Monday, September 20, 2010

နေ့ဝါ ည၀ါ စာဝါတွေတက်လို့ …

ကျောင်းပြန်ဖွင့်ပါပြီ။
ကျောင်းမဖွင့်ခင် ၂ ပတ်လောက်အလို စက်တင်ဘာ လဆန်းလောက်ကတည်းက စာတွေကြိုဖတ်မယ် စိတ်ကူးနဲ့ စာကြည့်စားပွဲမှာထိုင်၊ စာအုပ်တွေဟိုလှန် ဒီလှန် လုပ်နေတာကို ဦးရီးတော်က မြင်တော့ သူ့တူမလေး လိမ္မာလှချည်ရဲ့ဆိုပြီး စာသင်ပေးဖို့ ပြင်ဆင်ပါတော့တယ်။ နွေကျောင်းပိတ်ရက် ၃-လနီးပါးလုံး စာမသင်ရလို့ ပျော်နေတဲ့ ကျမမှာ စာသင်ခံရတော့မယ်ဆိုတော့ တီကို ဆားနဲ့တို့သလို တွန့်လိမ်ရှုံ့တွလို့ပေါ့။ နေ့စဉ်နဲ့အမျှ ညစာစားပြီးလို့ ဆေးကြောသိမ်းဆည်းပြီးပြီဆိုရင် သက်ဆိုင်ရာ စာအုပ်တွေ တပွေ့ကြီးနဲ့ သူ့အနားမှာ ထိုင်ရတယ်။ ထုံးစံအတိုင်း အဘိဓာန်ထူထူကြီး အနားမှာ ယူထားခိုင်းပြီး ကျောင်းသင်ခန်းစာ ဖတ်စာအုပ်ကို ခေါင်းစဉ်ကစလို့ တလုံးမကျန် အသံကျယ်ကျယ်နဲ့ ဖတ်ခိုင်းတယ်။ ကျမကလဲ ထုံးစံအတိုင်း အိုးနင်းခွက်နင်းနဲ့ပါပဲ။

အဲဒီလို အိုးနင်းခွက်နင်း မဖြစ်ရလေအောင် နေ့ခင်းဘက်ကတည်းက ညအတွက် စာတွေကို ကြိုဖတ်ရတယ်။ အသံထွက်တွေ အဓိပ္ပါယ်တွေကို ကြိုမှတ်ရတယ်။ ဒါတောင် ညဘက် သူ့ရှေ့ရောက်တဲ့အခါ စာလုံးတလုံးဖတ်လို့ အသံထွက်လေး နည်းနည်းမှားလိုက်တာနဲ့ ကွန်ပျူတာထဲက အသံထွက်ပါတဲ့ အဘိဓာန်ကို ဖွင့်ပြီး ၅-ခါ ဆို၊ ၁၀-ခါဆို ဆိုပြီးဆိုခိုင်းပါလေရော။ ကျမကလဲ သူနဲ့ စာမသင်ရတာကြာတော့ မေ့မေ့လျော့လျော့ဖြစ်ပြီး အသံထွက်တွေက ပြန်မှားတာပေါ့၊ မှားပြီဆိုရင် “ဟင် ခုထိ ဗမာသံကြီးတွေ ထွက်တုန်း၊ ဒီလို စာလုံးပေါင်းတိုင်း ဒီလို အသံထွက်ရတာ မဟုတ်ဘူး …” စသဖြင့် အပြစ်တင်တာ ခံရပါတယ်။ ကျမကလဲ စိတ်ထဲကနေ ဗမာပဲဟာ ဗမာသံကြီးပဲ ထွက်မှာပေါ့ … လို့ မကျေမချမ်း ပွစိပွစိ ရေရွတ်မိတယ်။

