Tuesday, February 08, 2011

ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများ

မနေ့ကပို့စ်ရဲ့ ကွန်မန့်မှာ ကိုသစ်နက်ဆူးက ၀န်ကြီးပဒေသရာဇာရဲ့ ထန်းတက်သမားဖွဲ့ တျာချင်းရှိရင် တင်ပေးဖို့ တောင်းဆိုထားတာ တွေ့ရလို့ ကျမအတွက်တော့ ရေငတ်တုန်း ရေတွင်းထဲကျသလို ၀မ်းသာသွားမိတယ်။ ဘာကြောင့်လဲဆိုတော့ လွန်ခဲ့တဲ့ တနှစ်လောက်က ကျမဆီ အဖေပို့ပေးထားတဲ့ "မြန်မာကဗျာရွေးချယ်ချက်နဲ့ ရတုရွေးချယ်ချက်" ဆိုတဲ့ စာအုပ်ကလေးထဲမှာ အဲဒီကဗျာတွေ ရှိနေတဲ့အပြင် ကျမကလဲ ၀န်ကြီးပဒေသရာဇာ ရေးတဲ့ တျာချင်းတွေကို သိပ်ကြိုက်လို့ ဘယ်အချိန် ဘလော့မှာ တင်ရမလဲ ချောင်းနေတာပါ။ ဒါပေမဲ့ ဒီလို ရှေးကဗျာမျိုးတွေကို စိတ်ဝင်စားတဲ့သူကနည်းတော့ တင်ဖို့ နည်းနည်း လက်တွန့် နေမိတယ်။ ခုတော့ တောင်းဆိုသူ ရှိလာတာကြောင့် ဘယ်သူဖတ်ဖတ် မဖတ်ဖတ် ကိုသစ်နက်ဆူး တယောက်ဖတ်လဲ မနည်းပါဘူးလို့ စိတ်ထဲတွေးရင်း ဒီကဗျာတွေ တင်ဖို့ ဆုံးဖြတ်လိုက်တယ်။




မြင်တဲ့အတိုင်းပါပဲ၊ စာအုပ်ကလေးက ခြရဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ သနားစဖွယ် အလှကင်းမဲ့နေပါတယ်။ ဒါပေမဲ့ အထဲက ကဗျာတွေကတော့ ကျမအတွက် အလွန်အဖိုးတန်တဲ့ ကဗျာတွေပါပဲ။ သိပ်ကြိုက်လို့ ထပ်တလဲလဲ ဖတ်ဖြစ်တဲ့ စာအုပ်ကလေးပါ။ ဒီကဗျာတွေ တင်ချင်လွန်းလို့ ကိုသစ်နက်ဆူး တောင်းဆိုတဲ့ ထန်းတက်သမားဖွဲ့ တျာချင်းအပြင် ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ လယ်သမားဖွဲ့နဲ့ တခါမှ မသင်ခဲ့ဖူးတဲ့ ဆင်ဖမ်းသမားဖွဲ့ တျာချင်းတွေပါ ၀မ်းသာအားရ တင်လိုက်ပါတယ်။ ဆင်ဖမ်းသမားဖွဲ့ကလဲ ဖတ်ရတာ စိတ်ဝင်စားဖို့ သိပ်ကောင်းတဲ့ ကဗျာတပုဒ်ပါပဲ။ ၀န်ကြီးပဒေသရာဇာဟာ ဘုရင်ချီးမြှောက်ခြင်း ခံရသူတဦး ဖြစ်ပေမဲ့ သူ့ကဗျာတွေဟာ အခြေခံလူတန်းစားကို ကိုယ်စားပြု ရေးဖွဲ့ထားတာမို့ ဘုန်းတော်ဘွဲ့တွေ ဖတ်ရတာထက် ပိုပြီး နှစ်သက်မိတယ်။ တျာချင်း သုံးပုဒ်အပြင် ကဗျာစာအုပ်ရဲ့ ရှေ့ဆုံးမှာပါတဲ့ စာဆိုရှင်ရဲ့ အတ္ထုပ္ပတ္တိကိုလဲ bonus အဖြစ် ဖော်ပြလိုက်ပါတယ်။ တောင်းဆိုသူ ကိုသစ်နက်ဆူးနှင့်တကွ မြန်မာရှေးကဗျာတွေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားသူ အားလုံးအတွက်ပါ။

