Tuesday, September 07, 2010

နမော်နမဲ့သူ၏ တခဏအပူ

မနက်ဖြန် ကျောင်းအပ်ရမယ်။
ဆိုတော့ ... လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်ရတော့မယ်ပေါ့။ လိုတာက များများစားစားတော့ မဟုတ်ပါဘူး။ ပတ်စ်ပို့, ဗီဇာ နဲ့ အမှတ်စာရင်းစာရွက် ... နောက်ပြီး ကျောင်းလခ ပိုက်ဆံပေးဖို့ ချက်လက်မှတ် စာအုပ် ... ဒါပါပဲ။ last minute မဖြစ်ရလေအောင် ဒီနေ့ကတည်းက အဆင်သင့်ပြင်မယ်ဆိုပြီး အရေးကြီးတဲ့ စာရွက်စာတမ်းတွေ ထည့်လေ့ရှိတဲ့ အိတ်ရဲ့ ဇစ်ကိုဖွင့်ပြီး နှိုက်ကြည့်လိုက်တော့ ...

"ဟင် ... ဘာမှလဲ မရှိတော့ပါလားးးးးး"

သေချာအောင် အတွင်းကျကျ ထပ်စမ်းတယ်၊ မတွေ့ဘူး။ အိတ်ရဲ့ အတွင်းဘက်ဇစ်ကို ဖွင့်ပြီး ထပ်စစ်ကြည့်တယ်၊ မရှိဘူး။ သွားပြီ ... ဘယ်ရောက်သွားတာလဲ ... ။ ဒီနေရာမှာ ထည့်နေကျပါ။ ခု ဘာလို့ မရှိတော့တာလဲ ... ဒုက္ခပဲ။ အင်း ... ကျောင်းကနေ ဒီကိုလာတော့ ပါမှ လာခဲ့ရဲ့လားမသိ။ ဒီကို လာတုန်းကလဲ ဦးရီးတော်က သူ့ကားနဲ့ လာခေါ်တာပဲ၊ ရထားနဲ့လာတာဆိုရင် ရထားပေါ်မှာ ပျောက်ချင်ပျောက်နိုင်သေးတယ်။ ဒါဆို ဒီအိတ်ထဲ ထည့်ခဲ့တာ သေချာရဲ့လား မသိဘူး။ သြော် ... လက်ပ်တော့ပ်အိတ်ထဲ ထည့်ခဲ့မိတာထင်တယ်။ ရှာကြည့်အုံးမှ။

ဒီလိုနဲ့ လက်ပ်တော့အိတ်ထဲ ဟိုရှာဒီရှာ ရှာရပြန်တယ်။ ရှင်းနေတာပဲ၊ ဘာမှ မတွေ့ပါဘူး။ ဟယ် ... ခုမှ သတိရတယ်။ လက်ပ်တော့ကြီးက ဒီကိုမလာခင် ဦးရီးတော်မိတ်ဆွေအိမ်မှာ တပတ်လောက် မေ့ကျန်ခဲ့တာပဲ။ လူကြုံနဲ့ ပို့ပေးလို့ ပြန်ရတာ။ လက်အပြောင်းအလွဲမှာများ ပြုတ်ပျက် ကျသွားလားမသိဘူး။ အင်း အဲဒီလိုသာဆိုရင် မလွယ်ကျောပဲ။ ဘယ်နေရာ ပြန်လိုက်ရှာရမလဲ မသိ။ ဒါမှမဟုတ် ပါကို မပါခဲ့တာများလား။ ဒါလဲ မဖြစ်နိုင်ဘူး၊ ဟိုတနေ့ကပဲ အဲဒီကနေ ရှိသမျှပစ္စည်းတွေ အကုန်ပြန်သယ်လာသေးတာ။ အထုတ်တခုလုံး အံဆွဲနောက်ဘက်ကျနေလို့များ မမြင်မိတာလား မသိပါဘူး။ ခုမှ သွားပြန်ရှာလို့ နီးတဲ့ခရီးလဲ မဟုတ်၊ အခန်းသော့လဲ အိမ်ရှင်ကို ပြန်အပ်လိုက်ပြီ။ အရေးကြီးတာက ပတ်စ်ပို့နဲ့ ဗီဇာ။ ပျောက်ရင် ပြဿနာက အတုံးလိုက် တက်မှာ။ အမလတ် ပတ်စ်ပို့ပျောက်တုန်းက အသစ်ပြန်ထုတ်ဖို့ မြန်မာသံရုံးကို ပေါင် ၈၀၀ ဆိုလား ပေးရသတဲ့။ အဲဒီလိုသာဆို ကိုယ့်မှာက ၀င်ငွေတပြားမှ ရှိတာမဟုတ်ဘူး။ ဦးရီးတော်ဆီ ငိုချင်းချရင် အဆူခံက ထိအုံးမယ်။ ခက်လိုက်တာ။

