Friday, September 10, 2010

စွေနဲ့ မိုး

ဒီမနက် အိပ်ရာထတော့ တလောကလုံး မှုန်မှုန်မှိုင်းမှိုင်း မိုးတွေအုံ့ဆိုင်းနေတယ်။ ကောင်းကင်ထက်မှာ ညို့မှိုင်းနေတဲ့ တိမ်ထုကြောင့် နေရောင်ခြည်လည်း ခါတိုင်းလို မလင်းလက်နိုင်ဘူး။ ညဥ့်လယ်ကတည်းက ရွာခဲ့တဲ့မိုးကြောင့် ခြံထောင့်က နှင်းဆီပန်းလေးတွေလည်း မလန်းဆန်းနိုင်တော့ဘူး။ အရိုင်းဆန်တဲ့ မိုးရေစက်တွေဟာ ပန်းပွင့်ဖတ် နုနုရွရွလေးတွေကို မြေခအောင် ခြွေချခဲ့ကြတယ်။ အုံ့ပျပျ ရာသီဟာ စိတ်ကို မှုန်မှိုင်း ထုံထိုင်းစေသလားမသိ … တခုခုကို လွမ်းယောင် ဆွေးယောင် အားငယ်သယောင် ခံစားမိစေတယ်။ တခါတလေမှာ မိုးတွေရွာစေချင်ပေမဲ့ တခါတခါတော့လည်း အုံမှိုင်း သည်းထန်နေတဲ့ မိုးတွေကို တားလို့ရရင် တားလိုက်ချင်ပါရဲ့။
ဒီလိုနဲ့ စွေနဲ့ မိုး ဆိုတဲ့ ကဗျာလေး ရေးဖြစ်သွားပါတယ်။ စိုးနဲ့ မေ … ပြီးတော့ ... စွေနဲ့ မိုး ပေါ့။

***
စွေနဲ့မိုး

စွေနဲ့မိုး …
ဘယ်အညှိုးကြောင့်
သွန်းဖြိုးသည်းထန်
ပန်းမာလ်နုရွ
မိုးပေါက်ခလျက်
လွင့်ကြွေပျက်အောင်
ရက်စက်ခြွေချိုး
စွေနဲ့မိုး … ။

စွေနဲ့မိုး …
ဂျိုးဂျိုးဂျိမ်းဂျိမ်း
မြည်ထစ်ခြိမ်းကာ
အာကာတခွင်
တိမ်မည်းဆင်၍
နေ့ကိုညနှယ်
မှောင်ရိပ်ခြယ်လျက်
ဖုံးကွယ်နေမင်း
ထိန်မလင်းအောင်
ရောင်ဝါကိုခိုး
စွေနဲ့မိုး … ။

စွေနဲ့မိုး …
ညှိုးသူ့ရင်မှာ
ဝေဒနာလွှမ်း
ပိုမိုလွမ်းအောင်
သူစွမ်းဆောင်လျက်
မိုးရေစက်လား
မျက်ရည်လားပင်
မယ့်ပါးပြင်မှာ
စွန်းထင်လာ၍
နံ့သာလည်းပြယ်
အားလည်းငယ်ပြီ
တလီပန်လျှိုး
စွေနဲ့မိုး … ။
***
မေဓာဝီ
၁၀၊ စက်တင်ဘာ၊ ၂၀၁၀
၁၅း၀၇ နာရီ

မိုးနဲ့ ပတ်သက်၍ ရေးခဲ့သမျှ
၁) မိုး ... သို့ (ကဗျာ)
၂) ဆည်းဆာမိုး (ကဗျာ)
၃) မိုးတွေ ရွာတဲ့ အခါ (tag post)
၎) ရွာချိန်သင့်ရာ ညဥ့်အခါ၌ (ဘာသာရေး)
၅) မိုးသည်း ညနေ (၁) (အက်ဆေး)
၆) မိုးသည်း ညနေ (၂) (ခံစားမှု စာစု)
၇) နွေ၏ အဆုံး (ကဗျာ၊ အက်ဆေး)
၈) နွေညနေ၏ ချွေးသိပ်မိုး (အက်ဆေး)
၉) မုန်တိုင်းအလွန် (အက်ဆေး)
၁၀) ခါတိုင်းလိုပဲ အထီးကျန်ဆဲ (ခံစားမှု စာစု)

12 comments:

သူကြီးမင်း (တုံးဖလား) said...