***

ဝန်ကြီးပဒေသရာဇာ အတ္ထုပ္ပတ္တိ

နွေဦးကာလ၊ မြူထသောခါ-ချီ ထန်းတက်သမားဖွဲ့ တျာချင်းရေးသူ ၀န်ကြီးပဒေသရာဇာမှာ ၁၀၃၄-ခုနှစ်တွင် နန်းတက်တော်မူသော အင်းဝဘုရင် အင်္ဂါမင်း လက်ထက် ရတနာပူရ အင်းဝမြို့၌ ဖွားမြင်၍ ၁၀၆၀-ပြည့်နှစ် နန်းတက်သော စနေမင်း လက်ထက်တွင် စုရေးစုကိုင် အဖြစ်ဖြင့်၎င်း၊ အိမ်ရှေ့အချီတော်သား အဖြစ်ဖြင့်၎င်း၊ ၁၀၇၆-ခုနှစ် နန်းတက်သော မှန်နန်းရှင်ခေါ် တနင်္ဂနွေမင်း လက်ထက်တွင် ဂေါပလာမှူး ရာထူးဖြင့်၎င်း၊ ၁၀၉၅-ခုနှစ် နန်းတက်သော ဟံသာဝတီရောက် မင်းတရားကြီး လက်ထက်တွင် အိမ်ရှေ့မင်း၏ အချီတော်အဖြစ်ဖြင့်၎င်း၊ ဘယကျော်သူဘွဲ့, မင်းရဲ မင်းလှကျော်ထင်ဘွဲ့ ပေး၍ အသည်ဝန်ကြီးရာထူးဖြင့် ချီးမြှင့်ခံရသည့်ပြင် ဇလွန်မြို့ကိုလည်း စားရသည်၊ ထို့နောက် နတ်သျှင်နောင်ဘွဲ့, ပဒေသရာဇာဘွဲ့, မြို့တွင်းရှင်ဘုရင်ဘွဲ့တို့ဖြင့် ချီးမြှင့်ခံရပြန်သောကြောင့် စာဆိုရှင်ကြီးကို ပဒေသရာဇာ-ဟု အများခေါ်ဝေါ် သမုတ်ခြင်း ဖြစ်သတည်း။

ဝန်ကြီးပဒေသရာဇာ၏ တျာချင်းများ
***
ထန်းတက်သမားဖွဲ့

နွေဦးကာလ၊ မြူထသောခါ။
ရင်းထောင် ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ကာ။
ထားနှီး ထက်စွာ၊ ခါးမှာချပ်လျက်၊
ထန်းပွင့် ထန်းခိုင်၊ ရွှန်းမြိုင်မြိုင်၊
ကလိုင်သာလွယ်လို့၊ တက်-သည်နှင့်လေး။ … ။

ထန်းပင် ထန်းလက်၊ ထန်းရွက်ကယ် ဝေေ၀။
စင်အောင် ခုတ်ထစ်၊ နုမြစ်ကယ် ထန်းဦးရေ။
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း။
သားမြေးဟစ်ကြော်၊ ခွေးဝက်ကယ်ခေါ်၊
ထန်းလျှော်သာ ယုန်ပိုက်စည်းငယ်နှင့်လေး။ … ။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြော်ငြာ။
ခွေးဟစ် လူဟစ်၊ ခတ်ပစ်ကယ် ခြောက်သောခါ။
ပတတ်ကယ် ယုန်, ခါ၊ တောမှာရှိကြ။
ငုံး, ကြက်ကယ် ဖွတ်, မြွေ၊ ၀ံပုလွေ၊
မနေ ထွက်လာကြ-သည်တည့်လေး။ … ။

ဝမ်းသာအားရ၊ မယားကတသွယ်။
ဟင်းရွက် ဆိုးကောင်း၊ သောင်းပြောင်း ရော၍လွယ်။
လင်က တသွယ်၊ ယုန်ငယ်က-စ။
တောသတ္တ၀ါ၊ တွေ့တိုင်းကိုသာ၊
အိတ်မှာသာ ယူ၍ချ-သည်နှင့်လေး။ … ။

