Thursday, February 17, 2011

တကိုယ်ထဲနွှဲတဲ့ တပို့တွဲ ထမနဲ

မနက်ဖြန်ဆို တပို့တွဲ လပြည့်နေ့ ... ။
ဒီလိုအချိန် မြန်မာပြည်မှာဆိုရင် ဟိုနေရာ ဒီနေရာ ထမနဲနံ့တွေ သင်းတပျံ့ပျံ့ ဖြစ်နေလောက်ပြီ။ စိတ်ကူးထဲ တွေးကြည့်ရုံနဲ့ ထမနဲအနံ့လေး ရလာသလို ခံစားရတယ်။ အိမ်မှာလဲ အမေ ထမနဲများ ထိုးနေလေမလား၊ အမေတို့ အဖေတို့နဲ့ စကားမပြောရတာ လေးငါးရက်လောက် ရှိသွားပြီ။ ဒီနေ့ အမေနဲ့ စကားပြောဖို့ ချိန်းထားတယ်။ အမေ့ကို ထမနဲထိုးနည်း မေးမယ်၊ အဖေ့ကိုတော့ သြ၀ါဒပါတိမောက်နဲ့ ပတ်သက်လို့ နည်းနည်းပါးပါး ဟောပြော သြ၀ါဒပေးဖို့ ပူဆာမယ်၊ တပို့တွဲလပြည့်ဆိုတာက သြ၀ါဒပါတိမောက် အခါတော်နေ့ပဲ မဟုတ်လား။

skype ထဲဝင်ပြီး ခဏစောင့်လိုက်တော့ အမေရောက်လာပါတယ်။ အမေက တွေ့တွေ့ချင်းပဲ ...
"သမီး ... နက်ဖြန် တပို့တွဲ လပြည့်နေ့နော်" ... လို့ သတိပေးတယ်။
"ဟုတ် ... သိတယ်အမေ ... အဲဒါကြောင့် အမေ့ကို ထမနဲထိုးနည်း မေးမလို့" ဆိုတော့ အမေက ဆက်တိုက်ပြောနေတာနဲ့ စာရွက်နဲ့ ဘောပန် ကမန်းကတန်းယူပြီး လိုက်ရေးမှတ်ရတယ်။ တခါတုန်းက အမေ့ထမနဲထိုးနည်း ဒီနေရာမှာ တင်ဖူးပါတယ်။ ဒါပေမဲ့ အမေပြောတာ ထပ်နားထောင်ပြီး မှတ်တယ်၊ သိချင်တာ ထပ်မေးတယ်။

"အိမ်မှာတော့ ခြောက်ထပ်ကြီးဘုန်းကြီးကျောင်းက ပို့ထားတဲ့ ထမနဲတွေ အများကြီးပဲ ... အန်တီထွေးတို့ကလဲ အုပ်နဲ့ တအုပ် လာပို့ထားသေးတယ်၊ များနေတော့ အိမ်မှာ မထိုးတော့ဘူးလားလို့ ... ဒါပေမဲ့ နှစ်တိုင်းထိုးနေကျမို့ ထိုးတော့ထိုးလိုက်ပါမယ်"

ခြောက်ထပ်ကြီးဘုန်းကြီးကျောင်းက နှစ်တိုင်း မိုးဗြဲဒယ်ကြီးတွေနဲ့ ဒယ်ပေါင်းများစွာ ထိုးတယ်၊ အိမ်ကလဲ ဘယ်နှစ်ဒယ်စာ လှူတယ်ဆိုပြီး နှစ်တိုင်းလှူတယ်၊ ထမနဲတွေ ထိုးပြီးရင်တော့ ဆရာတော်က နီးစပ်ရာ အလှူရှင်တွေဆီကို ကျောင်းသားလေးတွေ ကိုရင်လေးတွေကို အပို့ခိုင်းတယ်။ အရပ်ထဲကလူတွေ ဆွေမျိုးတွေ ထမနဲ ထိုးဖြစ်ကြရင်လဲ ကိုယ့်အိမ်နီးချင်း အမျိုးအဆွေတွေကို လိုက်ဝေငှပါတယ်။ အင်မတန် ချစ်ဖို့ကောင်းတဲ့ အလေ့အထပါပဲ။

"နည်းနည်းဖြစ်ဖြစ် ထိုးပေါ့ အမေရဲ့ ... အမေ့ထမနဲက သူများထမနဲနဲ့ တူမှ မတူတာ"

