Thursday, February 24, 2011

ရွှေခေတ်ကိုမှန်း … လွမ်းမိသည် …

အွန်လိုင်း ရွှေဝတ္ထုတိုဆု … တဲ့။
ဒီနာမည်လေး မြင်တော့ ဟိုးလွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် ကာလလောက်က စာပေနယ်ပယ်မှာ ၀တ္ထုတို ရွှေခေတ်ဆိုပြီး ရသ၀တ္ထုတိုတွေ တခေတ် ဆန်းခဲ့ဖူးတာ အမှတ်ရမိတယ်။ အဲဒီခေတ်က မဂ္ဂဇင်းတွေမှာ ၀တ္ထုတွေကို အဓိကထား ဖော်ပြပေးတဲ့အပြင် ၀တ္ထုချည်း သီးသန့်ထုတ်တဲ့ မဂ္ဂဇင်းတွေလဲ ရှိခဲ့ဖူးတယ်ဆိုရင် ပုံပြင်လိုများ ဖြစ်နေမလားဘဲ။

ခုနောက်ပိုင်း မဂ္ဂဇင်းတွေက အကောင်းစားစက္ကူနဲ့ လေးရောင်ခြယ် ရိုက်နှိပ်ထားပြီး ကွာလတီလို့ တံဆိပ်ကပ်နေကြပေမဲ့ ကိုင်ကြည့်ရင် လေးတာကလွဲလို့ လေးနက်တဲ့ စာ၊ အနှစ်သာရ ရှိတဲ့စာတွေ သိပ်မပါကြတော့ဘူး။ တ၀က်လောက်က ကြော်ငြာ၊ နောက်ထပ် လေးပုံ တပုံလောက်က ဖက်ရှင် ဒီဇိုင်း၊ ကျန်တာက ပြည်တွင်း ပြည်ပ သတင်းပလင်းနဲ့ အင်တာဗျူးတွေ၊ ၀တ္ထုဆိုတာမျိုးကတော့ ဟိုးနောက်ဆုံးနား ချောင်ကျကျ နေရာမှာ မထင်မရှား ဖော်ပြခံရတဲ့ ဘ၀ရောက်နေခဲ့ပြီ။

ဟိုစဉ်က ရသမဂ္ဂဇင်းတွေ တော်တော်များများက ကလောင်သစ်တွေကိုလဲ မြေတောင် မြှောက်ပေးကြတယ်။ ကိုယ်တိုင်တောင် ကလောင်သစ်အဖြစ် မကြာခဏ ရွေးခံခဲ့ရပါရဲ့။ ရေးပြီး ပို့ဖြစ်တာက ကြိုကြား ကြိုကြားမို့ အယ်ဒီတာမင်းများက မမှတ်မိဘဲ အမြဲတမ်း ကလောင်သစ်ထဲချည်း ထည့်နေတော့တာကိုး။ ခုထိလဲ ကလောင်က သစ်နေတုန်းပါပဲ။ ကီးဘုတ်ကလေးကသာ ခလုတ်တွေ ဟောင်းကုန်တာ၊ ကလောင်ကတော့ အသစ်ချပ်ချွတ်ပဲ ရှိသေးတယ်။ သစ်ဆို ကလောင်နဲ့ ရေးမှ မရေးဘဲလေ။ ထားပါတော့ … အဲဒီလို ၀တ္ထုတို ရွှေခေတ်ဆိုပြီး အရှိန်အဟုန်နဲ့ စီးဆင်းနေတဲ့ ရသ ရေစီးကြောင်းထဲ ကိုယ်လဲ ဒိုက်တမျှင်လို တလည်လည်နဲ့ မျောပါခဲ့ဖူးတယ်။