သို့နှင့်ရောက်က၊ ခဏအောင့်လျှင်။
တံစို့ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်။
ဟင်းအိုးဆူလျှင်၊ အကင်ခတ်ပြီး။
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်၊
မိုးမျှော် ငရုတ်သီး-ငယ်နှင့်လေး။ … ။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ။
သမီးနှင့်သား၊ များလို့ မ၀င်သာ။
ဒူးတဖက်သာ၊ တွန်းကာဖယ်လျက်။
သူ့ထက်ငါလေ၊ စားတော့မည်ဝေ၊
စပေသာလှ အုန်းခွက်-ကယ်နှင့်လေး။ … ။

ငုံ့လျက် ကိုယ်စီသာ၊
ဆုပ်ကာလွေးတော့သည်။
ပြီးလျှင် ရေမရှာ၊
ခွေးသာကျွေးတော့သည်။ … ။
***

လယ်သမားဖွဲ့

သန်ကာလ၊ မိုးကျတည့်လျှင်။
ပျော်ပျော်ပါးပါး၊ မယားနှင့် ဆွေငယ်လင်။
လက်တွဲငယ် ခြေငင်၊ ကိုယ်တွင် အ၀တ်။
ပုဆိုးအင်္ကျီ၊ စုတ်ပြဲပြီ၊
ချည်နီဗောင်း တွတ်တွတ်-ကယ်နှင့်လေး။ … ။

မိုးရေစွတ်လို့၊ အ၀တ်ကယ်မပါ။
သားသမီးကို၊ ကိုယ်ထီးပွေ့လို့သာ။
ဆေးတံတထွာ၊ ကိုက်ကာထွန်ရင်း။
လယ်ကွက်တခွင်၊ ထွန်ရေးငင်၊
ရေ၀င် ပုစွန်တွင်း-ငယ်နှင့်လေး။ … ။

ဖားပေါင်စင်းငယ်၊ ခြင်းပလိုင်းဝယ်။
ခရု ပီလော၊ ရောနှော၍သာလွယ်။
ဟင်းရွက်ကယ် နုနယ်၊ တသွယ် ကန်စွန်း။
ဆူးပုပ်ကယ် ကင်းပုံ၊ အလုံးစုံ၊
ဖူးငုံသာ ရော၍ပြွမ်း-သည်နှင့်လေး။ … ။

ချိုလည်း ချိုလွန်း၊ ရည်ရွှန်းများစွာ၊
ကြံဟင်း ကြွက်နားပေါင်း၊ သောင်းပြောင်းရော၍သာ။
အိမ်သို့ရောက်ခါ၊ လျင်စွာ ချက်ပြုတ်။
ထမင်းကပူ၊ ဟင်းကပူ၊
ရှူရှူသာ ရှမ်းငရုတ်-ကယ်နှင့်လေး။ … ။

အလုပ်ကယ် ဧရာသာ၊
ငုံ့ကာလွေးတော့သည်။
သားမြေးငယ် မာချာ၊
ဘယ်ညာ ထွေးတော့သည်။

***

တောဆင်ဖမ်းဖွဲ့

(၁)
ဝသန်ကာလ၊ ၀ါလကျွတ်ခါ။
အောက်မားတို့တမ်း၊ ရွှင်ဝမ်း ဓမ္မတာ။
ဆင်ပေါင်းများစွာ၊ ညီညာ ဆော်နှိုး။
မှူးကဲစီမံ၊ ရိပ်ခြည်သံ၊
မြဲမြံရွှင်အား ကြိုး-ပါလို့လေး။ … ။

တိမ်ညင်ငယ်တင့်နိုး၊ ကျင့်ရိုးငယ် စုံစီ။
တရော် ကင်ပွန်း၊ ပျံ့မွှန်းမွှေးလှိုင်ညီ။
ဗြဟ္မာငယ် သံချီ၊ အောင်ပြီလေ ဆော်ကြွေး။
ကိုးတွင်း ကိုးကန်၊ ရေသန့်ပြွန်၊
မန္တန် မန်းမှုတ် ဆေး-ပါလို့လေး။ … ။

နတ်စာ ပြုရေး၊ သန္တေးငယ် ဂြိုဟ်စာ။
အုန်း ကြံ ငှက်ပျော၊ မုံ့ရော ပျားသကာ။
ကြက် ၀က်ကယ် ဟင်းလျာ၊ သေစာ ဖိုမ။
ပရမေ သူရိန်၊ နတ်ဥတိန်၊
တင်ချိန် ပူဇော် သ-ပါလို့လေး။ … ။

