်မယ် မထင်ပါဘူး၊

မမျှော်လင့်ထားခဲ့တဲ့ အဲဒီလို ကိစ္စတွေက တကယ်ပဲ ဆိုရင်တော့ ကောင်းရာမွန်ရာမှာ ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းပါတယ်...။

သက်ဝေ said...

ဖတ်ရတာ ဝမ်းနည်းလိုက်တာ မေရယ်...

တနေ့ကပဲ အွန်လိုင်းက သူငယ်ချင်းတယောက်က ပြောတယ်... သူ့အလုပ်က အသက်ဘေးနဲ့ နီးတယ်တဲ့... သူသေသွားရင် သူ့ ဂျီတော့ခ်အကောင့်ကို block လုပ်ပစ်တာတို့ remove လုပ်ပစ်တာတို့ မလုပ်ပါနဲ့တဲ့... အဲဒီကနေ သူ လာလာကြည့်နေမယ်လို့ ကိုယ့်ကို နောက်သလို ပြောင်သလို လာပြောနေလို့....း((

မောင်လေး said...

ထူးဆန်းလိုက်တာ....၊စိတ်လည်းမကောင်းဘူး...၊

rose said...

မမေရဲ့ သူငယ်ချင်း အကြောင်း ဖတ်ပြီး စိတ်မကောင်း ဖြစ်မိတယ်။ အင်းနော်….။ မြန်မာပြည်မှာကလည်း စနစ်တွေ တရားရုံးတွေ အားလုံးက ခြစားနေတော့ သူတို့ တစ်ခုခုများ အကြံအဖန် လုပ်လိုက်ကြလို့ အသတ်ခံရတဲ့ နေ့စွဲ လွဲနေသလား မသိဘူး။ ရို့စ် ထင်တာတော့လေ။ ပြီးတော့ ဂျီတော့ခ်ကရော မမေ သူငယ်ချင်းရဲ့ account ကို သိတဲ့သူတွေ ဘာတွေများ Sing in လုပ်သလား မသိနော်။

Anonymous said...

အခုမှ အဟောင်းတွေပြန်ဖတ်ကြည့်တော့မှာ နာမည်နဲ့ သတင်းနဲ့တွဲမိတော့တယ်။ အဲဒီသတင်းဖတ်ဖူးတယ်။ ပိုက်ဆံလိုချင်လို့ တမိသားစုလုံးကို သတ်သွားတာဟုတ်။ မြန်မာ့လေကြောင်းက လေယာဉ်မယ်တောင် ပါလိုက်သေးတယ်။ တရားခံနဲ့ရည်းစားဖြစ်ပြီး ထွက်ပြေးရင်း မိသွားတာလေ။ အဲဒီတုန်းကတောင် ဘာမှမသိပဲ ဖတ်ပြီး စိတ်မကောင်းဖြစ်လိုက်တာ။ ခင်တဲ့သူတွေဆို ပိုဆိုးမှာပေါ့။ (အခုပြောတဲ့ သတင်းက အခုဝီရဲ့ သူငယ်ချင်း မဟုတ်ဘူးဆို ဆောရီးနော်။) နာမည်ချင်းတူနေလို့။

sosegado said...

ထူးစမ်းတဲ့တိုက်ဆိုင်မှုတွေတကယ်ဖြစ်တတ်သလား ဒီမေးခွန်းကိုအမြဲမေးမိပါတယ်၊ သူသေဆုံးသွားပုံက တအားဝမ်းနည်းစရာကောင်းတဲ့ အဖြစ်ဆိုး၊ မသေခင်လေးမှာ မမေနှင့်လာနေကြအိမ်ကို သတိရဖြစ်နေရင်၊ ရုတ်တရက်သေဆုံးသွားပြီး သေမှန်းမသိဖြစ်နေပြီး သိမှအမျှဝေခိုင်းတာ ကြားဘူးပါတယ်၊ တရားတော်တွေ ဖတ်မိတဲ့ အချိန်မှာ မြင်အပ်မမြင်အပ်သော အရာ ဘုံဘဝတွေ တကယ်ရှိကြောင်းသိလာရပါတယ်၊ မမေတို့ ဝေမျှသော ကုသိုလ်နှင့် မေတ္တာ အမျှပေးဝေခြင်းကို သူကောင်းမွန်စွာ ရရှိပါစေလို့ ဆုတောင်းမိပါသည်။

မေဓာဝီ said...