အဲဒီမှာကတော့ အသိုင်းနဲ့ အ၀ိုင်းနဲ့ ၀ိုင်းဝန်း လုပ်ကိုင်ပေးမယ့် လူတွေ တပုံကြီးဆိုတော့ အမေကိုယ်တိုင် ၀င်ထိုးဖို့တော့ မလိုပါဘူး၊ စီစဉ်ညွှန်ကြားရုံလောက်ပါပဲ။ ဒါပေမဲ့ အမေက သူကိုယ်တိုင် အပင်ပန်းခံပြီး လုပ်လေ့ရှိတယ်။ ကျမ ရန်ကုန်မှာရှိတုန်းက အမေထမနဲ ထိုးပြီဆိုရင် ၀ိုင်းကူလုပ်ပေး နှမ်းဖြူးပေးတာကလွဲလို့ အစအဆုံး တခါမှ မထိုးဖူးပါဘူး။ ခုတော့ ကိုယ်တိုင်ကိုယ်ကျထိုးတဲ့ ထမနဲကို ဘုရားကပ်ချင်စိတ်နဲ့ တကိုယ်ထဲ တပို့တွဲမှာ ထမနဲထိုးပါတော့မယ်။


အမေနဲ့ စကားစဖြတ် အွန်လိုင်းကထွက်ပြီး ထမနဲထိုးဖို့ စပြင်ရပါတယ်။ အမေပြောပြလို့ လိုက်ရေးထားတဲ့ အညွှန်းစာရွက်လေးကို ရေခဲသေတ္တာမှာ ကပ်၊ လိုအပ်တဲ့ ပစ္စည်းတွေ ထုတ်ပြီး အသင့်ပြင်တယ်။ ကောက်ညှင်းဆန်၊ မြေပဲ၊ နှမ်း၊ အုန်းသီးဆံ၊ အုန်းနို့၊ ချင်း (ဂျင်း)၊ ဆီ ... ရှိရင် ထမနဲ တဒယ် ဖြစ်ပြီတဲ့။ ခက်တာက အိမ်မှာရှိတဲ့ မြေပဲက လှော်ပြီးသား မဟုတ်ဘူး၊ မြေပဲ အစိမ်း။ ခုနက အမေ့ကိုမေးတော့ လှော်ပြီး အခွံချွတ် လေးစိတ်ကွဲဖြစ်အောင် ပုလင်းနဲ့ ကြိတ်လို့ ပြောတယ်။ အဲဒါက အတော်လက်ဝင်မယ့် ကိစ္စ၊ ဒါပေမဲ့ စိတ်အားထက်သန်နေတော့လဲ ဘယ်လောက် ကရိကထ များများ လုပ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။


ကောက်ညှင်း ၄-ခွက်ကို ရေဆေး၊ ဆားနဲ့ သကြားထည့်၊ ရေနဲ့ အုန်းနို့ နှစ်မျိုးပေါင်း ၄ ခွက် ဖြစ်အောင် ချင်ပြီး ထမင်းပေါင်းအိုးထဲထည့် တည်လိုက်တယ်။ တည်ထားတုန်း မြေပဲကို မီးအေးအေးနဲ့ လှော်ရတယ်၊ ဒါတောင် နည်းနည်းတူးသွားလို့ မြေပဲတချို့က ခပ်မဲမဲ၊ ကိစ္စတော့မရှိပါဘူး၊ ရောင်းမှာမှ မဟုတ်တာ၊ ကိုယ်ပဲ စားမှာဆိုတော့ မဲလဲ ကိုယ်ပဲ တူးလဲ ကိုယ်ပဲ၊ ဝေဖန်မယ့်လူ မရှိဘူး။ မြေပဲလှော်နေတုန်း ထမင်းအိုး ခလုတ် တက်သွားသံ ကြားလို့ သွားကြည့်တော့ ရေတွေမခန်းသေးဘဲ ခလုတ်ကြီးက တက်နေပြီ။ ဒါနဲ့ အဖုံးဖွင့် မွှေတော့ အောက်မှာ ကပ်နေတယ်။ ဒီက အုန်းနို့ဗူးက ခရင်မ်လို တအားပျစ်တော့ မြန်မာပြည်မှာ အုန်းသီး လတ်လတ်ဆတ်ဆတ်ကို ညှစ်ပြီး ထည့်ချက်တဲ့ အုန်းနို့လို အရည်သိပ် မရပါဘူး။ ရေနဲ့ ရောတာတောင် ထမင်းအိုးက နားမလည်ဘဲ အောက်ကကပ်ပြီး မီးခလုတ် တက်တက်သွားတာ။ ဒီလိုနဲ့ ကောက်ညှင်းအိုးကို အဖုံးဖွင့်လိုက် မွှေလိုက် နပ်မနပ် မြည်းလိုက် လုပ်ရင်း တဖက်မှာလဲ လှော်ပြီးသား မြေပဲကို အခွံချွတ်ရတယ်။


