Sunday, September 24, 2006

essay 3

ကျွန်တော့်မှာ
***
ကျွန်တော့်မှာ လုံခြုံသော ပိုက်ဆံအိတ် တစ်လုံး မရှိပါ။
သို့သော် ကျွန်တော့်မှာ ပိုက်ဆံ အနည်းငယ်တော့ ရှိနေပါသည်။ ထို ပိုက်ဆံအနည်းငယ်ကို ထည့်ရန်အတွက် လုံခြုံစိတ်ချရသော ပိုက်ဆံအိတ် တစ်လုံးရှိရန် လိုအပ်သည်ဟု ဘယ်တုန်းကမှ ကျွန်တော်မထင်ခဲ့ဖူးပါ။ ဘာကြောင့်ဆို ကျွန်တော်သည် အိပ်ကပ်ပါသော အင်္ကျီများကိုသာ စွဲစွဲမြဲမြဲဝတ်တတ်သောကြောင့်ဖြစ်၏။ ကျွန်တော်၏ အနည်းငယ်မျှသော ငွေစက္ကူတွေသည် ရှပ်အင်္ကျီအိတ်ကပ်ထဲတွင်ထည့်ရန် အသင့်တော်ဆုံးဖြစ်သည်ဟု ကျွန်တော်ယခုတိုင် ယူဆနေဆဲပင်။
***
ကျွန်တော်၏အိတ်ကပ်ထဲတွင် ငွေစက္ကူအနည်းငယ်အပြင် အခြားသောအရာဝတ္ထုအချို့လည်း ရှိနေပါသည်။
ထိုအရာများကား ...
(၁) ကျွန်တော်၏ မှတ်ပုံတင်ကဒ်ပြား
ကျွန်တော်ဟာ ဘယ်သူဘယ်ဝါဖြစ်သည်ဆိုတာ ဖော်ပြဖို့ (သက်သေပြဖို့) ဤ ကဒ်ပြားက အသုံးဝင်ပါသည်။ တစ်ခါတစ်ရံ ဘ၀တွင် လူတွေထက် ကဒ်ပြားတွေက ပိုပြီးအရေးကြီးတတ်သည်မှာ ကျွန်တော့် ကိုယ်တွေ့ပင်ဖြစ်သည်။ ကျွန်တော် ဘယ်သူပါ လို့ ကျွန်တော့်ပါးစပ်က ဘယ်လောက်ပဲ ပြောနေနေ လူတွေက ယုံချင်မှ ယုံကြမည်။ ဒီကဒ်ပြားလေး ပြလိုက်ရင်တော့ စကားတွေ ရှည်ရှည်ပြောရန်ပင်မလို၊ သြော် ... မင်းက ဘယ်သူကိုး၊ လိပ်စာက ဘယ်မှာ၊ အသက်က ဘယ်လောက်၊ သွေးအုပ်စုက ဘာ၊ စသဖြင့် သိသွားကြမည်ဖြစ်သည်။
ကျွန်တော့်တွင် ကိုယ်ပိုင်အိမ်တစ်လုံး ရှိမနေပါ။ သို့သော် မည်သည့်နေရာဒေသတွင်မဆို ခိုနားနေရန် အဆင်ပြေစေ ဖို့အတွက် လိုအပ်သည့် မှတ်ပုံတင်ကဒ်ပြားတစ်ခုကိုတော့ ကျွန်တော် ကိုင်ဆောင်ထားရပါသည်။ တစ်ခါတစ်လေတော့ ကျွန်တော့်ကိုယ်ကျွန်တော် ပြန်သတိရစေဖို့ သူ့ကို ထုတ်ထုတ်ကြည့်မိ၏။
***
(၂) တစ်ခါသုံးဘောပင် (မင်ပြာ) တစ်ချောင်း
တစ်ခါတစ်ရံ ကျွန်တော်စာရေးဖြစ်ပါသည်။ စာရေးသည့်အခါ အပြာရောင်မင်ထွက်သည့် မည်သည့် ဘောပင်အမျိုးအစားကိုမဆို ကျွန်တော်အသုံးပြုပါသည်။ အနက်ရောင်ကို ကျွန်တော် ကြိုက်နှစ်သက်သော်လည်း မင်အနက်ကို ဘာကြောင့်အသုံးမပြုရသလဲဆိုလျှင် စိတ်မချရသောကြောင့်ဖြစ်သည်။ မင်အနက်ဖြင့်ရေးသော