ကိုယ့်ကိုယ်ကိုယ် စိတ်တိုတာက တမျိုး၊ ပျောက်နေတဲ့ဟာတွေ ပြန်မတွေ့ရင် ဆိုပြီး စိတ်ပူတာကတမျိုး၊ စိတ်ထဲမှာ လေးတေးတေးနဲ့ အောက်ထပ်ဆင်းလာခဲ့တယ်။ အောက်ထပ်ရောက်တော့ ဦးရီးတော်က ကျောင်းလခပေးဖို့ ပိုက်ဆံလွှဲပေးမယ် ဘဏ်သွားရအောင်လို့ ပြောလာတယ်။ သူက အွန်လိုင်းကနေ ဘယ်တော့မှ မလွှဲပါဘူး။ အွန်လိုင်းကို စိတ်မချလို့တဲ့၊ ရှေးရိုးနည်းအတိုင်း ချက်လက်မှတ် ပေးချင်ပေး၊ ဒါမှမဟုတ် ဘဏ်အထိ သွားပြီး လွှဲချင်လွှဲ ... အဲဒီလိုသာ လုပ်နေကျ။ အင်း ... သွားဆို သွားရတာပ။ အ၀တ်အစား ပြန်တက်လဲ၊ ဘဏ်ကဒ်ကလေး အိတ်ထဲထည့်ပြီး ဆင်းလာတော့ ချက်စာအုပ်ပါ လိုလိုမယ်မယ် ယူခဲ့တဲ့။

သေပြီ။ ချက်စာအုပ်က ပျောက်နေပါတယ်ဆိုမှ ယူခဲ့ဆိုတော့ ဘယ်လိုပြောရပါ့နော်။
"ချက်စာအုပ်က မလိုဘူးလေ ... ကဒ်ပါရင် ရတယ် ..." လို့ အရဲစွန့်ပြောကြည့်တော့ ...

"ရတော့ရတာပေါ့ ဒါပေမဲ့ လိုရမယ်ရ ယူခဲ့လို့ပြောတာ" တဲ့ ... ။
တတ်နိုင်တော့ဘူး ...
"ဟိုဟာလေ ... ချက်စာအုပ်က ရှာရမှာမို့ ......" လို့ အသံခပ်တိမ်တိမ်နဲ့ ပြောလိုက်ရတော့တယ်။

"ဟမ် ... ချက်စာအုပ်က ရှာရမှာမို့ ဟုတ်လား ... ချက်စာအုပ်တို့ ပတ်စ်ပို့တို့ဆိုတာ မရှာရအောင် ထားတာ မဟုတ်ဘူး ..." အစချီတဲ့ စကားလုံး စစ်ဆင်ရေးတွေ တရစပ် ထွက်လာတော့တာပဲ။

ချက်ချင်း ရှာလို့မတွေ့နိုင်တဲ့ ချက်စာအုပ်ကို မရှာခိုင်းတော့ဘဲ မြို့ထဲက ဘဏ်ကို သွားဖို့ ကားပေါ်တက်ကြတယ်။ စိတ်ထဲမှာတော့ တနုံ့နုံ့ပဲ။ ရင်တွေလဲ ပူနေတယ်။ မတွေ့ရင် ... ဆိုတဲ့ အတွေးကြီးက စိတ်ကိုဖိစီးနေတယ်။ ဦးရီးတော် မရိပ်မိအောင် မင်သေသေနဲ့ ကားပေါ်တက် ထိုင်ခုံခါးပတ်ပတ် ခပ်လျှောလျှော မှီထိုင်ပြီး စိတ်ကိုလျှော့လိုက်တယ်။

"ဘဂ၀န် ဘုန်းလှိုင် ... နှုန်းပြိုင်တုကင်း ..."

