Thursday, November 01, 2007

သရဲနှင့် ဆုံတွေ့ခဲ့စဉ်တုန်းက …

ကျမကို နွေးထွေးစွာ ကြိုဆိုကြသူအပေါင်းကို ကျေးဇူးတင်ပါကြောင်း ဒီနေရာက ထပ်ပြောချင်ပါတယ်။ ကျမ တကယ်ပဲ ၀မ်းသာမိပါတယ်။ ကျမဘလော့လေးကို တလကျော် နှစ်လ နီးပါး ရပ်နားထားရတာမို့ ကျမကို မေ့များနေကြမလားလို့ ထင်နေခဲ့မိတာ … ခုလို အများအပြားက ကြိုဆိုကြ တော့ ကျမလည်း ပီတိတွေ တဝေေ၀နဲ့ ပျော်လို့ပေါ့ … ။

တခုတော့ ကြိုတင် တောင်းပန်ပါရစေအုံး … ။ နောက်ရက်တွေဆိုရင် ကျမအနေနဲ့ စာတွေအများကြီး ရေးနိုင်တော့မယ် မထင်ပါဘူး။ အင်တာနက် အသုံးပြုခွင့် ရမရ ဆိုတာလည်း မသေချာသေးပါဘူး။ ဒါကြောင့်မို့ ရေးလို့ရတုန်းရခိုက်ကလေး … (ဒီကနေ့ နဲ့ နက်ဖြန်) မှာ ကျမ စာတွေ တင်ခဲ့ပါမယ်။ အဆင်ပြေတဲ့နေ့မှ ပြန်တွေ့ကြတာပေါ့ … ။

ဒီကနေ့ ရေးဖို့အကြောင်းအရာ စဉ်းစားတော့ ကျမ မိတ်ဆွေတဦးဖြစ်တဲ့ ကိုငြိမ်းချမ်းအောင် (ကိုထွတ်) က သူ့သရဲကို ဘလက်လေဘယ် အ၀ တိုက်ပြီး ကျမဆီ လွှတ်လိုက်သတဲ့။ Halloween Night ကတော့ ကျော်လွန်သွားခဲ့ပါပြီ။ ဒါပေမဲ့ ၀ီစကီမူးပြီး ကယောင်ကတန်း ရောက်လာတဲ့ သရဲကို ကျမက အားနာစွာ တုန့်ပြန်တဲ့ အနေနဲ့ စာတပုဒ်ရေးလိုက်ပါအုံးမယ် …။

တကယ်တော့ ကျမလည်း သရဲ သိပ်ကြောက်တတ်သူ တယောက်ပါပဲ။ ကြောက်ကြောက်နဲ့ပဲ ငယ်ငယ်ကတည်းက သရဲပုံပြင် နားထောင်ရတာတို့ သရဲရုပ်ရှင်ကြည့်ရတာတို့ကို အထူးခုံမင်နှစ်သက်ပါတယ်။ တထိတ်ထိတ် ရင်ခုန်ရတဲ့ ခံစားချက်ကို သဘောကျလို့ ဆိုပါတော့။ လက်ဖျား ခြေဖျားတွေ အေးစက်ပြီး ဘယ်နေရာမှာ ဘာကောင်ကြီး ဘယ်လိုမျိုး ဘွားကနဲ ပေါ်လာမလဲ … ဆိုပြီး ရင်တွေ တဒိန်းဒိန်းခုန်ရတဲ့ ခံစားချက်က ဘာနဲ့မှ မတူပါဘူး … ။

အဲဒီလို ပုံပြင်တွေနားထောင်ပြီးတိုင်း ရုပ်ရှင်တွေကြည့်ပြီးတိုင်း ဟိုနေရာ သွားလည်း ကြောက် … ဒီနေရာသွားလည်း လန့် … ဖြစ်တတ်ပါသေးတယ်။
ဒါပေမဲ့ ဘုန်းကံရှိသူတွေဟာ သရဲကို မမြင်နိုင်ဘူးလို့ ကိုယ့် ကိုယ် ကိုယ် အားပေးခဲ့ရပေါင်း များပေါ့။ အဲ … ဒီလိုပြောလို့ သရဲမြင်ရသူတွေဟာ ဘုန်းမရှိ ကံနိမ့်သူတွေလို့ ဆိုလိုတယ် မထင်လိုက်ကြပါနဲ့။ ဘုန်းကံ အလွန် မြင့်မားသူ ကံထူးရှင်တွေလည်း သရဲကို မြင်နိုင်တာပါပဲ။ (ကြိုပြီး ကာထား ရတာပါ။) ကျမလို အလယ်အလတ်တန်းစား ကံလောက်ရှိသူ တဦး အနေနဲ့ ကတော့ သရဲလည်း မမြင်ဖူးသလို အခြောက်လည်း မခံရဖူးပါဘူး။