အဲဒီခေတ်က ၀တ္ထုတိုရွှေခေတ် ဖြစ်တာတောင် ကလောင်သစ်တွေ ဘ၀က အခုခေတ် ဘလော့ဂါအသစ် တယောက်လို ကိုယ့်ရဲ့စာ ပရိသတ်ရှေ့မှောက် ရောက်ဖို့ရာ မလွယ်ကူလှပါဘူး။ အတော်လေး ခက်ခဲတယ်၊ မျက်နှာငယ်ရတယ်၊ အချိန်လဲ အများကြီး ပေးရတယ်။ ပိုက်ဆံမရှိ အသိမရှိ အုပ်စု အသိုင်းအ၀ိုင်း မရှိရင် ပိုဆိုးပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၀ါသနာပါတဲ့ သူတွေကတော့ ရေးနေတာပဲ၊ မဂ္ဂဇင်းတွေကို ပို့နေတာပဲ။ ပို့တဲ့သူတွေကလဲ သူလို ကိုယ်လိုတွေ အများကြီးဆိုတော့ ကိုယ်ပို့ထားတဲ့ ၀တ္ထုတပုဒ်ကို အယ်ဒီတာ ဖတ်ဖို့ရာ နှစ်နဲ့ချီစောင့်ရတယ်။ ဖတ်ပြီး ရွေးချင်မှလဲ ရွေးမယ်၊ တခါတလေလဲ ကိုယ့်စာ ဘယ်ချောင် ရောက်သွားမှန်း မသိဘူး၊ ရွေးမရွေး သွားမေးလဲ မပြောဘူး၊ ပြန်တောင်းတော့လဲ မပေးဘူး၊ ဒီလိုနဲ့ တချို့စာမူတွေ ဆုံးရှုံးခဲ့ရတယ်။

တချို့ မဂ္ဂဇင်း အယ်ဒီတာတွေကတော့ ရွေးမရွေး ကြေငြာပေးပါတယ်။ မရွေးရင် ဘာကြောင့်ဆိုတာ မှတ်ချက်ကလေးနဲ့တကွ ဖော်ပြပေးတယ်။ ကိုယ့်စာမရွေးလဲ အယ်ဒီတာ့ မှတ်ချက်ကလေး ဖတ်ရရင်ကို အင်မတန် ၀မ်းသာလှပြီ။ ကိုယ့်စာကို သူတကယ် ဖတ်တယ် ဆိုတာ သိရတဲ့အပြင် ကိုယ်ဘာလိုတယ် ဆိုတာတွေ ကိုယ်မမြင်တဲ့ ဟာကွက်တွေ ထောက်ပြပေးထားတော့ နောက်တပုဒ်ရေးတဲ့အခါ ပြုပြင်နိုင်တာပေါ့။ ဒါပေမဲ့ ဒီမှတ်ချက်တခု ရဖို့ကလဲ စောင့်ရတာ လပေါင်းများစွာ၊ တခါတလေ နှစ်နဲ့ ချီတယ်။ ခုခေတ် ဘလော့တွေက သိပ်ကောင်းပါတယ်။ ပို့စ်တခု တင်လိုက်တာနဲ့ မကြာခင်မှာ ကွန်မန့်ပေးတဲ့သူတွေ ရောက်လာကြရော။ ဘာပဲဖြစ်ဖြစ် ကိုယ့်စာကို အရေးတယူဖတ်ပြီး မှတ်ချက်ပေးကြတယ်ဆိုတာ စာရေးသူအတွက် အင်အားတရပ်ပဲ မဟုတ်လား။

ကလောင်သစ် တယောက်အနေနဲ့ မဂ္ဂဇင်းတစောင်က ကိုယ့်စာကို ရွေးလိုက်ပြီး ပါလာလို့ ၀မ်းသာအားရ စာမူခ သွားထုတ်ရင်လဲ မျက်နှာငယ်ရ ပြန်ပါသေးတယ်။ တခေါက်ထဲနဲ့ ထုတ်လို့ရခဲ့ရင် ကံကောင်းတဲ့နေ့ပဲ။ မှတ်မှတ်ရရ ပထမဆုံး ရွေးခံရတဲ့ ၀တ္ထုအတွက် စာမူခ ၁၅၀ ရပါတယ်၊ ဟုတ်ကဲ့ မြန်မာကျပ်ငွေပါ။ အဲဒီ ၁၅၀ ကျပ်ကို သွားထုတ်ဖို့ ကျောက်မြောင်းထဲမှာ တက်နေတဲ့ ကျူရှင်ကနေ မဂ္ဂဇင်းတိုက် တည်ရာ ကန်တော်လေးကို လေးဘီးကား ငှားသွားရတယ်။ ဘတ်စ်ကားနဲ့ မသွားတတ်လို့။ စာမူ ပို့တုန်းကတော့ စာတိုက်က ပို့တာကိုး။ အတူ အဖော်လိုက်ခဲ့တဲ့ သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးရတယ်၊ ပထမဆုံး ကိုယ့်ဝင်ငွေနဲ့ မိဘတွေကို ကန်တော့ချင်လို့ ပန်းသီးဝယ်ခဲ့တယ်၊ လက်ထဲ ဘယ်လောက်ကျန်လဲ ကိုယ်က ဘယ်လောက် စိုက်ရသလဲ မမှတ်မိတော့ပါဘူး။