ဦးရီးတော် ကားစက်နှိုးတော့ စီဒီပလေယာထဲ ထည့်ထားတဲ့ ဆရာတော်ဦးဝိစိတ္တရဲ့ ပဋ္ဌာန်းခွေက အလိုလိုပွင့်ပြီး ပဋ္ဌာန်းအမွှန်းကို ရွတ်ဆိုတဲ့ ဆရာတော်ကြီးရဲ့ တည်ငြိမ်အေးချမ်းတဲ့ အသံတော်ကို ကြားလိုက်ရတယ်။ စိတ်ငြိမ်လို ငြိမ်ငြား ဆရာတော်ကြီးနဲ့ အတူ လိုက်ရွတ်ရင်း လှုပ်ရှားပူလောင်နေတဲ့ စိတ်တွေ တဖြည်းဖြည်း လျော့ပါးလာတယ်။ ဒီလိုနဲ့ ပစ္စယုဒ္ဒေသ ... ပစ္စယနိဒ္ဒေသ ... ဆက်ဆက် ရွတ်နေရင်း တည်ငြိမ် ကြည်လင်စပြုလာတဲ့ စိတ်က တစုံတခုကို ဘွားခနဲ အမှတ်ရလိုက်မိတယ်။

ပြီးခဲ့တဲ့ တလကျော်လောက်က အေဂျန်စီတခုမှာ ရယ်ဂျစ်စတာလုပ်ဖို့ ပတ်စ်ပို့ကို ကော်ပီကူးသေးတယ်။ နောက်ပြီး ... စီဗီနဲ့ တခြားစာရွက်စာတမ်းတွေလဲ ကူးသေးတာပဲ။ အဲဒီတုန်းက ကော်ပီကူးတာ အိမ်နားက စာကြည့်တိုက်မှာ။ ပြီးတော့ မြို့ထဲသွားတယ်။ ယူသွားတဲ့ အိတ်က ကျောပိုးအိတ်လား ... မဟုတ်သေးဘူး။ စလင်းဘက်လဲ မကိုင်သွားဘူး၊ အားးးး ဟုတ်ပြီ ... မှတ်မိပြီ ... ဖိုင်အိတ် အမည်းလေး ... ။ အိမ်ပြန်ရောက်လာပြီး အဲဒီအိတ်ကို အိပ်ရာပေါ်ပစ်တင်လိုက်တယ်၊ ကုတင်ဘေးကြားလေးထဲက စုံစီနဖာ စာအုပ်တွေထားတဲ့နေရာမှာ ဟိုနေ့ကတောင် မြင်မိသေး။ ဟုတ်ပြီ ... ။

မြို့ထဲမရောက်ခင် လမ်းခုလတ်မှာပဲ အဲဒီလို တဖြည်းဖြည်း သတိရလာတော့မှ စိတ်ကအေးသွားပြီး ဒုန်းဒုန်းချနိုင်တော့တယ်။ မြို့ထဲရောက်တော့ ဘဏ်ကိုသွား၊ ဈေးကိုဝင် ဘာညာသာရကာ လုပ်စရာရှိတာတွေ လုပ်ပြီးသကာလ အိမ်ပြန်လာခဲ့ကြတယ်။ အိမ်ပြန်ရောက်တာနဲ့ ကမန်းကတန်း အခန်းထဲပြေးဝင် ကုတင်ကြားက အဲဒီအိတ်အမည်းလေးကို ဆွဲထုတ် .... .... ....



ဝှူးခနဲ သက်ပြင်းကို ၀ရုန်းသုန်းကားချလိုက်မိပါတော့တယ်။
***
မေဓာဝီ
၇၊ စက်တင်ဘာ၊ ၂၀၁၀
၁၈း၄၇ နာရီ

11 comments:

ကိုအောင်(ပျူနိုင်ငံ) said...

တော်သေးတာပေါ့၊ ကျနော်လည်း အဲလို မေ့ဘူး
တယ်၊ ဘူတာရောက်မှ ရထားလက်မှတ် မေ့
ကျန်ခဲ့တာ၊ ရထားသမားက ကြည့်သွားတယ်၊
ဒီကောင် ရထားပေါ် တက်မလို့ လုပ်ပြီးမှ
ဘာလို့ မတက်တာလဲလို့ ...း)းP

ကိုကိုမောင်(ပန်းရနံ့) said...

ဟိုနား ဒီနား၊ ထား မမှားအောင်၊
တရားသတိ၊ လက်ကိုင်ရှိလော့။

အပ္ပမာဒေန မေဓာဝီ သမ္ပာဒေထ။ :D

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

.

ရွှေရတုမှတ်တမ်း said...