(စွေကွဲ့မိုး)
ဒီနေ့မနက် အိပ်ရာထတော့ တစ်လောကလုံး ပူခြစ်နေတယ်။ နေရဲ့ တံလျပ်ညီးညီး ပူလောင်မှုကြောင့် တိမ်စိုင်တိမ်ခဲတွေလဲ ဘယ်ရောက်သွားမှန်းမသိ။။ ခန္ဓာကိုယ်တစ်ခုလုံးလဲ အိုက်စပ်စပ်ကြီးဖြစ်နေတယ်။ နေအပူရှိန်ကြောင့် ဘုရားပန်းအိုး အလှစိုက်ပန်းအိုးတို့လဲ သွေ့ခြောက်စပြုနေပြီ။ ဒီလို ရာသီမျိုးမှာ ချစ်သူအချင်းချင်းတောင် မတွေ့ဆုံချင်လောက်အောင် ချွေးသံတရဲရဲဖြစ်နေတယ်။ ဒါကြောင့်မို့ အိပ်လို့ကောင်း တွေးလို့ကောင်း ကွေးလို့လဲ ကောင်းတဲ့ မိုးသည်းရက်တွေကို တမ်းတလာဖြစ်တယ်။ မိုးရွာပါစေလို့ ဆုတောင်းလို့ရရင် ဆုတောင်းလိုက်ချင်ပါရဲ့။ ဒါကြောင့်မို့လဲ အခုလို "စွေကွဲ့မိုး" ကို ရေးဖြစ်လိုက်ခြင်းဖြစ်ပါတယ်။ "သူခိုးနှင့်တစ္ဆေ".. ပြီးတော့.. "စွေကွဲ့မိုး"ပေါ့။ :D


(စွေကွဲ့မိုး)

စွေကွဲ့မိုး
တံလျပ်ခိုးကြောင့်
နွမ်းငြိုးသွေ့ခြောက်
ကပ်ဆိုက်ရောက်၍
မိုးပေါက်ကင်းဝေး
ပူအိုက်ဘေးမှ
လွတ်ရေးကိုသာ
တ ရ ရှာသည်
သွန်းကာပြည့်ဖြိုး
စွေကွဲ့မိုး။


စွေကွဲ့မိုး
တန်ခိုးတေဇာ
ပြည့်စုံရာသည့်
ဒေ၀ါပဇ္ဇုန်
မာန်အဟုန်ဖြင့်
တုန်တုန်ဟီးဟီး
မိုးမည်းကြီးအား
သည်းစွာရွာဖြိုး
စွေကွဲ့မိုး။


စွေကွဲ့မိုး
တိုးလို့ဆင့်ကဲ
ချစ်သူမြဲအောင်
ခန်းထဲခိုဝင်
ချစ်ပလ္လင်ဝယ်
ရစ်ငင် ထွေးဖက်
ချစ်ချင်းယှက်ပြီး
ပြယ်ပျက်နံ့သာ
ထပ်ခြယ်ကာဖြင့်
နံ့သာသွေးကျောက်
ရေမခြောက်ဖို့
ဖြောက်ဖြောက်ရွာဖြိုး
စေကွဲ့မိုး။ :D

ခင်မင်လျက်
ကိုကိုမောင် (ပန်းရနံ့)


.

ကိုအောင် said...

ကဗျာစပ်ထားတာ ကောင်း၏။

Anonymous said...

ဒေါင်ဒေါင်မြည်ကျန်းမာပါတဲ့ဆိုတဲ့ ကြီးမေ
စိတ်ကလေးလည်း ကျန်းမာ ချမ်းသာစေ
စိတ်ကျန်းမာမှ ကိုယ်လန်းဖြာမယ်လေ
အစစအရာ အေးငြိမ်းချမ်းသာပါစေ

ခင်မင်စွဖြင့်
seesein

SHWE ZIN U said...

