Monday, September 25, 2006

ဝမ်းနည်းကြေကွဲခြင်း နှင့် အမှတ်တရ ဆရာမ

ဒီနေ့သတင်းစာဖတ်တော့ နာရေးကြော်ငြာမှာ အထက ၂ လသာ က ဆရာမ ဒေါ်တင်တင်အုန်း (အသက် ၅၉ နှစ်) ကွယ်လွန်တဲ့ သတင်းကိုဖတ်လိုက်ရပါတယ်။
ကျမ ၅ တန်းတုန်းက ဆရာမဟာ ၅ တန်းအတန်းမှူးပါ။ ဆရာမ အတန်းမှာ မနေဖူးပေမဲ့ ဆရာမနဲ့ ပတ်သက်မှု တခု ရှိခဲ့ဖူးပါတယ်။ မကြာသေးခင် ရက်ပိုင်းကတောင် အမေ့ကို အဲဒီအကြောင်း ပြောပြခဲ့သေးတယ်။ အခု ဆရာမ ကွယ်လွန်သွားပြီဆိုတော့ စိတ်မကောင်းဖြစ်မိပါတယ်။
အထက ၂ လသာ မှာ သူငယ်တန်းထဲက တက်ခဲ့ပါတယ်။ ၅ တန်းရောက်တော့ (စီ) တန်း မှာနေရတယ်။ အတန်းပိုင်က ဒေါ်ခင်အေးချိုပါ။ ကျမက အတန်းပိုင်ဆရာမရဲ့ တူမနဲ့ တူတူထိုင်ရပါတယ်။ ဆရာမ တူမက အဲဒီနှစ်ကမှ ကျောင်းကို ပြောင်းလာတဲ့ ကျောင်းသူသစ် တယောက်ပေါ့။ ကျောင်းသူတိုင်းဟာ အတန်းပိုင်ကို ကိုယ့်မိခင်တယောက်လိုပဲ ချစ်ခင် လေးစားကြပါတယ်။ roll တခု မှာ ၃ ယောက် ထိုင်ရတော့ ကျမရယ် တရုတ်မလေးတယောက်ရယ် ဆရာမ တူမရယ် တူတူထိုင်ကြတယ်။
တနေ့တော့ သူတို့နှစ်ယောက် (ဘာကြောင့်လဲ မမှတ်မိတော့ပါ) စကားများကြပါတယ်။ ကျမက တရုတ်မလေး ဘက်က ပါပါတယ်။ ဒီလိုနဲ့ စိတ်ဆိုး စိတ်ကောက်ပြီး ဆရာမ တူမကို ကျမတို့ ၂ယောက်က မခေါ်ကြတော့ဘူး။
အဲဒါကို သူက အတန်းပိုင် ဆရာမ (သူ့အဒေါ်) ကိုတိုင်တော့ ဆရာမက ကျမတို့ကို ဆူပါလေရော။ ကျောင်းသူအသစ်ကို အနိုင်ကျင့်တယ်ပေါ့။ ဆူတဲ့အပြင် အတန်းထဲက ထွက်ခိုင်းပြီး (A ကနေ J ) ထိ ကြိုက်တဲ့အတန်းကို ပြောင်း လို့ ပြောတယ်။ သူထွက်ခိုင်းလို့ ကျမ တို့ ၂ယောက်လဲ အတန်းပြင်မှာ လွယ်အိတ်တွေ ခြင်းတောင်းတွေနဲ့ မတ်တပ်လေးရပ်နေကြရပါတယ်။