စာလုံးတလုံးရဲ့ အဓိပ္ပါယ်မေးလိုက်လို့ မသိရင်လဲ ပထမအဆင့်အနေနဲ့ ရှာရမြန်တဲ့ ကွန်ပျူတာ အဘိဓာန်ထဲမှာ အရင်ကြည့်ခိုင်းတယ်။ ဒါမှ နားမလည်သေးရင် ဒုတိယအဆင့် အင်္ဂလိပ်-မြန်မာ အဘိဓာန်ကြည့်ခိုင်းတယ်။ ဒါမှ သဘောမပေါက်သေးရင် တတိယအဆင့် အနေနဲ့ အင်္ဂလိပ် - အင်္ဂလိပ် အဘိဓာန်ထဲမှာ ဖြစ်နိုင်ချေရှိတဲ့ အဓိပ္ပါယ်တွေ အကုန်လုံး ရှာပြီး ချရေးခိုင်းတယ်။ နောက်ဆုံး ဘယ်အဓိပ္ပါယ်က အဖြစ်နိုင်ဆုံးလဲ ရွေးခိုင်းတယ်။ အဓိပ္ပါယ်တွေလဲ ရွေးလိုက်တိုင်း တလွဲလိုလိုချည်းပဲ ဖြစ်နေလို့ သူကလဲ စိတ်မရှည်၊ ကျမကလဲ စိတ်တွေအိုက်ပြီး စိတ်ညစ်လိုက်ပုံများ ပြောမပြတတ်အောင်ပါပဲ။

ဥပမာ ဆိုရရင် identify ဆိုပါတော့။
“Identify ဆိုတာ ဘာလဲ”
“ဖော်ပြသည်”
“ဟမ်”
“သြော် .. ဟိုဒင်း … သတ်မှတ်သည်”
“ဟင် ခုနကတော့ ဖော်ပြသည် ခုကျတော့ သတ်မှတ်သည်တဲ့ မဖြီးနဲ့ … သေချာမသိဘဲ ဖြီးတုတ်နေတာပဲ။ ကဲ ကဲ မြန်မာ အဘိဓာန်ထဲကြည့်”

ဖြီးတုတ်တယ်ဆိုပဲ၊ ပြောရက်လိုက်တာ … ။ စိတ်ထဲ ဖုတုတုနဲ့ ဦးတက်တိုး အဘိဓာန်ကို လှန်ပါတယ်။
“identify (v.t) မှတ်မိသိရှိသည်။ ရုပ်လက္ခဏာကို သတ်မှတ်ဖော်ပြသည် တဲ့ … နှစ်ခုလုံး မှန်နေတာပဲဟာကို” ခပ်တိုးတိုးနဲ့ ရေရွတ်မိတော့
“အဲဒါ ဒီနေရာမှာ သိပ်မမှန်သေးဘူး။ အင်္ဂလိပ်အဘိဓာန် ပြန်လှန်” တဲ့။

ဒါနဲ့ပဲ အောင့်သက်သက်နဲ့ အင်္ဂလိပ်-အင်္ဂလိပ် အဘိဓာန် ပြန်လှန်ရတယ်။ များပြားလှစွာသော အဓိပ္ပါယ်တွေ ရွတ်ပြရတယ်။ အဲဒီထဲကမှ တလုံး နှစ်လုံး ရွေးထုတ်ပေးပါတယ်။ ကိုယ်ပြောတာနဲ့ သိပ်လဲကွာတာ မဟုတ်ပါဘူး။ တခါလဲ threaten ဆိုတာ ဘာလဲ မေးတော့ ခြိမ်းခြောက်သည် လို့ ဖြေမိပြန်တာကို မဟုတ်ဘူး … တဲ့။ ကြောက်ရွံ့အောင် လုပ်သည် ဆိုပဲ။ ခြိမ်းခြောက်တာနဲ့ ကြောက်ရွံ့အောင်လုပ်တာ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီးလိုပဲ ဘာများကွာလို့ပါလိမ့် … ။

အဲဒီလိုတွေ ဖြစ်ပါများလာတော့ စိတ်ထဲက အထင်လွဲချင်လာပြီး ခုလိုတွေးမိတယ်။
ငါဖြေတာ မှန်နေရင် မကြိုက်ဖူး ထင်တယ်၊ အဘိဓာန်ထဲက အတိုင်း မှန်နေတာတောင် မမှန်စေချင်လို့ ဒီ့ပြင် အဖြေတွေ လွှဲပြောနေတာပဲ၊ တော်ပြီ သိနေလဲ မသိဘူးဘဲ ပြောတော့မယ် ဆိုပြီး ညစ်တစ်တစ်နဲ့ ဘာပဲမေးမေး မသိဘူးချည်း ဘူးခံနေမိတယ်။ စိတ်ထဲလဲ နည်းနည်း ခိုးလို့ခုလု ဖြစ်နေပြီလေ။