ပြီးတော့ ချင်းထိုးပြီး သွေ့အောင် ခဏထားတယ်။ မြေပဲတွေကို ပုလင်းနဲ့ လှိမ့်ပြီး လေးစိတ်ကွဲ ဖြစ်အောင် ကြိတ်၊ တချို့ကလဲ လေးစိတ်မကအောင် ကွဲ၊ တချို့ကတော့ တခြမ်းလောက်ပဲ ကွဲတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပါးစပ်ထဲရောက်ရင် အကုန်ကြေသွားမှာပဲ ကွဲချင်သလောက်သာ ကွဲဆိုပြီး မြေပဲကြိတ်ခြင်း ကိစ္စ ရပ်နားလိုက်တယ်။

အကြော်ဆံ ကြော်မယ်။
ဆီကျက်ရင် အုန်းသီးဆံထည့်ကြော်၊ မြေပဲကြိတ်ထားတာ ဆက်ထည့်၊ မြေပဲလေး အရောင်ပြောင်းလာမှ နှမ်းထည့်ပြီး ချက်ချင်း အိုးကိုချ။ နှမ်းထည့်တာ မနည်းရဘူးဆိုလို့ မနည်းအောင် ထည့်လိုက်တာ များသွားတယ်။ ဆီကလည်းများ နှမ်းကလည်းများ ... ဘာနဲ့တူမှန်းမသိတဲ့ အကြော်ဆံ။


ကဲ ထမနဲ စထိုးတော့မယ်။
ဒယ်အိုးထဲ ဆီထည့်၊ ဆီကျက်ရင် ချင်းထည့်၊ ချင်းတွေ အရောင်ပြောင်းပြီး မွှေးလာရင် ချက်ထားတဲ့ ကောက်ညှင်းကိုထည့်၊ အားရပါးရ မွှေ။


မွှေရင်းနဲ့ ကောက်ညှင်းတွေ နူးနူးနပ်နပ် ဖြစ်လာမှ မြေပဲကိုထည့်မွှေ၊ ပြီးတော့ နှမ်းထည့်မွှေ၊ မွှေ ... မွှေ ... မွှေ ... ဆက်တိုက် မွှေ၊ သဝေထိုး မ ၀ဆွဲ ဟထိုးမွှေ ... မွှေရလွန်းလို့ လက်မောင်းတွေ ညောင်း လက်အံတွေသေတဲ့ အထိ မွှေ ... ။ မွှေရင်းနဲ့ မွှေးလာတယ်၊ ချင်းနံ့ကလေး မြေပဲနံ့ကလေး သင်းလာတယ်၊ စိတ်ကူးထဲက ထမနဲအနံ့ တကယ် လက်တွေ့ရလာပါလား ... လို့ အနံ့တွေ ရှူလိုက် ဆားသကြား မြည်းလိုက် ပြန်မွှေလိုက်နဲ့ နောက်ဆုံးမှာတော့ အနံ့အရသာနဲ့ ပြည့်စုံတဲ့ ထမနဲလေး တဒယ် ဖြစ်လာပါတော့တယ်။

