Monday, February 28, 2011

စိတ်ကျောင်းသူ

“ဒကာကြီးက တူမလေးရှိနေတော့ ဒါမျိုးတွေ ကိုယ်တိုင်လုပ်ဖို့ မလိုဘူးပေါ့။ ဘုန်းကြီးကတော့ ဘယ်သူမှမရှိလို့ ကိုယ်တိုင်လုပ်ရတာပဲ …”

စနေနေ့က ဘာမင်ဂန် ဘုန်းကြီးကျောင်းသို့ ဆွမ်းပို့သွားစဉ် ဆရာတော့်ထံ ၀င်တွေ့တော့ ဆရာတော်က ကုဋီဆေးနေဖို့ လုပ်နေရင်းမှ ထွက်လာပြီး အထက်ပါအတိုင်း ဦးရီးတော်ကို ပြောလေသည်။ ဦးရီးတော်က အလိုက်အထိုက် ရယ်နေသော်ငြား ကျမကတော့ မလုံမလဲဖြင့် ခေါင်းငုံ့ကာ ပြုံးမိ၏။ တကယ်တမ်း ကျမက သန့်ရှင်းရေးလုပ်ရန် အလွန်ငြီးငွေ့သူ ဖြစ်သည်။ မဖြစ်မနေ လုပ်ရတော့မည့် အချိန်မှသာ ထလုပ်ပြီး မလုပ်ဘဲ နေလို့ရသမျှ အချိန်ဆွဲကာ ပေပေတေတေ နေလေ့ရှိသည်။ ထိုသို့ အကျင့်ရှိသည့် ကျမက ဦးရီးတော် အိမ်မှ အိမ်သာ ရေချိုးခန်းကိုလဲ ပြီးပြီးရော အပေါ်ယံမျှသာ ဆေးကြောသည်က များပြီး ဆေးရည်တွေ ဘလိခ်ျတွေ ဘာတွေနှင့် အသေအချာ မဆေးသည်မှာ ကြာပင်ကြာနေပြီ။

တခါတလေ ဦးရီးတော် ဆေးထားမှန်း သိလျက်နှင့် မသိချင်ယောင်လဲ ဆောင်မိသေးသည်။ မကြာသေးခင် ကတောင် ဦးရီးတော်က မနေနိုင်၍လားမသိ၊ မီးဖိုချောင်မှ sink ကို ကျမ အပြင်သွားနေတုန်း ဆေးထားပေးသည်။ ဒါတောင် ကျမက “သမီးက ဒီတပတ် ဟင်းချက်ပြီးမှ တခါထဲ ပေါင်းဆေးမလို့၊ ဟင်းချက်ရင် ပြန်ညစ်ပတ်အုံးမှာလေ” … ဟု ဆင်ခြေတက်လိုက်သေး၏။ ထို့ကြောင့် ဆရာတော်က အထက်ပါ စကား မိန့်လိုက်သောအခါ ကိုယ့်ဘာသာ မလုံ၍ ရှက်နိုးနိုး ဖြစ်မိလေတော့သည်။

ဘိလပ်ကို ရောက်ခါစ ဦးရီးတော်အိမ် ရောက်ရောက်ချင်း သူ၏ စည်းမျဉ်း စည်းကမ်းတချို့သည် ကျမအတွက် အတော်လေး အူကြောင်ကြောင် နိုင်လှပေသည်။ မျက်နှာသစ်သည့် ဘေစင်ကို သုံးပြီးလျှင် သတ်မှတ်ထားသည့် အ၀တ်ဖြင့် ရေခြောက်အောင် ပြန်သုတ်ရမည်၊ ရေချိုးသည့် bath tub ကို ကာထားသည့် မှန်ပြား တံခါးလေးကိုလည်း ရေချိုးပြီးတိုင်း ရေစက်တွေ တင်ကျန်မနေအောင် သုတ်ရမည်ဟု ဆိုသည်။ မီးဖိုထဲက ပန်းကန်ဆေးသည့် sink ကိုလဲ ထိုနည်းတူစွာပဲ သုံးပြီးလျှင် ရေပြန်သုတ်ရမည် … တဲ့။ မြန်မာပြည်မှာလဲ ဒါတွေ သုံးခဲ့တာပါပဲ၊ သို့သော် ထိုသို့ ရေသုတ်ခြင်း အလေ့အထ မရှိခဲ့သည်မို့ ကိုယ်အသုံးပြုပြီးတိုင်း ပြန်ပြန် သုတ်နေရသည်ကို မလုပ်ချင်၊ အပိုအလုပ်ဟု မြင်မိသည်။