အင်း … အဲဒီလိုပြောပြန်တော့ လိမ်ရာကျပေဦးမယ်။ သေချာစဉ်းစား ကြည့်တော့ သရဲဆိုတဲ့ ပုဂိုလ်ကို တခါလား မြင်ခဲ့ဖူးပါတယ်။ သူကလည်း မကြောက်ကြောက်အောင် ခြောက်ခဲ့တာပါ။ ကြာပါပြီ … ဟိုးငယ်ငယ်တုန်း က … ကျမရှစ်တန်း ကိုးတန်းအရွယ်လောက်ကပေါ့။ အဲဒီတုန်းက ခုလိုပဲ မိုးအကုန် ဆောင်းအကူး … စပ်ကူး မတ်ကူး ကာလထူးကြီးပဲ ဆိုပါတော့ …။
***
အဲဒီညက ကျမတို့ မောင်နှမတတွေ တီဗီသတင်းလာနေတဲ့အချိန်လောက် မှာ လဘက်သုတ် သုတ်စားဖို့ နောက်ဖေးမီးဖိုချောင်ထဲမှာ ခြေရှုပ်နေကြ တာပေါ့။ လဘက် ထောင်းတဲ့သူကထောင်း၊ ကြက်သွန်ဖြူနွှာတဲ့သူက နွှာ၊ ဂေါ်ဖီထုတ် လှီးတဲ့သူကလှီး နဲ့ တယောက်တမျိုးအလုပ်များနေကြပါတယ်။ ကျမတို့ မီးဖိုးချောင်မှာက အိမ်ပြင်ထွက်တဲ့ တံခါးပေါက် ၂ ပေါက်ရှိပါတယ်။ အနောက်ဘက်နဲ့ တောင်ဘက်မှာပါ။ အနောက်တောင်ထောင့်မှာက ပြတင်းပေါက် တပေါက်ရှိပါတယ်။ အဲဒီပြတင်းပေါက်မှာ ကျမတို့အိမ်က လက်တိုလက်တောင်း လုပ်တဲ့ လားဟူမလေးက မတ်တပ်ရပ်ပြီး ကျမတို့ကို လှမ်းပြီး စကားပြောနေပါတယ်။ အိမ်အပြင်ဘက်ကနေပြီးပေါ့။

အဲဒီအချိန်မှာပဲ … “ဒေါက် ဒေါက် ဒေါက်” ဆိုတဲ့ အသံ မသဲမကွဲ ကြားလိုက် ရတယ်။ အားလုံးက လားဟူမလေး ခေါက်တာပဲဆိုပြီး အမှတ်တမဲ့ပဲ နေလိုက်ကြတာပေါ့။ ဒီလိုနဲ့ ခေါက်သံ နောက်တခါ ထပ်ကြားပြန်ရော … ။ ကောင်မလေးကို လှမ်းကြည့်တော့ သူက ရယ်ပြတယ် … ဟီးဟီး .. တဲ့။ သြော် … ဒါဆို သူခေါက်တာပဲနေမှာဆိုပြီး နေလိုက်ကြပြန်ရော။ နောက် … သူက တောင်ဘက်တံခါးပေါက်ကနေ အိမ်ထဲဝင်လာပါတယ်။ သူ အိမ်ထဲ ရောက်ခါမှ အနောက်ဘက် တံခါးဆီက တံခါးခေါက်သံ ထပ်ကြားပါလေရော … ။

ဟင် … ဘယ်လိုတုန်း … ။ ဒါဆို ခုန ခေါက်တာ သူမဟုတ်ဘူးပေါ့။ သူ့ကို ၀ိုင်းမေးတော့ သူက မဟုတ်ပါဘူးတဲ့ ကမန်းကတန်း ငြင်းရှာတယ်။ ဒီလိုနဲ့ … ကျမတို့လည်း သို့လော သို့လောတွေ ဖြစ်နေကြတာပေါ့ … ။ ဒါဆို အပြင်မှာ ဘယ်သူလဲ … ။ ဒီအချိန်ကြီး …. ညဘက် … အိမ်ပြင်ဘက်မှာ …။ အဲဒီလို တွေးနေတုန်း …. ဗြုန်းဆို …