ညီမ ရို့စ်ရေ ... သူ့အကောင့် ဆိုင်းအင်ဝင်တာက အမ အိမ်မှာ သူနောက်ဆုံးသုံးခဲ့တဲ့ ကွန်ပျူတာ ဖွင့်လိုက်တိုင်း ၀င်ဝင်လာတာကို ပြောတာပါ။ တခြားလူ သုံးတာ မဟုတ်ဘူးလေ။

အပေါ်က anonymous ပြောတာ ဟုတ်ပါတယ်။ အဲဒီတုန်းက အဖြစ်အပျက်ပါပဲ။ အဲဒါ ကျမသူငယ်ချင်းပါ။

ကိုအောင်(ပျူနိုင်ငံ) said...

ပြိတ္ထာ (၄)မျိုးမှာ “ပရဒတ္တူပဇီဝိကပြိတ္တာ”
တစ်မျိုးပဲ အမျှဝေလိုက်တဲ့ သာဓကို ခေါ်
နိုင်စွမ်းရှိတယ်လို့ ကြားဖူးတယ် မမေရေ ....
ဗုဒ္ဓဘာသာမှာ “ပတ္တိဒါန ပတ္တအနုမောဒနာ”
ဆိုတဲ့ တရားရှိတယ်၊ သူတပါး အမျှဝေချိန်မှာ
သာဓုလိုက်ခေါ်တဲ့ သဘောမျိုးပေါ့၊ အဲလို
သာဓုခေါ်ခဲ့တဲ့လူဟာ သေလို့ ကံဆိုးပြီး
ပြိတ္တာဖြစ်ရင်တောင် သာဓုခေါ်ခွင့်ရတဲ့
ပရဒတ္တူပဇီဝိကပြိတ္တာ မျိုး ဖြစ်ကြတယ်လို့
ကြားဖူးပါတယ်၊ မမေဓါဝီရေးတဲ့ စာကိုဖတ်ပြီး
စိတ်မကောင်း ဖြစ်မိပါတယ်။

မြစ်ကျိုးအင်း said...

နယ်လွန်ဖြစ်ရပ်တွေဆိုတော့ ဆန်းကြယ်လွန်းပါတယ်။ တကယ်နှုတ်ဆက်ချင်တာ ဖြစ်ရင်တော့ တော်တော်စိတ်မကောင်း ဖြစ်စရာပါပဲ။
အသတ်ခံရတာဆိုတော့ ဒါမျိုးက ပိုပြီး ဖြစ်နိင်တယ်လေ။
နေ့စွဲလွဲတဲ့ကိစ္စကတော့ မမေ ထင်သလို ဖြစ်နိင်ချေများတယ်။ အခြေအနေတွေကိုက သိတဲ့အတိုင်းလေ...။

★Craton said...

ကြောက်...လိုက်....တာ....

ချမ်းမြေ့ရင် said...

အဲဒီအချိန်တုန်းကလည်း ဂျာနယ်တွေဖတ်ပီး စိတ်မကောင်း
ဖြစ်ရတယ်၊ အခုလည်း ဖတ်ပြီး ခံစားရပါတယ်။

ဟန်ကြည် said...