တကယ်ဆို ကျောင်းသူချင်းချင်း စိတ်အခန့်မသင့်လို့ စကားများတဲ့ ကိစ္စမှာ အဲလောက်ထိ အပြစ်မပေးသင့်ဘူး လို့ ကျမထင်မိတယ်။ ကျမ သူငယ်ချင်း တရုတ်မလေးကတော့ အတန်းပိုင်ဆရာမကို ငိုယိုတောင်းပန်တဲ့အတွက် အတန်းထဲ ပြန်ဝင်ခွင့်ရခဲ့ပေမဲ့ ကျမကတော့ ကိုယ့်အမှားမဟုတ်လို့ ငိုလဲ မငိုဘူး တောင်းလဲ မတောင်းပန်ခဲ့ပါဘူး။ အတန်းပြင်မှာ ကျမတယောက်ထဲပေါ့။
အတန်းပိုင်ဆရာမက ကျမကို ‘တော်တော်ခေါင်းမာတဲ့ ကောင်မလေး’ လို့ မှတ်ချက်ချပြီး အခန်းတံခါးကို ပိတ်သွားပါတယ်။
အဲဒီအချိန်မှာ ဒေါ်တင်တင်အုန်း ရောက်လာပါတယ်။ သူက A တန်း ရဲ့ အတန်းပိုင်၊ ၅ တန်း အတန်းမှူးပါ။ သူက သြဇာ အာဏာ တော်တော်ရှိပါတယ်။ အတန်းပြင်မှာ တယောက်ထဲ ရပ်နေတဲ့ ကျမကို အကျိုးအကြောင်း မေးပါတယ်။ ကျမကလဲ အဖြစ်မှန်ကိုပြောပြပါတယ်။
ဒေါ်တင်တင်အုန်းက ကျမတို့ အတန်းရဲ့ တံခါးကိုဖွင့်ပြီး အတန်းပိုင်ဆရာမကို .. အဲဒီလို မလုပ်သင့်ကြောင်း နောက်တခါ ဖြစ်ရင် ကျမကို သူတာဝန်ယူမယ်ဆိုတဲ့အကြောင်း စသဖြင့် ပြေရာပြေကြောင်းပြောပါတယ်။ ဒီတော့မှ အတန်းပိုင်ဆရာမက ကျမကို စာသင်ခန်းထဲ ပြန်ဝင်ခွင့်ပေးပါတယ်။
မ၀င်ခင်မှာ ‘နောက်ရန်ဖြစ်ဦးမလား’ လို့ မေးလိုက်သေးတယ်။ ကျမလဲ အောင့်သက်သက်နဲ့ ‘မဖြစ်တော့ပါဘူး’ လို့ ပြောခဲ့လိုက်ရတယ်။
တကယ်လို့ ကျမတို့နဲ့ စကားများတဲ့ ကျောင်းသူဟာ သူ့တူမ မဟုတ်ဘဲ တခြားတယောက်ဆိုရင် သူ ဒီလို လုပ်မလား မလုပ်မလား .. မသိပါဘူး။
အဲဒီနောက်ပိုင်း အတန်းပိုင်ဆရာမကို မကြည်ညိုတော့ဘူး မလေးစားတော့ဘူး။ ကျမကို အာမခံပေးတဲ့ ဒေါ်တင်တင်အုန်းကိုတော့ ကျေးဇူးတင်မိတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အဖြစ်အပျက်ပေမဲ့ .. ဆရာမတွေနဲ့ ပတ်သက်ရင် ကျမ စိတ်ထဲ နာ နေတာလေးတွေကို ဘယ်တော့မှ မမေ့ပါဘူး။ အထူးသဖြင့် လသာ ၂ က ဆရာမတွေပါ။
အခု ဆရာမ ဒေါ်တင်တင်အုန်း ကွယ်လွန်တာနဲ့ တိုက်ဆိုင်ပြီး ဒီအဖြစ်အပျက်ကို ပြန်အမှတ်ရမိလို့ ရေးလိုက်တာပါ။ ဆရာမ .. ကောင်းရာသုဂတိ ရောက်ပါစေ .. ။

