Tuesday, January 08, 2008

အပြန်လမ်း

အပြန်လမ်းက နွမ်းလျလွန်းသည်။
အေးစက်စက် ရာသီအောက်မှာ တယောက်ထဲ ပြန်ရမှာမို့ ငိုချင်လျက် လက်တို့ ဖြစ်လို့နေသည်။ ပိတ်ရက်ရှည်မှာ ဘာမှ မလုပ်ဘဲ နေတာ များသွားတော့ လူက ခပ်ထိုင်းထိုင်း ဖြစ်နေပြီ။ ကျောင်းရောက်ရင် သည်လို နေ၍ မရတော့။ စိတ်ထဲက ပါပါ မပါပါ ပြုံးရ၊ ရယ်ရ၊ နှုတ်ဆက်ရ၊ လောကရဲ့ ၀တ္တရားတွေ၊ ပဋိသန္ဓာရ စကားတွေ ဆိုရပေဦးမည်။ ပြီးတော့ ... သွားရ၊ လာရ၊ လှုပ်ရှား ရုန်းကန် ရပေဦးမည်။ တွေးရင်းတွေးရင်းနှင့် စိတ်က လေးလေးလို့ လာ၏။ ကျောင်းဆိုသည့် အသံကိုပင် မကြားချင်။ ငယ်စဉ် ကတည်းက ကျောင်းပျင်းလေ့ရှိသည့် စိတ်က ယခုထက်ထိတိုင် အကျင့်ပါ နေဆဲ။ အကျင့် ဆိုသည်ကလည်း ဖျောက်ခဲ နိုင်သားလား။

သည်လိုနှင့် ညနေမစောင်းခင် ဘတ်စ်ကားဂိတ်ကို သွားဖို့ အထုတ်အပိုး ပြင်ရသည်။ အိမ်နှင့် ကားဂိတ်က သိပ်မဝေးလှ သော်လည်း သယ်ရမှာတွေက မနည်း။ အပြည့်အကျပ် အထပ်ထပ် ထည့်ထားသည့် ကျောပိုးအိတ်က တလုံး၊ တနင့်တပိုး ထိုးထည့်ထားသည့် ပခုံးလွယ်သော ဂျင်းအိတ်က တလုံး၊ ထိုးထိုးကျိတ်ကျိတ်ဲ သိပ်ထည့်ထားသည့် ဘီးတပ် လက်ဆွဲ သေတ္တာငယ်က တလုံး၊ ထို အိတ် ၃-လုံးနှင့် ရုန်းရ ပေဦးမည်လေ။

သွားခါနီးမှ ကပ်ပြီး ကွန်ပျူတာပိတ်၊ မီးပိတ်၊ တံခါးပိတ်ပြီး အိတ် ၃-လုံးနှင့် ကိုးရိုးကားရား ကားလမ်းဖြတ်ကူးဖို့ စောင့်တော့ ကားတွေက သနားပြီး ရပ်ပေးကြသည်။ ကားတစီးက အဝေးကြီး ကတည်းက မီးတချက် တောက်ပြကာ သွား … သွားဟု ပြောသည်မို့ ကျေးဇူးတင် လက်ပြပြီး ကားဂိတ်ဆီ အသော့နှင်၊ ကားဂိတ်က screen မှာ ကျောင်းသို့ ရောက်မည့် ကားလာချိန်ကို ဖတ်ပြီး ခုံတန်းလေးမှာ ထိုင်စောင့် နေရသည်။ ကားခ ၂ ကျပ် ၇၅ ပြားကို အသင့် ထုတ်ထားပြီး ၁၅ မိနစ် ခန့် အကြာမှာတော့ စီးရမည့် ၇၆ နံပါတ် ဘတ်စ်ကားကြီး ဆိုက်ရောက် လာချေပြီ။

