Monday, February 07, 2011

ရနံ့တောမှာ ...

ရနံ့။
ရနံ့တခုကို ရှူရှိုက်လိုက်ရသည်။
အနှစ်နှစ်အလလ စွဲမက်ခဲ့ဖူးသောရနံ့။
နှစ်အနည်းငယ်မျှ ကင်းဝေးနေခဲ့သော ရနံ့။
ပြန်လည်ရှူရှိုက်မိတိုင်း ရင်ခုန်လှုပ်ရှားမိသော ရနံ့။
အသက်ကို ဖြည်းဖြည်းချင်း မျှဉ်း၍ ရှူသွင်းလိုက်သည်။
ထိုရနံ့တို့က နှာသီးဖျားမှတဆင့် ရင်ဘတ်ထဲ … အဆုတ်ထဲ … ထို့နောက် နှလုံးသားထဲ၊ ပြီးတော့ တကိုယ်လုံး ပျံ့နှံ့သွားသယောင် ... နှလုံးသွေးတို့ ပူနွေးလာသည်။ ရင်ခုန်လှိုက်မောလာသည်။ ထိုသို့ ရင်ခုန်နွေးထွေးအောင် စွမ်းဆောင်စေသော ရနံ့သည်ကား အခြားမဟုတ်။ စာအုပ်ဟောင်းလေးများ၏ ရနံ့ပင်တည်း။

ဟုတ်သည်။
ဟောင်းနွမ်းနေသော စာအုပ်များ၏ စာရွက်ဝါကျင်ကျင်လေးတွေက ထွက်လာသည့် စာအုပ်နံ့။ ထိုရနံ့များ ထုံလွှမ်းကြီးစိုးရာ ၀န်းကျင်နှင့် ကင်းဝေးခဲ့တာ အတန်ကြာနေပြီ။ ခုတော့ ဒီရနံ့ကို ပြန်ပြီး နမ်းရှိုက်ခွင့် ကြုံခဲ့ရ၏။ ပြီးခဲ့သည့် စနေနေ့က ဘာမင်ဂန်ကျောင်းသို့ ဆွမ်းပို့သွားတော့ ဆရာတော့်ထံမှ စာအုပ်တထုပ် ရသည်။ ဆရာတော်ရန်ကုန်ပြန်စဉ် အဖေနဲ့ဆုံ၍ လူကြုံ ထည့်ပေးလိုက်သော စာအုပ်ကလေးများ ... ။

အဖေနှင့် အွန်လိုင်းမှာ စကားပြောဖြစ်တိုင်း ဖတ်ချင်သည့် စာအုပ်တွေ ကိုးကားလိုသည့် စာအုပ်တွေကို မှာဖြစ်ခဲ့သည်။ အဖေကလဲ မှာသည့် စာအုပ်တွေရော ဖတ်သင့်သည့် စာအုပ်တွေရော စာတိုက်ကပဲဖြစ်ဖြစ် လူကြုံနဲ့ပဲဖြစ်ဖြစ် ပို့ပေးလေ့ရှိ၏။ အမေကတော့ ကျောင်းစာကြည့် ပျက်မှာစိုးသဖြင့် ပို့ပေးဖို့ရာ စိတ်အားမထက်သန်လှ။ ဘာပဲဖြစ်ဖြစ် စာဖတ်လိုသူ၏ ဆန္ဒကို အဖေက တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့လေသည်။

အခု အဖေပို့လိုက်သည့် စာအုပ်တွေက ... ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့၊ လက်ဝဲသုန္ဒရ ရတုများ၊ ဦးပုည ၀တ္ထုများ၊ ဦးကြင်ဥ ပဒေသာသီချင်းများ၊ မင်းသုဝဏ်နှင့် မင်းယုဝေ ဆွေးနွေးသည့် ကဗျာ့ပရိယာယ်၊ တက္ကသိုလ်စန်း ရေးသည့် မြန်မာကဗျာဖွဲ့နည်း စာအုပ်များပင်ဖြစ်၏။ (ဦးပုည၀တ္ထုကတော့ ဆရာတော် ခေတ္တဖတ်အုံးမည်ဟုဆိုကာ ယူထားလိုက်သဖြင့် ပါမလာပါ။)

