Wednesday, January 09, 2008

ဗလာ

ဒီနေ့ ဘာစာမှ အသစ် မရေးနိုင်လို့ ဟိုး လွန်ခဲ့တဲ့ ၁၆ နှစ် လောက်က ရေးခဲ့ဖူးတဲ့ ကဗျာလေးပဲ တင်လိုက်ပါတယ်။ ၁၉၉၂ ခုနှစ် လောက်က ရေးခဲ့တာပါ။ ကဗျာလေးက တိုတိုလေး နဲ့ နဘေတွေ ထပ်ပြီး ရေးထားတာမို့ ခုထိ မှတ်မိလို့ နေပါတယ်။ အဲဒိတုန်းက သမိန်ပေါသွပ် ကာတွန်းတွေ ထဲမှာ ...

"အတိတ်ကာလကို အရိပ်ပြာချပြီး အိပ်ရာအထမှာ ... ပြိတ္တာမ .... လို့ ... အော်လိုက်တယ်" ... တို့

"တပေါင်း တန်ခူးမှာ အကြောင်းမထူးရင် မြောင်းတူးပြီး ပြောင်းဖူးပဲ စိုက်တော့မယ်" ... တို့ ...

မြို့စားကြီးဦးအာလူးရဲ့ ကြုံးဝါးစကား …
"အာလူးတို့ဘုန်း ... မိုးသို့ချုန်း ... ပွေးပုန်း ပေါင်မှာ မနေသာ" ... တို့

အဲဒါတွေ ဖတ်ပြီး သဘောကျမိတဲ့ အချိန်ဆိုပါတော့ ... ။ ဒါနဲ့ ကျမလည်းပဲ အားကျ မခံ နဘေထပ်ကြည့်တာပါ .. ။ အဲဒီတုန်းက ကဗျာခေါင်းစဉ်ကို "စင်စစ်" လို့ ပေးထားတာ။ ခုတော့ "ဗလာ" လို့ ပြန်ပြောင်း လိုက်ပါတယ်။ ဖတ်ကြည့် ကြပါဦး။
***
ဗလာ

အမုန်းပွါးမယ့် စကားလည်း မဟုတ်
အရှုံးများတဲ့ ကစားပွဲ မဟုတ်
နှလုံးသားရဲ့ အမှားလည်း မဟုတ် ...

ဒါပေမဲ့
တရားမဲ့သူတွေရဲ့ ကြား
အမုန်းစကားဟာ အတားခက်
အရှုံးများဟာ ခါးသက်
နှလုံးသားဟာ ဓားထက်ထက်နဲ့
ခွဲခံခဲ့ရ ....
ဘ၀ဟာ ဗလာသက်သက်။
(၁၉၉၂ ခုနှစ်)
***
မေဓာဝီ
၉၊ ဇန်န၀ါရီ၊ ၂၀၀၈
၂၃း၂၁ နာရီ

16 comments:

မြရွက်ဝေ said...

သမိန်ပေါသွပ်ကြိုက်တယ်၊ ကာတွန်းစာအုပ်ထဲ ပုသိမ်ဘောကျွတ်လို့ နဘေထပ်ထားတာ သတိရသေးတယ်။ အမကဗျာကိုလည်း သဘောကျတယ်။ နဘေထပ်ကဗျာက ဖတ်လို့လည်းကောင်း မှတ်မိလည်း လွယ်တယ်။

ကိုပေါ said...

အားပါးပါး…..လက်စသတ်တော့ ဆရာမကလည်း သမိန်ပေါသွပ် ပရိတ်သတ်ကိုး။ အဲဒီ “အာလူးတို့ဘုန်း မိုးသို့ချုန်း ပွေးပုန်းပေါင်မှာ မနေသာ……”ဆိုတာ အီဖေစကိုယ် အင်မတန်ကြိုက်လို့ သူငယ်ချင်းဓါတ်သိ(ဓါတ်ကြောင်)တွေကြားမှာ မကြာခဏ (ကိုပေါတို့ဘုန်း ဆိုပြီး) ကြုံးဝါးလေ့ရှိတဲ့ စာချိုးလေးဘဲပေါ့။ နောက်တခုရှိသေးတယ်။ “ယောက်ျားတံခွန် လူရည်ချွန်လည်း ဓါတ်တိုင်တမွတ် ဖန်သီးဆွတ်က မလွတ်စတမ်း အချုပ်မြန်း၏” တဲ့။ လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်ကဘဲရေးရေး၊ ဆရာမ ကဗျာလေးကလည်း အခုထိ တကယ်ကောင်းလှပါတယ်။ ကိုတင်လှိုင်တို့ ကိုသန်းလှိုင်တို့အတွက် သီချင်းပေါင်းများစွာ ရေးပေးဘူးတဲ့ သီချင်းရေးဆရာ မောင်ဆွေနွယ်ရဲ့ (မန်ကျည်းရွက်ထပ်) ကာရန်မျိုး လေးတွေပေါ့။

တန်ခူး said...

လွန်ခဲ့တဲ့ ၁၆ နှစ်က ကဗျာလေးက အဓိပ္ပါယ်တွေ လေးနက်ပြီး သပ်ရပ်တဲ့ ကာရန်လေးနဲ့။ မေက စာရေးဆရာဖြစ်ဖို့ မွေးဖွားလာ သလိုပဲ။ မေ့စာတွေကို computer မရှိတဲ့ မြန်မာပြည်က လူတွေပါ ဖတ်လို့ရအောင် Magazine တွေဆီ ပို့ပါလားဟင်။

Ka Daung Nyin Thar said...