တဆက်တည်း ကြုံလို့ပြောရရင် မဂ္ဂဇင်းတိုက်တခုမှာ စာမူခ သွားထုတ်တော့ အယ်ဒီတာ ဆရာကြပ် (ကြပ်ကလေး) က မရှိပါဘူး။ ထုတ်ဝေသူ အန်တီမမက အယ်ဒီတာ့ ကိုယ်စား ပိုက်ဆံပေးပါတယ်။ ထိုင်တောင် မထိုင်ခိုင်းဘဲ မတ်တပ်ရပ်လျက်နဲ့ ပြောင်လက်နေတဲ့ သူ့လက်ပွေ့အိတ် အကောင်းစား ကြီးထဲကနေ နွမ်းဖတ် အိုမင်းရင့်ရော်နေတဲ့ ငါးကျပ်တန် အစုတ်ကလေး ၂၀၀ တိတိ ထုတ်ပေးပါတယ်။ ငါးကျပ်တန်လေးတွေက အပြဲတမျိုး အရိတဖုံ သတင်းစာ စက္ကူနဲ့ ပိုးပြီး ကပ်ထားတာမျိုးက တသွယ် ဖွယ်ဖွယ်ရာရာလေးတွေမို့ အရမ်းမကိုင်ရဲဘဲ ဖွဖွရွရွ လွလွလေး ကိုင်ပြီး အိမ်ပြန်လာခဲ့ရတယ်။ စိတ်ထဲလဲ မကောင်းဘူး၊ အနှိမ်ခံလိုက်ရသလိုပဲ။ ၀ါသနာပါလို့ စာရေးပြီး ကိုယ်ရေးတဲ့စာ အများဖတ်စေချင်လို့သာ ပို့နေရတယ် အောက်ကျနောက်ကျ နိုင်လိုက်တာ … လို့ အိမ်အပြန်လမ်းမှာ တလမ်းလုံး တွေးလာခဲ့တယ်။ အဲဒီနောက်ပိုင်းကတည်းက မဂ္ဂဇင်းတွေကို ပို့ဖို့ ရွံ့လာတွန့်လာရင်း ရေစီးကြောင်းထဲက ဒိုက်မျှင်ကလေး ကမ်းပေါ်တင်သွားခဲ့တော့တာပါပဲ။ ရေမျောကမ်းတင် ဆိုတာ အဲဒါမျိုး ထင်ပါရဲ့။

နောက်ပိုင်းတော့ ၀တ္ထုတိုရွှေခေတ်လဲ တဖြည်းဖြည်း မှေးမှိန်သွားပြီး ကွာလတီအမည်ခံ စာအုပ်တွေရဲ့ ရွှေခေတ် ဖြစ်လာပါတော့တယ်။ အရင်ကလို ရသ ၀တ္ထုတိုတွေ အများကြီးပါတဲ့ မဂ္ဂဇင်းတွေလဲ သိပ်မရှိတော့ဘူး။ ရသ၀တ္ထု စာရေးဆရာတွေလဲ စီးပွါးရေး ဆောင်းပါးတွေ ရေးလိုရေး၊ အင်တာဗျူးဆရာ လုပ်လိုလုပ် ဖြစ်လာကြတယ်။ နှမြောစရာ ... ။