(((( အူ … ၀ူ … ၀ူ …. ၀ုတ် … ၀ုတ် … ၀ုတ် … ၀ူးးးးး အူးးးးး အူးးးးးး ))))
ဆိုပြီး ခွေးတွေက ထအူကြပါလေရော … ။ ခွေးဆိုတဲ့ သကောင့်သား မျိုးကလည်း တကောင် အူရင် ကြားကြားသမျှ နောက်အကောင်တွေကပါ ပုံစံတူ လိုက်အူကြတာမို့ ခွေးအူသံတွေက ဆူညံပြီး ကြက်သီးထစရာပေါ့။ ကျမတို့လည်း တယောက် မျက်နှာ တယောက်ကြည့်ပြီး လန့်နေကြတုန်း

“ဒေါက် ဒေါက် ဒေါက် …”

တံခါး ထပ်ခေါက်သံ ကြားရပြန်ပါတယ်။ သတ္တိခဲ လားဟူမလေးက အုန်းသီး ခွဲတဲ့ ဓားမကြီးကိုဆွဲတယ်။ ကျမတို့ကတော့ အသံလာရာ တံခါးပေါက်ကို မမှိတ်မသုန် ကြည့်နေကြပြီး ပြေးဖို့အသင့်အနေအထား ပြင်ထားကြ ပါတယ်။

“ဒေါက် ဒေါက် ဒေါက် …” ခေါက်သံက ပြင်းသည်ထက် ပြင်းလာတဲ့အခါ …

ဓားလွတ်ကိုင်ထားသူ လားဟူမလေးက တံခါးပေါက်ကို ခြေထောက်နဲ့ ကန်ပြီး အဖွင့် …. တံခါးက ပွင့်မသွားပါဘူး။ ကျပ်နေလို့ နှစ်ခါ သုံးခါလောက် ကန်ဖွင့်မှ ပွင့်သွားတယ်။ တံခါးဝမှာ တွေ့ရတာက … ကျမတို့ ဘယ်လိုမှ မျှော်လင့် မထားတဲ့ …

ဖြူဖြူဖားဖား မားမားကြီးရပ်နေပြီး မျက်နှာက ညစ်ထေးထေး အစွယ်ကြီး တဖွေးဖွေး နဲ့ သရဲကြီးတကောင် …

အားးးးးးးးးးးးးးးး ))))))))

သရဲ -ဲ -ဲ -ဲ -ဲ -ဲ -ဲ )))))))))

ဒီတခါတော့ သရဲကို တကယ်မြင်ပဟဲ့ …. လို့စိတ်ထဲကတွေးမိပြီး …
သမ္ဗုဒ္ဓေ….. အိတိပိသော … သြကာသ … ပါးစပ်ထဲကထွက်သမျှ မီးကျိုးမောင်းပျက် ဘုရားစာတွေ အကုန်စုရွတ် … ဖနောင့်နဲ့တင်ပါး တသား တည်းကျအောင် ပြေးကြရပါတယ်။ တကယ်တမ်း သရဲနဲ့လည်း ဆုံရော … ဓားလွတ်ကိုင် လားဟူမလည်း ဓားမကို ပစ်ချပြီး ပြေးလိုက်တာ တန်းလို့။

အိမ်ထဲမှာ ရုန်းရင်းဆန်ခတ်သံကြားတော့ လူကြီးတွေက ဘာဖြစ်တာလဲ မေးတော့တာပဲ … ။
“သရဲ … သရဲ … ဟိုနောက်ဖေးမီးဖိုထဲမှာ …”
ဟောဟဲလိုက်ပြီး ဖြေသံအဆုံးမှာတော့ …

“ဟီးးးးဟီးးးးဟီးးးးး ဟားးးးးဟားးးးးဟားးးးး”
ဆိုတဲ့ အောင်မြင်ခံ့ညားတဲ့ ရယ်သံကြီး ကြားလိုက်ရပါတယ်။

“ဟဲ့ … သရဲ ဟီတယ်တော့ …”
“ဟာ … သရဲက ဟီမလား … မြင်းမှ မဟုတ်ဘဲ …”
“မြင်းမဟုတ်လဲ ဟီနေတာပဲဟာကို … မကြားဘူးလား”
“သရဲ တွန်တာဟ”
“လုပ်ပြန်ပြီ … သရဲက ကြက်မှမဟုတ်ဘဲ တွန်ရအောင်လို့”
“မဟုတ်သေးပါဘူး … ဒီအသံမျိုး ကြားဖူးပါတယ် … သရဲက ငါတို့အသိများ ဖြစ်နေမလား … သွားကြည့်ရအောင်”
“ဟင့်အင်း မကြည့်ရဲပါဘူး…. နင့်ဟာနင်သွားကြည့်”