ကျနော့် အိမ်အသစ်လေးကို အလည်လာပါဦး.. လုလုဆီက ဟင်းလျာများနဲ့ ဧည့်ခံထားပါတယ်။

Sophie said...

very good sisiter! i like so much!

ညီအကိုများ said...

အရမ်းကောင်းတဲ့..ကဗျာလေးပါဗျာ…

ကိုနေ(YNP)

naing said...

လွှတ် ဂွတ် အစ်မ ။

NwayLeL said...

မမေ ကဗျာလေး က အများကြီးပေးသွားတယ်နော်

Anonymous said...

မမေ ကဗျာလေး က အများကြီးပေးသွားတယ်နော်

မေဓာဝီ said...

ညီမလေး မြရွက်ဝေလည်း သမိန်ပေါသွပ် ပရိသတ်ပဲပေါ့နော်။

ကိုပေါရေ ... လူငယ်ဘ၀တုန်းက အားလုံးလိုလိုတော့ သမိန်ပေါသွပ် ပရိသတ် ဖြစ်ခဲ့ဖူးမယ် ထင်ပါရဲ့။ အဲဒီ စာကို ရေးနေတုန်းက ကိုပေါပြောတဲ့ "ယောက်ျားတံခွန် ..." ကို သတိရလိုက်သေးတယ်။ ထည့်သာ မရေးဖြစ်တာ။ ကျမ ဒီကဗျာ ရေးစဉ်အချိန်တုန်းက ရေးသာ ရေးလိုက်တာ မန်ကျည်းရွက် ထပ်လား ဘာလား မသိခဲ့ပါဘူး။

မခိုင်ရေ ... ဟိုးအရင်တုန်းကတော့ မဂ်ဂဇင်းတွေဆီ ပို့ခဲ့ဖူးပါတယ်။ အနည်းအကျဉ်းလည်း ပါခဲ့ဖူးပါတယ်။ နောက်ပိုင်းတော့ စာပေစိစစ်ရေးရဲ့ မူကို မကြိုက်တာနဲ့ မပို့ဖြစ်တော့ဘူး။ စာပိုဒ်တွေ ဖြုတ်ခံရတာတို့ စာကြောင်းတွေ ပိတ်ခံရတာတို့ ဖြစ်တော့ ကိုယ့်စာက အင်္ဂါမစုံပဲ စာမျက်နှာပေါ် ရောက်မသွားစေချင်လို့ပါ။ အခု ကိုယ့်ဘလော့ကိုယ် ဆိုတော့ အယ်ဒီတာတို့ စာပေစိစစ်ရေး တို့ မရှိတာမို့ ... ကိုယ့်စိတ်ကြိုက်ကိုယ် ရေးနိုင်တယ်လေ.. ။

ကိုကဒေါင်း အိမ်သစ်ကို ၀င်လို့ မရဘူး။ လင့်ခ်မှားနေလား မသိ။

ညီမလေး ရတနာစိုး၊ ကိုနေ၊ ကိုနိုင် နဲ့ မီးလေး (နွေလယ်) တို့ အားလုံးလည်း အားပေးကြတာ ကျေးဇူးအများကြီး တင်ပါတယ်ရှင် ... ။

thamudayanwe said...

အမ ကို အားကျတယ်ဗျာ..အမက အရမ်းအရေးကောင်းတယ်..ကျနော်လဲ ပေါသွပ်ကြိုက်တယ်ဗျ..ရီရလို့

pandora said...

သူများလည်း ပေါသွပ် ပရိဿတ်ပဲ။

ဗလာမဟုတ်သော ကဗျာတစ်ပုဒ်ကို ဘာမဟုတ်ညာမဟုတ် ဘဇာရုပ်မှမပေါက်သော ပန်ဒိုရာက "တယ်ကောင်းပါလား" ဟု အထာလုပ်ရင်း ညာတုပ်သွားပါသည်။

hana san said...

wow!
nice!

ဆောင်းယွန်းလ said...

အလွန်လှပသေသပ်ပြီး တန်ဖိုးရှိလှတဲ့ကဗျာတပုဒ်လို့ယူဆမိလို့ကွန်မန့်ဝင်ရေးခဲ့တာပါ..လေးစားပါတယ်ဗျာ
ဆောင်းယွန်းလ

နှင်းပွင့်ဖြူ said...

ကျွန်မလည်း ကြိုက်ဧ။် သမိန်ပေါသွပ်ကို......
ကဗျာလေးက တိုတိုလေးနဲ့ မိုက်ဧ။်......

Anonymous said...

ဘယ်သူဘာပြောပြော ကျနော်ကတော့ ဒီကဗျာလေးကို အရမ်းကြိုက်တယ်။
နဂိုရ် ကတတည်းက နဘေကို ချစ်တဲ့သူဆိုတော့ ဒီ ကဗျာလေးကိုလည်း ချစ်မိတာမဆန်းပါဘူး။ မော်ဒန် ဆိုရင်တောင် ကာရန်ချိတ်ထားတဲ့ မော်ဒန်ကဗျာတွေကို ပိုကြိုက်တယ်ဗျာ .. ဆရာမောင်ခိုင်မာ ရေးလေ့ရှိတဲ့ မော်ဒန်ကဗျာမျိုးဆို ပိုပိုပြီးတောင်ကြိုက်သေး ..
ဒီတော့ ဒီကဗျာလေးကိုလဲ ကြိုက်တာ ဆန်းသလားဗျာ
မြန်မာကဗျာများ ကိုချစ်သော
ဟယ်ရီ