Thursday, February 03, 2011

ခွေးကျောင်းသူ

ခေါင်းစဉ်ဖတ်ပြီး မေဓာဝီ တယောက် ဘိလပ်မှာ ခွေးကျောင်းတက်ပြီး ခွေးဘာသာစကား သင်နေသလားလို့ ထင်ယောင်ထင်မှား မဖြစ်ကြပါနဲ့။ မြန်မာစကားကလဲ သံတူ ကြောင်းကွဲ၊ သံမတူ ကြောင်းမကွဲတွေက ခပ်များများရယ်။ တကယ်က ဒီလိုပါ ... ။ နွားကိုကျောင်းရင် နွားကျောင်းသား၊ သိုးကိုကျောင်းတော့ သိုးကျောင်းသား ... လို့ ဆိုကြတယ် မဟုတ်လား။ သူတို့က နွားဘာသာစကား သိုးဘာသာစကား သင်ကြတဲ့သူတွေ မဟုတ်ဘူးလေ။ ဒီလိုပါပဲ ... ကျမလဲ ခွေးကိုကျောင်းရတာမို့ ခွေးကျောင်းသူ ဖြစ်သွားတာ ဆိုပါတော့။ ဖြစ်ပုံကို ပြောရရင်တော့ ...

လွန်ခဲ့တဲ့ ရက်သတ္တ ၃-ပတ်လောက်က ဦးရီးတော်ရဲ့ မိတ်ဆွေ ဆရာဝန်ဇနီးမောင်နှံ မြန်မာပြည်ခဏပြန်တော့ သူတို့အိမ်မှာ မွေးထားတဲ့ ခွေးကလေးတကောင်ကို ကြည့်ပေးနိုင်မလားလို့ အကူအညီတောင်းတာနဲ့ ကျမလဲ ကျောင်းပိတ်ထားတုန်း အားနေခိုက် အပျင်းပြေ ခွေးလေးနဲ့လဲ ဆော့ရအောင် မေတ္တာရိ ကူညီပါ့မယ်လို့ ကတိပေးလိုက်မိတယ်။ ဒီလိုနဲ့ မေဓာဝီလဲ နေ့ချင်းညချင်း ခွေးကျောင်းသူဘ၀ ရောက်ရတော့တာပါပဲ။

ခွေးကလေးက ရန်ကုန်အိမ်မှာရှိတဲ့ ခွေးကလေး ကစ်ကစ်လို ရှီဇူးမျိုးပါပဲ။ နာမည်က muffin တဲ့။ ခွေးနာမည်လဲ မဟုတ်၊ မုန့်နာမည်ကြီး။ အစကတော့ မာဖီထင်လို့ မာဖီ မာဖီနဲ့ ခေါ်နေကြတာ။ နောက်မှ သူ့လည်ပတ်က နာမည်ကြည့်လိုက်တော့ မာဖီမှမဟုတ်ဘဲ၊ ဒါပေမဲ့ နှုတ်ကျိုးပြီး မာဖီလို့သာ ဆက်ခေါ်ဖြစ်တယ်။ သူကလဲ သူ့ခေါ်မှန်း သိပါတယ်။ အိမ်ရှင်တွေ မရှိတုန်း သူ့ကို ကြည့်ပေးရမယ်ဆိုတော့ ရန်ကုန်အိမ်မှာကျန်ခဲ့တဲ့ ကစ်ကစ်အလွမ်းပြေ သူနဲ့ ဆော့မယ် ကစားမယ် လမ်းသလားကြမယ်လို့ တွေးထားပြီး ခွေးကျောင်းသူဘ၀ဟာ ပေါ့ပေါ့ပါးပါး ဖြတ်သန်းသွားရုံပဲလို့ ထင်ခဲ့မိတာ၊ တကယ်တမ်း လက်တွေ့ကျတော့ ... ခွေးတကောင် တာဝန်ယူရတာ တယ် မလွယ်ပါလားလို့ သိလိုက်ရတယ်။

ကစ်ကစ်နဲ့တုန်းကတော့ ကိုယ်တိုင်ကိုယ်ကျ ဘာမှလုပ်စရာမလိုဘဲ သူနဲ့ ပလူးပလဲ ပွတ်လိုက်သပ်လိုက် ပြေးလွှားကစားလိုက် ချစ်လိုက် ရန်ဖြစ်လိုက် နေရုံပဲကိုး။ တခါတလေ သူကိုက်ရင် ငိုပြီး ဆေးခန်းသွားလိုက်ရုံပဲလေ။ လွယ်လွယ်လေးပေါ့ ... ။ ခုတော့ ... .... ခုတော့ ... ။


ဖြတ်သန်းခဲ့ရ၊ ဒီလမ်းမထက်၊ ခွေးကျောင်းထွက်ရန်၊ ချိန်တန်ပြီမို့ ...