တခါတော့ စာဖတ်နေရင်း တနေရာမှာ at the expense of ဆိုတာပါလာတော့ expense ဆိုတာ ဘာလဲ မေးတယ်။ ဒါလေးများ ဟင်းဟင်း ဆိုပြီး ကိုယ်သိတဲ့ expense ရဲ့ အဓိပ္ပါယ် အသုံးစရိတ်/ထွက်ငွေ လို့ပြောတော့ မဟုတ်ဘူးတဲ့။ လာပြန်ပြီ တမုံ့ ဆိုပြီး စိတ်ထဲ ကသိကအောက်နဲ့ သမီးသိတာတော့ income & expense ဆိုတာ ၀င်ငွေ ထွက်ငွေပဲလေ လို့ ဂျစ်တစ်တစ် လေသံနဲ့ ပြောမိတယ်။

“ဟင် … လုံးဝမဟုတ်ဘူး … အဲဒါကြောင့်ပြောတာ ကိုယ်သိတဲ့ တခုလေးကိုပဲ တရားသေ ဆုပ်ကိုင်ပြီး အရမ်းကာရော ပြောမနေနဲ့ အဘိဓာန်ကြည့်ဆိုရင် မကြည့်ချင်ဘူး ….”
အစချီပြီး နားရော စိတ်ရော ကလိကလိနဲ့ မချိတရိဖြစ်အောင် ပြောပါတော့တယ်။ ဖြစ်နိုင်ရင် နေရာကနေ ထပြီး ထွက်ပြေးလိုက်ချင်တယ်။ စာလဲ ဆက်မသင်ချင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ်လဲ ငါငတုံးပဲ ငါ အတော်ညံ့တယ်လို့ သိမ်ငယ်စိတ်တွေ တဖွားဖွား ၀င်နေမိသလို တဖက်မှာလဲ ခုလို ညံ့နေတာဟာ ငါမလုပ်ချင်တာတွေ သူတို့ တအားဇွတ်လုပ်ခိုင်းလို့ ဆိုပြီး စိတ်ထဲကနေ ဆင်ခြေတွေ တက်နေမိသေးတယ်။

နောက်တော့ သူက ခုလို ဆက်ရှင်းပြပါတယ်။
“at the expense of ဆိုတာ တခုကို လုပ်လိုက်လို့ နောက်တခုကို ထိခိုက်စေတာမျိုး … ဥပမာ ဆိုရင် ဟိုကဗျာလိုပေါ့ သူတည်းတယောက် ကောင်းဖို့ရောက်မူ …”
“သူ တယောက်မှာ ပျက်လင့်ကာသာ ဓမ္မတာတည်း၊ ရွှေအိမ်နန်းနှင့် ….” ကိုယ်ရတဲ့အပိုင်းမို့ ၀မ်းသာအားရနဲ့ ဆက်ရွတ်မိတယ်။
“အင်း … တော်ပါတော့ … ဆိုလိုတာက အဲဒီကဗျာမှာ ရေးသလို တယောက်ကောင်းဖို့ တယောက်ပျက်စီးတာမျိုး၊ တခုလုပ်လို့ နောက်တခုမှာ ပျက်စီးစေတာမျိုးကို သုံးတာ”

အဲဒီရှင်းလင်းချက်ကို ကျမ သိပ်သဘောကျသွားတယ်။ ပေးထားတဲ့ ၀ါကျကို အစအဆုံး ပြန်ဖတ်တော့ ရှင်းရှင်းလင်းလင်း သဘောပေါက်သွားတယ်။ ဟုတ်သားပဲ ကျမသိတဲ့ expense အဓိပ္ပါယ်နဲ့က တခြားစီပဲကိုး။ သူတည်းတယောက်နဲ့ ရှင်းပြတာကို သိပ်ကျေနပ်မိပြီး စိတ်ထဲ ခုတုတု ဖုတုတု ဖြစ်နေတာလေးလဲ နည်းနည်းလောက် လျော့ပါးသွားတယ်။ အကုန်တော့ မဟုတ်သေးဘူး။