ကားပေါ်တက် လက်မှတ်ဖြတ် နေရာယူပြီးနောက် ကျောင်းရောက်အောင် ၁ နာရီ လောက် ကြာဦးမှာမို့ တလမ်းလုံး တွေးတလှည့် ငိုက်တလှည့် စီးနင်း လိုက်ပါလာခဲ့သည်။ တဘက်ခြမ်းက ဘေးခုံတွင် ထိုင်နေသော မိသားစုမှ တွန်းလှည်းနှင့် ထည့်လာသော ကလေးငယ်က တလမ်းလုံး အော်ဟစ် ဂျီကျ နေသည်မို့ ငိုက်ရတာ သိပ်တော့ ဇိမ်မကျလှ။ ကလေးက ပါးစပ်ထဲက ချိုလိမ်ကို လွှင့်ပစ်လိုက်၊ အာခေါင်ခြစ်သံနှင့် အော်လိုက် အမျိုးစုံ ဂျီတိုက်နေသည်။ ကလေး အမေက တရှူးရှူးနှင့်တော့ ဟန့်ရှာပါသည်။ သို့သော်လည်း ငြိမ်မသွား။ ပို၍ ပို၍သာ ဆိုးလာလေ၏။ အကြီးမလေး ကတော့ ခပ်ကုပ်ကုပ်လေး ထိုင်နေပြီး မျက်လုံး အ၀ိုင်းသားနှင့် ဟိုသည် ကြည့်လို့။

ဆင်းရမည့် မှတ်တိုင် အရောက်မှာ ခလုတ်နှိပ်ရင်း ထိုင်ခုံမှ ထ၊ ကျောပိုးအိတ်ကို ကျောမှာပြန်ပိုး၊ ဂျင်းအိတ်ကို ပခုံးမှာ စလွယ်သိုင်း၊ ဘီးတပ် သေတ္တာကို လက်ကဆွဲပြီး ကားထဲမှ ဖရိုဖရဲ ဆင်းခဲ့သည်။

လမ်းမပေါ် ခြေအချမှာ ခပ်လှမ်းလှမ်းက လမ်းကလေးကို အမြန် လှမ်းကြည့် မိ၏။ သူ့ကိုတော့ လွမ်းလှပြီလေ။ အတန်ကြာ ကင်းကွာနေခဲ့သော လမ်းကလေးက တိတ်ဆိတ်စွာ တစိမ်းတရံ ဆန်လွန်းနေ သယောင်ယောင်။ ခပ်ကြမ်းကြမ်း တိုက်ခတ် နှုတ်ဆက်လိုက်သော အေးစက်စက် လေပြင်းကြောင့် ကြက်သီး မွေးညင်း ထမိသော်လည်း လမ်းကလေးထဲ ချိုးကွေ့ အ၀င်မှာတော့ နှလုံးသွေးတွေ ပူနွေး လာသလို ရင်ထဲ လှုပ်ရှား ခံစား ရသေး၏။ သူကတော့ဖြင့် မလှုပ်မရှက် ငြိမ်သက်လို့ပါပဲ ။

"၂ ပတ်ပဲ ခွဲရသေးတယ် ... စိမ်းကားသွားပြီလား လမ်းကလေးရေ ... "

ခပ်တိုးတိုး ရေရွတ်မိတော့ အရွက်ကင်းမဲ့ နေသည့် သစ်ပင်တွေက ရယ်မော လှောင်ပြောင် သည့်အလား တလှုပ်လှုပ် တရှားရှား။ လှုပ်ရှား နေသော ထိုသစ်ပင်တွေမှ တပါး အရာအားလုံးက ငြိမ်သက်လျက်။ ဘီးတပ် သေတ္တာနှင့် ကတ္တရာလမ်း ပွတ်တိုက်သံမှ တပါး အခြားသော အသံပလံ များလည်း ကင်းဆိတ်လျက်။

