Thursday, January 10, 2008

ကျမနှင့် ယောဂ

နေရာတကာ စပ်စပ် စပ်စပ် ပါချင်တဲ့ ကျမဟာ ကျောင်းမှာ ဘယ်သူမဆို အခမဲ့ တက်လို့ရတဲ့ ယောဂသင်တန်းကို တက်ခဲ့မိပါတယ်။ ယောဂဆိုတာ စာအုပ်တွေထဲသာ ဖတ်ဖူးတာ ဘယ်လိုလုပ်ရတယ် သေချာ မလေ့လာ ခဲ့ဖူးတော့ သိပ်ခက်ခဲ လောက်မယ်လို့ မထင်မိဘူး။သင်တန်းဆရာမ မမအစ်ဇဘယ် ကလည်း ယောဂဆိုတာ မင်းတို့ဆီက meditation လိုပဲ လို့ ကျမ စိတ်ဝင်စားအောင် ဆွယ်ရှာပါတယ်။ ဒါနဲ့ပဲ မမအစ်ဇဘယ်ကို ကျမလည်း တက်မယ်လို့ ကတိပေးပြီး နာမည် စာရင်း ပေးလိုက်တယ်။ သင်တန်းက တပတ်မှာ ၂-ရက် အင်္ဂါနဲ့ ကြာသပတေး နေ့တွေမှာ ရှိတာ ဆိုတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က စတက်ခဲ့တယ် ဆိုပါတော့။

“သက်သောင့်သက်သာ ဖြစ်မယ့် အ၀တ်အစား ၀တ်ခဲ့၊ ယောဂ ဖျာ မရှိရင် မျက်နှာသုတ်ပုဝါ အကြီး ယူခဲ့ ...” ဆိုတဲ့ မမအစ်ဇဘယ် မှာတဲ့အတိုင်း ၀တ်စားဆင်ယင်ပြီး ညနေ ၅ နာရီခွဲမှာ သင်တန်းလုပ်မယ့် Chinese Embassy ဆိုတဲ့ အဆောက်အဦးလေးဆီ သွားရပါတယ်။