စာအုပ်တိုင်း၏ အတွင်း၌ ဖြစ်စေ အဖုံး၌ ဖြစ်စေ အဖေက သူ၏တံဆိပ်တုံးလေးတွေ နှိပ်ထားလေ့ရှိသည်။ ရှင်အုန်းညို၏ ဂါထာခြောက်ဆယ်ပျို့က ဟံသာဝတီတိုက်မှ ၁၉၆၅ ခုနှစ် နိုဝင်ဘာလတွင် ဒုတိယအကြိမ် ပုံနှိပ်ထုတ်ဝေသော စာအုပ်ဖြစ်သည်။ ပထမအကြိမ်က ၁၉၂၈ ခုနှစ်တွင် ထုတ်ဝေသည်ဟု ပုံနှိပ်မှတ်တမ်းမှာ ရေးထားသည်။ စာအုပ်၏ ပထမစာမျက်နှာတွင် အဖေ လက်မှတ်ထိုးပြီး 22nd Dec' 65 ဟု ရေးထားသည်ကို တွေ့ရ၏။ ဂါထာခြောက်ဆယ်ပျို့ကို လိုချင်သည်မှာ ကြာပြီ။ မြတ်စွာဘုရားကို ကာဠုဒါယီမထေရ် လျှောက်တင်သည့် ဂါထာများကို ပေလေးပင် ရှင်လေးပါးမှ တပါးအပါအ၀င် ဖြစ်သော ရှင်အုန်းညိုက ဂါထာခြောက်ဆယ်ပျို့ အဖြစ် ရေးဖွဲ့ခဲ့ခြင်း ဖြစ်သည်။ (ဤနေရာတွင် တပိုဒ်တင်ခဲ့ဖူးပါသည်။)

လက်ဝဲသုန္ဒရ ရတုစာအုပ်ကို ၁၉၆၇ ခုနှစ် စက်တင်ဘာလတွင် ဟံသာဝတီစာအုပ်တိုက်မှ ထုတ်ဝေခဲ့ပြီး ရတုပေါင်း ၃၃ ပုဒ် ပါဝင်သည်။ ကဗျာ၊ လင်္ကာ၊ ရတု အကြောင်း အကျဉ်းချုပ်နှင့် လက်ဝဲသုန္ဒရအမတ်ကြီး၏ အတ္ထုပ္ပတ္တိကို နိဒါန်းတွင် ဖတ်ရှုရသည်။ ထိုစဉ်က စာအုပ်တန်ဖိုး တအုပ် တကျပ်ဖြင့် ရောင်းချသော စာမျက်နှာ ၆၂ မျက်နှာ ပါရှိသည့် စာအုပ်ပါးလေး တအုပ်ဖြစ်၏။

ဦးကြင်ဥ၏ ပဒေသာသီချင်းများ စာအုပ်ကတော့ တချိန်က ကျောင်းသုံးအဖြစ် ပြဋ္ဌာန်းခဲ့ဖူးသည်ဟု အဖေပြောပြ၍ သိရသည်။ စာအုပ် အတွင်းဖုံး၌ ...

Padetha Songs
By
U Kyin U
(Approved by the Text book Committee)
A Hanthawaddy Publication for Schools.

ဟူ၍ တွေ့ရသည်။ ၁၉၆၂ ခုနှစ်တွင် ဟံသာဝတီမှ ဒုတိယအကြိမ် ရိုက်နှိပ်ထုတ်ဝေသည်။ ဦးကြင်ဥ၏ ရာသီဘွဲ့၊ တောဘွဲ့၊ တာရာဘွဲ့၊ ၀ိဇ္ဇာဘွဲ့၊ သံဝေဂဘွဲ့၊ ပင်လယ်ငါးဘွဲ့၊ ပင်လယ်ခရုဘွဲ့များနှင့် မုဆိုးစကား၊ ဇော်ဂျီစကားတို့ ပါဝင်သည်။ ကျောင်းသုံးပြဋ္ဌာန်း စာအုပ်မို့ ခက်ဆစ်၊ မှတ်စုနှင့် အက္ခရာစဉ် အညွှန်းပါ တွေ့ရ၏။

ကဗျာ့ပရိယာယ် စာအုပ်ကို ၁၉၆၇ ခုနှစ်က နှလုံးလှစာပေမှ ထုတ်ဝေသည်။ ၀ါသနာရှင်တို့၏ ကဗျာများကို ဆရာမင်းသုဝဏ်နှင့် မင်းယုဝေတို့က ဆွေးနွေးဝေဖန်ထားသော ဆောင်းပါးများ စုစည်းထားခြင်းဖြစ်သည်။ ငွေတာရီမဂ္ဂဇင်း၏ ကဗျာခန်းတွင် လစဉ်ထည့်သွင်းသော ကဗျာဆွေးနွေးချက် ဆောင်းပါးများအပြင် ကဗျာဆရာကြီးများ၏ ကဗျာဆိုင်ရာစာတမ်းများ ပါဝင်သည်။