ထူးဆန်းတယ်ဆိုတာထက် စိတ်မကောင်းဖြစ်တဲ့ ခံစားချက်က ပိုပါတယ်...သံသရာမှာ ဒီအဖြစ်ဆိုးမျိုး ထပ်မကြုံစေဖို့ ဆုတောင်းပေးရုံပဲ တတ်နိုင်ပါတယ်...ချမ်းမြေ့ပါစေ...

သရဲမဖြစ်သေးသောကျောက် said...

ကိုင်း..ကြည့်စမ်း..ဘကျောက်ကို ဆရာဝန်က သေမယ်ပြောတုန်းက သရဲလုပ်ပြီး..သွားနေကြ ဘလော့ တွေ လည်မလို့ ကြံထားတာ..
ခု..သူကအရင်ဦးပြီး ဂျီတော့ ထဲ ဝင်သွားပါ့လား..

Anonymous said...

လင့်အားလုံးပါလိုက်ဖတ်သွားတယ်။
အင်တာနက်မှာပါဆက်ရှာကြည့်သေးတယ် ဘာများ information ထပ်ရဦးမလဲလို့. ဘာမှ မသိလိုက်ပေမဲ့.
စိတ်မကောင်းပါ
ဘဝဆက်တိုင်း ဒီလိုအဖြစ်မျိုးကင်းလွတ်ပါစေ။
kom

tun said...

စိတ်မကောင်းလိုက်တာ။ အိမ်မက် မရတော့တာက သူ ကောင်းရာဘုံရောက်သွားလို့ ဘဲ လို့ ယူဆမိတာဘဲ
တကယ်လို့ မီးစိမ်းလေး လင်းနေရင်သူ မကျွတ် သေး ဘူးလို့ သတ်မှတ်နိုင်တဲ့ အတွက်မီးမစိမ်းတာဘဲကျေနပ်လိုက်ပါ။လူ့ဘ၀ထဲသူတဖန်ပြန် လာရင် ဒီလို အဖြစ်မျိုးက ကင်းလွတ်ပါစေလို့ လည်း ဆုတောင်းပေးပါတယ်

ကိုကိုမောင်(ပန်းရနံ့) said...

လွမ်းမော ကြေကွဲစရာ ဇာတ်လမ်းတစ်ပုဒ် ဖတ်လိုက်ရသလိုပါဘဲ။ စိတ်မကောင်းစရာကြီး။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ချော(အစိမ်းရောင်လွင်ပြင်) said...

ညကတည်းက လာဖတ်မလို့
ကြောက်ဖို့ကောင်းမယ်ထင်ပြီး ခုမနက်မှ လာဖတ်ဖြစ်တာ (သတ္တိက ခုလိုကောင်းတာ)
ဖတ်လိုက်မိတော့ ကြောက်ဖို့ထက် သနားစရာ စိတ်မကောင်းစရာ လို့ ခံစားမိတယ်..
ပြီးတော့ အရင်ပိုစ့်အဟောင်းတွေပါ ပြန်ဖတ်ဖြစ်တော့
ဒီလောက် စိတ်သဘောထားကောင်းပြီး လောကကြီးကို အကာင်းမြင်တတ်တဲ့သူကို နှမြောမိတာ အမှန်ဘဲ။
လူတွေမှာ ပင်ကိုယ်စိတ်အခံက ကြည်လင်နေမှ ဟာသတွေ များများပြောနိုင်ရေးနိုင်တာ။
စိတ်ဓာတ်ခံက မကြည်ရင် အကောင်းမမြင်ရင် ရယ်စရာလည်း ပြောနိုင်ရေးနိုင်မှာမဟုတ်ဘူး
ညီမမှာလည်း ဒီလိုသူငယ်ချင်းသာ ခုလိုဖြစ်ရင် သိပ်ခံစားမိမှာဘဲ။
စကားမစပ် ညီမလဲ ပလဲနက် ယူဇာတစ်ယောက်ပါ။ သုံးတာတော့ ၂၀၀၇ နောက်ပိုင်းမှ ဆိုတော့ မမဗန်ကို မမှီလိုက်တော့ဘူး။
ဘာဘဲဖြစ်ဖြစ် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ် မမေ။

P.Ti said...

