Friday, February 18, 2011

အရုဏ်ဆွမ်း၊ သြ၀ါဒနှင့် လပြည့်ညအတွေး

ဒီမနက် နှိုးစက်ရဲ့အကူအညီနဲ့ အိပ်ရာစောစောထ၊ ကိုယ်လက်သန့်စင်၊ မနေ့ကထိုးထားတဲ့ ထမနဲလေးနွှေးပြီး ဘုရားကို အရုဏ်ဆွမ်းကပ်တယ်။ ဘုရားရှိခိုး၊ ကိုးပါးသီလယူ၊ ပရိတ်ရွတ်ပြီး မေတ္တာပို့ အမျှဝေတယ်။ ပြီးတော့မှ ဦးရီးတော်နဲ့အတူ ဘုရားဆွမ်းတော် စွန့်ထားတဲ့ ထမနဲလေးနဲ့ မနက်စာစားကြတယ်။ ကိုယ်တိုင် လုပ်ထားတာမို့လား မသိပါဘူး၊ အတော်စားလို့ ကောင်းပါတယ်။ ဦးရီးတော်ကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကောက်ညှင်းတို့ အုန်းနို့တို့ ရှောင်တာမို့ သိပ်အများကြီး မစားပါဘူး။ ရာသီစာအဖြစ်နဲ့ တလုပ်တဆုပ်ပဲ စတိလောက် စားပါတယ်။


မနက်စောစော အိပ်ရာထတာမို့ လူက လန်းဆန်းနေတယ်။ သီလယူထားတာမို့ စိတ်က ကြည်လင်နေတယ်။ ဒီကနေ့ လပြည့်နေ့ ဆိုတဲ့အတွေးနဲ့ ငြိမ်းအေးနေတယ်။ လပြည့်နေ့ဆိုတာ ထူးခြားမြင့်မြတ်တဲ့ ကြည်နူးချမ်းမြေ့စရာ နေ့ပဲ မဟုတ်လား။
***
ဟိုးအရင် ခပ်ငယ်ငယ် ကျောင်းသူဘ၀လောက်ကတည်းက လပြည့်နေ့တွေမှာ ကျရောက်တဲ့ အခါကြီးရက်ကြီး ဆိုရင် အဖေ့ဘက်က အမျိုးတွေစုပြီး အိမ်တအိမ်အိမ်မှာ အခါတော်နေ့ အထိမ်းအမှတ်ပွဲ လုပ်လေ့ရှိတယ်။ ဥပမာ ၀ါဆိုလပြည့် ဓမ္မစကြာနေ့ဆိုပါတော့ ... အဲဒီနေ့ မတိုင်ခင် တလလောက် ကတည်းက ဓမ္မစကြာနဲ့ ပတ်သက်ပြီး သိသင့်တာတွေ အဖေက အားလုံးကို သင်ပေးတယ်၊ ညီညီညာညာ ရွတ်တတ်အောင် ချပေးတယ်။ လပြည့်နေ့မှာတော့ ဓမ္မစကြာကို အားလုံး သံပြိုင်ရွတ်ဆိုပြီး ဘုရားကို ပူဇော်တယ်။ အိမ်ရှင်က အကျွေးအမွေးနဲ့ တည်ခင်း ဧည့်ခံတယ်။ နောက်တော့ ဆွေမျိုးတစု တရားဆွေးနွေးကြ၊ မေးစရာရှိတာ မေးမြန်းကြပြီး တနေ့တာ အခမ်းအနားကို အဆုံးသတ်တယ်။ အဲဒီလိုပဲ လစဉ်လိုလို လပြည့်နေ့တွေမှာ ဆွေမျိုးတွေနဲ့ အခါတော်နေ့လေးတွေ ကျင်းပဖြစ်ခဲ့ကြတယ်။

နောက်ပိုင်း ကျောင်းပြီးလို့ လုပ်ငန်းခွင် အသီးသီး ရောက်ကုန်တော့ ဒီအလေ့အထလေးက ပျောက်သလောက် ဖြစ်သွားတယ်။ ဆွေမျိုးတွေလဲ အိမ်အနီးအပါးမှာ မရှိကြတော့ဘူး၊ ဟိုဟိုဒီဒီ အဝေးတွေကို ရောက်ကုန်ကြတယ်။ တလတခါဆုံဖို့ တဖြည်းဖြည်း ခဲယဉ်းလာကြတယ်။ မနေ့ကတော့ အဖေ့ညီမက အဖေ့ကို သူ့အိမ်ဖိတ်ပြီး တပို့တွဲလပြည့်နဲ့ ဆိုင်ရာ တရားအကြောင်း ပြောပြ ပေးပါဆိုတာနဲ့ အဖေ သွားရတယ်လို့ ဆိုပါတယ်။ အွန်လိုင်းမှာ အဖေနဲ့ ဆုံခိုက် အဖေပြောခဲ့တဲ့ တရားတွေ ပြန်ပြောပြဖို့ ကျမက တောင်းဆိုမိတယ်။