အိမ်ကနေ မာဖီ့အိမ်ရောက်ဖို့ လမ်းလျှောက်ရင် မိနစ် နှစ်ဆယ် အစိတ်၊ ဖြည်းဖြည်းလျှောက်ရင် နာရီဝက်နီးပါးလောက် ကြာတယ်။ ရာသီဥတု သာယာချိန်ဆို သိပ်အကြောင်းမဟုတ်ပေမဲ့ မိုးရွာရင် လေတိုက်ရင် အပူချိန် အနုတ်လက္ခဏာပြနေရင် လမ်းလျှောက်ရတာ အဆင်မပြေဘူး။ ဦးထုပ်၊ လက်အိတ်၊ ဂျာကင် ထူထူထဲထဲဝတ်ပြီး ဟေတုပစ္စယောနဲ့ ခပ်သုတ်သုတ် လမ်းလျှောက် ဟောဒီကွင်းကြီးနားရောက်ရင်တော့ မာဖီစံမြန်းရာ အိမ်ဂေဟာကို ရောက်ပြီဆိုပါတော့။ အဲဒီလို တနေ့ နှစ်ကြိမ် (မနက်တခါ ညနေ တခါ) မှန်မှန်သွားရတယ်။


ခွေးကျောင်းထွက်မယ်၊ ကွင်းပြင်ကျယ်မှာ၊ တနေ့နှစ်ခါ၊ မှန်မှန်လာ ...

ဒီက ရပ်ကွက်တိုင်းလိုလိုမှာ ကလေးကစားကွင်းနဲ့ ပန်းခြံရှိသလို တချို့ရပ်ကွက်တွေမှာ ခွေးကစားကွင်းပါ ရှိတယ်။ မာဖီ့အိမ်နောက်ဖေးမှာတော့ ဒီကွင်းပြင်ကျယ်ကြီးပေါ့။ ဟိုတလောက နှင်းတွေဖုံးနေတဲ့ ကွင်းကြီးလေ ... ။ ကွင်းထဲမှာ ခွေးကျောင်းနေသူတွေ တဦးစ နှစ်ဦးစတော့ အမြဲရှိနေတာပါပဲ။ ကျမ သတိထားမိသလောက်တော့ ဘိလပ်ကလူတွေဟာ ခွေးနဲ့ ကလေး အင်မတန်မွေးကြတာကလား။ လူခြောက်ယောက် ဖြတ်သွားရင် သုံးယောက်က ကလေးတွန်းလှည်း၊ နှစ်ယောက်က ခွေးကလေးဆွဲ ... ကျန်တယောက်ကတော့ ... အဲ ... ကျမပဲဖြစ်မယ် ထင်တယ်။ :)

....
ခွေးကျောင်းထွက်မယ်၊ လွယ်အိတ်လွယ်၊ ပျော်ပျော်ပါးပါးကွယ် ...

ကျေးလက်ဒေသက နွားကျောင်းသားတွေကတော့ နွားတွေကို စားကျက်ထဲလွှတ်ထားပြီးရင် ပြွေတိုတစင်းနဲ့ သစ်ပင်ရိပ်မှာ ကျောခင်းလိုခင်း၊ လွယ်အိတ်ထဲ လောက်စာလုံးအပြည့်ထည့်ပြီး လေးခွတလက်နဲ့ ငှက်ပစ်ထွက်ချင်ထွက် နှစ်သက်သလို နေနိုင်ကြပေမဲ့ ခွေးကျောင်းသူ မေဓာဝီခမျာမှာတော့ သူတို့လို ဇိမ်မကျအားပါဘူး။ ဒါပေမဲ့ နွားကျောင်းသားတွေကို အတုခိုးပြီး အမေပေးလိုက်တဲ့ မြန်မာပြည်ဖြစ် လွယ်အိတ်လေးကို စလွယ်သိုင်းလို့ ခွေးကျောင်းထွက်ရပါတယ်။ လွယ်အိတ်ထဲမှာတော့ လိုသလို ပုံရိုက်ဖို့ ကင်မရာ၊ လက်အိတ်၊ ဦးထုပ်၊ ရှူဆေး၊ တစ်သျှူး၊ စိပ်ပုတီး၊ အိမ်သော့ ... စသဖြင့် စုံစီနဖာ တွေ့ကရာ အကုန်ထည့်ခဲ့တာပဲ။


အင်အင်း ညှစ်ထား၊ ခပ်များများပါ၊ မြက်ထဲမှာ ...