တက္ကသိုလ်စန်း (ခ) ဦးထွန်းရှိန်ရေးသည့် အထက်တန်း မြန်မာကဗျာဖွဲ့နည်းစာအုပ်ကို ၁၉၆၁ ခုနှစ်က မြင့်သိန်းဧဂျင်စီမှ ထုတ်ဝေသည်။ ကဗျာအကြောင်း၊ မြန်မာအက္ခရာစဉ်နှင့် အသံများအကြောင်းများမှ အစပြု၍ ကဗျာရေးဖွဲ့နည်းများကို သဘောပေါက်လွယ်အောင် သင်္ကေတများ ဥပမာကဗျာများဖြင့် ရှင်းလင်းစွာ ရေးသားထားသည့်အပြင် လေ့ကျင့်ခန်းများလဲ ပါဝင်သည်။
***
ထိုစာအုပ်များနှင့် ငယ်စဉ်ကတည်းက ရင်းနှီးခဲ့သည်၊ မကြာခဏ ဖတ်ခဲ့ဖူးသည်။ ထိုရနံ့တောမှာ သာမောခဲ့ဖူးသည်။ ခုအချိန်မှာ ပြန်တွေ့ရတော့ ငယ်ပေါင်း ကြီးဖော် သူငယ်ချင်းများနှင့် ပြန်တွေ့ရသည့်နှယ် ၀မ်းသာပျော်ရွှင်မိ၏။ ကြည်နူးပီတိ ဖြစ်မိ၏။ ကြည့်မ၀ ရှုမ၀ ဖတ်မ၀ နမ်းမ၀ … ။ အရသာရှိလေစွ။ စာအုပ်များကို အမြည်းသဘော လှန်လှော ကြည့်ရှုပြီး ညမအိပ်ခင် ဖတ်ဦးမည်ဟု တွေးကာ အိပ်ရာနဘေးမှာ ထားလိုက်သည်။ အိပ်ရာထက် လဲလျောင်းရင်း စာအုပ်ရနံ့လေးတွေကို ခံစားနေမိပြန်သည်။ ဒီလိုနှင့် အိပ်ပျော်သွားလျှင် အိပ်မက်ထဲ၌ ထိုရနံ့များ လွှမ်းမိုးကြီးစိုးရာ ၀န်းကျင်သို့ ရောက်သွားလိမ့်အုံးမည်လား … အတွေးများနှင့် ဘာသာကြည်နူးနေမိပါတော့၏။
***
မေဓာဝီ
၇၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၉း၅၃ နာရီ

9 comments:

ကိုကိုမောင်(ပန်းရနံ့) said...

များပြားလှသဗျာ
မြန်မာက အထုပ်ကြီး။

မေဓာ ဖြေကာထုတ်တယ်
ဟောင်းဘုတ်အုပ်တည်း။

အဟောင်းတွေစုတဲ့
ရတုကဗျာ အဆစ်များ။

မေဓာ သေချာစစ်တယ်
အသစ်ဖြစ်သွား။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

Anonymous said...

ပေါ်လှုပေါ်လှု၊ ညွန့်သစ်နုနှင့်၊ ရတုသာထွေ၊ နွေကားရောက်ပြီး၊ ဆောင်းအမြီးဟု၊ ခရီးလမ်းလျဉ်၊ ခက်ချင်းယှဉ်သား၊ ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တချို့ကားပွင့်၊ ကင်းနှင့်မညံ့၊ မီးလျှံသဘွယ်၊ ၀င်းဝင်းကယ်မျှ၊ မြိုင်လယ်ရဲရဲ၊ အခဲခဲတိ၊ တောထဲးစုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွတ်ဟောင်းပင်အောက်၊ ဖူးညှောက်လူလူ၊ ထွက်စပြူလျှက်၊ ပျံ့ကြူဧဧ၊ လေညှင်းသွေးသော်၊ မွှေးမွှေးရဂုံ၊ သင်းနံ့ထုံသို့၊ ပြောစုံခန့်ချုံး၊ ပွင့်ရောင်ဖုံးသည်၊ တောလုံးညွှန့်သစ် လှန်ပြီးတည်း။ ။ မ-မေရဲ့ ပို့စ်လေး ဖတ်ရတော့ သင်ခဲ့ဘူးတဲ့ ဂါထာခြောက်ဆယ်ပျို့လေး တစ်ပိုက် ရွတ်ပြီး ကျောင်းသားဘ၀ကို ပြန်လွမ်းမိပါတယ်။။။။။ (မောင်ကြီး)

Anonymous said...