အမကြုံခဲ့ရသလိုမျိုး လောကမှာ ရှင်းပြလို့မရတဲ့ အဖြစ်ဆန်းတွေကလည်းရှိတယ်နော်။ အိမ်မက်လိုမျိုးတော့မက်ဖူးတယ် ဒါပေမယ့် အိပ်မက်ဆိုတာကတော့ စိတ်စွဲလန်းရင်လည်း ဖြစ်တတ်တော့ ပြောရခက်တယ်။

သော်ဇင်စိုး said...

ဖတ်ရတာ အရမ်းကောင်းပါတယ်အမ..
သရဲဆိုတာထက် သူ့ရဲ့ကျန်ရစ်ခဲ့တဲ့ ကြီးမားတဲ့ စိတ်စွမ်းအားတစ်မျိုးဖြစ်ချင်ဖြစ်နေမှာပါ.. လူနှစ်ကိုယ်ခွဲဖြစ်တာတွေ တယ်လီပယ်သီတွေ တစ္ဆေတွေ ကျွန်တော်လည်း အရမ်းစိတ်ဝင်စားပါတယ်.. g talk မှာ အော်တို sign in ဖြစ်နေတာက္ဆstart up ထဲ g talk ပါနေလို့လားမသိဘူး.. startup ထဲမှာမှ မပါပဲ ဖြစ်နေတယ်ဆိုရင်တော့ အရမ်းကျေချမ်းစရာကောင်းမှာပဲ..
ဒီကိစ္စနဲ့ အရမ်းစိတ်ထိခိုက်နေရင်တော့ http://dhammadownload.com/File-Library/UAyeMg/UAyeMg-SaitWeiNyinSaiYarLayLarTaweSheatChatMyar.pdf ဒီစာအုပ်နဲ့ http://dhammadownload.com/File-Library/UAyeMg/UAyeMg-ThayChinEiAhCharMatNhite.pdf ဒီစာအုပ်ကို ဖတ်ကြည့်ပါလား.. စိတ်နည်းနည်းပါးပါးပေါ့ချင် ပေါ့သွားပါလိမ့်မယ်..

သစ်နက်ဆူး said...

ညီမမေ.
ဖတ်ပြီးတော့ စိတ်မကောင်းဖြစ်မိတယ်...
နောက်..သူ့ နေရာကနေ ကျနော
်ဝင်ပြီးခံစားကြည့်တာလေ...
ကိုယ်သံယောဇဉ်ရှိလွန်းလို့  လာနုတ်ဆက်တာကို ..
ကိုယ့်ကို (သရဲ) လို့ သူငယ်ချင်းကသတ်မှတ်လိုက်တော့
ကျနော်ဆိုတော်တော်ခံစားရမှာ...။
ဂျီိတော့အကောင့်တောင်ဆိုင်းအင်ဖွင့်ဝင်နိုင်ရင်..
သူ..ဘလော့ဂ်လဲဖတ်တတ်မှာပါ..။
မနေ့ ညထဲက ဒီပို့ စ်ကိုဖတ်တာ..ပြီးတော့စိတ်မကောင်းဖြစ်ပြီး..သူ့ နေရာက ခဏနေကြည့်မိတယ်..
ဒီည ...ကွန်မန့် လာရေးတယ်..။
ဝိညာဉ် ဆိုတဲ့ဝေါဟာရလေးက
နည်းနည်းတော်သေးတယ်..။
(ဒီိပို့ စ်ဖတ်ရင်း စကားပြောရင်း ပြုံးပြီးနားသယ်က ဆံပင်စလေးတွေကိုဆွဲဆွဲနေတတ်တဲ့ လူတစ်ယောက်ကို သတိရမိတယ်)

စော(အဝါရောင်မြေ) said...