အမှန်ကတော့ အပိုမဟုတ်ပါ၊ တကယ်ကို လိုအပ်ပါသည်။ ဘိလပ်က ရေတွေသည် ထုံးဓာတ်ပါတော့ ဘေစင်မှာ, မှန်ပြားမှာ တင်နေသည့် ရေစက်တွေက ကြာတော့ စွဲသွားတတ်သည်။ မသုတ်ဘဲထားလျှင် ရေနွေးအိုးမှာ ရေချိုးကပ်သလို limescale တွေက ဂျွတ်တက်လာတတ်သည်။ ဒါကြောင့်မို့လဲ သုတ်ခိုင်းတာ ဖြစ်သည်။ နောက်တော့လဲ ထိုသို့ ရေသုတ်ရတာ အသားကျလာပါသည်။ သို့ပေမဲ့ အပျင်းကြီးသော ကျမက သေချာမသုတ်၊ သုတ်သည် မည်ကာမတ္တ အ၀တ်ကလေးနှင့် ဟိုယမ်း ဒီယမ်း ပြီးပြီးရော သုတ်လိုက်သည်က များသည်။ ထိုအခါ ဘေစင်မှာ လိုင်းမ်စကေး တွေက မသိမသာ တက်လာပြီး ၀ါညစ်ညစ် ဖြစ်လာလေတော့၏။
***
ထိုနေ့က ဆရာတော့် အခန်းမှာ အိမ်သာ ရေချိုးခန်း ဆေးကြောပေးခဲ့ပြီး အိမ်မှာလဲ ဆေးရအုံးမယ်ဟု စိတ်ကူးဖြင့် မနေ့ကတော့ ဆေးဖြစ်သည်။ သေချာ မဆေးတာကြာတော့ တော်တော်နှင့် မပြောင်၊ ကောင်းမည်ထင်သည့် ဆေးရည်တွေသုံးပြီး အားစိုက်ဆေးရသည်။ အမြဲတမ်း ဆေးကြောနေလျှင် ဆေးရတာ ခုလောက် ပင်ပန်းမည် မဟုတ်။ ထိုသို့ ဆေးနေရင်း ရောက်တတ်ရာရာ တွေးမိရာက ကိုယ့်စိတ်ကို ကိုယ်ပြန်ပြီး ဆန်းစစ်မိ၏။ ကျမ စိတ်သည်လဲ ထိုသို့ပါပဲလား … ။

ကျမက စိတ်ကို သိပ်အလိုလိုက်လွန်းသည်။ ကိုယ့်ကိုယ်ကိုယ်လဲ ညှာလွန်းသည်။ ကိုယ့်ကိုယ်ကိုယ် ညှာသလို ကိုယ့်ကိုယ်ကိုယ်လဲ ညာခဲ့ပါသေးသည်။ ကျမ အမကတော့ “နင်က သရုပ်ဆောင်နေတာ” ဟု မကြာသေးခင်ကပင် ကျမကို ဝေဖန်ခဲ့သေး၏။ ဘာကြောင့်ဆို … ကျမ ကျောင်းမဖွင့်ခင် သူက ကျမကို စာတွေ ကြိုဖတ်ခိုင်းတော့ ကျမက ဖတ်စာအုပ် ဖွင့်၊ စာကြောင်းတွေ မျဉ်းသား၊ ဟိုက်လိုက်တွေလုပ်၊ မြန်မာလို အဓိပ္ပါယ်တွေ ဘေးနားမှာရေး၊ အဲဒီလိုတွေ ရှုပ်ပွနေအောင် လုပ်ထားသည်။ တကယ်တမ်း စာက ခေါင်းထဲ ရောက်တာမဟုတ်၊ ဒါပေမဲ့ စာအုပ်ကို ကြည့်လိုက်လျှင်တော့ စာဖတ်ထားသည့်နှယ်။