ဘလော့တွေပေါ်လာတော့ ကိုယ့်စာကို အခုတင်လိုက်တာနဲ့ လူအများ ချက်ချင်း ဖတ်နိုင်တာမို့ ပျော်စရာပေါ့။ ဒါကြောင့်လဲ အင်တာနက်ပေါ်က ဒီဘလော့ စာမျက်နှာလေးတွေကို စွဲလမ်းခဲ့ပါတယ်။ ဘလော့စလုပ်ခါစမှာ ကိုယ်တိုင်လဲ နေ့တိုင်းလိုလို စာရေးဖြစ်ပြီး တခြားဘလော့တွေဆီလဲ လိုက်လံလည်ပတ် ဖတ်ရှုဖြစ်ခဲ့တယ်။ စာအရေးကောင်း အတွေးကောင်းတဲ့ ဘလော့တွေ တဖြည်းဖြည်း များလာတာလဲ တွေ့ရတယ်။ ကိုယ်မရောက်ဖူးတဲ့ ဒေသ၊ ကိုယ်မသိ နားမလည်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ကိုယ်မကြုံဖူးတဲ့ အကြောင်းအရာတွေ၊ ဘလော့တွေက တဆင့် သိခဲ့ရတယ်၊ လေ့လာခွင့် ရခဲ့တယ်။ အမှန်အတိုင်း ၀န်ခံရရင်တော့ အမျိုးအစား စုံလင်လှစွာသော ဘလော့တွေထဲက ရသတမျိုးမျိုး ပေးနိုင်တဲ့ ဘလော့တွေကိုသာ ပိုပြီး ဖတ်ဖြစ်တယ်။ ပိုလဲ နှစ်သက်မိတယ်။ စွဲစွဲလမ်းလမ်းလဲ ဖြစ်မိတယ်။

တကယ်တော့ ဘလော့ရေးသူတွေဟာ ပိုက်ဆံရတာ မရတာထက် ကိုယ့်ဝါသနာ သက်သက်ကြောင့် စာရေးနေကြတယ်၊ ကိုယ်သိတာလေးတွေ ဝေမျှကြတယ်၊ တယောက်နဲ့ တယောက် အားပေးကြရင်း အချင်းချင်း ခင်မင်ရင်းနှီးပြီး ၀ါသနာတူ မိတ်ဆွေတွေ တိုးပွါးလာကြတယ်။ ပေးဆပ်လိုက်ရတာက ကိုယ့်ရဲ့ အချိန်တွေပါပဲ။ ပြန်ရတာက ခုနပြောတဲ့ အချင်းချင်း မျှဝေလို့ ရလာတဲ့ အသိညာ အတတ်ပညာတွေက လွဲရင် ကျန်တာက ပီတိ တခုထဲပါ။ တခါတလေ ခါးသီးမှုတွေ နာကျင်မှုတွေလဲ ရတတ်ပါသေးတယ်။ ဘာပဲဖြစ်ဖြစ် ၀မ်းသာစရာ ကောင်းတာကတော့ မြန်မာစာ ရေးသူ ဖတ်သူတွေ များပြားလာတဲ့ အချက်ပါပဲ။

အွန်လိုင်း ရွှေဝတ္ထုတိုဆု ဆိုတာ မြင်တော့ ဘလော့စာမျက်နှာတွေပေါ်မှာ ၀ါသနာအရ စာရေးနေသူတွေအတွက် အလွန်ကောင်းတဲ့ အစီအစဉ်ပဲလို့ သတိထားလိုက်မိတယ်။ ဆရာမြစ် (မြစ်ကျိုးအင်း) တို့ စီစဉ်တဲ့ ဒီ “အွန်လိုင်းရွှေဝတ္ထုတိုဆု”ရဲ့ ရည်ရွယ်ချက်ကိုက ဘလော့တွေမှာ ရသစာပေ ရေးသူ တိုးပွါးစေချင်လို့ပါတဲ့။ အင်မတန်ကောင်းတဲ့ ရည်ရွယ်ချက်ပါ။