စလုံးမှာ တစ်ခါလာတဲ့ ကားနဲ့  နည်းနည်းတူတယ်။
သူက သေပြီး စိတ်က ဝင်တိုက်တဲ့သူရဲ့  ဖုန်းမှာ ပူးနေတာ . . .
သူကတော့ ဖုန်း charging သွင်းစရာမလိုပဲ ပြည့်နေတာ
ဒါကတော့ တရုတ်ရုတ်ရှင်ဆိုတော့ ကျွတ်မသွားဘူး တခြားနေရာထွက်သွားတာ
အမကမှ သူကိုအကြောင်းပြုတဲ့ ကုသိုလ်လုပ်ခွင့်ရသေးတယ်။ စိတ်မကောင်းပေမယ့် တတ်နိုင်တဲ့ဘက်က ကူညီလိုက်ရပါသေတယ်။

An Asian Tour Operator said...

ကြေကွဲစရာပေပဲ။

Anonymous said...

စိတ်မကောင်းစွာ နဲ့ တော်တော်လေး စိတ်ဝင်စားသွားတယ်။ လင့် တွေကိုပါ အကုန်ဖတ်ကြည့်ပြီးတော့ ပိုသနားတယ်။ မမေ ကို ကိုယ်ချင်းစာပါတယ်။ တရားခံ ဖမ်းမိပြီဆိုတော့ ဘာလို့သတ်တာလဲ ဘာကြောင့်လဲ...အရမ်းစိတ်ဝင်စားမိတယ်။

Swan said...

I've read all your posts concerning your dear departed friend. All your posts are so touching and I shed tears while reading each post. As I've already left Burma in November 2001, I'm afraid I've no idea what happened to your friend and his family. And I'm getting so curious too why the whole family should be murdered, maybe because they had lots of cash and jewellery at home. There might be an insider involved, and the murderer could be someone quite close to the family as it's so hard to get into the house and murder all three of them. I even checked Nyaung Gan Aye website and read that a donation has been made in the family's name; so it means at least one or more members of the family is still alive. Thank god TZL had a very good friend in you and that it's apparent he had been able to receive the merits you and your family shared with him. That's why he no longer appears in your dream. But seeing him on Nov. 16 night when he was already dead is a real mystery. According to Buddhism, he must have gone to another plane of existence as soon as his present life ended. And so it has to be assumed that he was so eager to see you that night that his apparition must have come to you. But what happened to the cordless phone you gave him to repair? Did you ever find out about that? That phone should be a vital clue. If it was found at his house, then the mystery is solved. Your friend must have visited you as an apparition, but I'm still wondering how can a being in spiritual form was able to take the phone, a physical thing? Maybe people who are well versed in Abhidhamma will be able to tell us what probably happened. The way he signed into his G-talk account also means he must have some sort of power to let you know his presence. Anyway, please accept my deepest sympathies over your loss, and I admire the way you still remember your dear friend and may you always share your merits with him whenever you do a good deed. So sorry I can't write in Burmese because I could have expressed myself much better if I know how to use the Burmese font.

Mhu Darye said...

;(

အိမ့်ချမ်းမြေ့ said...

မမေ...

သူ မမေကို လာခြောက်တာ မဟုတ်ပါဘူး မမေရယ်..
သူ မမေကို လာနှုတ်ဆက်တာပါ..
အပေါ်က Swan ပြောသလို another plane of existence ကို မသွားခင်မှာ လူ့ဘ၀မှာ ချစ်ခင်တွယ်တာခဲ့သော သူငယ်ချင်းမိတ်ဆွေကို လာနှုတ်ဆက်သွားခဲ့တာပါ..

ချစ်တဲ့..
မလေး

Anonymous said...

သတင်းလေးမဖတ်ဖူးလို့  Link ရှိရင်ပြောပြပါဦး

zune

Ko Lay said...

တကယ်ကိုစိတ်မကောင်းပါဘူးဗျာ...