“မေးခွန်းသဘော နားလည်အောင် မေးခွန်းဟောင်းတွေ ဒေါင်းလုတ်လုပ် ပရင့်အောက်ထုတ်ပြီး အရင်ကြည့်ပါဆိုတာ ငါပြောသလိုမလုပ်ဘဲ ဖတ်စာအုပ်ကို ဘာလို့ ဖတ်နေရတာတုန်း”
သူက ဒီဘာသာရပ်တွေကို ကျော်ဖြတ် အောင်မြင်သွားပြီမို့ အတွေ့အကြုံ များစွာရှိပါသည်။ ကျမကတော့ သူ့လမ်းညွှန်ချက်ကို မလိုက်နာခဲ့။
“စာအုပ်ကို ဦးရီးတော် ယူကြည့်ရင် စာဖတ်ထားသလို ဖြစ်အောင်လေ၊ သူစာမေးရင် ဖြေနိုင်အောင်လို့ မြန်မာလို အဓိပ္ပါယ်တွေ ရေးထားရသေးတယ်”

ထိုသို့ ကျမ ဖြေသည့်အခါ နင်က တကယ်စာဖတ်တာ မဟုတ်ဘူး၊ သရုပ်ဆောင်နေတာဟု သူက ကျမကို အပြစ်တင်လေတော့သည်။ ဟုတ်လဲ ဟုတ်တာပဲ။ ကျမက မုသာဝါဒ အပြစ်လွတ်အောင် လက်တလုံးခြားဖြင့် သူများကို လှည့်စားသလို ကိုယ့်ကိုယ်ကိုယ်လဲ လှည့်စားနေတာ မဟုတ်လား။

“ညတိုင်း တရားထိုင်တယ်”
ထိုသို့ ကျမ ပြောတော့ ကြားရသူတွေက တယ်ဟုတ်ပါလား၊ တော်တယ်၊ လိမ္မာလိုက်တာ စသဖြင့် ချီးကျူးကြသည်။ တကယ်တမ်းတော့ ကိုယ့်ကိုယ်ကိုယ်သာ သိပါသည်။ တရားထိုင်ချိန် နာရီဝက်မှာ ဘယ်နှမိနစ် အာရုံရရ ထိုင်ဖြစ်မှာလဲ။ ထိုင်ခါစ မိနစ်ဝက် လောက်သာ အာနာပါန အမှတ်ဖြင့် နှာသီးဖျားကို အာရုံပြုမိသော်လည်း နောက်ပိုင်းတော့ အိပ်ငိုက်တခါ စိတ်ပျံ့လွင့်တလှည့် ဖြစ်နေတတ်တာ ကိုယ်တိုင်သာ အသိဆုံး။ သို့သော်လဲ … ညတိုင်း တရားထိုင်တယ် ဆိုသည့်စကားကို လူကြားမှာ ခပ်ကြွားကြွား ပြောခဲ့သည်။ ဒါလဲ သရုပ်ဆောင်ခြင်း တမျိုးပေပဲလား ဟု ခုချိန်မှာတော့ ကျမတွေးနေမိပြီ။

တသက်လုံး နေချင်သလို နေလာသည့် စိတ်ကို ထိမ်းရသည်မှာ လုံးဝ မလွယ်ကူလှ။ စိတ်ကို စောင့်ကြည့်ရတာလဲ ပင်ပန်းလွန်းလှသည်။ တရက်တွင် ၂၄ နာရီ ရှိသည့်အနက် နာရီဝက်သာသာမျှ စိတ်ကို စုစည်း ထိမ်းသိမ်းရသည်ကိုပင် ကျမ စိတ်မရှည်ချင်၊ သည်းမခံနိုင်။ ပျံ့ချင်ပျံ့ လွင့်ချင်လွင့် ဆိုပြီး တရားထိုင်သည် မည်ကာမတ္တ ခန္ဓာကိုယ် မလှုပ်မယှက် ထိုင်နေရုံမျှဖြင့် သမာဓိ မရနိုင် စိတ်မတည်ကြည်နိုင် ဆိုတာ ကိုယ့်ဘာသာ သိပါသည်။