နောက်ဆုံးမှာတော့ ခပ်လန့်လန့်နဲ့ တယောက်ခါး တယောက်ဖက် တယောက်လက် တယောက်ဆွဲပြီး မီးဖိုထဲပြန်သွားကြည့်တဲ့အခါ …
ဝတ်ရုံဖြူကြီးကို ခွါ … အစွယ်ကြီးကိုဖြုတ်ပြီး ငုတ်တုတ်ကြီးထိုင်ရယ်နေတဲ့ သရဲကြီးကို မြင်လိုက်ရပါတော့တယ်။

တခြားသူတော့ မဟုတ်ပါဘူး။ လူစင်စစ်က ဘ၀ပြောင်းပြီး သရဲဖြစ် သွားရှာလေတဲ့ ကျမအကို တ၀မ်းကွဲပါ။ အိပ်ရာခင်း အဖြူကြီးကို ခြုံ၊ သူ့မျက်နှာက ၀က်ခြံဖုတွေကို ဖုံးလွှမ်းအောင် သနပ်ခါး ထူထူ ပိန်းကြမ်း ရိုက်ထားပြီး ပလပ်စတစ် အစွယ်တုကြီး သွားမှာတပ်လို့ ကျမတို့ကို ခြောက်လှန့်တော့ တကယ့်သရဲနဲ့ နင်လားငါလား မခြားနားတာမို့ ကျမတို့လည်း အဲဒီလို ကြောက်လန့်တကြား ဖြစ်သွားကြရတာပါ။

အင်း … တသက်နဲ့ တကိုယ် သရဲခြောက်မခံရဘူးလို့ ပြောရင် မုသားပြော တယ်ဖြစ်မှာစိုးလို့ တခါခြောက်ခံရတဲ့ အတွေ့အကြုံလေးကို ရေးလိုက်ရ ခြင်း ဖြစ်ပါတယ်။ သရဲတော့ သရဲပါပဲ … တကယ်လည်း သရဲနဲ့တူပါတယ် … ဒါပေမဲ့ သရဲအတုဆိုပါတော့လေ … ။ ဘာပဲဖြစ်ဖြစ် … ကိုထွတ်ဆီကနေ ကျမဆီ မူးတူးကြောင်တောင် ရောက်လာတဲ့ သရဲကို လဘက်ရည်နဲ့ အီကြာကွေး အ၀ကျွေးပြီး “နောက်တယောက်ဆီ” လွှတ်လိုက်ပါပြီ …. ။

ရေးချင်လည်း ရေး …
မရေးချင်လည်း အဲဒီသရဲကို တခုခု ကျွေးပြီး ဘေးမဲ့သာပေးလိုက်ပါတော့။
ဒီကနေ့တော့ ဒီလောက်ပါပဲ … ။
***
မေဓာဝီ
နိုဝင်ဘာ ၁-ရက်၊ ၂၀၀၇
နေ့ ၁၁ နာရီ ၃၅ မိနစ်

9 comments:

Pyae Sone said...

မမမေဓါဝီရေ......
သရဲကလည်း ဘလက်လေဘယ်နဲ့ကောင်း လာတယ်ဆိုတော့ ပိုပြီအသက်ဝင်သွားတယ် ဒါကို မကြောက်တတ်တဲ့သူနဲ့တွေ့သွားတော့ သရဲလည်း ကားသွားတာပေါ့။ ဒီတစ်ခါတော့ .......မမရေ့ ကိုယ်စွမ်းပြရတော့မယ့် ..........
အိုကေမမ လှပသော ဟယ်လိုဝင်း ဖြစ်ပေါ်နိုင်ပါစေ။

Anonymous said...

အိမ်စေကလည်း...
လားဟူမတဲ့....
တခြားသူမရလို့ထင်တယ်...
အသားဖြူတဲ့...
လားဟူမကို...
သွားကူအုံးမှပါ...
ပင်ပမ်းနေရှာရော့မယ်...

zanlin said...

မမမေ
ကိုငြိမ်းချမ်းအောင်(ကိုထွတ်)ဆိုတာ ဟိုမျက်မှန်လေးအမြဲတတ်ထားတဲ့ဟိုအကိုကြီးကိုပြောတာနဲတူတယ်နော်။ဒါပေမဲ့သူကမျက်မှန်မရှိတောရင်မမြင်ရတော့ဘူးတဲ့၊ဟုတ်လာဟင်း။မမမေရဲ့သူငယ်ချင်းဆိုလိုမေးကြည့်မိတာပါ။သရဲကိုမြင်ကြည်မိတာက မျက်မှန်လေးနဲနောက်ပြီးဘလက်လေဘယ်အရက်ကိုသောက်ထားသေတယ်ဆိုတော့မူပြီးမမြင်မဆန်းနဲပေါ့။စိုးရိမ်ရပါလာမမမေရယ်xxxxxxxxxxx

pandora said...