“တပို့တွဲလပြည့်ဆိုတော့ သြ၀ါဒပါတိမောက် ပြောပြရတာပေါ့၊ သြ၀ါဒ ပါတိမောက်ကတော့ သမီးသိပြီးသားပဲ မဟုတ်လား … အဖေ အဓိကထားပြီး ပြောခဲ့တာက သြ၀ါဒပါတိမောက်ရဲ့ အလယ်ပိုဒ် …

“သဗ္ဗပါပဿ အကရဏံ၊ ကုသလဿ ဥပသမ္ပဒါ၊
သစိတ္တ ပရိယောဒပနံ၊ ဧတံ ဗုဒ္ဓါန သာသနံ။

“မကောင်းမှုမှန်သမျှ မပြုလုပ်ပါနဲ့၊
ကောင်းမှုမှန်သမျှကို ပြုလုပ်ပါ၊
မိမိစိတ်ကို ဖြူစင်အောင် ထားပါ … ဆိုတဲ့ ၃-ချက်ပေါ့။

“မကောင်းမှုကို မပြုလုပ်ပါနဲ့ ဆိုတဲ့နေရာမှာ မကောင်းမှုဆိုတာ ဘာလဲဆိုတော့ …
သူ့အသက် သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း၊ သူ့အိမ်ယာ ကျူးလွန်ခြင်း၊ လိမ်ညာပြောခြင်း၊ မူးယစ်သောက်စားခြင်း ဆိုတဲ့ အခြေခံ အချက်ငါးချက်ကို မလုပ်ဖို့ပေါ့။ အဲဒီငါးချက်ကို သေသေချာချာ ရှောင်ကြဉ် လိုက်ရင် သီလနဲ့ ပြည့်စုံပြီး ကောင်းမှုကုသိုလ် ဖြစ်တယ်။

“စိတ်ကို ဖြူစင်အောင်ထား … ဆိုတာကတော့ စိတ်ကို ဖြူစင်အောင် ဒီတိုင်းထားလို့ မရဘူး။ ကမ္မဋ္ဌာန်းတခုခုနဲ့ နေမှ ရတယ်။ ဥပမာ သတ္တ၀ါတွေကို ကောင်းစားစေချင်စိတ်နဲ့ မေတ္တာပို့နေရင် မေတ္တာကမ္မဋ္ဌာန်းပေါ့။ အဲဒီလို ပွါးများနေရင် ကိုယ့်စိတ်ထဲမှာ ဖြူစင် သန့်ရှင်းနေမှာပဲ။ ဒီထက်ပိုပြီး ၀ိပဿနာကမ္မဋ္ဌာန်း ပွါးများနိုင်ရင် ပိုကောင်းတယ်။ ကိုယ်အမူအရာ ဖြစ်တိုင်း သိရမယ်၊ မြင်တာ၊ ကြားတာ၊ နံတာ၊ စားတာ၊ တွေ့ထိတာမှန်သမျှ ပစ္စုပ္ပန်တည့်တည့်ထားပြီး မှတ်။ ပေါ်လာသမျှကို ရှုမှတ်နှလုံးသွင်း။ အဲဒီလို နှလုံးသွင်းနေရင် အဘိဇ္ဈာ ဒေါမနဿ ဆိုတဲ့ လောဘနဲ့ ဒေါသကင်းနေပြီး စိတ်ဖြူစင်နေမယ်။

“စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်တယ်၊ ဒါကြောင့် အမှန်တရားကို မြင်အောင် ကြည့်ရမယ်၊ အမှန်ကို မြင်ရင် အမှားမဖြစ်ဘူး၊ အမှန်ကို မြင်တယ်ဆိုတာ ပေါ်လာသမျှကို သိပေးနေရုံပဲ၊ အဲဒီလို သိပေးနေရင် အကုသိုလ် မဖြစ်ဘူး၊ အမှားမဖြစ်ဘူးပေါ့။”

ကျမက အဖေပြောတာတွေရဲ့ အတိုချုပ်ကို ကွန်ပျူတာနဲ့ အမြန် လိုက်ရိုက်ပြီး မှတ်တယ်။ အဖေကတော့ ဆက်ပြောနေတာပါပဲ။

