Wednesday, January 02, 2008

၁-ရက် ၁-လ ဒိုင်ယာရီ

ဇန်န၀ါရီ ၁-ရက်
ညက အိပ်ရာဝင်တာ ညဥ့်နက်သွားလို့ မနက်အိပ်ရာထ နည်းနည်း နောက်ကျခဲ့တယ်။ မနက်စာ စားပြီး ဦးရီးတော်နဲ့အတူ ရွာနီးချုပ်စပ်ကို ခရီးထွက်ခဲ့ကြတယ်။
အနိမ့်အမြင့် လမ်းတွေက သာယာလွန်းတယ်။ ကားလေးက တောင်ကြားထဲ ရောက်သွားလိုက် တောင်ပေါ် ရောက်သွားလိုက် ...။ တောင်ခိုးတွေက ဝေ ... လို့။ အပြင်မှာ ၇ ဒီဂရီ စင်တီဂရိတ်ရှိတယ်လို့ ကားရဲ့ ဒိုင်ခွက်ထဲမှာ ညွှန်ပြနေတယ်။ ကားထဲမှာတော့ ၁၈.၅ ဒီဂရီ တဲ့။

ဖွင့်ထားတဲ့ Adam Willams ရဲ့ သီချင်းက Killing me softly with her song တဲ့။ ဦးရီးတော်က ကားမောင်းနေရင်း သီချင်းကို လိုက်ညည်းနေလေရဲ့။ Coalbrookdale ဆိုတဲ့ ကျေးရွာလေးကို ရောက်တော့ သွားချင်တဲ့ နေရာမှာ ကားရပ်စရာကမရှိ။ ဒါနဲ့ လှည့်ပတ်ရှာရင်း ခပ်ဝေးဝေး တနေရာမှာပဲ ကားကိုရပ်ပြီး လမ်းလျှောက်ခဲ့ရတယ်။

သွားချင်တာက အဲဒီတံတားဆီကိုပါ။ ကမ္ဘာပေါ်မှာ ပထမဆုံး သံနဲ့လုပ်တဲ့ တံတား ... နာမည်က Iron Bridge တဲ့။ River Severn ပေါ်မှာ ဖြတ်ပြီး ၁၇၇၉ ခုနှစ်က တည်ဆောက်ထား တယ်လို့ သိရပါတယ်။ River Severn ဟာ မြစ်လို့သာ ဆိုတယ် ကျမတို့ဆီက ချောင်းသာသာပါပဲ။ မြစ်ရေကတော့ တဝေါဝေါစီးဆင်းလို့။

ဒီလိုနေ့ရက်မျိုးဆိုရင် လူနည်းမယ်ထင်ပြီး တူဝရီး နှစ်ယောက် လာခဲ့ကြတာ။ ရောက်ခါစက တံတားပေါ်မှာ လူတွေအများကြီးပဲ။ ပြန်ခါနီးမှာတော့ လူတွေလည်း နည်းသွားပါပြီ။

ဒါကတော့ Iron Bridge ရဲ့ ပန်းချီကားပုံပါ။ ၁၇၈၀ ခုနှစ်က ပန်းချီဆရာ ၀ီလျံ ရေးဆွဲခဲ့တာလို့ သိရပါတယ်။

သံတံတားက အပြန် Bridge North ဆိုတဲ့ ရှေးဟောင်း မြို့ကလေးဆီ ခရီးဆက်ခဲ့ကြတယ်။ တောင်ပေါ် မြို့ကလေးပေါ့။ မြို့ထဲမှာ လမ်းတွေကလည်းဟောင်း၊ အဆောက်အဦတွေကလည်း ဟောင်းလို့ ကိုယ်တိုင် ရှေးခေတ်ကို ရောက်သွားသလိုပါပဲ။ အဟောင်းတွေ အားလုံး မပျက်စီးအောင် ထိန်းသိမ်း နိုင်တာ ဂုဏ်ယူစရာပဲ။

တောင်ပေါ်ကနေ ကြည့်နေရင်း မီးခိုးတလူလူနဲ့ ရထားတစီး ခုတ်မောင်းလာတာ မြင်ရတယ်။ ရှေးခေတ်က ပြေးတဲ့ ကျောက်မီးသွေး ရထားကြီးတဲ့။ ခုတော့ အပျော်စီး ရထား အဖြစ် ပြေးဆွဲ နေတာပါ။ တခါစီး ပြား ၉၀ နဲ့ တောင်ပေါ် တောင်အောက် ပြေးတဲ့ ရထားကလေးလည်း ရှိသတဲ့။ ဒါပေမဲ့ ဒီနေ့က ပိတ်ထားလို့ မစီးခဲ့ရပါဘူး။