အသီးသီး နေရာယူပြီးတဲ့နောက် ဥုံ ၃-ခါ အော်ပြီး သင်တန်းကို စပါတယ်။ စစချင်း ပက်လက်လှန် အိပ်တဲ့ အနေအထားနဲ့ မျက်စိကိုမှိတ်၊ တကိုယ်လုံးက အကြောအချင်တွေကို လျှော့ချပြီး အသက်ကို ၀၀ရှူသွင်းရပါတယ်။ နောက် တကိုယ်လုံးကို ဆန့်ထုတ်ပြီး အသက်ပြင်းပြင်း ရှူရပြန်ပါတယ်။ စိတ်ကို အသက်ရှူတဲ့ဆီမှာပဲ အာရုံ စိုက်ထားရပါတယ်။ အဲဒီနောက် တင်ပလ္လင်ခွေ (meditation post) ပုံစံ ထိုင်လိုက်ပြီး လက်ကို ပုံမှာ ပြထားတဲ့အတိုင်း လက်ညှိုးနဲ့ လက်မ၀ိုင်းထားတဲ့ မုဒြာပုံစံ ထားရပါတယ်။ ပြီးတော့ 1, 2, 3, 4 ရေတွက်ပြီး အသက်ရှူသွင်း ရတယ်။ ရှူထုတ်တဲ့အခါကျတော့ 1 ကနေ 8 ထိ ရေတွက်ရပါတယ်။
တခါ ညာဘက် လက်ညှိုးနဲ့ လက်ခလယ်ကို ကွေးထားပြီး ကျန်တဲ့ လက် ၃-ချောင်းကို ထောင်၊ လက်မနဲ့ ညာဘက် နှာခေါင်း ပေါက်ဝကို ပိတ် .. ဘယ်ဘက် နှာခေါင်းနဲ့ အသက်ရှူသွင်း၊ လက်သူကြွယ်နဲ့ ဘယ်ဘက် နှာခေါင်းပေါက်ကို ပိတ် ... ညာဘက် နှာခေါင်းနဲ့ အသက်ရှူထုတ်၊ နောက် လက်မပြာင်းသေးဘဲ ညာဘက် နှာခေါင်းနဲ့ အသက်ရှူသွင်း၊ လက်ပြောင်း ... ဘယ်ဘက် နှာခေါင်းနဲ့ အသက်ရှူထုတ် ... အဲဒါမျိုး တစုံလုပ်ရင် တခါ လို့ ရေတွက်ပြီး ၄-ခါ လုပ်ရပါတယ်။
အဲဒီလောက်ကတော့ အဆင်ပြေပါသေးတယ်။ ပုံစံ တမျိုးကနေ တမျိုးပြောင်းတိုင်း ဥုံ ခံပြီးမှ ပြောင်းတာကိုလည်း သတိထား မိပါတယ်။ နောက် ... တဖြည်းဖြည်းနဲ့ အဆင့်တွေ တက်လာပြီး သစ်ပင်ပုံစံ အနေအထား၊ နေကို မျှော်ကြည့်တဲ့ ပုံစံ အနေအထား၊ ဇောက်ထိုးပုံစံ၊ ကလေးငယ်ပုံစံ၊ ခြေထောက်မြှောက်ရ .. ကျွမ်းထိုးရ မျိုးစုံ လုပ်ရပါတော့တယ်။ ခန္ဓာကိုယ် ကြံ့ခိုင်ရေးအတွက် ဘာလေ့ကျင့်ခန်းမှ မလုပ်တာ ကြာပြိဖြစ်တဲ့ ကျမရဲ့ အကြောအခြင်တွေဟာ အရမ်းကို တောင့်တင်းနေတာကြောင့် ပြောတဲ့အတိုင်း လိုက်မလုပ်နိုင်ခဲ့ဘူး။ မနည်း ကြိုးစားပြီး ဖတ်ဖတ်မောအောင် လုပ်ခဲ့ရပါတယ်။
ယောဂရဲ့ အဓိက အချက်ကတော့ စိတ်တည်ငြိမ်ဖို့နဲ့ ကိုယ်လုပ်တဲ့ ပုံစံပေါ်မှာ အာရုံ စူးစိုက်ဖို့ပါပဲ။ ယောဂ လေ့ကျင့်ခန်းဟာ ကိုယ်ရော စိတ်ပါ ကြံ့ခိုင်စေပြီး သွေးလည်ပတ်မှု၊ နှလုံး၊ အဆုတ် စတဲ့ ကလီစာတွေရဲ့ ကြံ့ခိုင်မှုကိုပါ အထောက်အပံ့ ပြုစေတယ်လို့ မမအစ်ဇဘယ်က ရှင်းပြပါတယ်။

နောက်ဆုံးတော့ မလုပ်နိုင် လုပ်နိုင်နဲ့ ကြိုးစားပမ်းစား လုပ်ရင်း၊ သူမမြင်ရင် ခဏတဖြုတ် ရေသာခိုရင်းနဲ့ ၇-နာရီ ထိုးတဲ့ အခါ ဘုရား (သို့မဟုတ်) ယောဂ ဆရာကြီး အပါအ၀င် ကျေးဇူးရှင်များ ကို ကန်တော့တာတို့ ကမ္ဘာကြီး ငြိမ်းချမ်းစေဖို့ ဆုတောင်းတာတို့ လုပ်ပြီး ဥုံ ခံပြီး အတန်းဖြုတ်လိုက်ပါတယ်။

ယောဂသင်တန်းအပြီး ညစာစားတော့ ခါတိုင်းနေ့ထက် ပိုပြီး စားလို့ကောင်းသလိုပဲ ... ဒါနဲ့ အများကြီး စားပြီး ... အိပ်ရာဝင်ခဲ့ပါလေရော ... ။
***
မေဓာဝီ
၁၀၊ ဇန်န၀ါရီ၊ ၂၀၀၈
၂၁း၄၀ နာရီ
(ယောဂရဲ့ ပုံစံလေးတွေ နမူနာ ကြည့်ရအောင် ရှာပြီးတင်ပေးလိုက်ပါတယ်။)

20 comments:

thamudayanwe said...

