Saturday, January 05, 2008

အဘိုးရဲ့ မှတ်စု

မနေ့က ဦးရီးတော် အိမ်က မပြန်ခင် ဓမ္မစကြာနဲ့ အနတ္တလက္ခဏသုတ် နှစ်စောင်တွဲ စာအုပ် ဟောင်းဟောင်းနွမ်းနွမ်းလေး ဧည့်ခန်းထဲမှာတွေ့လို့ လှန်လှော ဖတ်ကြည့်တော့ အဘိုးရဲ့ စာအုပ်ကလေး ဖြစ်နေပါတယ်။ အဘိုးက သူ့စာအုပ်မှန်သမျှမှာ နာမည်နဲ့ လိပ်စာ အမြဲ ရေးထိုးလေ့ ရှိတယ်။ စာဖတ်ပြီးတိုင်းလည်း ဘေးနားမှာဖြစ်ဖြစ် နောက်ဘက် စာမျက်နှာ အလွတ် တွေမှာ ဖြစ်ဖြစ် notes လေးတွေ ရေးမှတ်လေ့ရှိတယ်။ အဲဒီစာအုပ်ကလေးရဲ့ နောက်ဘက်ကို လှန်ကြည့်တော့ ထင်တဲ့အတိုင်း အဘိုး လက်ရေးနဲ့ မှတ်စုလေးတွေ ရေးထားတာ တွေ့ရပါတယ်။

ကျမရဲ့ အဘိုး (အမေ့ အဖေ) ဟာ ကျမတို့ကို လူတလုံး သူတလုံး ဖြစ်အောင် ပျိုးထောင် ပေးခဲ့သူ ကျေးဇူးရှင် တဦးဆိုရင် မမှားပါဘူး။ အဘိုး အသက် ၅၀ ကျော် အရွယ်မှာ အဘွား ဆုံးပါးသွားခဲ့ပေမဲ့ အိမ်ထောင်သစ် ထပ်မထူဘဲ ရဟန်းဝတ်ခဲ့တာ ပျံလွန်တော် မူသည်အထိပါပဲ။ ကျမတို့ ငယ်ငယ်ထဲက အဘိုးနဲ့အတူနေ၊ အဘိုးရဲ့ ဝေယျာဝစ္စတွေလုပ်၊ အဘိုး သင်ပေးသမျှ လောကီ လောကုတ် ပညာရပ်တွေ သင်ယူနာကြားရင်း အဘိုး ပျံလွန်တော်မူတဲ့အထိ အနီးကပ် နေခဲ့ရတယ်။ ခု အဘိုးမရှိတော့တာ နှစ်ပေါင်း များစွာ ကြာတဲ့တိုင် အဘိုး အရိပ်၊ အဘိုး အငွေ့အသက်နဲ့ ကင်းပြီး နေလို့ မရသေးပါဘူး။

အဘိုးလက်ရေးနဲ့ စာလေးတွေကို ကြည့်ပြီး အဘိုးကို သတိရတာနဲ့ အဘိုးမှတ်စုကို ကျမ ဘလော့မှာ အမှတ်တရ တင်လိုက်ပါတယ်။
***အန္ဓဘူတော အယံလောကော - လူလောက၊ နတ်လောက၊ ဗြဟ္မာလောက ကြီးက (အရိယာများမှတပါး) အမိုက် လောကကြီး အကန်းလောကကြီးပါ။
သမ္မာဒိဋ္ဌ အစစ်မှန်ဆုံး ဖြစ်ဖို့ကတော့ ရင်ထဲမှာ မဂ်ကို ကျမှ မကွေ့ မကောက် ဖြောင့်ဖြောင့်ကြီး အမှန်လမ်းကြီး ရောက်ပြီးသကာလ နိဗ္ဗာန်ကို ဖြောင့်ဖြောင့် သွားတော့မယ်။
အဲဒီမဂ်ကို မရသေးသမျှ ပုထုဇ္ဇနော ဥမ္မတကော - အရူးတွေချည်းပဲ။ ပုထုဇ္ဇနော အန္ဓော - အကန်းတွေချည်းပဲ။ ပုထုဇ္ဇနော ဗာလော - အမိုက်တွေ ချည်းပဲ။

လူ့ပြည် ငရဲပြည် နတ်ဗြဟ္မာပြည်များသို့ ဘယ်သူမှ မပို့ဘူး၊၊ ကိုယ့်ကိုယ်ကိုယ် ပို့ကြသည်။
ဘယ်သူမပြု မိမိမှု၊ အတ္တာဟိ အတ္တနော နာထော - ကောဟိနာထော ပရောသိယာ - ဘုရားရှင်တော်က နှုတ်ဖော် ဟောကြားထားတယ်။ မိမိသာလျှင် မိမိ အားကိုးရာ ဖြစ်ပါတယ်။ သူတပါးသည် မိမိအားကိုးရာ မဟုတ်ဘူး။