ကြပ်မကြီးသူ။
တောင်ဝင်စခန်း၊ ဆော်မြန်းနှုတ်သံကြူ၊
မြင်းတော်သည်လူ၊ အတူငယ်မခြား။
တသင်းစေ့ကာ၊ တယောက်ကယ်ပါ၊
မှန်စွာ အပ်ကာထား-ပါလို့လေး။ … ။

စုံပြားရဂုံတွင်၊
ဝင်ချိန်နီးတော့သည်။
ဆောင်ဆုမြွက်ကာပန်၊
အောင်သံခြီးတော့သည်။

(၂)
တောဝင်ပါမြဲ၊ ချွန်းစွဲငယ် ထား,လှံ။
ဘယားအိတ်ဗူး၊ မီးကူးမှို့ ဆေးတံ။
နှစ်ဦးငယ် တောယံ၊ စိတ်ကြံ ပယ်ခင်း။
ဟိုင်းဆင် တည်ဆင်၊ တွေ့ပြန်လျှင်၊
ရှောင်အင်လွတ်ရာ ကွင်းရလေး။ … ။

စွယ်မုန်ဟန်ခင်း၊ လျှံဝင်း မာတင်။
တွေ့လျှင် ဆွတ်မူး၊ ပျံ့ပျူးစိတ်ရွှင်။
မယားငယ် အိမ်ရှင်၊ ဆံပင်ဖားလျား။
မချအပ်စွာ၊ မင်္ဂလာ၊
ရှောင်ရာ လက်ထပ်များ-ကိုတည့်လေး။ … ။

ပုန်းရည်တောင်းစား၊ သွားလားအိမ်ရာ။
လော်လည်တခန်း၊ ကူးသန်းမကျင့်ရာ။
ဆွေရင်းငယ်သူငါ၊ ဘာသာလက်ဆွဲ။
ကျွမ်းဝင်ကျီစယ်၊ ပြုရာဘွယ်၊
ပစ်ပယ် ရှောင်ကြဉ်မြဲ-ကိုတည့်လေး။ … ။

ထား,လှံ ကိုင်စွဲ၊ ထီးလဲ ဆောင်းကာ။
မြင်း, ဆင် စီးနင်း၊ ရွာတွင်း မ၀င်ရာ။
မင်းစေ ငင်ကာ၊ ပူဆာလောင်ပြင်း။
ကြွေးမြီအပ်နှံ၊ မတောင်းခံ၊
ရှောင်ရန် အခင်း-ကိုတည့်လေး။ … ။

ကြောင်းချင်း သိသာအောင်၊
ပုံဆောင်ခင်းတော့သည်။
ဘေးပေါင်း အန္တရာယ်၊
ပယ်ရှောင် ကွင်းတော့သည်။

(၃)
ဆိုရာ ဆိုမျှ၊ ကြောင်းစကုန်စင်။
လင်္ကာတထူး၊ ပျံ့ပျူးဆွဲကာစင်။
မှူးကဲစီရင်၊ ရှောင်အင် ပြစ်ကင်း။
ကျားကိုက်ကယ်သာ၊ မစားရာ၊
ဆူးပါ ကင်ပိမ့်ဟင်း-ကိုတည့်လေး။ … ။

စုံခြေမြိုင်တွင်း၊ ကြိုင်သင်းဘွယ်သာ။
ထွက်ဝင်ရှာသွား၊ ညာဖျား တောကန္တာ။
ရှေ့သွားနောက်သာ၊ ခြေရာမှတ်ထား။
သစ်ခက်ကယ်ချဟန်၊ ပြမြဲမှန်၊
စိတ်သန်လွန်ကြိုးစား-သည်နှင့်လေး။ … ။

လှည့်ပတ်ကယ် သွားလား၊ တွေ့ညားသာကြည်။
မှုကဲထံရင်း၊ မကြွင်းပြန်ရာသည်။
မေးမြန်းဖွေနှည်၊ တည်တည်အောက်မား။
နံနက်ကယ် လင်းရောင်၊
သန်မိုက်ကယ်လှောင်၊
ချည်နှောင်တွဲခံ-ပါလို့လေး။

ဆင်စိမ်းပြောငြား၊ တောပြားစုံခွင်။
ပဟိုရ်သံ-မှီး၊ ရိုက်တီး သုံးချက်တွင်။
ရွာနီးငယ်တပြင်၊ တင်ရန် မုံ့ငါး။
ပွဲနှီး နတ်ရကာ၊ စုံစွာ ပေးရငြား-သည်နှင့်လေး။