အမနော်..ဒါဆို ၀သွားလိမ့်မယ်..သူငယ်ချင်းလေ..ကစားပီး မောလို့တဲ့ပြန်လာတိုင်းစားတော့ ပိုဝသွားတယ်.
ကစားတာကောင်းပါတယ်..
ကျေးဇူးပါ..ကျနော်လဲ ယောဂ ကိုစိတ်ဝင်စားတယ်..

MgThaJan said...

ကျနော်လဲ တချိန်တုန်းက စမ်းကြည့်မယ်ဆိုပြီး စာအုပ် စီဒီတွေဝယ်ပြီး တစ်ခုမှ မလုပ်ဖြစ်ဘူး :P

ရွှေဂျမ်း said...

သူများတွေက Yoga နဲ့ ပိန်အောင်လုပ်ကြသတဲ့။ မမေက Yoga လုပ်ပြီး ပိုစားကောင်းလာတယ် ဆိုတော့ တော်ကြာ ပြောင်းပြန် ဖြစ်နေဦးမယ်နော်...=P

တန်ခူး said...

အားပေးတယ်မေရေ...ကျန်းမာရေး လေ့ကျင့်ခန်း တခုခု ပုံမှန်လုပ်တာ ကောင်းပါတယ်...တို့ရဲ့ လုပ်ဖော်ကိုင်ဘက်တယောက် ယောဂ ကစားတာ ၂လ လောက်ကြာတော့ အသားအရေရော ခန္ဓာကိုယ်ပါ ပိုပြီးစိုပြေ လှပ လာတာ တွေ့ဘူးတယ်...။

မြရွက်ဝေ said...

ယောဂကျင့်ရင် ကျန်းမာတယ်လို့ ကြားဘူးတယ်။ ခန္ဓာကိုယ် ပျော့ပျောင်းဖို့တော့ လိုမယ်ထင်တယ်နော်။ ပုံတွေကြည့်တာနဲ့ လွယ်မလိုနဲ့ အတော်ခက်တဲ့ ကျင့်စဉ်ဘဲလို့ သတိထားမိတယ်။

Anonymous said...

ဗိုလ်မင်းဟံ ရဲ့ သင့်ဘ၀အတွက် ယောဂကျင့်စဉ် ကို ဖတ်ကြည့်ပါလား။ အနောက်တိုင်းနဲ့ အရှေ့တိုင်း အများကြီး ကွာတယ်။

pandora said...

ကစားဖူးတယ် ဆက်လုပ်နိုင်ရင် ကောင်းပါတယ်
ပိန်သွားရင် အရင်ပုံနဲ့ နှိုင်းယှဉ် ဆိုပြီး ဓာတ်ပုံလေးတွေ တင်ပေးနော် ဟီးး

Anonymous said...

ကျနော်ကတော့ ယောဂသင်တန်းသွားတိုင်း အသက်ရှူ လေ့ကျင့်ခန်းလုပ်ရင် စိတ်ရောကိုယ်ပါ လျှော့ချတာများ သွားလို့လားမသိဘူး... တရှူးရှူးနဲ့အိပ်ပျော်သွားတတ် လွန်းလို့ အားလုံးထဲမှာ ရှက်ရတာလဲ ခဏခဏပါပဲဗျာ၊ :-)

နှင်းပွင့်ဖြူ said...

ကျွန်မတော့ ယောဂ ကျင့်ဖို့မပြောနဲ့ အစ်မရေ......
မယ်သီလရှင်ဝတ်တုန်းကတောင် တရားကောင်းကောင်းမထိုင်နိုင်ဘူး.. ငြိမ်ငြိမ်နေလို့ကို မရတာ...
ကွန်ပြူတာရှေ.မှာတော့ ရတယ်.. ဟီးဟိး
အဲ့လိုပဲ အကျင့်က မကောင်း...

Anonymous said...

Ma May comment ka yayy loh ma ya buu ma may yae. . email bae pho htar tae thi lar..

တန်ခူး said...

နေကောင်းလားမေ?
Postအသစ်တွေ မတွေ့တော့ မေများ နေကောင်းရဲ့လားလို့ စိတ်ပူလို့ပါ။ Take Care.

Hteink Min said...