ဒီကောင်ကလဲ အတော်ခက်ပါတယ်။ မနက်တိုင်း တံခါးဖွင့်လိုက်တာနဲ့ အုံတပီးက အမြဲအသင့် ကြိုဆိုနေတော့တာ။ ဒုက္ခနဲ့ မေဓာဝီ အဲဒီမှာ စတွေ့တော့တာပဲ။ ခွေးနဲ့ ဆော့ဖို့လောက်ပဲ တွေးမိခဲ့ပြီး ခွေးအညစ်အကြေးကိစ္စ လားလားမျှ မစဉ်းစားခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ် တော်တော်ညံ့တာပဲလို့ အပြစ်တင်မိတယ်။ သူကလဲ အပြင်ထွက် ကျောင်းချိန်မှာ ရှူးပဲပေါက်တယ်၊ အဖိုးကြီးဆိုတော့ ကျမရှေ့ အီးပါရမှာ ရှက်လို့လားမသိဘူး။ ညလူခြေတိတ်မှ ထမင်းစားခန်းထဲ ကိစ္စပြီးထားလေရဲ့။ သူကိစ္စပြီးတာက ကျမအတွက် ကိစ္စများစေဖို့ ဆိုပါတော့။ လက်အိတ်စွပ်၊ မျက်နှာလွှဲပြီး ကျူံး၊ ပျို့တက်လာတဲ့ အန်ချင်စိတ်ကို ထိမ်းချုပ်ပြီး ကိုယ့်စိတ်ကို မနည်းဖြေရတယ်။ ကျမ ကြည့်ပေးရတဲ့ ၃-ပတ်လုံးလုံး အပြင်မှာ ပါတာဆိုလို့ တခါထဲရယ်။ ဒါနဲ့ပဲ ၀မ်းသာအားရ မှတ်တမ်းတင် ထားလိုက်တယ်။ (အထက်ပါ ပုံ)


အမြီးယမ်းယမ်း၊ ကြိုးတန်းလန်းနဲ့၊ လမ်းသလားခဲ့ကြသေးသည်။

တကယ်တော့ သူက ခွေးအဖိုးကြီးပါ။ အသက်က ဆယ့်လေး ငါးနှစ်လောက်ရှိပြီတဲ့။ မျက်စိက ခပ်မှုန်မှုန်၊ လမ်းသွားရင်နှေးတုံ့တုံ့။ ခွေးစာခြောက် အလုံးလေးတွေကိုတောင် သိပ်မ၀ါးနိုင်ဘူး၊ သွားလဲ သိပ်မကောင်းဘူး ထင်တယ်။ ကြက်သားပြုတ်ကျော်ကို သေးသေးလေးနွှင်ပြီး ထမင်းနဲ့နယ် ကျွေးရတယ်။ အသားဖတ်ကြီးသွားရင်လဲ အစာမကြေလို့ အန်တော်မူသေးတာ။ ကြက်သားကိုလဲ လူစားသလို ဂျင်း၊ ကြက်သွန်ဖြူနဲ့ ဆီနဲ့ပျားနဲ့ အသေအချာပြုတ်မှ သုံးဆောင်ရှာပါတယ်။ မေဓာဝီဘ၀ ခွေးအီးကျုံးလိုက် အန်ဖတ်ကျုံးလိုက် အသားနွှင်လိုက် ထမင်းခွံ့လိုက် ချော့ဟယ် မြှူဟယ် ဟောက်ဟယ် ချောက်ဟယ်နဲ့ သုံးပတ် လုံးလုံး စခန်းသွားရတာ ဖျားတဲ့အထိပဲ။ ဖျားလဲ မနားရပါဘူး။ ကိုယ်မသွားရင် သွားမယ့်သူမရှိတော့ ဖျားရက်နဲ့ပဲ သူ့ဆီ အခစားဝင်ရပါတယ်။ ဒါနဲ့ပဲ ၂ ခါပြန် ဖျားတယ်။ တခါတလေတော့လဲ သူများကို သနားလို့ ကူညီရတာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိခိုက်ပါလားလို့ သင်ခန်းစာ ရလိုက်မိတယ်။