ပြီးတော့ ဆုရတဲ့သူတွေကို ထိုက်တန်တဲ့ ဆုကြေးတွေလဲ ချီးမြှင့်ပေးမယ်လို့ ဆိုပါတယ်။ ပထမဆုကို ဒေါ်လာ တရာလို့ သတ်မှတ်ထားတဲ့အတွက် ခုလက်ရှိ မဂ္ဂဇင်းတွေမှာ ပေးနေတဲ့ စာမူခတွေနဲ့ ယှဉ်ရင် သာတယ်လို့ ဆိုနိုင်ပါတယ်။ ဆုအတွက် ၀ိုင်းဝန်း ပံ့ပိုးပေးတဲ့ အလှူရှင်တွေလဲ တဖြည်းဖြည်း တိုးလာသလို ဆုကလဲ တဆုကနေ သုံးဆုအထိ တိုးမြှင့်ပေးထားတာ တွေ့ရတယ်။ ဆုအတွက် စာမူတွေ ဖတ်ရှု ရွေးချယ်ပေးမယ့် သူတွေကလဲ ဆရာနေ၀င်းမြင့်တို့လို ရသ စာရေးဆရာတွေအပြင် ရသ၀တ္ထုတွေကို အားပေးနေတဲ့ ရွှေအမြုတေက ဦးဝင်းငြိမ်းတို့လို အယ်ဒီတာတွေ ပါတယ် ဆိုတော့ စနစ်တကျနဲ့ အားရစရာကြီးပါ။ ခုလို ရသစာပေ ဖွံ့ဖြိုးတိုးတက်ဖို့ စိတ်ဝင်တစား ၀ိုင်းဝန်း လုပ်ဆောင်နေကြတာကို ချီးကျူးမိသလို ၀မ်းလဲ ၀မ်းမြောက် မိတယ်။

ပြောခဲ့ပြီးသလိုပဲ ၀ါသနာရှင် ကလောင်သစ်တွေအနေနဲ့ စာနယ်ဇင်းလောကထဲ ရုတ်တရက် ခြေချဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ကိုယ့်စာကို ခုလို ဆရာကြီးတွေ ဖတ်ဖြစ်ဖို့ဆိုတာ ပိုလို့တောင် ခက်ပါသေးတယ်။ ဒါကြောင့် ကိုယ့်စာမူလေး ဆုရသည် ဖြစ်စေ မရသည်ဖြစ်စေ ကြိုးစားပြီး ရေးပို့ကြ စေချင်ပါတယ်။ ဒါဟာ အကောင်းဆုံး လေ့ကျင့်ကွင်း တခုပဲ မဟုတ်လား။ ရသ၀တ္ထုတိုတွေကို စာဖတ်သူတွေ တစုတစည်း ဖတ်ရှုနိုင်ဖို့နဲ့ ၀င်ရောက် ယှဉ်ပြိုင် လိုသူတွေအတွက် ရသ၀တ္ထုတို နမူနာပုံစံလေးတွေ လေ့လာနိုင်စေဖို့ "ရသ၀တ္ထုတို ရွေးချယ်ခြင်း" ဆိုတဲ့ ဘလော့လေးတခု ဖန်တီးထားပြီး စာရေးဆရာတွေ ဘလော့ဂါတွေရဲ့ ရသ၀တ္ထုတိုလေးတွေ အလျဉ်းသင့်သလို တင်ပေးမယ်လို့လဲ သိရပါတယ်။ ကိုယ်တိုင် ရသ၀တ္ထု မရေးတဲ့သူ၊ စာသက်သက်သာ လိုက်ဖတ်ဖြစ်သူတွေလဲ ကိုယ်ဖတ်လို့ နှစ်သက်တဲ့ စာလေးတွေကို ဆုရွေးချယ်သူတွေ ဖတ်နိုင်အောင် လင့်ခ်လေးတွေ မျှဝေခြင်းနဲ့ ကူညီနိုင်ပါသတဲ့။ အဲဒီလို အဖက်ဖက်က အားလုံးဝိုင်းဝန်း ကူညီပံ့ပိုး ကြိုးစားကြမယ် ဆိုရင် တဖြည်းဖြည်း မှေးမှိန် တိမ်မြုပ်စပြုနေတဲ့ ရသစာပေ တခေတ်ကို ပြန်ရောက်လာလေမလား အတွေးများနဲ့ ရသ၀တ္ထုတို ရွှေခေတ်ကို မှန်းဆတမ်းတ နေမိပါတော့တယ်။
***
မေဓာဝီ
၂၄၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၇း၃၀ နာရီ

12 comments:

မိုးယံ said...