စဉ်းစားကြည့်တော့ ကျမတရားထိုင်တယ်ဆိုတာ ဘေစင်ရေသုတ်သလို အပေါ်ယံကြော ပြီးပြီးရော အ၀တ်ကလေးနှင့် ယမ်းလိုက်သလို ဖြစ်နေသည်။ ကြာလာတော့ ဘေစင်မှာ လိုင်းမ်စကေးတွေ စုလာသလို စိတ်မှာလဲ စိတ်အညစ်အကြေးတွေ အထပ်ထပ် တက်လာပြီ။ တော်ရုံတန်ရုံ ၀ီရိယမျိုးဖြင့် ခွါချဖို့ မလွယ်ကူလှတော့။ ဘေစင်က လိုင်းမ်စကေးတွေကို ကျွတ်အောင် အစွမ်းထက်သည့် ဆေးရည်မျိုး အသုံးပြု၍ အားသွန်ခွန်စိုက် တိုက်ချွတ်ရသလို စိတ်မှာ အထပ်ထပ် ကပ်ငြိတွယ်တာနေသည့် ကိလေသာ အညစ်အကြေးတွေကိုလဲ မြတ်စွာဘုရားပေးထားသည့် အစွမ်းထက် ဆေးရည်နှင့်တူသော ကမ္မဋ္ဌာန်း တမျိုးမျိုးဖြင့် ၀ီရိယ စိုက်ထုတ်ကာ တိုက်ချွတ် ဆေးကြောသင့်သည် မဟုတ်လား။

ဘေစင်နှင့် sink တွေ အားလုံး တိုက်ချွတ် ဆေးကြောပြီးသည့် အချိန်မှာ လက်တွေလဲ အတော်ညောင်းသွားပြီ။ ဒါပေမဲ့ ရလဒ်အဖြစ် ဖြူစင်သန့်ရှင်းနေသည့် ဘေစင်နှင့် bath tub ကို မြင်ရတာ အတော်လေး စိတ်ချမ်းသာဖို့ ကောင်းလှသည်။ ထိုသို့ ဖြူစင်ခြင်း မပျောက်ပျက် သွားရလေအောင် ထိမ်းသိမ်းထားရပေမည်၊ နောက်တခါ အရမ်းမညစ်ပေခင် မကြာခဏ ပြန်လည် တိုက်ချွတ်ရမည်၊ ထိုနည်းတူစွာ ကျမ၏ ညစ်ထေး ပေကျံနေသော စိတ်အစဉ်ကိုလဲ ဖြူစင်ရန် အလို့ငှာ အဖန်ဖန် အထပ်ထပ် သန့်စင်ရင်း ကိုယ့်စိတ်ကို ကိုယ် ပြန်လည် ထိမ်းကျောင်းရဦးမည်ဟု တွေးနေမိပါတော့၏။
***
မေဓာဝီ
၂၈၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၁၀း၂၂ နာရီ

17 comments:

ညီလင်းသစ် said...

စိတ်ကျောင်းရတာက ဆိတ်ကျောင်းရတာထက် အများကြီး ပိုခက်တယ်နော်။ ဆလိမ်ဆိတ်က မြက်လောက်ပဲ ကြိုက်ပေမယ့် စလုံးစိတ်က အကြိုက်တွေ များလှတော့ သူ့နောက် တကောက်ကောက်လိုက်ရင်း မောလှတယ်၊ ဖြူဖွေးနေတဲ့ စိတ်ဘေစင်လည်းတစ်ခု ရဖို့ ကြိုးစားရ ဦးမယ်..။

sosegado said...

ဒီစိတ်ကို အလိုလိုက်နေတာ အတော်ကြာပြီ၊
တစ်ခါတစ်လေ လွင့်မြောမြောနေရတာ ကောင်းနေသလားလို့၊ သိရဲ့နဲု့မိုက်နေရသလို။

rose said...

မမေနဲ့ ရို့စ်နဲ့ တူတယ်။ သန့်ရှင်းရေး လုပ်ရတာ မနှစ်သက်ဘူး။ ရို့စ်လည်း အိမ်မှာဆို ချက်ပြုတ်ပြီး မောသွားလို့ မသန့်ရှင်း နိုင်ဘူး။

May everybody be happy and healthy! said...

ဟုတ်တယ်နော်...သိနေပေမယ့်
အသိပဲရှိသေးတယ်မမရေ...တစ်ကယ်မလုပ်နိုင်သေးဘူး
ညီမလေးလဲ.....ကောင်းသောနေ့လေးဖြစ်ပါစေမမ။

ကိုအောင်(ပျူနိုင်ငံ) said...

မလွယ်တဲ့ စိတ်ကို ကျောင်းနိုင်တာ ကောင်း
ပါတယ် မမေရေ ...

Anonymous said...

Whether you can concentrate or not, you sit at least 30 minutes a day.We know that we should what Buddha taught.I gave myself so many reasons and take time to meditate.Just counting beads.You remind me.Tks little sis May.