ဝပ်ကျင်းထဲမှာ၊ ခွေကာအိပ်ပြီ၊ ကိုမာဖီ

မိသားစုကို တမျိုးပြီးတမျိုး မရိုးရအောင် လှည့်ပတ် ဂျီတိုက်တတ်တဲ့ ကျမ သူနဲ့မှ ၀ဋ်လည်ပါတော့တယ်။ အနားမှာ အသံပေါင်းစုံနဲ့ အော်ပြီး ကလေးတယောက်လို အမြဲဂျီတိုက်တယ်။ ဂျီတိုက်ရတာ မောရင် တခေါခေါဟောက်ပြီး ၀ပ်ကျင်းလေးထဲ ၀င်အိပ်တော့တာပဲ။ အမြင်ကပ်ဖို့ ဘယ်လောက်ကောင်းလဲ။ မအိပ်မချင်းကတော့ သူ့ဝပ်ကျင်းကို ကုတ်လိုက် ခြစ်လိုက် ထောင်လိုက် မှောက်လိုက်နဲ့ ဗြောင်းဆန်အောင် သောင်းကျန်းသေးတာ။ ကျမ အိမ်ပြန်မယ်ဆိုရင် သူအိပ်ပျော်သွားခါမှ အသာလေး တံခါးဖွင့်ပြီး တိတ်တိတ်အိမ်ပြန်ရတယ်။ ဒုက္ခပေးလို့ အမြင်ကပ်မိပေမဲ့ တကယ်တော့လဲ သနားစရာပါ။ သူတို့လို တိရစ္ဆာန်လေးတွေဆိုတာ လူပေးမှ ကျွေးမှ စားရသောက်ရတဲ့ ဘ၀ကိုး။


...

ဒီလိုနဲ့ ပြီးခဲ့တဲ့ ၁-ရက်နေ့က သုံးပတ် ပြည့်လို့ သူ့သခင်တွေ ပြန်လာပါပြီ။ ကျမလဲ ခွေးကျောင်းသူဘ၀က အငြိမ်းစားရပြီပေါ့။ သူ့ဆီမသွားရတော့ လွမ်းတော့ အလွမ်းသား။ လျှောက်နေကျ လမ်းကလေးရယ် ခွေးကျောင်းတဲ့ ကွင်းပြင်ကျယ်ကြီးရယ် သစ်ပင်အိုကြီးနဲ့ ငှက်ကလေးတွေရယ် ခပ်ဆိုးဆိုး ခွေးအိုလေး မာဖီရယ် ချမ်းချမ်းစီးစီး စိတ်ပျက်လက်ပျက် နေ့ရက်များကို နောင်အခါ ပြန်အမှတ်ရစေဖို့ ... ဒီပို့စ်လေး ရေးဖြစ်သွားပါတယ်။

***
မေဓာဝီ
၃၊ ၂၊ ၂၀၁၁
၁၀း၁၅ နာရီ

21 comments:

အဖြူရောင်နတ်သမီး said...

နတ်သမီးလည်း မနှစ်က မိတ်ဆွေတယောက်ရဲ့ခွေးလေးနဲ့ကစားချင်လို့ တရက် အိမ်ခေါ်ထားလိုက်တာ..။
အခန်းကကျဉ်းတော့ ကုတင်ပေါ်မှာသူ့ကိုတင်ထားလိုက်တာ ရှူးတွေပေါက်ချလို့ ....း(

pandora said...

ချစ်စရာ အပြစ်ကင်းတဲ့မျက်နှာနဲ့ ခွေးကလေး

မောင်မျိုး said...

ခွေးကလေး အိပ်နေတဲ့ပုံက ချစ်စရား)

စိတ်ပုတီး အမြဲဆောင်ထားတယ်ပေါ့လေ ဒါဆို အပျိုကြီြးုဖစ်မှာတော့ 90 ရာနှုန်းလောက် သေချာနေပြီး ဟိဟိ စတာနော် အစ်မ :P

Anonymous said...