ရသ၀တ္ထုတို ရွေးချယ်ခြင်း ဖြစ်လာတာကို ကျွန်တော်လည်း အရမ်းဝမ်းသာနေတာ အစ်မရေ...

စာရေး တတ်ချင်သော စာဖတ်သူမို့ပါ

ရေမျောကမ်းတင်ဖြစ်ဖူးသော ကလောင်သစ် ဆရာမလဲ ကိုယ်စိတ်နှလုံးချမ်းမြေ့ပါစေဗျာ။

နောက်တာနော် ..

ကိုကိုမောင်(ပန်းရနံ့) said...

ဒါဆို မေဓာ့ကလောင်က အသစ်မဟုတ်တော့ပါဘူး။ အပ်ဒိတ်ခဏခဏ လုပ်နေရလို့သာ အသစ်လို့ ထင်နေရတာပါ။ အမှန်က စာရေးဆရာမကြီး မေဓာဝီ ပါ။ ဒါကြောင့် စာတွေ ဒီလောက် ကောင်းနေတာ။

ရသ၀တ္ထုတွေ တစ်ခေတ်ဆန်းလာမှာကိုတော့ တွေးပျော်မိနေပါတယ်။ များများနှင့် ကောင်းကောင်း ရေးသားနိုင်ကြပါစေလို့။

စီစဉ်သူများ အားလုံးကိုလဲ ကျေးဇူးတင်ပါကြောင်း။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ညီလင်းသစ် said...

သိပ်ကောင်းတဲ့ အစီအစဉ်လေးပါပဲ၊ ဆုရွေးချယ်ရေး အဖွဲ့ကလည်း နာမည်ကြီး ဆရာတွေနဲ့ဆိုတော့ ပိုလေးနက်ပြီး လေ့လာစရာတွေလည်း ပိုလာမှာပါ၊ စာမူပို့ဖို့ အခုဒီစာမျက်နှာပေါ်က My Categories ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဘယ်အပုဒ် ပို့ရမလဲလို့ လိုက်ရှာရင် ကောင်းမလားလို့...၊ :)

အရင်တုန်းက မဂ္ဂဇင်းတွေထဲက ဝတ္ထုတိုတွေ ခေတ်ကောင်းခဲ့တဲ့ ကာလတွေကို ပြန်သတိရမိပါတယ်။

မောင်မျိုး said...

ကျနော်လည်း ၀င်ပြိုင်မလားလို့ ရေးထားတာတွေပြန်ရှာကြည့်တော့ မှီတာဆိုလို့ တစ်ပုဒ်မှကိုမရှိဘူး ဟိဟိး)

အစ်မက ၀ါရင့်ဘလော့ဂါကြီးများထဲမှာပါလားဟင် ပါရင် ကျနော့်ကို အမှတ်ပိုပေး လာဘ်ထိုးတယ်နော့် ဆွမ်းခံထားတာလာမတောင်းတော့ဘူး ။

သစ်နက်ဆူး said...

ညီမမေ
ညီမက စာပေနယ်မှာကို အဲလိုဝင်ရောက်ခဲ့ သေးတာကိုး..မထင်မိဘူး..
သိသွားတော့လဲ လေးစားမိပါတယ်..။
ကျနော်တို့ အိမ်က စာပေဖြန့် ချိရေးလုပ်တယ်လေ..မန္တလေးက ဒေါ်တင်တင်ဦးစာပေ၊ နဂါးဦးထွန်းဦးနဲ့ 
မန္တလေးတိုင်းသမအသင်းကနေကိုယ်စားလှယ်ယူပြီးဖြန့် ချီတာ..
မှတ်မိပါသေးတယ်..မိုးဝေ ခေတ်၊ ပေဖူးလွှာ..မဂ္ဂဇင်းတွေပေါ့..ဆိုင်ကိုနယ်ကစာရေးဆရာတွေလာကြတယ် သူတို့ က မဂ္ဂဇင်းတွေလစဉ်ယူတာလေ..သူတို့ ရတဲ့ ဝင်ငွေနဲ့ 
သူတို့ ဝယ်ရတဲ့ လစဉ်ဘိုးတွေနဲ့ ...ပြန်ရတဲ့ စာမူခနဲ့ ..ဟင်းးးးး