ကွင်းပြင်ကို ဖြတ်တိုက်လာသော လေက စိမ့်နေအောင် အေးသည်။ နားရွက်ဖျားနှင့် လက်ဖျားတွေပင် ထုံကျင် ချင်ချင်။ ခါတိုင်းလို လမ်းလျှောက်ရင်း ဣတိပိသော လည်း မရွတ်မိ၊ ဟေတုပစ္စယော လည်း မရွတ်မိ၊ ခွဲနေရတာ အတန်ကြာနေပြီ ဖြစ်သော ဤလမ်းကလေးကိုသာ တတမ်းတတ ကြည့်မ၀ ဖြစ်နေမိသည်။ လမ်းဘေးဝဲယာ ရှုခင်း၊ စိမ်းလန်းသော မြက်ခင်း ပြင်ကျယ်၊ အရိုးပြိုင်းပြိုင်း သစ်ပင်တန်း၊ ပုံ့ပုံ အုပ်အုပ် ချုံပုတ်ကလေးတွေ၊ ဒါတွေဟာ လမ်းကလေး၏ ဘယ်တော့မှ မရိုးနိုင်သည့် ရှုမြင်ကွင်း တွေပင်။

လျှောက်ရင်း လျှောက်ရင်း နေ၀င်ချိန်ပင် တိုင်ခဲ့လေပြီ။ တလောကလုံးကို နောက်ဆုံး အလင်းရောင်နှင့် နှုတ်ဆက်နေသည့် နေမင်းကြီးကို နောက်ပြန် ငေးမော ကြည့်မိ သေး၏။ နေ၀င်ပြီ ဆိုမှဖြင့် တစတစ အမှောင်ထုက ချဉ်းကပ် လာတော့သည်။ ဒီဘက် ကမ္ဘာခြမ်းမှာ အမှောင်ကျပေမဲ့ တခြား ကမ္ဘာ ဘက်ခြမ်း အတွက် အလင်းရောင် ပေးနိုင်စွမ်း တယ်ဆိုရင် အမှောင်မှာ နေရကျိုး နပ်ပါတယ်လေ ... ဟု စိတ်ထဲက ဆိုမိသည်။

ကျောမှာ ပိုးထားသည့် အိတ်ကလည်း တဖြည်းဖြည်း လေးသည်ထက် လေးလာပြီ။ ပခုံးထက် လွယ်ထားသည့် အိတ်ကလည်း လျောကျလုလု။ တရွတ်တိုက် ဆွဲလာရသည့် သေတ္တာငယ်ကတော့ တချက်တချက် တိမ်းစောင်းလိုက်၊ ပြန်တည့်လိုက်။ ၀ှူး …. လမ်းဆုံးကို ရောက်နိုင်ခဲပါဘိ။ စိတ်ပေါက်ပေါက် နှင့် လျှောက်လာလိုက်တာ ရှေ့တူရူမှ လာသော ကားတချို့ကိုလည်း မရှောင်မိ။ ကားတွေကသာ ကွင်းရှောင် သွားကြသည်။
လျှောက်နေရင်း ရပ်နားလိုက်ချင်ပြီ၊ စိတ်ရော ကိုယ်ပါ နွမ်းလျ လွန်းလှပြီ။ နေ၀င်ရီတရော မှောင်စပျိုးချိန် … တလမ်းလုံးမှာ တယောက်ထဲ ပါလား ဟူသော အသိက စိတ်ထဲမှာ လှိုက်ခနဲ ၀မ်းနည်းလို့ လာသည်။
"အို ... ဒါ ... ၀မ်းနည်းစရာလား ... အားငယ် စရာလား ... တယောက်ထဲ ဆိုတော့ ဘာဖြစ်သေးလဲ။ မောရင် နားပြီး ဖြည်းဖြည်းချင်း လှမ်းရင် လမ်းဆုံးဆိုတာ ရောက်ကို ရောက်မှာပဲ။ အခုလည်း ရောက်တော့မယ် ... အားတင်းထား"
ဟု ကိုယ့်ကိုယ်ကိုယ် အားပေးရင်း တလှမ်းချင်း လျှောက်နေခိုက် ... အနောက်မှ လာသော ကားတစီးက ဘေးနားမှာ ထိုးဆိုက်သည်။