ခဏနေတော့ ဆက်ဖတ်တဲ့ စာထဲမှာ objective ဆိုတဲ့ စာလုံးပါလာပါလေရော။ ကျမထွက်တဲ့ အသံထွက်ကို မှားသတဲ့။ ကွန်ပျူတာမှာ ဖွင့်နားထောင်လို့ ဆိုပါတယ်။ အနီးစပ်ဆုံးရေးရင် အော့ဘ်ဂျက်ခ်တစ်ဗ် လို့ ထင်တာပဲ။ ကြားတဲ့အတိုင်း လိုက်ပြောတော့ မဟုတ်သေးဘူးဆိုပဲ။ ဒါနဲ့ရွဲ့တတ်တဲ့ ကျမလဲ အော့ဘဂျက်ကတစ် လို့ ကကတစ်ကိုဆိုသလို တိတိကျကျလေး ဆိုလိုက်တယ်။ ၅ ခေါက်ဆို ဆိုလို့ ၅ ခေါက်လုံး အော့ဘဂျက်ကတစ်ချည်း အသံထွက်တော့ ဦးရီးတော် နားကြားပြင်းကပ်လာတယ် ထင်ပါ့။

“ကတစ် ကတစ်နဲ့ အဲဒီ ကတစ်ကလေးက ဘာလို့ထည့်ဆိုတာလဲ” တဲ့။
အဲလိုလဲ ပြောလိုက်ရော အရွဲ့တိုက်ချင်စိတ်နဲ့ တမင်ဆိုနေတဲ့ကျမမှာ မအောင့်နိုင်တော့ဘဲ တခွိခွိ ထရယ်မိပါတော့တယ်။ ကျမတခွိခွိနဲ့ အတောမသတ်နိုင်ဘဲ ရယ်နေတာကို ကြည့်ပြီး သူလဲ တဖြည်းဖြည်း မျက်မှောင်ကျုံ့ရာက ပြုံး၊ ပြုံးရာက တဟားဟား ရယ်လို့။ အဲဒီလိုနဲ့ ကျမနဲ့ ဦးရီးတော် နှစ်ယောက်သား ရယ်နေကြတာ မျက်ရည်ထွက်မတတ်ပါပဲ။ နောက်ဆုံးတော့ ဦးရီးတော်လဲ ကျမညံ့တာကို အားမလို အားမရတဲ့ စိတ်တွေ လတ်တလော ပျောက်သွားသလို ကျမလဲ tension တွေ လုံးဝ ပြေလျှော့သွားပါတော့တယ်။

အဲဒီလို စိတ်ကြည်ကြည်သာသာ ဖြစ်လိုက် စိတ်မအီမသာ ဖြစ်လိုက်နဲ့ ကျောင်းကလဲ ပြန်ဖွင့်တော့ ဘလော့တွေလဲ မလည်နိုင်၊ ကျောင်းစာမဟုတ်တဲ့ စာတွေလဲ မဖတ်နိုင်ဘဲ နေ့ဝါ ည၀ါ စာဝါတွေတက်ရင်း မေဓာဝီ အသက်ထွက်ခါနီးပြီ ဆိုတဲ့အကြောင်း ဖော်သဟာ ဘလော့ဂါတွေနဲ့တကွ ဘော်ဒါအပေါင်းတို့အား ၀မ်းသာစေရေး သတင်းကောင်းပေးလိုက်ပါတယ်။ … ။
***
မေဓာဝီ
၂၀၊ ၉၊ ၂၀၁၀
၀၁း၁၀ နာရီ

17 comments:

ကိုကိုမောင်(ပန်းရနံ့) said...

မှေဍာ.. နှာချိုတလို လိုက်ချို... ပီပီတတချို... တကြီး ထဒွေး ဒဂယ်... (အဲဒီလိုလဲ ဖြစ်နေဦးမယ်)။
အဟီး ဟီး။ စတာ။

မေဓာတို့ တူဝရီးကတော့ ပျော်စရာကြီးနော်။ စာသင်ရတာ။ မသိရင် သေချာမေးလို့ရတာပေါ့။
နောက်တစ်ခါဆို အော့ဘဂျက်ကတစ်လို့ အကြိမ်တစ်ရာလောက်အော်ဆိုလိုက်။း)))) ရယ်ရတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ရွှေရတုမှတ်တမ်း said...