6 comments:

မေဓာဝီ said...

thanks for ur comment.

Nu Thwe said...

မမေဒါဝီ ပြောတဲ့ ဆရာမ နှစ်ယောက်စလုံးကို သိပါတယ်။ သင်တော့ မသင်ဖူးပါ။
ဆရာမ ဒေါ်တင်တင်အုန်း ဆုံးသွားပြီလား။ စိတ်မကောင်းလိုက်တာ။ ၅၉ နှစ်ဆိုတာ ငယ်ငယ်လေး ရှိသေးတယ်။ ခပ်ချောချော ပိန်ပိန်ပါးပါးနဲ့ သွက်လက်တာ မှတ်မိတယ်။
ဘက်လိုက်တာဟာ မကောင်းပေမယ့် ပေါ်ပေါ်ထင်ထင် လုပ်နေကြတဲ့လူတွေ အများကြီးပဲ။ ဒါဟာ မတရားဘူး ဆိုတာကို သိတောင်မှ သိရဲ့လား ထင်ရလောက်အောင် အကျင့်ပါနေကြတယ်။ ဆရာမက လုပ်တော့ ပိုဆိုးတာပေါ့။ Professioanalism ပျောက်သွားတယ်။ အစကတည်းက သူ့တူမကို သူ့အတန်းထဲမှာ မထားသင့်ဘူး။ အဲဒီကစပြီး မှားတယ်လို့ မြင်တယ်။

rita said...

ohhh,, i see, ma maydar,, u r from Latha( 2 ) too...

yangonthar said...

ကျောင်းတော်က ဇာတ်လမ်းတွေ အထူး သဖြင့် ဆရာတွေနဲ့ ပတ်သက်တဲ့ အဖြစ်အပျက် ခံစား ချက်တွေ ကျွန်တော့်မှာလည်း ဒုနဲ့ ဒေးပါပဲ အစ်မမေရေ .... ဟိုတလောက အသက်ရွယ်သေးတဲ့ ဆရာမတစ်ယောက် လည် ချောင်း ကင်ဆာနဲ့ ဆုံးသွားတယ် ကျွန်တော်တို့  ကို PT သင်ပေးတဲ့ ဆရာမကတော့ အစာအိမ် ကင်ဆာနဲ့ ဆုံးသွားတယ် .... ကြားရတာ စိတ် မကောင်းဘူး အစ်မရာ .... ဆရာတွေ အသက် ရှည်စေ့ချင်တယ် သူတို့ တပည့်ငယ်တွေရဲ့ 
အောင်မြင်မှုတွေကို ကြည့်ရင်း ပီတိတွေ ရှည်ကြာစေ့ချင်တယ်ဗျာ
ဆရာတစ်ယောက်က တပည့်ငယ်ငယ် လေး တစ်ယောက်ကို မုန်းပြီး စကားမပြော တာ မျိုး ကိုယ်တိုင် ကြုံတွေခံစားဖူးပါရဲ့  .... ကျွန်တော် ကြောက်နေတယ် အစ်မရယ် ဆရာ ဂိုဏ်းတွေများ သင့်နေပြီလားလို့  .... အဲဒီအချိန်က ကျွန်တော်မှားခဲ့ကောင်းမှားခဲ့မယ် ထင်လို့ ပါ တချို့ သောဆရာတွေရဲ့ ကျောသားရင်သား ခွဲခြားတာတွေကိုလည်း ကြားခဲ့ မြင်ခဲ့ ခံစား ခဲ့ ရဖူးပါတယ်......
ဘဝထဲက အပိုင်းအစငယ်ငယ်လေးတွေပေါ့ လေ ......
အဆင်ပြေပါစေ အစ်မမေရေ ....
ရန်ကုန်သား :)))

Anonymous said...

သမီးက လသာနှစ်မှာကျောင်းတတ်ခဲ့တာပါ.. ၇ တန်းတုန်းကထွက်ပြီးနိုင်ငံခြားမှာ ပညာသွားသင်ခဲ့ပါတယ် ...။ တီချယ်ဒေါ်တင်တင်အုန်း အကြောင်းကိုကြားတုန်းက တော်တော်စိတ်မကောင်းဖြစ်မိပါတယ် .. သမီးတို့နှစ်တုန်းကလည်း တီချယ်က ၅တန်းအတန်းမှူးပါပဲ ... တီချယ်ဆုံးသွားတာကြာပေမယ့် သမီးအမြဲသတိယနေတုန်းပါ...

သူကြီးမင်း (တုံးဖလား) said...

အင်းးးး...
ငယ်ငယ်တုန်းက တော်တော်ခေါင်းမာခဲ့ပုံဘဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)