တရဲ တရဲ
ကြောက်ဘူးကွ
ကိုယ်က တရဲ ထက် ရုပ်ဆိုးတယ် :P

metta campaign said...

လမိုက်ညသရဲတွေကို ကြောက်လန့်တာထက် လပြည့်နေ့သရဲတွေကို အရမ်း မုန်းမိပါတယ်ဗျာ။

mzt said...

မျှော်နေတာကြာပြီး ကျနော်ဒီနေ့မှသိတာ
မမေဓါဝီရဲ့ စာတွေကိုအမြဲဖတ်နေကျပါ
အခုလို ဘလော့ဂ်ပြန်ရေးနိုင်တဲ့အတွက်
ဝမ်းသာစရာပေါ့ဗျာ

ညလေး said...

အစ်မသရဲက အတုကြီးဆိုပေမယ့် မသိခင်တော့ တော်၂လေး ကြောက်သွားမှာနော်... :)

yangonthar said...

သရဲ ဆိုလို့  ငယ်ငယ်က စိန့် ဖလိုမီနာ ကျောင်း ရှေ့  မှာ သရဲ ခြောက်ခံရတာ ပြန်သတိရတယ် ရယ်လည်း ရယ်ရတယ် အစ်မရေ အဟုတ် သရဲ ခြောက်တာလား ဘာလားတော့ မသိဘူး ကြောက်တာတော့ ဆိုက္ကား ရှေ့ ကထိုင်ပြီး နှလုံး သားတွေဒုံးယိမ်းကို ကလို့ ပေါ့ ...ဟဟ :)) သူငယ်ချင်းက ဆိုက်ကားကို ဘရိတ်မဆွဲပဲ ကုန်းဆင်းကြီးမှာ ရပ်နေတာ ညတစ်ချက်တီးကြီး ကျောင်းရှေ့ မှာ အရှိန်နဲ့ ဆင်းလာတဲ့ ဆိုက္ကား သရဲဆွဲထားတာ ..... အဲမောင်ကလည်း နင်းတယ်အစ်မရေ ဆိုက္ကားကြီးက မရွေ့ ဘူး ကျွန်တော့်နောက် ထိုင်တဲ့ သူငယ်ချင်းကလည်း ကျွန်တော့ဂုတ် တက်ခွရော ... သုံးယောက်သား ဆိုက္ကားပေါ် မှာ ဆပ်ကပ် ကနေသလား မှတ်တယ် တစ်မိနစ် လောက်ကြာတယ်ဗျ ကျွန်တော် ပြောတဲ့ပုံကို ပြောပြဦးမယ် ...“ ကဲ ငါတို့ လည်း မင်းကို ဘာမှ ဒုက္ခပေးတာ မဟုတ် မင်းလည်း ငါတို့ ကို ဒုက္ခမပေးပါနဲ့  ”... ဟဲဟဲ ပရောဂဆရာ သံနဲ့ ပေါ့အစ်မရယ် ထွက်ပြေးဖို့ တောင် မေ့နေတာ ကြက်သေသေတယ်ဆိုတာ အဲတာမျိုးလား မသိပါဘူးအစ်မရာ ..... အဲလို ပြောပြီးခဏနေရော ဆိုက္ကားကြီးက လျှောဆို ကုန်းအဆင်းမှာ လိမ့်ဆင်းသွားတာ ..... အိုးလန့် ချက်က တော့ ကမ်းကုန်ပဲ .... တော်တော်ဆိုးတဲ့သရဲ ဘုန်းနိမ့်သလား မြင့်သ လားတော့သိပါဘူး အစ်မရာ ....ဒီအက်ဆေးဖတ်ရင်း ပေါ့ပေါ့ပါးပါး ပျော်ရွှင်ရယ်မော သွားမိတယ် ...
အဆင်ပြေပါစေ အစ်မမေ ..
လေးစားလျှက်
ရန်ကုန်သား :))))

ကိုလူထွေး said...

ဒေါက်...ဒေါက်...ဒေါက်

လက်ဘက်ရည်နဲ့ အီကြာကွေး ကျွေးပါ...

းဝ)