ဒါဆို ပိုဝဘို့ပဲ ရှိတော့တယ်။ ဟဲဟဲ ကြိုဆိုကြပါစို့။

မေပျို said...

အမရေ
ယောဂကျင့်တာ ကောင်းတယ်နော်။ အကြောအချဉ်တွေလည်း ပြေမယ်ထင်တယ်။ အစာလည်း ပိုစားတော့ ပိုပိုဝလာပေါ့။ ဒီတော့လည်း ၀လို့လှလို့နဲ့ အဆင်ပြေသွားရော..။ ဟီးဟီး အဆင်ပြေပါစေ။

လေးစားစွာဖြင့်
မေပျို

ကလူသစ် said...

အမှတ်မထင်ဖတ်လိုက်တာ ကျမနှင့်ပယောဂ ဆိုလို့ ဘာတွေဖြစ်ကုန်ပလဲထင်တာ ဟဲ :) . တော်သေးတာပေါ့ ယောဂဆိုလို့။ စွတ်ရမ်းလုပ်မနေနဲ့နော်။ အသက်ကကြီးပြီ :) မတော်လွဲကုန်လို့ စောင်းငန်းစောင်းငန်းနဲ့ မြန်မာပြည်ပြန်နေရမယ်။ ဟဲ

Anonymous said...

Heyyyyyyyyyy.....
I called ur mobile phone for one week... but no answer...network said ... the mobile phone u have called, this will stop,,pls call again later.... whenever i call u ,, i am replied like that.. did u change ur number.. or what happen to u???? why are u away from ur blog.. why are u away from ur mobile phone... don't make us to worry u... at least.. if u have some critical situation or crisis, u should leave short message here why do u pause ur blog like this, don't u???
now there is no clue .... :(

pandora said...

ပို့စ်အသစ် မရေးဖြစ်ဘူးလား မမေ။ အလုပ်များနေလားဟင်။ သတိရလို့ လာအော်သွားပါတယ်။

Pinkgold said...

အမရေ
ယောဂ အကြောင်းလေး မျှဝေပေးတာ ကျေးဇူးတင်ပါတယ်
သူက ကျန်းမာရေး အတွက်တော့ တော်တော် ကောင်းမယ်နော်.. အမပြောသလိုပဲ အစပိုင်းမှာ လိုက်လုပ်ရတာ တော်တော် ခက်မယ်ထင်တယ်

Anonymous said...

i can not call ur mobile phone.. what's wrong with u??? it's about over one week.... why are u away from ur blog?? why are u away from ur phone... at least, u should leave short message here why u can't go on...now we have to concern u somehow.... :(
naughty old lady... ;P

TZA said...

မမေဓာဘယ်များပျောက်နေပါလိမ့်..

ခေါင်းစဉ်ဖတ်လိုက်တာ ရုတ်တရက် ပယောဂများလားလို့၊ ဩော်.. ကလူသစ်လည်း အဲလိုထင်နေတာကိုး၊ ဖြစ်ရမယ်။

တခုခွင့်တောင်းချင်ပါတယ်၊ ကျနော်မမေဓာဘလော့ဂ်က မြန်မာစာသတ်ပုံတွေ၊ ပါဌ်ဆင့်ရေးသားပုံတွေနဲ့ ပတ်သက်တဲ့ ပို့စ်တချို့ကို ကျနော့ဘလော့ဂ်ပေါ်မှာ ကူးထားချင်ပါတယ်၊ ခွင့်ပြုမယ်လို့ မျှော်လင့်ပါတယ်။ ဦးဆုံးအနေနဲ့ ကျနော်အရင်က မေးခဲ့ဖူးတဲ့ သတ်ပုံပို့စ်ကို http://degolar.blogspot.com/2008/01/blog-post.html မှာ ကူးထားပါတယ်၊ အဆင်မပြေရင် ကျနော်ပြန်ဖြုတ်လိုက်ပါ့မယ်။

မမေဓာ ကျန်းမာပါစေ။

naing said...

အစ်မ စာတွေနဲ့ အလုပ်များနေတာ ထင်တယ်။ လာလည် သွားပါတယ် ခင်ဗျာ။