ဒီ ဘုရားကျောင်းက ၁၆ ရာစု လောက်က တည်ဆောက်ခဲ့ တာလို့ သိရပါတယ်။ ဒီ့ထက် ရှေးကျတဲ့ အေဒီ ၆၀၀ ကျော်လောက်က Castle ကြီးကတော့ တပိုင်းတစ ပြိုကျ နေပါတယ်။ အဲဒီဝင်းထဲလည်း ၀င်လို့မရဘူး ပိတ်ထားပါတယ်။ ဒီလိုနဲ့ ဟိုဟို သည်သည် လျှောက်ကြည့်ပြီး မမှောင်ခင် အိမ်ကို ပြန်ခဲ့ကြတယ်။

ကားလေးက တရိပ်ရိပ်ပြေးလို့ မြို့လေးတွေက အနောက်မှာ ကျန်၊ အိမ်ကို ပြန်မရောက်ခင် တောင်စွယ်မှာ နေကွယ်သွားခဲ့ ပြီ ... ။
***
မေဓာဝီ
၂၊ ဇန်န၀ါရီ၊ ၂၀၀၈
23:34 pm

(အင်တာနက် ကွန်နက်ရှင် သိပ်မကောင်းလို့ ဒီ ပို့စ်ကို မနည်း တင်လိုက်ရပါတယ်။ ကျမကို ကွန်မန့်ထဲမှာ လာရောက် နှုတ်ဆက်သူများ အားလုံးကို ကျေးဇူးတင်ကြောင်း ဒီကနေပဲ ပြောလိုက်ပါရစေ ... ၄-ရက်နေ့မှာ ဒီမြို့ကနေ ပြန်ရပါမယ်။ အိမ်ရောက်မှပဲ အားလုံးကို အားရပါရ နှုတ်ဆက်ပါတော့မယ်။ ကျမဘလော့ကို လာရောက် လည်ပတ်သူ အားလုံးကို ကျေးဇူး အထူး တင်ပါတယ်ရှင် ... ။)

4 comments:

Hteink Min said...

သူများတွေက နိုင်ငံခြားရောက်ရင် အင်တာနက် ကော်နက်ရှင်ကောင်းတယ် ထင်နေကြတာ။ မမေ အဆောင်မှာ ၀ိုင်ဖိုင် မပေးထားဘူးလား။ မမေရေ ကမ္ဘာကြီး ပူနေပြီ၊ ပုံမှန် ခုလောက်ဆို ကလေးတွေ နှင်းလူတွေ လုပ်ပြီး ဆော့နေကြတာ၊ အခု ကောက်စရာ နှင်းတောင် မရှိ။ အာရှမှာ နှင်းသွားကျပြီး ဒီဘက်မှာ ပူလာရင်တော့ ၊ ဥရောပ လူဦးရေ များဦးမယ်။ ဟက်ဟက် မင်္ဂလာ နှစ်သစ်ပါ

Anonymous said...

Hi, Welcome from UK. Which Uni are you studying now? I am so proud that UK have many good blog writers such as u, 99, ko htike and etc...
Wish you to have successful year in here. CNL!

တန်ခူး said...

iron birdge က တကယ့်အိပ်မက်ထဲကတံတားလေးပဲနော်...(btw...မေ့ဦးရီးတော်ကို အပြင်မှာတကယ်ပဲ အဲဒီလိုခေါ်လားဟင်...ခေါ်ပုံလေးကထူးဆန်းလို့ပါ)

မေဓာဝီ said...

မင်းမင်းရေ …
ကွန်နက်ရှင် မကောင်းဘူးဆိုတာက ဦးရီးတော်အိမ်မှာ ဒိုင်းလ်အပ်နဲ့ သုံးနေရလို့ပါ။ ကျောင်းမှာကတော့ သိပ်မဆိုးလှပါဘူး။ မင်းမင်းလည်း နှင်းကို တ-လိုက်ရတာ … အခုရော နှင်းကျပြီလား။

ကို CNL ဆုတောင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင် … ။

မခိုင်ရေ … တကယ်တော့ အပြင်မှာ ဦးရီးတော်လို့ မခေါ်ပါဘူး။ စာထဲမှာမို့ ခေါ်ကြည့်တာ။ ဟဲဟဲ .. :P