"ဟေးးးးးးး မေ … လာ ... လာ … ကားပေါ်တက်"

လှည့်ကြည့်လိုက်တော့ ကျောင်းက မီနီဘတ်စ်လေး။ ကံအားလျော်စွာ ကားပေါ်မှာ တနေရာစာ လွတ်နေသည်။ ၀မ်းသာ အားရ တံခါးကို ဖွင့်၊ ပစ္စည်းတွေတင်၊ ကားပေါ် တက်လိုက်တော့ ...

"ဟက်ပီးနယူးရီးယား ... မေ ... ကျောင်းပိတ်ရက်မှာ ပျော်ရဲ့လား"

သူငယ်ချင်းများက လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်ကြသည်။ သူတို့ကို ပြန်လည် နှုတ်ဆက်ရင်း နေရာတကျထိုင်ကာ ကားနောက်ဘက်ကို လည်ပြန် လှည့်ကြည့်လိုက်တော့ ... … … … အကွေ့အကောက် များစွာနှင့် လမ်းငယ် ကလေးက တရိပ်ရိပ် နောက်မှာ ကျန်ခဲ့ရင်း ... မြင်ကွင်းထဲမှ တစစ မှုန်ဝါး ပျောက်ကွယ် သွားလေတော့၏။
***
မေဓာဝီ
၈၊ ဇန်န၀ါရီ၊ ၂၀၀၈
၁၄း၁၂ နာရီ

12 comments:

ရွှေဂျမ်း said...

မရောက်ဖူးပဲနဲ့တောင် မမေရေးတာလေးဖတ်ပြီး လမ်းလေးကို လွမ်းလာတယ်။

Anonymous said...

ဆရာလေး မေဒါဝီ တရားအားထုတ်တဲ့ကျောင်းက
အတော်ဆိတ်ငြိမ်မှာပဲနော်...

Anonymous said...

မမေဓာဝီရေ...အပြန်ခရီးက တကယ့်ကို
‘နွမ်းလျကျောင်းအပြန်’ ပါလားဗျို့...။

ကလိုစေးထူး said...

စုပ်လိုက်တဲ့ စက်…၊ အခုမှ ပြန်ရတော့တယ် မမေရေ။ ပို့စ်အသစ်လဲ မရေးဖြစ်တော့ ပို့စ်တွေ ပုံမှန် တင်ဆက်နေတဲ့ မမေဘလော့ကိုပဲ လာဖတ်ဖြစ်တယ်။ ဒီတခါတော့ မမေရဲ့ လမ်းကလေးက ဆွေးချင်စရာလေးပါလားဗျ။ မမေရဲ့ အခုလို သရုပ်ဖော် အဖွဲ့ ပို့စ်တွေ မဖတ်ရတာတောင် အတော်ကြာပြီ။ နေ၀င်လုဆဲ ပုံလေးကတော့ အသက်အ၀င်ဆုံးပါပဲဗျာ။

ကလိုစေးထူး said...
This comment has been removed by the author.
လင်း said...

ဖတ်ရင်းနဲ့ စာထဲမှာမျောပါသွားတာ စိတ်ကူးထဲမှာ မမေနဲ့ အတူအိတ်ကြီးကိုဆွဲရင်း လမ်းကလေးကိုလွမ်းရင်း ဖတ်လာလိုက်တာ မမေကကားပေါ်ပါသွားတော့ လင်းကလမ်းကလေးမှာ တယောက်တည်းလွမ်းပြိးကျန်ခဲ့ရော။
ဒါမျိုးလေးတွေများများရေးပါမမေရေ။ အရမ်းကောင်းတယ်။

မြရွက်ဝေ said...