ကျနော် သူတို့ ကိုလေးစားတယ်..စာမူပါလာတဲ့ လတွေမှာ မဂ္ဂဇင်းလာယူရင် ပီတိဖြစ်နေတဲ့ သူတို့ မျက်နှာ...စာအုပ်ကို ယုယုယယကိုင်တွယ်ပြီး..ဘယ်စာမျက်နှာမှာလဲ သိချင်ဇောနဲ့ စာရွက်လှန်နေတဲ့ ..
တုန်ရင် နေတဲ့ သူတို့ လက်ချောင်းလေးတွေ...။


စာရေးသူအားလုံးကို ကျနော်လေးစားတယ်
အမြဲတမ်းလဲ လေးစားနေမှာပါ...။
ညီမမေနဲ့ တစ်ကွ စာရေးသူမိတ်ဆွေများ..
ဝတ္တုတိုရွှေခေတ်ကို လက်ဖျားကစီးဆင်းလာတဲ့နှလုံးသွေးတွေနဲ့  အလှဆင်နိုင်ကြပါစေ..။

ကိုအောင်(ပျူနိုင်ငံ) said...

ရွှေရွှေကလည်း ပြောပါတယ် မမေရေ ...
သူ့နာမည်လည်း ရွှေပါတယ်တဲ့ ... :P
အင်တာနက်ပေါ်မှာ ရသစာပေတွေ
များများ ပေါ်လာပါစေလို့ ၀ိုင်းဆုတောင်းပါတယ်
ဗျာ ...

Anonymous said...

ကျနော်လဲ အဲ့ဒီအစီအစဉ်ကို တအားကြိုက်တယ်။

ဝတ္တုတိုရသစာပေတွေ များများဖတ်ရတော့မယ်။

ကျနော်ကတော့ သူများတွေရေးတာ ကောင်းတာတွေအားလုံးကြိုက်တယ်။

မြတ်နိုး

sosegado said...

ဘလောက်မှာပဲ စာရေးဖူးပါသည်၊
အတွေ့အကြုံကို ရှယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါသည်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ရွှေဝတ္တုတိုဆုဆိုတော့ ရွှေဆွဲပြားပေးရင်ကောင်းမယ်နော် မမေ
ကိုမြစ်ကျိုးကို အကြံပေးဦးမှ
နံမည်နဲ့လိုက်သွားအောင် ရွှေပြား(အစစ်) ဆုပေးပါလို့ ဟိဟိ...
ရသစာပေတွေ များများဖတ်ခွင့်ရတော့မှာမို့ ၀မ်းသာမိပါတယ်။ ကိုယ်တိုင်က ရသစာတွေ သိပ်မရေးနိုင်ပေမဲ့ အားကြိုးမာန်တက်တော့ ဖတ်နိုင်တယ်း)
အွန်လိုင်းရွှေဝတ္ထုတိုဆုရွေးချယ်ရေး အောင်မြင်တည်တံ့ပါစေ

rose said...

မမေလည်း စာရေး ၀ါသနာ ပါလို့ ကလောင်သစ် တစ်ယောက် အနေနဲ့ အဲ့ဒီလို ကြိုးစားခဲ့တယ်လား။ အခုရော အွန်လိုင်းရွှေဝတ္ထုတို ပို့မှာလားပာင်။ အားပေးနေမယ်နော်း)

ashinkusala.com said...

ဆရာမ မေဓာဝီ... အလည်ရောက်ခဲ့ပါတယ်။ ဟိုတုန်းက အနက်ရောင်ဆိုက်ကလေးတုန်းက ရောက်ဖူးတယ်။ အဲဒီတုန်းက တော်လှန်ရေးစာပေတွေ ထင်တယ်။ ရေးထားတာတွေ သဘောကျမိပါတယ်။ နောက်မှ ပြန်လာဖတ်ပါအုံးမယ်...

မြစ်ကျိုးအင်း said...

စိတ်ဝင်တစား အားပေးတာ ကျေးဇူးတင်ပါတယ်။ ရသစာပေ ပြန်လည် ဦးမော့လာအောင် တယောက်တလက် ကြိုးစားကြတာပေါ့နော်။