“ဧကာယနော'ယံ ဘိက္ခဝေ မဂ္ဂေါ သတ္တာနံ ၀ိသုဒ္ဓိယာ သောကပရိဒေ၀ါနံ သမတိက္ကမာယ ဒုက္ခဒေါမနဿာနံ အတ္ထင်္ဂမာယ ဉာယဿ အဓိဂမာယ နိဗ္ဗာနဿ သစ္ဆိကိရိယာယ၊ ယဒိဒံ စတ္တာရော သတိပဋ္ဌာနာ တိ။”

ရုတ်တရက် အဲဒီပါဠိကို အဖေက ရွတ်တော့ ကျမ လိုက်ရိုက်လို့ မမီတော့ဘူး။ ဒါနဲ့ အားလုံးပြောပြီးမှ အဖေ့ကို နောက်တခေါက် ပြန်ရွတ်ပြပါလို့ ပြောရတယ်။ ပါဠိရဲ့ အနက်ကို အဖေက ကျမနားလည်လွယ်အောင် ခုလိုရှင်းပြတယ်။

“သတ္တ၀ါတွေ စိတ်အညစ်အကြေး စင်ကြယ်ဖို့ …
သောက စိုးရိမ်ပူဆွေးခြင်းတွေ လွန်မြောက်ဖို့ …
ကိုယ်စိတ်ဆင်းရဲခြင်းတွေ ချုပ်ငြိမ်းကွယ်ပျောက်ဖို့ …
မဂ်ဥာဏ် ဖိုလ်ဥာဏ်ကို ရရှိနိုင်ဖို့ …
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ …
တကြောင်းတည်းသော တခုတည်းသောလမ်းက သတိပဋ္ဌာန် ရှုမှတ်နေဖို့ပဲ … ”
***
အဖေပြောတဲ့ တရားတွေကို အဖန်ဖန်အထပ်ထပ် ဆင်ခြင်နှလုံးသွင်းရင်း မြတ်စွာဘုရားရဲ့ ဂုဏ်တော်၊ တရားတော်ရဲ့ ဂုဏ်တော်၊ သံဃာတော်ရဲ့ ဂုဏ်တော်တွေကိုပါ ကြည်ညိုပြီး ရှိခိုးမိတယ်။ ဒီလိုနေ့မျိုးမှာ အဖေ့ဆီက သြ၀ါဒစကား နာကြားရတာ အင်မတန်မှ အဖိုးတန်လို့ တကယ်ပဲ ၀မ်းမြောက်ပါတယ်။ ခုလို မိဘ အသိုင်းအ၀ိုင်းမှာ ရှင်သန်ကြီးပြင်းခွင့် ရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်လဲ ကျေနပ်မိတယ်။ နောင်သံသရာမှာ ဒီ့ထက်ဒီ မြင့်မြတ်ရာဘ၀ ရောက်နိုင်ဖို့အတွက် အတတ်နိုင်ဆုံး ကြိုးစားရအုံးမှာပဲ။
***

အပြင်လောကကို ကြည့်လိုက်တော့ လပြည့်ညရဲ့ လမင်းက ထိန်ထိန်သာ … လို့။
လရောင်ဟာ ကမ္ဘာလောကကြီး တခုလုံးအပေါ် တူညီစွာ ဖြန့်ကျက် လွှမ်းခြုံထားတာပါပဲ။
ဒါပေမဲ့ မြတ်နိုးစွာ ခံယူသူသာ လရောင်ရဲ့ အရသာကို ခံစားနိုင်မယ် မဟုတ်လား … ။
***
အားလုံး ငြိမ်းချမ်းသော လပြည့်ည ဖြစ်ပါစေ …
မေတ္တာဖြင့် …

မေဓာဝီ
၁၈၊ ဖေဖော်ဝါရီ၊ ၂၀၁၁
တပို့တွဲလပြည့်နေ့
၁၀း၁၀ နာရီ

မှတ်ချက်။ ... ။ ပါဠိစာလုံးပေါင်းများကို ဖတ်ရှုပြင်ဆင်ပေးသော အကိုတော် ကိုမင်းထက်အား ကျေးဇူးတင်ပါတယ်။

13 comments:

ညီလင်းသစ် said...

မမေဓာဝီရဲ့ အဖေ ပြောသွားတာ ရှင်းရှင်းလေးနဲ့ တန်းပြီး သဘောပေါက်လွယ်တာပဲ၊ ဒီလို မိသားစုမှာ ကြီးလာတဲ့ အတွက် တကယ့်ကို ဂုဏ်ယူထိုက်ပါတယ်၊

မျှဝေတာ ကျေးဇူးပါဗျာ..။

ကိုကိုမောင်(ပန်းရနံ့) said...