Gyidaw

ကိုကိုမောင်(ပန်းရနံ့) said...

စိတ်ညစ် စိတ်ကြေး၊
စိတ်ဖြင့် ဆေးလော့။

ရုပ်ညစ် ရုပ်ကြေး၊
ရုပ်ဖြင့် ဆေးလော့။

အိမ်သာ ညစ်ကြေး၊
မေဓာ ဆေးလော့။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မောင်မျိုး said...

အစ်မ တရားထိုင်တာနဲ့ ကျနော်တရားထိုင်တာ တူတူပဲ ချမ်းရင် ချမ်းတယ်မှတ် ဆိုတော့ ချမ်းတယ်ချမ်းတယ် ချမ်းလို့ တုန် တုန် တုန် တုန် တုန် တုန် တုန် တုန် သင်္ကြန်သီချင်းကို “အိစံ ” ဆိုထားတာလေ အဲ့သီချင်းတစ်ပုဒ်လုံး ဆိုပြီးမှ သတိကပြန်ကပ်တယ် အဟီးး ဆိုးပါ့နော့် ။

နေ၀သန်တို့ကတော့ တရားတစ်ခါထိုင် ၃ နာရီပဲဗျ တော်တော် ထိုင်နိုင်တယ် မယုံရင်မေးကြည့် ။

မောင်လေး said...

ဆေးကျောင်းသူကြီးပေါ့...:)
တရားကတော့ ခုတလောအိပ်ကာနီးတိုင်းမှတ်ဖြစ်တယ်....၊၅မိနစ်လောက်ဆို အိပ်ပျော်သွားရော....:D။

Anonymous said...

ကွန်မန့်လေးတွေဖတ်ပြီး ရယ်သွားတယ် မမေ ...

mie nge

ယောဂီကျောက် said...

စိတ်အကျောင်းကောင်းပုံများ တရားထိုင်ရင်းအိပ်ပျော်သွားလို့ နောက်ကိုလန်လဲမှပဲ သိတော့တယ်

မိုးယံ said...

သူဂျီးမြင်းရဲ့ မန့်ချက်ကတော့ လန်းတယ်ဗျာ.

အစ်မရေ ညတိုင်းမထိုင်ဖြစ်ပေမယ့် တရားမှတ်ရင်း အိပ်ပျော်ပျော်သွားတယ်ဗျာ...ဘာပဲဖြစ်ဖြစ် အိပ်ဆေးဒဏ်လွတ်တာပေါ့.. ဟီးဟီး လက်တွေ့အကျိုးများပေလား ထင်မှတ်မှား၏။

မြစ်ကျိုးအင်း said...

ဒီလောက်အသိရှိနေရင်ကို တော်လှပါပြီ။
ကျနော်တို့တော့ ခုထိ အာရုံတွေများနေတုန်းပဲ။

သစ်နက်ဆူး said...

ကဲ...
အင်တာဗျူးမယ်..
သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင် ဆက်ကြိုးစားမှာလား.....
ဒါမှမဟုတ် ဒီသရုပ်ဆောင်အလုပ်ကို
စွန့် လွှတ်မလား...။
ကြိုက်တာရွေး..ပြီးတော့
ဆေးသင့်တာအကုန်ဆေးးး။

ခင်မင်စွာဖြင့်
ဝါရင့်သရုပ်ဆောင်ကြီး
သစ်နက်ဆူးး)

ချော(အစိမ်းရောင်လွင်ပြင်) said...

အမေက ဘာသာတရားကို နက်နက်ရှိုင်းရှိုင်း လုပ်တယ် ကျွန်မကျတော့ တော်ရိရော်ရိဖြစ်နေတယ်
စိတ်ကို ကျောင်းဖို့ခက်နေသေးတာလေ
မနိုင်သေးဘူး
ဘယ်ချိန်မှကောင်းကောင်းထိန်းနိုင်မယ် မသိ အသက်ပ၆၀မှလေလားး)
မမေ ပေးချင်တဲ့ မက်ဆေ့ကို ဆွဲယူသွားတာလေး လှလိုက်တာ ဖတ်ရင်းနဲ့သဘောကျမိတယ် တကယ်

7pm said...

လာလည်ရင်းမှတ်သားစရာတွေပာ သယ်သွားပာတယ်... :)

Mhu Darye said...

မမေ ။ လာဖတ်သွားတယ် ။