မမှားပ-သကာ၊
ဣန္ဒာကိုးတော့သည်။
အောင်ဆု တိုင်လျှောက်ပုံ၊
ရှိစုံမိုးတော့သည်။
***


မှတ်ချက် ။ ... ။ မူရင်းစာအုပ်၏ သတ်ပုံ သတ်ညွှန်း ပုဒ်မ ပုဒ်ဖြတ်အတိုင်း ရိုက်ထားခြင်း ဖြစ်ပါသည်။

22 comments:

pandora said...

အချိုရှာသကာတွေ့ဆိုသလိုပါပဲလား

Anonymous said...

ကြီးမေ
ကျေးဇူး အရမ်းနှစ်သက်မြတ်နိုးတဲ့ကဗျာတွေဘဲဗျာ
ကျောင်းစာအနေနဲ့သင်ခဲ့ရတယ်ဆိုပေမယ့် စာလို့မထင်ခဲ့ပါဘူး။ တင်ပေးတဲ့ တကယ်ကို ကျေးဇူးပါ။

ခင်မင်တဲ့
seesein

ယောနက်သန် said...

တကူးတက တင်ပေးတာကျေးဇူးပါ။ နောက်လည်း အားပေးဖို့ စောင့်မျှော်နေပါကြောင်း....

Anonymous said...

Thank u" May"
I also love n still often recite these two Trachins(Htan thama n lel thama).I was born a little town on bank of Chindwin river that is famous for htanthee mot n htanyat.BTW i like SHIN NYEIN MAE's aichin too.If u also like n have them, share me pls.


Anyarthu Gyidaw

Anonymous said...

Thank U " May"
I also like first two Trachins.My native twon is famous for Htan thee mot n Htanyat.I haven't been there almost 20 years.BTW i like SHIN NYEIN MAE's Aichin too.If u like n have them,share me pls.


Anyarthu Gyidaw

ညီလင်းသစ် said...

ဝန်ကြီး ပဒေသရာဇာရဲ့ တျာချင်းတွေကိုတော့ ကြိုက်ပါတယ်၊ ထန်းတက်သမားဖွဲ့ကို ကျောင်းမှာ သင်ခဲ့ဖူးတယ်၊ လယ်သမားဖွဲ့ကတော့ အမေရွတ်ပြလို့ ခဏခဏ ကြားဖူးခဲ့တယ်၊

တစွန်းတစကနေ တစုတစည်းထဲ ဖြစ်သွားစေလို့ ကျေးဇူးတင်ပါတယ်ဗျာ..။

မိုးစက်ပွင့် said...

ဘုန်းတော်ဘွဲ့တွေ မရေးဘဲ အောက်ခြေလူတန်းစားဘ၀ကိုသာရေးဖွဲ့ခဲ့တဲ့ ၀န်ကြီး ပဒေသရာဇာကို လေးစားကြည်ညိုမိပါတယ်။ ပထမဆုံးအပုဒ်ကို ငယ်ငယ်က သင်ဖူးလို့ တပိုင်းတစမှတ်မိနေပေမဲ့ တောင်းဆိုတဲ့ ကိုသစ်နက်ဆူးရော၊ အပင်ပန်းခံပြီး ပြည့်ပြည့်စုံစုံ တင်ပေးတဲ့ မမေကိုရော ကျေးဇူးတင်ပါတယ်။

မေဓာဝီ said...

ဝန်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေကို နှစ်သက်ကြလို့ ၀မ်းသာပါတယ်ရှင်။ မှတ်ချက်လေးတွေ အားလုံးအတွက် ကျေးဇူးပါ။
အညာသူ ဂျီးဒေါ်တောင်းထားတဲ့ ရှင်ညိမ်းမယ် အိုင်ချင်းတပုဒ်လဲ တွေ့ထားပါတယ်။ အဆင်ပြေရင် တင်ပေးပါမယ်နော်။

မင်းထက် said...