အမရောက်နေတဲ့နေရာက အတော်လွမ်းမောကောင်းတာဘဲ။ ဓာတ်ပုံတွေကြည့်ရင်းကော အမအရေးအသားကြောင့်ရော အတော်လွမ်းသွားပြီ။

တန်ခူး said...

မေ့လမ်းလေးက ဆွေးဆွေးမြေ့မြေ့နဲ့ မေ့ကိုလွမ်းလို့ မျှော်နေပုံပဲ။
မေရေ...ပညာသင်ကျောင်းတက်နေရတဲ့ ဘဝလေးက အရမ်းငြိမ်းချမ်းပါတယ်။ ပတ်ဝန်းကျင်က လူတွေက မကောက်ကျစ်ဘူး။ မိဘနဲ့ ဝေးနေရတာတော့ ရှိတာပေါ့။ မေပျော်ပါစေ။

Sophie said...

မမရေ... လမ်းကလေးက တကယ်ကို လွမ်းစရာလေးနော်။ ကြည့်ရင်း ရတနာတောင် အဲလို နေရာမျိုးလေးကို သွားချင်စိတ်ပေါက်နေမိတယ်

မေဓာဝီ said...

မရောက်ဖူးသေးလို့ မလျှောက်ဖူးသေးလို့ ရွှေဂျမ်းရေ … ရောက်ဖူးရင် ရွှေဂျမ်းဆို ပျင်းမှာ … ။ အရမ်းဝေးလံ သီခေါင်လို့လေ … Philtre ပြောသလိုပဲ တရားရိပ်သာလို ဆိတ်ငြိမ်နေလို့။

အဟုတ်ပဲ ကိုညီလင်းသစ် … ကျောင်းက ကားနဲ့ ကြုံပေလို့သာပဲ။ မဟုတ်ရင် အထုတ်ကြီးတွေ ကျောင်းထိ သယ်ရတာ မသက်သာဘူး။

ကိုစေးထူး … စုတ်လိုက်တဲ့ စက် ဆိုတော့ ဓာတ်ပုံရိုက်တဲ့ ကင်မရာကိုများ ပြောတာလားလို့။ ကင်မရာကလည်း ခပ်စုတ်စုတ်ပါပဲ။ ဒီလောက်ထွက်အောင် မနည်းရိုက်ရတယ်… ရိုက်တဲ့လူ တော်ပေလို့သာပေါ့… :P

လင်းရေ … လမ်းကလေးမှာ တယောက်ထဲ ကျန်ခဲ့တာ မသိလိုက်လို့။ သိရင် ပြန်လှည့်ခေါ်မှာပေါ့။

ညီမလေး မြရွက်ဝေ … ဝေးဝေးကသာ လွမ်းပါတော့ ကွယ် … :)

ဟုတ်တယ် မခိုင်ရေ … ကျောင်းတက်ရတဲ့ ဘ၀က ငြိမ်းချမ်းပါတယ်။ မေက ကျောင်းပျင်းလို့သာ … ။ ငယ်ငယ်ထဲက အဲဒီစိတ်က စွဲနေတာမို့ ဖျောက်လို့ မရဘူး။ :D

ညီမလေး ရတနာ … လာချင်ရင် လာလည်ဖို့ ဖိတ်ပါတယ် … ပြီးမှ ပျင်းတယ်လို့ မအော်နဲ့နော် … ;)

ကွန်မန့်တွေအတွက် အားလုံးကို ကျေးဇူးတင်ပါတယ် ရှင် … ။

ညီအကိုများ said...

ရှုခင်းလေးတွေလှတယ်ဗျာ….ဓာတ်ပုံလေးတွေတင်ပေးထားတာ ကျေးဇူးပါ..

ကိုနေ(YNP)

Hteink Min said...

တော်သေးတာပေါ့။ ကားနှင့်ကြုံလို့... ကိုယ်တစ်ယော်တည်းနေရင် ကားတို့၊ ဘတ်စ်ကားတို့ဟာ တန်ဖိုးရှိလာသလိုပဲ ..