သြော် သူများတွေ တပို့တွဲလမှာ ထမနဲထိုးကြတယ်ဆိုတာ လူအင်အား စုံစုံညီညီ တက်ညီလက်ညီ ၀ိုင်းကြ ၀န်းကြ လုပ်ကိုင်ကြတဲ့ ပျော်စရာ ကြည်နူးစရာ စုပေါင်း ဆောင်ရွက်ကြတဲ့ ပွဲလေးပါ။ ကျမတကိုယ်ထဲနွှဲရတဲ့ ထမနဲထိုးပွဲကလေးကတော့ ခြေကုန်လက်ပမ်းကျပြီး ခြောက်သွေ့စွာနဲ့ပဲ ပြီးဆုံးသွားပါတယ်။ ပင်ပင်ပန်းပန်း ထမနဲ ထိုးအပြီးမှာ ကိုယ့်ကို ချီးမြှောက်ဖို့ ပစ္စေကဗုဒ္ဓါတွေ ဘာတွေများ ကြွလာလေမလားလို့ စိတ်ထဲ မျှော်လင့်တကြီး တွေးနေမိသေးတယ်။ ဘိလပ်မှာ ပစ္စေကဗုဒ္ဓါရှိဟန် မတူပါဘူး။ မွန်းလွဲ ၁၂ နာရီလဲ ကျော်နေပြီမို့ ရှိလဲ ဘယ်သူမှ ဆွမ်းလာခံတော့မယ် မထင်ပါဘူး။ နက်ဖြန်မနက် အရုဏ်တက်မှပဲ မြတ်စွာဘုရားကို ထမနဲဆွမ်း ကပ်လှူပြီး ကိုးပါးဥပုသ် သီလ ဆောက်တည်ပါမယ်။ ကိုယ်တိုင်ကိုယ်ကျ ပြုလုပ်ရတဲ့ ကောက်ဦး နှမ်းဦး ထမနဲ အလှူကြောင့် တရားဦး နာရပါစေ ... ဆုတောင်းရင် ကောင်းလေမလား ... စဉ်းစားနေမိပါတော့တယ်။

***
မေဓာဝီ
၁၇၊ ဖေဖော်ဝါရီ၊ ၂၀၁၁
၁၆း၁၅ နာရီ

တပို့တွဲလပြည့် ဆိုင်ရာပို့စ်များ
နာယူမိသော အဆုံးအမ (၂၀၀၈)
မေ့လျော့မိသော အဆုံးအမ (၂၀၀၇)
ပေါင်းစည်းညီညွတ်ခြင်းရဲ့ ရသ (၂၀၀၇)

23 comments:

ရဲထွန်းဇော် said...

ထမင်းနဲကစားချင်စရာ :P

Sint Si said...

I feel like trying to make it. I have never make it before though.Thank you for sharing!!

ကိုကိုမောင်(ပန်းရနံ့) said...

(မေဓာဝီ့ထမနဲဘွဲ့)

ရာဟုနံ ကိုင်လက်နဲ့
ငိုင်လျက်ပ ထိုးဆွလို့ကော်
အိုးက မတော်။

ထိုးမတတ်လို့ ဂျိုးကပ်နံပြီ
မိုးနတ်ထံတင်ဖို့ကွဲ့လေး။

ခြေမလှလို့ စေက* မလာသည်
မေဓာ့ထမနဲတဲ့လေး။

ဆရာလုပ်မိလို့ နှာမှုတ်နေသည်
စာအုပ်နည်းအတိုင်းတဲ့လေး။


အညွှန်း။
* ပစ္စေကဗုဒ္ဓ


ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

rose said...

အစ်မ မေဓာဝီက အဲ့ဒီလိုလေး ထမနဲ ထိုးနည်းကို သေချာ ပုံတွေနဲ့ ရှင်းပြထားတော့ ကောင်းလိုက်တာ။ ကျေးဇူးလည်း သိပ်တင်တာပဲ။ ရို့စ် တစ်ခါမှ ထမနဲ မထိုးဖူးဘူး။ အစ်မ နည်းလေးနဲ့ စမ်းလုပ်ကြည့်မယ်။

စူးနွယ်လေး said...

ထမနဲ လာမြည်းတယ်။
တခါက အဖွားလေ မြေးတွေကို ကောက်ညှင်းပေါင်းကျွေးတာ ပျော့ပြဲသွားလို့ ထမနဲဆက်ထိုးလိုက်တာ သတိရမိတယ်။

မိုးယံ said...

ကျုပ်တို့ရွာမှာက အမဲရောင်ပဲ မြင်ဖူးတာ အရီးလေးရဲ့ ဒါနဲ့ ဆွမ်းတော်တင်ပြီးရင် အနော်တို့အိမ်ကိုလဲ တစ်ပန်းကန်လောက်တော့ ၀ဲလိုက်ဦးနော့

ကိုအောင်(ပျူနိုင်ငံ) said...