အမလေးဗျာ၊ ၀န်ကြီးပဒေသရာဇာရဲ့ တျာချင်းတွေကို ကြိုက်တဲ့လူတွေ တယ်ပေါနေပါလား။ အဲဒီထဲ မင်းထက်လည်းပါတယ်ဗျို့။ မင်းထက်ပါတာက အကြောင်းရှိပါတယ်။ တောင်သမန်ရွာဖက်ရောက်တိုင်း မျိုခဲ့ဖူးတဲ့ ထန်းရေချိုမြမြလေးတွေနဲ့ မြီးစရာ ကြွက်ကောင်လုံးကြော်တွေကို သတိရမိလို့ပါဗျာ့။ ညီမလေးတစ်ယောက် လက်မညောင်းမချင်း ရှေးကဗျာတွေ အွန်လိုင်းအရောက် ပို့ဆောင်ပေးနိုင်ပါစေဗျား။

ဟန်ကြည် said...

ဝမ်းသာလိုက်တာ...တကယ်ပါ...၀န်ကြီးရဲ့ တျာချင်းတွေကို သဘောကျပေမယ့် နွေဦးကာလနဲ့၊ ၀သန်ကာလချီ တျာချင်းနှစ်ပုဒ်၊ လှေသမားဖွဲ့တစ်ပုဒ်ကိုပဲ ဖတ်ဖူးတာမို့ လိုက်ရှာနေမိတာ အခုမှပဲ ဆိုက်ဆိုက်မြိုက်မြိုက် လာတွေ့တော့တယ်...ကျန်တဲ့ရတုတွေကိုလည်း ဆက်တင်ပေးဖို့ အားနာနာနဲ့ request လုပ်ပါရစေ...

အင်္ဂါမောင် said...

အင်းဝဘုရင် အင်္ဂါမင်းလက်ထက်ဆိုတာကို အင်းဝဘုရင် အင်္ဂါမောင်လက်ထက်လို့ မျက်စိမှားပြီး ဖတ်လိုက်မိတယ်။ နာမည်တူလဲ ရှိတတ်ပါ့လို့ အောက်မိလိုက်သေး။

ကိုသစ်နက်ဆူးတစ်ယောက်ထဲ ရှေးကဗျာကို ကြိုက်တာ မဟုတ်ပါဘူး။ အင်္ဂါမောင်တို့လို ဟိုမရောက်ဒီမရောက်လူတွေလဲ ကြိုက်ပါ့။
2/08/2011 5:32 PM

သစ်နက်ဆူး said...

ညီမမေ..
ကျေးဇူးတင်လိုက်တာ..။
အလုပ်လုပ်နေရင်း တနေ့ လုံးစဉ်းစားနေတာ..ဦးကြော့
ရေးတာလားးး ၀န်ကြီးပဒေသရာဇာရေးတာလားပေါ့..
ဒါပေမယ့် ဦးကြော့က ဒီလိုမျိုးရေးတာ အမှတ်မထားမိဘူး..လို့ ..တော်ကြာ ခေါင်းစဉ်တခြား ရေးသူတခြားဖြစ်နေရင် ညီမတော့ ရွာလည်နေတာ့မှာဘဲ တွေးနေတာ..။
ဒီတျာချင်းသင်ရကတည်းက အရမ်းကြိုက်တာဗျ..။
ဘာလို့ လဲဆိုတော့ ကျနော့်သူငယ်ချင်းတယောက်က မြို့ မှာမနေကြဘူး..သူ့ မိဘတွေရော မိသားစုတွေပါ..
ထန်းတောမှာနေကြတယ်..လယ်စိုက်တယ်..ခွေးတွေနဲ့ ယုန်လိုက်ကြတာလေ..
သူတို့ ထန်းတောလေးရောက်ရင် တျာချင်းလေးကိုရွတ်ရင်းတမေ့တမောနေလိုက်တာ..။

အဲဒီမှာဘဲ..ထမင်းတွေဘာတွေတခါတလေစားတယ်..

ငုံ့လျက် ကိုယ်စီသာ၊
ဆုပ်ကာလွေးတော့သည်။
ပြီးလျှင် ရေမရှာ၊
ခွေးသာကျွေးတော့သည်။ … ။
ဆိုတာက..သူတို့ တွေထမင်းစားပြီးရင် ပန်းကန်မဆေးဘူး ..ခွေးကို ချကျွေးလိုက်တာ..
ခွေးကစားပြီး လျှာနဲ့ ရက်ထားလိုက်တာ ပြောင်စင်နေတာဘဲ...နောက်နေ့ စားရင် ထမင်းပန်းကန်ကို ရေဆေးစရာတောင် မလိုတော့ဘူး..အဆင်သင့်ထည့်စားယုံပါဘဲ..။
ကျနော်ကတော့ ရေနဲ့ ပန်းကန်ဆေးပြီးမှ စားခဲ့တာပါ..း)
ကျေးဇူးနော်..။
2/08/2011 8:00 PM

သစ်နက်ဆူး said...