အသက်ထွက်မယ်ဆိုရင်..ဘယ်ကထွက်မှာလဲ..ခေါင်းကလား...ဖင်ကလား...မထွက်ခင်ပြောခဲ့ပါအုန်း...

sosegado said...

ဆေး or အဆောင် လိုနေပြီထင်တယ်

မောင်မျိုး said...

စာဆိုရင် လန့်နေပြီး ကျောင်းပျင်း စာကျက်ပျင်းနဲ့ ညဏ်ကမကောင်းတော့ စာဆိုရင် ဝေးဝေးပြေးတယ် ဘလော့ပေါ်က စာတော့ မပါး)

SHWE ZIN U said...

ကိုယ့်ဘော်ဘော်ကြီး စာဝါတွေ အသက်ထွက်လု မတတ် တက် နေရတာ ဝမ်းသာအားရ မဖြစ်မိကြောင်း ပါဗျာ ကိုယ်ချင်းလည်း စာပါတယ်

ဒါပေမဲ့ မသင်ယူရရင်လည်း ပျင်းစရာကြီးဗျာ တူဝရီး နှစ်ယောက် ချစ်ချစ်ခင်ခင် ပေါ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Anonymous said...

ကြီးမေရေ နေ့ဝါ ည၀ါ တက်နေတာကောင်းပါလေ့ဗျာ ကြီးမေက သင်ပေးမယ့် ဦးရီးတော်ရှိတော့ တော်သေးတာပေါ့ စည်းစိမ်တို့တော့ ကိုယ်မြင်းကိုယ်စိုင်းဘဲ စကားလုံးတွေလေ့လာရတာ ပျော်စရာကောင်းတယ် တရားသေဆုပ်ကိုင်လို့မရတာ အမှန်ဘဲ ငယ်တုန်းက အကျင့်တွေပါနေတော့လည်း မနည်းကြီးပြင်ယူရမှာပေါ့ ရွှေပြည်မှာတော့ အခုချိန်ထိ အလွတ်ကျက် အသေမှတ်စနစ်က ကို မတက်နိုင်တော့ ဒုက္ခဗျ ပါဠိတစ်လုံး အနက်တစ်ထောင်တဲ့ အင်္ဂလိပ်က အဲဒီလောက်တော့ မဆိုးသေးဘူးနော ကျိတ်ထားကြီးမေရေ ဒါနဲ့ စကားမစပ် အမရွှေစင်ဦးက သူ့ပို့စ်အသစ်မှာ ကြီးမေကို စထားတယ် စိတ်မဆိုးနဲ့နော်တဲ့
အားကျတယ် သင်ပေးမယ့် ဦးကြီးရှိလို့ စိတ်မညစ်ပါနဲ့ဗျာ အခိုက်အတန့်ကာလကတော့ ဒီလိုပါဘဲ
ခင်မင်စွာဖြင့်
seesein

Ko Paw said...

Uruguay ကိုတော့ ကောင်းကောင်းအသံထွက်တတ်သွားလောက်ပြီလို့ ယူဆပါတယ်။

ဒီကနေ့ မိတ်ဆွေတယောက် ဆေးရုံတက်တာ လူမမာသွားအမေး လမ်းမှာ အဲဒီ “ကတစ်”ဆိုတာကို မဒမ်ပေါကို ပြန်ပြောပြဖြစ်တယ်။ ရထားပေါ်မှာ ပြောလိုက် ရယ်လိုက်ပေါ့။ ကြည့်ရတာ မမေဓာဝီမှာ သူပုန်စိတ် (ညစ်ကျယ်ကျယ်) အခံ ရှိပုံရတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်တဲ့သူလည်း ပြုံးမိပါတယ်..
အဲလို စာသင်ပေးမဲ့သူ လိုချင်လိုက်တာ
ဒါပေမဲ့ အနားနား ရှိနေရင်လဲ မမေလိုစိတ်ညစ်မှာနော်။
ဘာဘဲဖြစ်ဖြစ် မသိရင်မေးလို့ရတာ အားရှိစရာဘဲ

ကိုအောင်(ပျူနိုင်ငံ) said...