ထမဲနဲပွဲတွေ မြိုင်ခဲ့တဲ့ ခေတ်တွေကို
သတိရတယ်၊ အခုတော့ မြိုင်နေပါသေးတယ်
ပိုက်ဆံပေါတဲ့ လူတွေပေါ့ ... :P

Anonymous said...

အမေတို့အိမ်မှာ နှစ်တိုင်းစတိအနေနဲ့ ထမနဲနည်းနည်း လုပ်ဖြစ်တယ် .. ကျမတော့ မကြိုက်ဘူး .. အမေတို့လုပ်တာတေ့နေကျဆိုတော့
မမေလုပ်ထားတဲ့ပုံတွေကြည့်ရတာ စနစ်ကျပြီး တော်တော်စားကောင်းမှာ ပုံကြည့်တာနဲ့သိနေတယ်

mie nge

ညီလင်းသစ် said...

မမေဓာဝီက သေသေချာချာ ပုံနဲ့တကွ ရှင်းပြထားလို့ ဘေးနားကနေ အစအဆုံး ကိုယ်တိုင် လိုက်ထိုးနေရ သလိုပဲ..၊ ဒယ်အိုးပုံလေး သုံးပုံ ဘေးချင်းယှက်လျက် အရောင်ပြောင်းလာတာ သဘောကျတယ်၊ နှာခေါင်းထဲ မှာ ထမနဲ နံ့တွေတောင် ရလာသလိုပဲ...၊

သားသားသန့် said...

တစ်ယောက်တည်းနွှဲနေတာလား...ဒါမျိုးဆိုမခေါ်
ဘူးနော်....နောင်မြေပဲမကြိတ်တတ်ရင်ခေါ်..ဟဲဟဲ..
ဝမ်းသာပါတယ်...ထမနဲထိုးပွဲအောင်
မြင်သွားလို့....

မောင်မျိုး said...

မနေ့ကပဲ ဟိုဘက်ကမ်းက ပို့လိုက်တဲ့ ထမနဲ တစ်အိုးင်္ကြီးရလိုက်တယ် စားကောင်းမှကောင်း အစ်မတော့ ကုသိုလ်တွေအများကြီးရသွားမှာပဲ ထမနဲက မထိုးတက်ရင် တော်တော်ကိုရုပ်ဆိုးတဲ့အမျိုးပဲလို့ကျနော်တော့ထင်တယ် ။

ကျောက်မနဲ said...

ဘကျောက်နည်းနဲ့တော့နဲနဲကွာတယ်..အညာကနှမ်းမနဲခေါ်ပြီး..အုန်းတို့ သုံလေ့သတိမရှိဘူး..ကောက်ညှင်းကို ပေါင်းအိုးနဲ့မချက်ပဲ ဒယ်ထဲမှာပဲ ကောက်ညှင်းကိုဆီသတ်..ဂျင်းရည်လေးတောက်တောက်ပြီး နှပ်သွားတာ..နှမ်းထောင်းများများနဲ့ ဒယ်အိုးကြီးဆိုရင်တော့ လှော်တက်..အိမ်စားဖို့ဆိုရင် ယောက်မ ၂ ချောင်းနဲ့ ကြိတ်ချေပေးရတာ..ဆန်စေ့မပေါ်အောင်ချေန်ုင်လေ စားကောင်းလေပဲ..ကောက်ညှင်းချေပြီးမှ မြေပဲဆန်.အုန်းဆံကျော်..ထည့်၊ ချိုးလေးကပ်ထား..ဆီတွေ အပေါ်ဝေ့တက်လာတော့ အုန်းသီးဆံလေးဖြူးလိုက်တာပဲ ..ဘကျောက်ကတော့ အုန်းသီးမကြိုက်တော့မထည့်ဘူး..သီဟိုဠ်စေ့တို့ဘာတို့တော့ ထည်းတတ်တယ်.. ထိုးတော့စားပြီးပြီ..ဆီများများမထည့်ရဲတော့..သိတ်တော့မကောင်းဘူး

crystal said...

အစ်မရေ တစ်ပန်းကန်လောက်ရှင် ညီမက ထမနဲသိပ်ကြိုက်တာ၊ စားချင်လိုက်တာနော် :)

နေ၀သန် said...

ငတ်နေတာကြာပြီကော.. အဲဒါတွေ.. :P.. ပုံကိုကြည့်ပြီး ဂလုဂလုနဲ့ နေသွားတယ်...