စာတစ်ချို့မှာ ဆင်တူရိုးမှား ပုံတူပွားထားသော စာများနှင့် တူနေသောကြောင့်ပင်။ ထိုမင်ပြာဘောပင်လေးများကို မင်လုံးဝကုန်ဆုံးသွားသည်အထိ အသုံးပြုရသည်မှာ အလွန်ရှားပါသည်။ ပျောက်ဆုံးသွား၍ဖြစ်စေ ပျက်စီးသွား၍ ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ထိုဘောပင်လေးများကို သက်တမ်းကုန်ဆုံးချိန်အထိ အသုံးပြုခွင့်မရခဲ့။ ကံကောင်းထောက်မ၍ မင်ကုန်သည်အထိ အသုံးပြုခွင့်ရသည့် ဘောပင်ကလေးများကိုတော့ တစ်ခါတစ်ရံ ကြုံခဲ့ရဖူး၏။ ကြုံတောင့်ကြုံခဲပင်။
***
(၃) ပရုပ်ဆီဗူးဝိုင်းလေးတစ်ခု
ပတ်ဝန်းကျင်၏ ရိုက်ခတ်လာသော ဆိုးဝါးသည့်အနံ့အသက်များမှ တဒင်္ဂထွက်ပေါက်ရရန် အလို့ငှာ ထိုအရာလေးကို ကျွန်တော့်အိတ်ကပ်ထဲတွင် ဆောင်ထားခြင်းဖြစ်သည်။
ကျွန်တော်တို့သည် မမြင်ချင်လျှင် မျက်နှာလွှဲပစ်လို့ရသည်။ သို့မဟုတ် မျက်စိမှိတ်လိုက်လို့ ရသည်။ မကြားချင်လျှင် နားပိတ်ထားလို့ရသည်။ မနံချင်လျှင်ရော ... ဘယ်လိုလုပ်ကြရမလဲ၊ နှာခေါင်းပိတ်ထားရုံပေါ့ ဟု ပြော၍ရပါသည်။ သို့သော် သင်၏နှာခေါင်းကို ဘယ်လောက် ကြာကြာ ပိတ်ထားနိုင်မှာလဲ။ ကျွန်တော်တို့သည် ဒီနှာခေါင်းဖြင့်သာ အသက်ရှူနေကြရသည် မဟုတ်ပါလော။ နှာခေါင်းကို ကြာကြာပိတ်ထားလျှင် အသက်ရှူကျပ်လာမည်။ အသက်ရှူချင်လာမည်။ အားပါးတရ ပြန်လည်ရှူရှိုက်မိမည်။ ထိုအခါ ကျွန်တော်တို့ မရှူလိုသည့် အနံ့အသက်ဆိုးက နှာခေါင်းမှတစ်ဆင့် အဆုတ်ထဲသို့ အလုံးအရင်းဖြင့် ၀င်ရောက်လာကြပေလိမ့် မည်။ ဖြတ်သွားဖြတ်လာ ကြုံဆုံရမည့် အနံ့အသက်ဆိုးကိုတော့ ခဏတဖြုတ် အသက်အောင့် နှာခေါင်းပိတ်ရုံဖြင့် အဆင်ပြေမည်ဖြစ်သော်လည်း မရှောင်သာ မလွှဲသာ (ဥပမာ ဘတ်စ်ကားပေါ်မှာ လိုမျိုး) ကြုံရပြီဟေ့ ဆိုလျှင်တော့ ကျွန်တော်က ဒီပရုတ်ဆီဗူးဝိုင်းလေးကိုသာ အသုံးပြုလေ့ ရှိပါသည်။ အနံ့ဆိုးမှ လုံးဝကင်းသွားသည်မဟုတ်သော်ငြား အနည်းငယ် သက်သာ မှုကို ပေးတတ်သောကြောင့် ကျွန်တော့်အိပ်ကပ်ထဲတွင် သူ့ကို ဆောင်ထားခြင်းဖြစ်၏။ တစ်ခါတစ်ရံ လောကကြီးကြောင့် ခေါင်းကိုက်ရသည့်အခါ ကျွန်တော် သူ့ကို လိမ်းပစ်လိုက် သည်။
***
(၄) လိုင်စင်