ကိုအင်္ဂါမောင်ရေ..
ကျနော်တယောက်ထဲကြိုက်တယ်လို့ မဟုတ်ပါဘူးဗျာ...
ဒါပေမယ့် ကျနော့်လိုဘဲ ရှေးတျာချင်းတွေကြိုက်တယ်ဆိုလို့ 
အဖော်တယောက်ရလိုက်တာပေါ့...။
ကိုအင်္ဂါမောင်ပြောတယ်...
ဟိုမရောက်ဒီမရောက်တဲ့....။
လူတိုင်းဟာ ကိုယ်စီအစွမ်းနဲ့ သူနဲ့ ထိုက်တန်တဲ့ နေရာတခုစီတော့ ပိုင်ဆိုင်ကြတာပါဘဲဗျာ...။
တူတူတွေပါဘဲဗျာ...။
2/08/2011 8:05 PM

ShwunMi-ရွှန်းမီ said...

တန်ဖိုးရှိတဲ့စာအုပ်လေးပါ..
ငှားဖတ်လို့ရရင် သိပ်ကောင်းမှာပဲ..
ခုလို ရေးတင်ပေးတာလည်း အများကြီးကျေးဇူးတင်ပါတယ်။
2/08/2011 10:22 PM

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေရေ..
ပထမနှစ်ပုဒ်ကတော့ ငယ်ငယ်က သင်ဖူးလို့ သိတယ်..
ဆင်ဖမ်းတာတော့ ခုမှဖတ်ဖူးတော့တာပဲ..
2/08/2011 11:20 PM

sonata-cantata said...

မိဘတွေက မြစ်ဝကျွန်းပေါ်ကမို့ လယ်သမားဖွဲ့ စိတ်တွေ့ပါတယ်။ ငယ်ငယ်က ဖတ်ခဲ့ (သင်ခဲ့ရတယ် လို့ ထင်ပါတယ်။) တုန်းကလည်း မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ခဲ့ရပုံတွေကိုပါ ပြန်အမှတ်ရစေပါတယ်။

ကျေးဇူးပါ မမေနဲ့ ကိုဆူးရေ

မသီတာ
2/09/2011 7:58 AM

ကိုကိုမောင်(ပန်းရနံ့) said...

ကိုကိုမောင်(ပန်းရနံ့) said...
ကြိုက်တယ်။ ကြိုက်တယ်။ အားလုံးကြိုက်တယ်။ အသစ်တွေ ဘယ်လိုပြောင်းပြောင်း အဟောင်းကိုတော့ တလယ်လယ်လေ။ ပြောရရင်တော့ ဟောင်းလေ ကောင်းလေပါဘဲ။းဝ)

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
2/09/2011 10:09 AM

မောင်မျိုး said...

ရှေးကဗျာတွေကို ရွတ်လို့ လိုက်ဆိုကြည့်လို့တော့ တော်တော်ကောင်းတယ်နော့် အစ်မ ။
2/09/2011 4:23 PM

ကိုအောင်(ပျူနိုင်ငံ) said...

သမိုင်းထဲက ၀န်ကြီးတွေနဲ့ ဒီခေတ် ၀န်ကြီးတွေ
ကွာတယ်နော် ...

အိမ့်ချမ်းမြေ့ said...

ဒါတော့ မလေး ပရင့်ထုတ်ထားလိုက်ပါပြီ။

lwannaung said...

ချဉ်ပေါင်ရွက်နဲ့ ထမင်းဝိုင်းအကြောင်းရေးထားတဲ့ ကဗျာလေးရှိရင်တင်ပေးပါလားအစ်မ။ ရေးသူကတော့ ဦးကြီးထင်တယ်။တစ်ခါပဲ ဖတ်ဖူးတာ။ ပြန်ရှာတာဘယ်လိုမှမတွေ့လို့...။

တျာချင်းတွေ သဘောကျတယ်ဗျာ။

Tint Swe said...

ကျေးဇူတင်ပါတယ်ဗျာ။