ထွက်စရာရှိတာ ထွက်လိုက် ...း)

★Craton said...

ဒီလိုလေးရေးထားတော့လည်း ပျော်စရာ.. :P

မိုးယံ said...

အဲလိုလေးစာသင်ရတာ တစ်မျိုးတော့ ကောင်းပါတယ်။

ဒါပေမယ့် အနော်တို့မှာကျတော့ တတ်ချင်လွန်းတာတောင် သင်ပေးမယ့်သူမရှိတော့

ကိုယ့်ဘာသာပဲ ရမ်းသမ်းနေရတယ်။ ဖြစ်နိုင်ရင် ဦးလေးကို သူ့စားရိတ်နဲ့သူ စာလာသင်ပေးစေချင်မယ်

မ ၀ီ ပြောပေးနော်။ ဟင်း ဟင်း ဟွင်း

Ko Min Htet said...

နေ့ဝါည၀ါ၊ စာတွေတက်လို့၊ စာတွေကျက်လို့၊ မောရော့မယ်။
ဦးရီးတော်ဆီ၊ စာမတက်နဲ့၊ ရှောင်ကာထွက်လို့၊ ပြေးပေါ့ကွယ်။
ရှော့ပင်းရုပ်ရှင်၊ အစုံလှည့်လို့၊ ငွေကုန်သုံးလို့၊ ဖြုန်းလိုက်မယ်။
ပညာဆိုတာ၊ မသင်မှတတ်၊ ဆရာမြတ်က၊ ပြောဖူးတယ်။
စာအုပ်လှန်ကာ၊ သံကုန်ဟစ်တဲ့၊ စာသင်ခေတ်က၊ ဆုံးပေါ့ကွယ်။
ရပ်ထဲရွာထဲ၊ ၀င်ကာချဲ၊ သင်ဟဲ မင်းပညာ။
အဲဒါမှ၊ နန္ဒမေဓ၊ ပညာ့ရှိမယ်ဗျာ။

Thet Oo said...

“ဘယ်စာကို ဘယ်နှစ်ဝါ မောင်သင်မတုံး”

သက်ဝေ said...

မေရယ်...
ကလေးလေးလို စာသင်နေပုံကို မြင်ယောင်ပြီး ပြုံးနေမိရာက ကကတစ် လဲ ရောက်ရော... အသံထွက်ပြီး ရယ်မိတော့တယ်...
အသက်တော့ မထွက်ချင်ပါနဲ့အုံးလေ...
၂၀၁၂ အထိ စောင့်ပါအုံး... အဲကျတော့ ကိုယ်တို့လို အပေါင်းအသင်းတွေအားလုံးနဲ့ ပျော်ပျော်ပါးပါးပေါ့...
ဟုတ်ဖူးလား...း))

Harry said...

ဦးလေးက မမှားပါဘူး ... အလွန်တော်ပြီး တူမလေးကို အရမ်းချစ်၊ အရမ်းဂရုစိုက်တဲ့ ဦးလေးမျိုးပါ .... ကြည့်ပါလား ... သူ့ခမျာ အလုပ်မအားတဲ့အထဲကကို စာသင်ပေးရရှာသေးတယ် ...
တူမလေးက ကို ဆိုးနေတာ .... X(

~ဏီလင်းညို~ said...

စာသင်ရတဲ့ဘ၀များ......အားကျပါတယ်မမေရယ်.....။ တစ်ကယ်ပါပဲ.....။
ဖတ်ရင်းလည်း....ပြုံးမိပါရဲ့......။
(စကားမစပ်......expense ဆိုတာကို အဲ့သလိုသုံးသေးတာသိရလို့ ကျေးဇူးတင်တယ်ဗျာ......။)

ခင်မင်ခြင်းအားဖြင့်.......
ဏီလင်းညို

မြစ်ကျိုးအင်း said...

စာသင်ရတာ မုန်းလို့ စာသင်တဲ့ အကြောင်း ဖတ်ရတောင် မအီမသာ ဖြစ်ရတယ်။
ကျောင်းနဲ့ ဝေးတာ ကြာသွားလို့နဲ့တူတယ်။