မြန်မာကဗျာဖွဲ့နည်းစာအုပ်ကလေး ဖတ်ချင်လိုက်တာ။ အဆင်ပြေခဲ့ရင် တပိုဒ်စီ တဖြတ်စီလောက် နဲနဲချင်း တင်သွားပေးလို့ရနိုင်မလားလို့ အားနာနာနဲ့ တောင်းဆိုသွားပါတယ်။ တန်ဖိုးရှိတဲ့ ရှားပါးစာအုပ်များပါ။

အင်္ဂါမောင် said...

မန္တလေးမှာ ပညာသင်တုန်းက ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ ဖတ်ခဲ့ဖူးတယ်။ ပြဌာန်းစာထဲပါလို့။ အခုခေတ်မှာ အဲဒီလို ရေးတဲ့သူတွေ အတော်လေးရှားပါးသွားပြီ။ ရှားပါးဆို လူတွေကလဲ သိပ်စိတ်မ၀င်စားကြတော့သလိုဘဲ။ ခေတ်က မော်ဒန်ခေတ်ကြီးကိုး။ နိုင်ငံတော်ကနေပြီး ပျို့ကဗျာ ရတု ဧချင်း စတဲ့ မြန်မာမူစစ်စစ်ကဗျာပြိုင်ပွဲလေးကျင်းပပေးနိုင်ရင်တော့ တစ်ခေတ်ထလာဦးမလားဘဲ။ ရှေးကျတယ်ပြောပြော အဲဒီလို ကဗျာတွေကို အင်္ဂါမောင်ကတော့ စိတ်ဝင်စားတယ်။

သစ်နက်ဆူး said...

ဟိုးကတည်းက ပထမဆုံးအကြိမ်..
မမေဆီမှာ စာတွေကဗျာတွေ လာဖတ်ကတည်းက မြန်မာစာကို တကယ်နိုင်တဲ့ အမျိုးသမီးတစ်ယောက်လို့ စိတ်ထဲကကျိတ်ပြီးချီးကြူးနေခဲ့မိတာ..။

အခုတော့ သေချာတာပေါ့..
ပါရမီဖြည့်ပေးတဲ့မိဘနဲ့ မမေ....
မျိုးစေ့မှန်လို့ အပင်သန်တာ..အားကျမိပါတယ်..။

ညီမမေ..
တကယ်လို့ ညီမမှာရှိရင်လေ..
ဝန်ကြီးပဒေသရာဇာရေးတဲ့ 
ထန်းတက်ဖွဲ့  တျာချင်း လို့ ထင်ပါတယ် ပြန်တင်ပေးပါလား..။
ငယ်တုန်းက ကျောင်းမှာ သင်ရတာ ..ကျနော် အရမ်းကြိုက်လို့ ပါ။

ရွှေရတုမှတ်တမ်း said...

ကပိလဝတ်နေပြည်တော်ကို မြတ်စွာဘုရားအားပင့်ဆောင်တဲ့ ဂါထာခြောက်ဆယ်ပျို့နဲ့ ဦးကြင်ဥသီချင်းတွေက ငယ်ကထဲကရင်းနှီးပြီးသား..
ခံစားလို့ရတယ်..အဓိပ္ပါယ်လဲသိတယ်..
ခုခေတ် မော်ဒန်ကဗျာတဲ့..ဗျာ..ဗမာစာကို ဗမာအစစ်ကြီး ဖတ်တာတောင် အဓိပ္ပါယ်နားမလည်အောင်ရောက်ရေးနေတယ်..သူတို့ ဟာသူတို့တော့ဂုဏ်တွေယူလို့..အ..ဟတ်..ဟတ်..
ဒေါက်တာအုန်းမောင်ရဲ့ ဝေဒနာသည်တွေရေးထားသလိုကိုများ..မော်ဒန်တဲ့..

ကိုအောင်(ပျူနိုင်ငံ) said...

မြန်မာပြည်မြောက်ပိုင်းတို့ စစ်နဲ့ ငြိမ်းချမ်းရေး
တို့ကို သယ်မယ်ဆိုရင် သယ်ခက မသက်သာ
လောက်ဘူးနော်၊ စာအုပ်ဟောင်းတွေဆီက
ထွက်လာတဲ့ ရနံ့ကတော့ လွမ်းစရာတွေ
ပါမှာပါ။

သားသားသန့် said...

သြော်...ပို့စ်တွေတင်နေရလို့
မအားတာပေါ့နော်...သားလာဖတ်သွား
ပါတယ်....ကြိုးစားပေါ့မမမေ...လေးစားပါတယ်

အိမ့်ချမ်းမြေ့ said...

ပေးမဖတ်ရင်တောင်မှ..
စာအုပ်လေးတွေ ကိုင်ကြည့်
ရနံ့လေး မွှေးကြည့် ရရင် ကျေနပ်မည်။ :P