မောင့်..ခွေးကျောင်းသူ စီးရီးးးးးထွက်လိုက်ပါဦး..ဟိ

ခွေးအဘိုးကြီးဆိုတော့...သိပ်မချစ်ချင်ဘူး..ဟိ..
ဒါမဲ့ ခွေပီးအိပ်နေတာလေးက ချစ်စရာ..


ညီမ

ဟန်ကြည် said...

အင်း ခေါင်းစဉ်ဖတ်ပြီးတော့ ဘာလိုလိုတွေးမိလိုက်သေးတယ်...ဒီကျောင်းကလည်း တစ်မျိုးပါလားလို့...ဒါပေမယ့် ဆက်ဖတ်မှပဲ သဘောပေါက်တော့တယ်...ခွေးကိုချစ်ပေမယ့် အော့အော့ကျုံးရတာကိုတော့ မအီမလည်းကြီးဗျာ...အပြင်ထွက်ရင် ကလေးတွေလို diaper လေးဝတ်ပေးပြီးမှထွက်ခိုင်းတာကောင်းမယ်နော

အင်္ဂါမောင် said...

ဘာကျောင်းကျောင်းပါလေ။ တစ်ခုခုကျောင်းနေဖို့က အရေးကြီးပါတယ်။ ဒါပေမဲ့ ဘ၀ဆို ခပ်ကောင်းကောင်းလေး ကျောင်းပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။

Anonymous said...

အငြိမ်းစား ခွေးကျောင်းသူကြီး မေ
သံယောဇဉ်က ဘာမှ မကောင်းဘူးဗျ
ခွေးသံယောဇဉ်ကလည်း အတော်မလွယ်ဘူးနော
ခွေးကျောင်းရင် လူဇာတ်လမ်းလေးရော မရှာခဲ့ဘူးလား?း)
ခင်မင်တဲ့
seesein

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟားဟား
ခွေးတစ်ကောင်နဲ့ ဒုက္ခရောက်နေတဲ့ မမေကို မြင်ယောင်ကြည့်လိုက်မိတယ်..
ခွေးကျောင်းထွက်တဲ့ နေရာလေးကတော့ နေချင့်စဖွယ်လေးပါနော်..
သာတောင့်သာယာဆိုတော့ စိတ်အေးလက်အေးလမ်းလျှောက်ဖို့ အတော်ကောင်းမဲ့ နေရာလေးဘဲ။
ဒါနဲ့ အဲဒီခွေးလေးကို အပိုင်လိုချင်စိတ်များ မဖြစ်မိဘူးလား ဟိဟိ

ကိုအောင်(ပျူနိုင်ငံ) said...

ကျနော်နေတဲ့ဖက်က ခွေးမွေးတဲ့ လူတချို့တော့
ခွေးကို အပြင်ထွက် ကျောင်းရင် အညစ်အကြေး
ကျုံးဖို့ ပလပ်စတစ်အိတ်တွေ မဆောင်ကြဘူး၊
မြက်ခင်းပြင်တွေကြား တခါတရံ လူသွားလမ်း
ပေါ်မှာ အညစ်အကြေးတွေ တွေ့ရတတ်တယ်။
ကျနော်တော့ တွေ့တာနဲ့ ပါးစပ်ထဲ ရှိသမျှ
မေတ္တာပို့ပါတယ် ... :P

ရွှေရတုမှတ်တမ်း said...

အူး....ဝူး....ဝူး.....ဝုတ်...ဝုတ်...ဝုတ်.....ဂိန်....

ဒီတခါ ကွန်မန့်ပေးရတာလွယ်လိုက်တာ..
ဒေါ်လေးမေ နားလည်အောင်ရေးရတာ၊ သူက ၃ ပတ် တောင်နေထားတာဆိုတော့ ခုလောက်ဆို တော်တော် ခွေးစကားနားလည်လောက်ပြီ

မျက်မှန်လေး said...

ဟဟ ..မေဓာဝီ ရေ...ကစ်ကစ်ပို့စ် ပါတစ်ခါတည်း ဖတ်လိုက်ပြီ။ ကိုယ် ကလေ အဲလိုရှီးဇူး မျိုးတို့၊ pekingese တို့လိုမျိုးဆိုရင် အရမ်းချစ်တာ...ကြောင်တော့ချစ်ဝူး။

မျက်မှန်လေး said...

မရေ... လင့်ခ်ယူသွားတယ်နော်

ကိုကိုမောင်(ပန်းရနံ့) said...