ခင်မင်တဲ့
နေ၀သန်

An Asian Tour Operator said...

သူမွှေ တာကို ဖတ် ပြီး ဘာမဆိုင် ညာမဆိုင် လက်ပါ ညောင်း သွားတယ်။ ထမနဲ ကတော့ မွှေနေကတည်း က ခဏခဏ မြည်းနေတော့ တကယ်တမ်းမှာ မစား နိုင်တော့ဘူး။

Anonymous said...

Share သွားပါတယ် သူငယ်ချင်းရေ Post လေးကြိုက်လို့ပါရှင် ။

သက်ဝေ said...

မေရယ်..
ရေးထားတာ ဖတ်ရတာ ချစ်စရာကောင်း၊ ချက်ပြတာ မြင်ရတာ စားချင်စရာကောင်းနဲ့... ရသတွေ စုံလိုက်တာ... ထမနဲ မကြိုက်တဲ့သူတောင် စားချင်သွားတယ်...။

ထမင်းအိုးက နားမလည်ဘူး ဆိုတဲ့နေရာမှာတော့ အသံထွက်အောင် ရယ်မိတယ်... ဟုတ်တယ်.. သူသိပ်ဆိုးတယ်နော်... ဟီဟိ

မြစ်ကျိုးအင်း said...

ဒီနေ့ဆို ကျနော်တို့ သန်လျင်မြို့မှာ ကျိုက်ခေါက်ဘုရားပွဲတော်ရဲ့ အစည်ကားဆုံးနေ့ပေါ့။
လမ်းတလျှောက်ဈေးတန်းတွေမှာ ထမနဲဒယ်တွေ တတန်းကြီးပဲ။ အိုးကြီးတွေနဲ့ ရောင်းကြတာလေ။ ဘုရားပွဲပါတ်ပြီး ပြန်လာရင် ထမနဲတထုပ်တော့ အိမ်ကို ဝယ်လာကြပြီး မနက်စာ လ္ဘက်ရည်နဲ့ စားကြတာ။
မမေရဲ့ ထမနဲ ကြည့်ပြီး ဘုရားပွဲကို တအားလွမ်းသွားမိတယ်။

SHWE ZIN U said...

မမေ ရေ

တကယ်သနားပါတယ် တယောက်ထဲ ကုသိုလ်တွေ အများကြီးရပါစေဗျာ မရွှေစင် ကတော့ ထမနဲ သိပ်မကြိုက်လို့ နဲနဲလေး မြည်းပြီးပြန်သွားပြီနော်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

သာဓု၊ သာဓု၊ သာဓုပါ မမေ....
ကျမကတော့ ထမနဲကြိုက်ပေမဲ့ ကိုယ်တိုင်လုပ်ရမှာ ပျင်းလို့ ၀ယ်စားတဲ့သူ... ဒီနေ့ မနက်ရော ညရော စားခဲ့တာ

မိုးစက်ပွင့်

သစ်နက်ဆူး said...

သာဓုခေါ်ပါတယ် ညီမမေ..
လက်ညောင်းရကျိုးနပ်ပါလိမ့် မယ်..။
ကြိုက်လဲကြိုက်တယ်..ပုံတွေ့ တာနဲ့ စားချင်စိတ်တွေ ပေါက်လာတယ်..။
နော်ဝေးကို လာလည်ပါ့လား...စား၇ိတ်ငြိမ်း
တာဝန်ယူမယ်လေ..
ညီမလာ၇င်သာ ဒယ်အိုး၇ယ်..မွှေတဲ့ယောင်းမရယ်
ဂက်စ်မီးဖိုရယ်သယ်လာပါ..။
ကောက်ညင်းဆန်များများဝယ်ထားမယ်.
မှတ်ချက်။ ။ ကိုယ့်လက်မောင်း ကိုယ်သယ်လာပါ..
ဝိုင်းမွှေပေး၇န်လက်မအားပါ..။ညောင်းလဲ ညောင်းတတ်သည်။

Anonymous said...

အမ အမထမနဲအိုးကို အိုးလိုက်မသွားတာပဲ..
တွေ့ခဲ့တယ်.အဲ့ဘလော့မှာ..ဟီးဟီး..


ညီမ

arrow arrow said...

ကိုယ်တိုင်ထမနဲထိုးစားတယ်