ဒေါ်လေးမေ....အသက်ကြီးလာပြီဆိုတော့..မေ့တတ်လာပြီ...
မမေ့မလျော့ မပေါ့မဆ စိတ်နှလုံးအေးချမ်းစွာနေနိုင်ပါစေ...

ဘကျောက်

ဧပရယ်လ်ပူး@ပူးတေ said...

ပူးတေလဲ မကြာခဏဖြစ်ဖူးတယ် မမမေ... အသိမ်းလွန်တာလေ... စည်းကမ်းကောင်းအားကြီးသွားတယ်... တခါတလေ အရေးကြီးလို့ သေချာသိမ်းပါတယ်ဆိုမှ ဘယ်နားပြန်ရှာရမှန်း မမှတ်မိတော့ဘူး...

ကျောင်းပြန်တက်ရတော့မှာပေါ့နော်...မမမေ ပျော်ရွှင်ပါစေ..

သိင်္ဂါကျော် said...

ဒီလိုပဲ.. ဖြစ်ဖူးတယ်.. ခဏ ခဏ ပဲ .. :D

Anonymous said...

အဲဒါ အိတ်များလို့ဖြစ်တာ.. အဲလိုမဖြစ်အောင်တအိတ်ထဲကိုင်ရတယ်...စူးနွယ်လည်းခဏခဏအဲလို ဖြစ်ပေါင်းများပြီ..အိတ်ပြောင်းလိုက်ရင် ဟိုဟာမပါတာ့တာနဲ့ဒီဟာမပါတော့တာနဲ့..မမြင်လို့ဒေါင့် ကပ်ကျန်နေခဲ့တာနဲ့..နောက်ဆုံးကိုင်တာဘယ်အိတ်လဲ မနဲပြန်စဉ်းစားပြီး ပြန်သွားရှာရတယ်..အမျိုးသားကပြောတယ်..သူ့လိုတ အိပ်ထဲကိုင်ပါတဲ့:)

စူးနွယ်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဖတ်နေရင်းနဲ့ ပြန်မှ တွေ့ပါ့မလား စိတ်ပူနေတာ
တွေ့သွားတော့မှ သက်ပြင်းချလိုက်မိတယ်.။
စိတ်အေးစွာပြန်ပြီ တာ့တာ

Ko Min Htet said...

တော်သေးတာပေါ့ ပဋ္ဌာန်းကယ်လို့။ စူးနွယ်ပြောသလို အိတ်အလုံးပေါင်းများစွာလည်း မကိုင်နဲ့။

Anonymous said...

ကြီးမေရေ
အသက်က စကားပြောနေပြီနော် တော်ပါသေးရဲ့ စာဖတ်ရင်းနဲ့ အပူကြော မြောပါသွားလိုက်တာ နောက်ဆုံးမှ ဟင်းချနိုင်တော့တယ်
စိတ်အေးလက်အေး သတိလေးနဲ့ အစစ အရာရာ လုပ်နိုင်ကိုင်နိုင်ပါစေ

အလုပ်တွေ ရှုပ်နေလို့ အခုမှ လာဖတ်ရတယ်
ခင်မင်စွာဖြင့်
seesein

sosegado said...

ဖြစ်ဖူးပါတယ်၊ ကိုယ်ချင်လည်းစာပါတယ်၊ ချွေးတွေထွက် ခေါင်းတွေနောက်ပြီး သေချာစဉ်းစား ဖြစ်နိုင်ခေခတွေချရေးပြီး တစ်ခုချင်းရှာမှပြန်ရတာ၊ နေ့ဝက်လောက် ထိသွားတယ်၊ အသက်ကြီးတာနဲ့ ဆိုင်တယ်လို့တော့ မပြောနိုင်ဘူး၊ blankဖြစ်သွားတဲ့အချိန်မှာ လုပ်မိလိုက်လို့ recall ပြန်မရတာလို့ဆိုတယ်၊ သူများပြောတာ။

Anonymous said...

မမေဓါ ရဲ့ အမောလေးကို ရွှေစင်ဦး လည်း မောနေတာ နဲ့ အခုမှ ဖတ်သွားတယ် မမေဓါ ရေ ဖြစ်နိုင်ရင် လူမရှိသူမရှိ ဘာအလုပ်မှ မရှိ တဲ့ နေရာကို ချစ်ချစ်ကြီးခေါ် ထွက်သွားလိုက်ချင်ရဲ့

ခင်မင်စွာဖြင့်
ရွှေစင်ဦး