မမေဓါ နဲ့ ကိုကိုမောင် လို ကဗျာမစပ်တတ်တော့ ကိုအောင် လို့ ဘဲပြောလိုက်ချင်ပါသည်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

သူဂျီးက အရင်ဆုံး ရောက်နှင့်နေပြီ။
ကဗျာတော့ အတော်ဝါသနာပါတဲ့သူဂျီး။
မမေ ကဗျာရော သူဂျီးကဗျာရော ဖတ်သွားပါတယ်...
ဒီမှာတော့ နေခြစ်ခြစ်တောက်ပူနေလို့ မိုးရွာတာကို မျှော်နေတား)

ချမ်းမြေ့ရင် said...

ကိုကိုမောင် ကဗျာရဲ့ တတိယပိုဒ်က စပ်တာမပျော့
ပျောင်းဘူး မေဓါဝီ ကဗျာစပ်တာတော့ သဘောကျတယ်၊

~ဏီလင်းညို~ said...

မမေရဲ့ကဗျာလေး.....ကောင်းတယ်.....။
ကျွန်တော်ကတော့ မိုးတွေရွာရင်ပျော်တယ်.....။
ပြီးတော့ လွမ်းတာပါပဲလေ.......။ (ဘာကိုမှန်းမသိ........)
ထိုင်ကြည့်နေရင်းနဲ့ကိုပါပဲ......။

ခင်မင်ခြင်းအားဖြင့်........
ဏီလင်းညို

မြစ်ကျိုးအင်း said...

မိုးရေထဲသာ မထွက်ချင်သာ မိုးရွာတာတော့ ထိုင်ကြည့်ရတာကိုက လွင့်မျော နေတာပဲ။
မနက်အလုပ်သွားချိန်တော့ စိတ်ထဲမှာ ဖြစ်ရတာက စွေနဲ့မိုး ပါပဲ။

ညိမ်းနိုင် said...

စပ်တတ်လိုက်ကြတာများဗျာ...။
အားကျတယ်..။
ကဗျာဆို ဘာမှကို မစပ်တတ်ဘူး။
ကဗျာ မစပ်တတ်ဘူးဆိုတော့ ဘာလုပ်တတ်လည်းမမေးနဲ့
အနုပညာနဲ့ပတ်သက်ရင် ခံစားတတ်တာကလွဲလို့ ဘာမှမယ်မယ်ရရမလုပ်တတ်ဘူး...း)

Anonymous said...

စွေကွဲ့မိုးတော့ မရေးတော့ပါဘူး
ရွာပါမိုးလို့တော့ ရေးချင်တယ်..ပူလွန်းလို့ပါ။ ပူတော့လဲ ချစ်သူလဲမမျှော် မိုးကိုသာမျှော်မိပါသည်။

ရွာပါမိုးရယ်
မစွေပဲလဲ ရွာပါကွယ်..
ခြိမ်းယောင်မပြလဲ လာပါကွယ်..

အေးမြမြ မိုးတစကို
တမ်းတ. တ.တ ရှိမိပါသည်။
ကိုရွှေမိုးရယ်..ရွာပါလေကွယ်
ရွာမယောင်နှင့်လဲ ကျီစယ်သမှုမပြုပါနှင့်။
မျှော်တော်ဇောနှင့် လွမ်းမိပါသည်
မိုးရယ်..မိုးရယ်.. တိုးကာလွမ်းတယ်
ခြိမ်းသံပေးပီး
ရွာပါကွယ်။


ညီမ

မေပယ်လ် said...

ကဗျာမြင်ရင် မနေနိုင်လို့
မျက်စိ မလည်လည်အောင်
လည်လာရင်းက ကဗျာတွေ
တနင့်တပိုး စားသုံးသွားပါတယ်
ပျော်ရွှင်ပါစေ

Maung Myo said...

အစ်မ မှာ မိုးအမှတ်တရတွေ အများကြီးပဲ မိုးရေချိုးချင်စိတ်တောင် ပေါက်သွားတယ် ။

အဲ့ထဲက မုန်းတိုင်း အလွန်ကိုဖတ်ဖူးတယ် ““လေပြင်း၏ နောက်တွင် လေပြေညင်းလာမည်။”” အဲ့စကားလေးကိုတောင် မှတ်မိနေသေး အခုတစ်ခေါက်ပြန်ဖတ်သွားတယ် ။