ကိုယ့်ကိုယ်မှာ ဘာရှိသလဲ၊ ရုပ်နှင့် နာမ်ပဲရှိတယ်။ ရုပ်က ဘာမှ မသိတတ် ဘူး။ တရားအားထုတ်တာက နာမ်၊ ဒီနာမ်ကို အားကိုးရမယ်၊ ရိုးရာ နာမ် မဟုတ်ဘူး၊ အားမကိုးရဘူး။ ဒီနာမ်ကို ဘုရားပေးတဲ့ ဉာဏ်ကပ်ပြီး အားကိုး ရမယ်။
***
ကမ္မာ ၀ိပါကာ ၀တ္တန္တိ
ဝိပါကော ကမ္မ သမ္ဘဝေါ။
ကမ္မာ ပုနဗ္ဘဝေါ ဟောတိ၊
ဧ၀ံလောကော ပ၀တ္တတိ။

ကမ္မာ-ကုသိုလ်ကံ အကုသိုလ်ကံ ဆိုတဲ့ စေတနာ ၂-ပါးကြောင့်၊ ၀ိပါကာ - သုံးဆယ်တ၀ ဘုံလောကကြီးထဲမှ လူခန္ဓာ, နတ်ခန္ဓာ, ဗြဟ္မာ့ခန္ဓာ ခေါ်ကြတဲ့ ရုပ် နာမ် နှစ်ပါး အကျိုးတရားတို့သည်၊ ၀တ္တန္တိ - ဖြစ်ပေါ်၍ နေကြရကုန်လေ သတည်း။

ဝိပါကော - ၃၁ ဘုံ လောကကြီးမှာ လူ နတ် ဗြဟ္မာရယ်လို့ အခေါ်ခံပြီး သကာလ အိုကောင် နာကောင် သေကောင်ခေါ်တဲ့ ဤအကျိုးတရား ဖြစ်တဲ့ ရုပ် နာမ် နှစ်ပါးသည်။ ကမ္မ သမ္ဘဝေါ - မိမိတို့ ကိုယ်တိုင် လွန်ခဲ့သော အတိတ် ဘ၀တွေက ပြုလုပ်ခဲ့တဲ့ ကုသိုလ် အကုသိုလ်ကံကြောင့် ဖြစ်ပေါ်၍ နေပါ၏။ ကမ္မာ - ကုသိုလ် အကုသိုလ် အကြောင်းတရားကြောင့်၊ ကမ္မာ - မိမိတို့ ကိုယ်တိုင် ကိုယ်နှုတ်စိတ် ၃-ပါးဖြင့် နေ့စဉ် ပြုလုပ် အားထုတ်ခဲ့ကြတဲ့ ကုသိုလ် အကုသိုလ် စေတနာ (၀ါ) ကုသိုလ် အကုသိုလ် ကံ ၂-ပါးကြောင့်။ ပုနဗ္ဘဝေါ - နောင်ဘ၀သစ် တခုသည်။ ဟောတိ - ဖြစ်ပေါ်၍ လာ၏။ ဧ၀ံ - ဤ ယခု ပြောဆိုပြီးခဲ့သည့် အတိုင်း ရုပ်လောက နာမ်လောက ဆိုတဲ့ ဤ လောက ကြီးသည်။ ပ၀တ္တတိ - ကြောင်းကျိုးတွေ ဆက်၍ ဖြစ်ပျက်ကာ နေရလေတော့ သတည်း။
***အဘိုးရဲ့ မှတ်စုကတော့ ဒီမျှ ပါပဲ။ အဘိုးရဲ့ ပုံကို ဦးရီးတော် ဘုရားခန်းထဲမှာ တွေ့လို့ ဓာတ်ပုံရိုက်ပြီး ယူလာခဲ့လိုက်ပါတယ်။ နောက်နောင် ကြုံကြိုက်ရင် အဘိုးနဲ့ပတ်သက်ပြီး ပို့စ်တွေ တင်ချင်ပါသေးတယ်။ ဒီနေ့ တော့ ဒါလောက် ပါပဲ … ။
***
မေဓာဝီ
၅၊ ဒီဇင်ဘာ၊ ၂၀၀၈
၁၉း၂၈ နာရီ

3 comments:

Min Min said...

အဲလို လက်ရေးလေးတွေနဲ့ စာအုပ်လေ အိမ်က စာအုပ်စင် မှာတွေးဖူးတယ်။ ခုတော့ စာအုပ်တွေလည်း ဘယ်တွေရောက်ကုန်ပြီးလည်း သိတော့ဘူး။ လူတောင် အိမ်မှာမှ မရှိတာ... အရင်က လူတွေက လက်ရေးကို အဲလို မှင်နဲ့ရေးတယ်ထင်တယ်။ အဖေ့ဆရာ လားသိတော့ဘူး၊ လက်ရေးတော်တော်လှတယ်။

Anonymous said...

မမေ လာလည်တာပါဘာမျှမဟုတ်ဘူး
မျွှေါ့တာကြာလိုပမမေများဘာတွေလုပ်နေလည်းလို့ပါ

seesein said...

အဘိုးကို လာလွမ်းကူသွားပါတယ် ကြီးမေ နောင်လဲ များများရေးပေးနိုင်ပါစေ...

ခင်မင်တဲ့
seesein