အော်.. သိသွားပြီ။ မေဓာဝီမှာ Classmate တစ်ယောက်ရှိတယ်ကြားထားတာ လက်စသတ်တော့ ဘကျောက်ဖြစ်နေတာကိုး။ သူတို့တတ်ထားတဲ့ဘာသာရပ်နဲ့ သူတို့တော့ ဟုတ်နေကျတာဘဲ။ ဟာ ဟ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

rose said...

မမေ ရေးထားတာလေးက ချစ်ဖို့ကောင်းလိုက်တာ။ ခွေးလေး မာဖီနဲ့ အလုပ်ရှုပ်နေတဲ့ မမေကို မျက်စိထဲ မြင်ယောင်ကြည့်ပြီး ပြုံးမိတယ်။ အရင် ရန်ကုန်မှာ နေတုန်းက တယ်လီယာ အမွှေးဖြူ စုတ်ဖွား ခွေးလေး တစ်ကောင် မွေးဖူးတယ်။ ရို့စ်က ကြောင်ပိုချစ်တယ်။ ကြောင်က ခွေးထက် ပိုသန့်သလားလို့။ ကြောင်လေးတွေက သူတို့ အညစ်အကြေး ကိစ္စ သူတို့ ဘာသာ ရှင်းနိုင်တယ်နော်။

သားသားသန့် said...

သားကိုမေ့နေပြီပေါ့..:(

သားသားသန့် said...

ခွေးကျောင်းပြီးတော့ခဏနားတဲ့ချိန်မှာသုံး
ခဲ့ရတဲ့ ကွန်ပျူတာလေးရယ်..
ပြောခဲ့ဖူးတဲ့လူတွေကိုရော လွမ်းနေမှာပေါ့နော်...

နေ၀သန် said...

နိုင်ငံခြားခွေးတွေ အမျိုးသန့်လို့သာပေါ့.... :P.. မဟုတ်ရင် ပါချင်ရာပါ.. ပေါက်ချင်ရာပေါက်ဆို.. ဘယ်လိုလုပ်မလဲမသိ... ဟီးဟီး...


ခင်မင်တဲ့
နေ၀သန်

မြစ်ကျိုးအင်း said...

သတိရနိင်တဲ့အထဲမှာ အုံတပီး မပါရင်တော့ တော်ပါသေးရဲ့။
ကျနော်တော့ တိရိစ္ဆာန်ဆို အဝေးကပဲ ချစ်တယ်။ ဒဏ်မခံနိင်ဘူး။

Anonymous said...

မာဖီရေ.. မင်းတော့ ကံကောင်းတာလား ကံဆိုးတာလား မသိဘူး.. ဘလောက်ဂါ မ-မေ လက်ထဲ ခဏ နေရသခိုက်မှာ .. မင်း အတင်းတွေ ဘလောက်ပေါ် လာပြေားနေတယ်ဟေ့... မင်းသိရင် ၀မ်းသာမလား မပျိုကြီး သူများအိအီးပါတာကို အတင်းချတယ်ဆိုပြီး.. ၀မ်းနည်း မလား မသိဘူး..ငါကတော့ မင်းအကြောင်းလေးတွေ ဖတ်ရတော့ ကစ်ကစ်ကိုလဲ သတိရမိပါတယ် မင်းကိုလဲ ကစ်ကစ် အလွမ်းပြေ ကျေးဇူးတင်ပါတယ်
(မောင်ကြီး)

ကလူသစ် said...

မှတ်ထားအုန်း။ အပြင်မှာ အီးအီးပါလဲ ကျူံးရတယ်ခင်ဗျ။ ဒီမှာပြောတာပါ။

kiki said...

ခွေးတော့ချစ်တယ် ...( ကြောင်ချီးက ပိုနံတယ် မလား ၊ ပျော့ပျော့လေးနဲ့ ဆိုပဲ .)
သူတို့ဆီမှာ ခွေးဖြစ်ရတာတောင် ခွေးအခွင့်အရေး အပြည့်အဝ ရကြတယ် နော် ...
မာဖီကြီး ကြည့်ရတာ ၁၄ ၊၁၅ နှစ်သားလို့ တောင် မထင်ရဘူး .. လှတုံး ပဲ ..

လူကျောင်းသူ ရော...လုပ်ပေးဖို့  အစီအစဉ် ရှိလား ဟင် ။း))