အဖေနှင့်သမီးတို့ရဲ့ တရား ဆွေးနွေးခန်းလေးကို ကြည့်ပြီး ပီတိဖြစ်မိပါတယ်။ ဒီလို အဖေမျိုးမှာ ဒီလို သမီးမျိုးရှိတာဟာ အဖေတူ သမီးလို့ ပြောရင် ရပါတယ်။ အဖေကလဲ တော် သမီးလဲ တော် ဆိုတော့ မေဓာဝီတို့ မိသားစုကို အရမ်းအားကျမိပါတယ်။

ပျော်ရွှင် ချမ်းမြေ့နိုင်ပါစေ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ပါတိကျောက် said...

တောင်အောက်က မောင်ဖြူ ပါတိမောက်ယူရဲ့လား..
မယူလေတောခြေစပ် မနေအပ်တဲ့ဗျား..

တောင်ပေါ်က မောင်ညို ကို ပြန်စပ်တာတော့နဲနဲမေ့သွားလို့ မှားမှာကြောက်လို့ မရေးတော့ပါဘူး..သိချင်ရင်တော့ ဗန်းမော်ဆရာတော်သာသွားမေးပါတော့

ချော(အစိမ်းရောင်လွင်ပြင်) said...

ညတုန်းက အိမ်အအပြင်ထွက်ပြီး လပြည့်ကြီးကို အကြာကြီးမော့ကြည့်နေမိသေးတယ်
ကြည့်ရတာ အေးချမ်းလိုက်တာ
မမေလိုတော့ ထမနှဲလဲ မစားလိုက်ရပါဘူး ဟွန့်
ဒီမှာ ဘယ်သူမှ လုပ်စားတာ မကြားမိလိုက်ဘူး
ကိုယ်တိုင်လည်း ပျင်းပျင်းနဲ့ မစားဖြစ်ဘူး
မမေတို့ သားအဖကို သဘောကျတယ်
တရားစကားတွေကို အပြန်အလှန်ပြောဖြစ်ကြလို့လေ။

မောင်မျိုး said...

လရောင်ရဲ့ အရသာကိုလာခံစားပါတယ် အစ်မရေ ။

sosegado said...

“မကောင်းမှုမှန်သမျှ မပြုလုပ်ပါနဲ့၊
ကောင်းမှုမှန်သမျှကို ပြုလုပ်ပါ၊
မိမိစိတ်ကို ဖြူစင်အောင် ထားပါ … ဆိုတဲ့ ၃-ချက်ကို…..
ပတ်ဝန်းကျင်မှာမြောပါရင်း လောဘ၊ ဒေါသ မောဟ တွေကြားမှာ
အရောင်စိုးမိ နေတာကများပါတယ်၊ ဒါပေမဲ့ တတ်နိုင်သလောက်ပေါ့။

Sint Si said...

I envy your peaceful life.

Anonymous said...

သြ၀ါဒတွေ တဆင့် နာယူသွားပါကြောင်း ထမနဲလဲ စားသွားပါတယ်။ အရမ်းကြိုက်ပါတယ်။ မန်းမှာတော့ အုန်းနို့သုံးလေ့မရှိပါ။


ခင်မင်စွာဖြင့်
seesein

မြစ်ကျိုးအင်း said...

ပုံတွေရော၊ စာတွေရော က ဖတ်ရသူ အေးချမ်းသွားစေတယ်။

ကိုအောင်(ပျူနိုင်ငံ) said...

ဓါတ်ပုံနဲ့ စာသားက လိုက်ဖက်ပါတယ် မမေရေ။

ဂငယ် said...

အမရေ လင့်ချိတ်ခွင့်ပြုပါနော်
http://3rdalphabet.blogspot.com ကိုလဲ ပြန်လာပြီး အကြံပေးပါနော်

ဂငယ် said...

အဟဲ ရုတ်တရက်ဆိုတော့သိများနေလားလို့
ဟုတ်ပါတယ်
အင်္ဂလိပ်နာမည်ကတော့ C နဲ့စတာပါ
တော်လိုက်တာနော် :)

သားသားသန့် said...

စာရေးကောင်းသော
မမမေကြောင့် ဆွေမျိုးတစုကို
ပြန်သတိရမိပါတယ်...
စိတ်ကိုလည်း တတ်နိုင်သမျှဖြူစင်
အောင်ထားမိပါတယ်....