ကျွန်တော့်မှာ ကိုယ်ပိုင်ကား တစ်စီးမှ မရှိပါ။ သို့သော် ကျွန်တော့်ကိုယ် ကျွန်တော် မောင်းနှင်ရန် အတွက် လိုင်စင်တစ်ခုတော့ ကျွန်တော့်မှာ ရှိနေသည်။ ဒါပေမယ့် လမ်းစည်းကမ်းတော့ ကျွန်တော် သိပ်မကျွမ်းကျင်တာ အမှန်ပါ။ တစ်ခါက မီးပွိုင့်တွင် ပုလိပ်အဖမ်းခံရဖူး၏။
***
(၅) အဝေးကြည့်မျက်မှန်တစ်လက်
ကျွန်တော့်မျက်လုံးများသည် အနီးကပ်ကြည့်၍မြင်ရသော်လည်း အဝေးကိုမမြင်ရသဖြင့် သူ့ကို ဆောင်ထားရခြင်း ဖြစ်ပါသည်။ ကျွန်တော်က အဝေးကို လှမ်းမျှော်ကြည့်ရတာ ၀ါသနာပါသည်။ သို့သော် ကျွန်တော်၏ အဝေးကြည့်မျက်မှန်က အနောက်ကိုကြည့်လျှင် ပြတ်သားစွာမြင်ရသော်လည်း အရှေ့သို ကြည့်သောအခါ ၀ိုးတ၀ါးသာ မြင်ရလေသည်။ လမ်းကြုံလျှင်တော့ မျက်မှန်ဆိုင် ကောင်းကောင်းမှာ အရှေ့ကို ပြတ်ပြတ်သားသား မြင်ရသည့် မျက်မှန်တစ်လက် လုပ်ပါဦးမည်။
***
(၆) အိတ်ဆောင်မှတ်စုစာအုပ်ငယ်
လိပ်စာများ၊ တယ်လီဖုန်းနံပါတ်များနှင့် အခြား အချက်အလက်များကို မှတ်သားရန် ကျွန်တော့်မှာ မှတ်စုစာအုပ်ငယ် တစ်အုပ်ရှိနေပါသည်။ ကျွန်တော်၏စာအုပ်လေးသည် သေးသလောက် ရှုပ်ပွနေ၏။ သူ့ထံတွင် ကျွန်တော့်ဘ၀အတွက် အရေးပါသော အချက်အလက်များရှိသည်။ ကျွန်တော့်ဘ၀တွင် ကိုယ်ပိုင် ကွန်ပျူတာတစ်လုံး ရှိနေရန် မလိုအပ် သော်လည်း ဤစာအုပ်ကလေး ရှိနေဖို့တော့ လိုအပ်လှပါသည်။ အချက်အလက်အများကြီးကို ခေါင်းထဲတွင် တစ်ပြိုင်တည်း မှတ်မထားနိုင်သော ကျွန်တော်သည် သူ့ကိုဆောင်ထားခြင်း၊ သူ့ကို ပြန်လှန်ကြည့်ခြင်းဖြင့် အကျိုးရှိနေ၍ ဖြစ်သည်။
***
ကျွန်တော့်မှာ ... လုံခြုံသော ဘ၀တစ်ခု ရှိမနေပါ။
သို့သော် မလုံခြုံသောဘ၀မှာပင် ကျွန်တော်ဆိုသော လူတစ်ယောက်ရှင်သန်နေသည်။ မလုံခြုံသောဘ၀ ရှိသည့် ကျွန်တော့်တွင် မလုံခြုံသော အိတ်ကပ်လေး တစ်လုံးလည်း ရှိနေသည်။ ထိုအိတ်ကပ်လေးထဲတွင် ကျွန်တော်ပိုင် ပစ္စည်း အချို့ရှိသည်။ ထိုအိတ်ကပ်လေးသည် ကျွန်တော်၏ ဘယ်ဘက်ရင်အုံနှင့် အနီးကပ်ဆုံးတွင် တည်ရှိနေသည်။
ထို အိတ်ကပ်လေးသည်ပင် ကျွန်တော့်ဘ၀၏ တစ်စိတ်တစ်ဒေသ ဖြစ်ပေတော့သည်။

(၂၀၀၂ ခုနှစ်လောက်က ရေးခဲ့တဲ့ အက်ဆေးတပုဒ်ဖြစ်ပါတယ်။)

No comments: