Monday, January 07, 2008

ကျမနှင့် ဗေဒင်

ကျမ ငယ်ငယ်ထဲက ဗေဒင်မေးတာ ၀ါသနာ မပါခဲ့ပါဘူး။ ဘာကြောင့်လည်း ဆိုတော့ ဥပမာ- ဗေဒင်ဆရာက ကိုယ့်ရဲ့ အတိတ်ကို ဟောတယ် ဆိုပါတော့။ ကိုယ့်အတိတ်ကို ကိုယ်အသိဆုံးပဲ မဟုတ်လား။ သူဟောတာ မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ … ပြီးခဲ့တဲ့ ကိစ္စတွေကို ပြန်ဖော်ထုတ် နေလို့ ဘာထူးမှာ မို့လဲ။ နောက် … သူဟာ အနာဂတ်ကို ကြိုဟောတယ် ဆိုပါတော့။ အဲဒီဟောချက်တွေဟာ ကောင်းချင်လည်း ကောင်းမယ်၊ ဆိုးချင်လည်း ဆိုးမယ်။ ကောင်းတာတွေ ကြားတဲ့အခါ ငါဘာပဲလုပ်လုပ် ငါ့အနာဂတ်က ကောင်းမှာပဲလို့ စိတ်ထဲ မှတ်ယူပြီး ပေါ့ပေါ့ဆဆ နေချင်တဲ့ စိတ်၊ အဆိုးတွေ ကြားတဲ့အခါ ငါတော့ ဒီလိုမျိုးတွေ ကြုံရမှာပါလားလို့ တထင့်ထင့် စိတ်ဆင်းရဲ နေရမယ့် စိတ်မျိုး မဖြစ်ချင်လို့ပါပဲ။

ကျမ အမေနဲ့ ကြီးတော်ကြီးတို့က တခါတခါ ဗေဒင်ဆရာ အိမ်ခေါ်ပြီး မေးတတ် သေးတယ်။ ဗေဒင်ဆရာ အိမ်ရောက်တုန်း တအိမ်လုံး အသီးသီး ဗေဒင်မေးကြပေမဲ့ ကျမကတော့ မမေးဘဲနဲ့ လှည့်ပတ် ရှောင်ပြေးနေခဲ့တယ်။ ကိုယ့်အကြောင်း တစိမ်းလူ သိမှာ စိုးရိမ်တာလဲ တကြောင်း ပါတာပေါ့။

ဗေဒင်မေးတာ ၀ါသနာ မပါခဲ့ပေမဲ့ ကျမ ဗေဒင် ဟောခဲ့ဖူးပါတယ်။ အထက်တန်း ကျောင်းသူ ဘ၀တုန်းကပေါ့။ ဗေဒင် ၀ါသနာပါတဲ့ အမေက ကိုင်ရိုရဲ့ ဗေဒင် လက္ခဏာစာအုပ်တွေက အစ လက်ထောက်ဗေဒင်အဆုံး စာအုပ်တွေ အများကြီး ၀ယ်ထားတော့ ကျမလည်း စိတ်ဝင်တစားနဲ့ ဖတ်မိပြီး ကျောင်းမှာ သူငယ်ချင်းတွေကို အပျော်တမ်း ပြန်ဟောပေးခဲ့တယ်။ သူတို့ အပြောကတော့ ကျမ ဟောတာ မှန်သတဲ့။ မုန့်စားဆင်းချိန်ဆို ကျမအနားမှာ လူတွေအုံလို့။ ကိုယ်တိုင်လည်း မုန့်ဝယ်စရာမလို၊ ကျွေးမယ့် မွေးမယ့်သူတွေ အပြည့်ပဲ။ ဒါပေမဲ့ သူများတွေကို ဗေဒင်ဟောခဲ့တဲ့ ကျမ ကိုယ့် ကံကြမ္မာ ကိုယ်မမြင်ဘဲ အဲဒီနှစ်က စာမေးပွဲ ကျခဲ့တယ်။

တက္ကသိုလ်ကျောင်းသူဘ၀ တခါတလေ သူငယ်ချင်းတွေနဲ့ အပျော်တမ်း သဘောမျိုး ဗေဒင်၊ လက္ခဏာ၊ အကြားအမြင် စသဖြင့် မေးခဲ့ဖူးပေမဲ့ စိတ်ထဲ အစွဲအလမ်း တကြီးမထားဘဲ မေ့မေ့ပျောက်ပျောက်သာ သဘောထားခဲ့ ပါတယ်။ ယတြာ ချေခိုင်းလည်း တခါမှ မချေဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ဒါဟာ ဗေဒင် ပညာရပ်ကို အထင်သေးလို့တော့ဖြင့် မဟုတ်ပါဘူး။ မယုံကြည်လို့လည်း မဟုတ်ပါဘူး။ ကျမရဲ့ ခံယူချက် တခုမျှသာ ဆိုကြပါစို့။

အဲဒီတုန်းက နာမည်ကြီးနေတဲ့ အီးတီတို့၊ ကမာရွတ်သုခလမ်းက ဝေယံတို့လည်း သွားမေးဖူးတာပဲ။ သူတို့ကတော့ အကြားအမြင်တွေပေါ့။ အီးတီက ကိုယ့်ဖူးစာရှင်ကို ဟောတာ မှန်တယ်လို့ နာမည်ကြီးတယ်။ ဒါကြောင့် သွားမေးကြည့်မိတာ … မှန်မမှန်တော့ ခုထက်ထိ မသိရသေးပါဘူး။ ဝေယံကို သွားမေးတာကတော့ ဂုဏ်ထူးတန်း ဒုတိယနှစ် စာမေးပွဲဖြေခါနီး စာမေးပွဲ မေးခွန်းသိချင်လို့ သူငယ်ချင်းတွေနဲ့ သွားမေးခဲ့တာပါ။ သူက မေးခွန်းလည်း ခန့်မှန်းတတ်တဲ့ အကြားအမြင်ဆရာ တယောက်ပဲ။

နောက်ပိုင်းတော့ အမေ ဗေဒင်သွားမေးရင် အဖော်လိုက်သွားရင်း အဲဒီ ဗေဒင်ဆရာကြီးနဲ့ ခင်ပြီး တိုင်းရေး ပြည်ရေးတို့ စာအကြောင်း ပေအကြောင်း တို့ လေပေးဖြောင့်ခဲ့ကြဖူးတယ်။ သူက ဗေဒင်ပညာရပ်အပြင် တိုင်းရင်းဆေး လည်း နားလည်ပြီး စာအုပ်တွေလည်း ရေးတဲ့ ဆရာတယောက်ပါ။ သူ့စာအုပ် တွေ အမြဲလက်ဆောင်ပေးလေ့ရှိသလို ကျမဖတ်ချင်တဲ့ တခြားစာအုပ်တွေ လည်း သူ့ဆီက ငှားပြီး ဖတ်လေ့ရှိပါတယ်။ အမေ မေးခိုင်းလို့ သူ့ဆီမှာ တခါ မေးခဲ့ရတာကလွဲပြီး ဟုတ္တိပတ္တိ မေးခဲ့ မြန်းခဲ့တာ မရှိပါဘူး။
***
ဒီကို ရောက်နေခိုက် ကျမဖတ်ချင်တဲ့ စာအုပ်လေးတွေ အိမ်ကို မှာတော့ အဲဒီစာအုပ်တွေ အပြင် စံဇာဏီဘိုရဲ့ ၂၀၀၈ ခုနှစ် ၁၂ ရာသီဟောကိန်းဆိုတဲ့ ဗေဒင် စာအုပ်ကလေး အမေက ကျမအတွက် ထည့်ပေးလိုက်ပါတယ်။ ကျမက သိဟ်ရာသီဖွား ဆိုတော့ သိဟ်ရာသီနဲ့ သက်ဆိုင်တဲ့ စာအုပ်လေးပါ။ ဒီစာအုပ်လေးဟာ သိဟ်ရာသီဖွားအားလုံးအတွက် ယေဘုယျ ချုံပြီး ရေးသားထားပေမဲ့ သေချာဖတ်ကြည့်တဲ့ အခါ စိတ်ဝင်စားစရာ တိုက်ဆိုင်မှု တချို့ တွေ့ရ ပါတယ်။ အားလုံးတော့လည်း မဟုတ်ပါဘူး။ အနည်း အကျဉ်း ကောက်နုတ် ဖော်ပြရရင်တော့ …

" …. …. …. …. သူတပါးက ကိုယ့်အပေါ် အလွန်စိတ်ဝင်စား နေမည်။ ပူးပေါင်း ဆက်ဆံနေသူများ သာမက ၀န်းကျင်ပြင်ပမှ သူများပင် မိမိအပေါ် လေ့လာသုံးသပ်နေမည်။ အမှားကျူးလွန်၍ မရ။ တစုံတရာ မှားယွင်းသွား ပါက ပေးဆပ်ရခြင်း အဆမတန် များနိုင်သည်။ ခြေလှမ်းမှား၊ လမ်းချော်သွား ခြင်းအပေါ် ပြန်လည်ဦးမော့လာအောင် ကိုယ်က မည်မျှဆောင်ရွက်သည် ဖြစ်စေ အများတကာက အကျယ်ချဲ့ ဝေဖန်ခြင်း မဆုံးအောင် ပြုကြလိမ့်မည်။

… …. …. …. …. မိမိ၏ နှလုံးသား ရေးရာများ၊ လူမှုရေးပျော့ကွက်များ ထောက်ကွက်ပြုကာ ဝေဖန်မှုများ ပြုကြလိမ့်မည်။ မိမိစိတ်ထဲ၌ တနင့်နင့် ခံစားရအောင် စွက်ဖက် ပြောဆို ခြင်းများ ပြုလိမ့်မည်။ မည်သည့်အရာကို ဆောင်ရွက်သည် ဖြစ်စေ သိသင့် သိအပ်သူ များကိုသာ အသိပေးပြီး သိုသို သိပ်သိပ် ခြေလှမ်းစိပ်စိပ် ဆောင်ရွက် ရပေမည်။

မာနကြီးခြင်း တဇွတ်ထိုးလုပ်လိုခြင်းများကို လျှော့ရပေမည်။ ပင်ကိုယ်စရိုက်၌ အတ္တမာန်မာန ရှိလင့်ကစား လူမှုဆက်ဆံရေးတွင် တင်စီးမောက်မာခြင်းမရှိ။ အလွှာမရွေး လူမရွေး ညီညွတ်သင့်တင့်စွာ ဆက်ဆံတတ်သည်။ ပေါ့ပေါ့ ပါးပါး၊ ပျော်ပျော်ရွှင်ရွှင် လူအများနှင့် ၀ိုင်းဖွဲ့နေထိုင်တတ်သည်။ မိမိထက် ငယ်သူများနှင့် ပေါင်းသင်းရခြင်းကို ပိုမိုနှစ်သက်သည်။ ခမ်းခမ်းနားနား ထည်ထည်ဝါ၀ါ နေထိုင်ရခြင်းတွင် စိတ်ကျဉ်းကျပ်သည်။

လူတန်းစား မှန်ကန် အခြေခံကျကျ နေထိုင်တတ်သူများနှင့် ဒွေးရော ယှက်တင် နေတတ်သည်။ အပေါင်းအသင်းတချို့သည် နာမည်ဆိုး စာရင်းဝင် ဖြစ်ပေရာ ၄င်းတို့ ကြောင့် မကြာခဏ ဝေဖန်ခံရတတ်သည်။ စိတ်ဓာတ်မပြောင်းပါနှင့်။ ပုံမှန်အတိုင်း လုပ်စရာရှိသည်များကိုသာ ဖြောင့်ဖြောင့်တန်းတန်း ဆောင်ရွက်ပါ။ အများ တကာက လူဆိုးဟု သတ်မှတ်ထားသော သူများသည် ယခုနှစ်အတွင်း အရေးကြုံက မိမိဘက် အခိုင်အမာရပ်တည် အကျိုးပြုသော မိတ်ဆွေများ ဖြစ်ပေမည်။"
***
ဗေဒင်ပညာရပ်ဆိုတာ ရှေးနှစ်ပေါင်းများစွာ (ဘုရားမပွင့်မီ) ကတည်းက ပေါ်ထွန်းခဲ့တဲ့ ပညာရပ် ဖြစ်ပြီး ခေတ်အဆက်ဆက် လူမျိုးအသီးသီးက လက်ခံ ယုံကြည် လာခဲ့ကြတဲ့ ပညာတခုပါပဲ။ ဗေဒင်ဟာ သိပ္ပံနည်းကျ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမဲ့ အဲဒီပညာရပ်ထဲမှာ စိတ်ဝင်စားစရာ, အံ့သြစရာ, လက်မခံလို့ မရနိုင်စရာ လျှို့ဝှက် နက်နဲမှုတွေ ပါနေတယ်လို့ ကျမ ယုံကြည် နေမိပါတော့တယ်။
***
မေဓာဝီ
၇၊ ဇန်န၀ါရီ၊ ၂၀၀၈
၂၃း၁၀ နာရီ

9 comments:

တန်ခူး said...

မေက တို့ဖေဖေတို့၊တို့ခင်ပွန်းတို့လိုပဲ။ ဖေဖေက ဗေဒင်ဆိုတာ ကိုယ့်ကိုကိုယ် ယုံကြည်မှူနည်းစေတဲ့အရာတဲ့။ တို့ခင်ပွန်းကတော့ ဟောတာတွေကို သုညနဲ့မြှောက်ပြီးမှယူတဲ့။ မေပြောသလို လျှို့ဝှက် နက်နဲမှုတွေ ပါနေတတ်တော့ တခါတခါဗေဒင် မေးမိတယ်။ စံဇာဏီဘိုဆို နှစ်တိုင်းဝယ်တယ်...း)။ မေ့လို သိပ်serious ကြီးမထားတာကောင်းတယ်။

nu-san said...

ကျွန်တော်လည်း သိဟ်ရာသီဖွားဆိုတော့ မမေ တင်ပေးထားတဲ့ ၂၀၀၈ ခုနှစ် စံဇာဏီဘိုကို အနည်းအကျဉ်းလောက် ဖတ်ကြည့်ခွင့်ရလို့ ကျေးဇူးပါ.. မမေ။

လင်း said...

မမေရေကျေးဇူးဘဲနော် လင်းလဲသိဟ်ရာသီဘဲ ဆိုတော့
တင်ပေးထားတဲ့နည်းနည်းလေးကိုဖတ်ခွင့်ရသွားလို့ ။

Anonymous said...

မမေရေ.. သောကြာကြယ် စာလုံးပေါင်း ပြင်ပေးသွားတာကျေးဇူးမ..
တစ်ခြား အမြင်မတော်မှားတာလဲ ပြောပြပေးပါ။
ဟိုနေ့က ဆက်ရေးချင်စိတ်ကုန်သွားတာ မမေကော့မန့်တွေ့လို့ အားပြန်တက်လာတယ်။

မေဓာဝီ said...

ဟုတ်တယ် မခိုင်။ အိမ်မှာလဲ အဖေရယ် မေရယ် မောင်လေးရယ်က တူတူပဲ။ အမေနဲ့ ကျန် အမ ၂ ယောက်ကတော့ ဗေဒင်ဝါသနာပါကြတယ်။ တော်သေး တယ် ကိုယ့်ဘက်မှာ လူရှိနေလို့ … ။

နုစံ နဲ့ လင်းရေ … သိဟ်ရာသီချင်း အဖော်ရှိသွားပြီပေါ့။

စာလုံးပေါင်းက ကိုယ့်အချင်းချင်းမို့ ပြင်ပေးရဲတာ မလေးရေ .. ။ တော်ကြာ ဆရာကြီးလုပ်တယ် ထင်မှာစိုးလို့ တခြားသူတွေ မှားနေတာတွေ့လည်း ဒီတိုင်းပဲ ကြည့်နေလိုက်တော့တယ်။ မလေး စာတွေကို မမေ အမြဲဖတ်ပါတယ် … စိတ်မပျက်နဲ့ ဆက်ရေးနော် ... ။

ကွန်မန့်တွေအတွက် ကျေးဇူးတင်ပါတယ်။

Anonymous said...

I asked Bedin for you in 2005 and i sent Haw Sar Dan to you. But you did not accept what Bedin Saya said, right?. So i know how do you consider on Bedin, anyway i can accept all your idea. I also consider on Bedin like you do. I am not Bedin Saya or i dont say i believe Bedin but i can read your mind by experience. i can say you have good heart but little hard-head.But i believe you are a good friend for all. Because you have kind heart too. For 2008, try to know what you are and do your best after knowing who you are and what you should do for your life first. I will always be your good friend in the whole life. Because i love your mind and kind. you are a good friend. I believe you.

A.K

Khin said...

ဗေဒင်ဆိုတာ ယုံလို့ ရပါတယ်

ရှေးကနတ္ခတ်အတတ်ပညာပါ

တော်တဲ့လူရှားပြီး ဘော်ချက်တဲ့လူ ဖြီးတဲ့လူများနေပါတယ်

အကောင်းဆုံးကတော့ ကိုယ်လုပ်မှကိုယ်ရမယ်

ကောင်းတာလုပ်ရင် အကျိုးပေးမယ်

မှားစရာမရှိပါ မုချ အောင်မြင်ပါတယ်

လက်တွေ့ လက်ငင်းအကျိုးရှိပါတယ်။

ကျန်းမာချမ်းသာ ၍အောင်မြင်ပါစေ။

pee said...

I belive
i belive 99% Baydin.There are many strange things in our world.Look at www.mysteryspot.com.Nobody can find the answer.I belive the ghost too.If u want to write about ghost,i can tell u how to contact.so,u can get experience,get article.U must have courage to contact this.If u have no courage,i dont want to tell .Its danger.

Anonymous said...

ဗေဒင်ဟာ သိပ်ပံနည်းကျပါတယ်။ ကိုယ်လုပ်တာ ကိုယ်ပြန်ခံစားရမှာက ဗုဒ္ဒအဆုံးအမအတိုင်းပါဘဲ။ ဗေဒင်ကို ဘ၀အတွက် အကျိုးရှိအောင် အသုံးချလို့ရပါတယ်။