Monday, November 26, 2007

ရေခဲပြင်ပေါ်မှာ လမ်းလျှောက်ခြင်း ...

ကျမ ငယ်ငယ် ဘယ်အရွယ်က စပြီး လမ်းလျှောက်တတ်တယ်ဆိုတာ မမှတ်မိတော့ပါဘူး။ မွေးခါစ ပက်လက်ကနေ မှောက်လျက်၊ ပြီးတော့ တွားသွား၊ လေးဘက်သွား၊ နောက်တော့ ငုတ်တုတ်၊ ဒီ့နောက် မတ်တပ်ရပ်ရာက တလှမ်းခြင်း ယိုင်တိယိုင်ထိုး လျှောက်ရင်း တဖြည်းဖြည်း ဖြောင့်ဖြောင့် လျှောက်နိုင် … နောက်ဆုံး ပြေးနိုင်တဲ့ အထိပေါ့။ ဘယ်အရွယ် က ဘယ်အရွယ်အထိ အဲဒီလို အဆင့်ဆင့် သွားခဲ့ရတယ် ဆိုတာကတော့ ကျမ သေချာ မသိပါဘူး။ သေချာတာကတော့ ကျမဟာ ကိုယ့်ကိုယ်ကို လမ်းလျှောက်တတ်ပြီ လို့ ထင်ခဲ့မိတာပါပဲ။
***
တကယ်တမ်း ကျမ လမ်းကောင်းကောင်း မလျှောက်တတ်သေးဘူး ဆိုတာ တနေ့မှာ သိလိုက်ရပါတယ်။ အဲဒီနေ့က နိုဝင်ဘာလ ၁၁ ရက်နေ့ပေါ့။ ကျမတို့ ကျောင်းသားတွေ အားလုံးကို ကျောင်းက အကုန်အကျခံပြီး တနေရာကို လိုက်ပို့ပေးပါတယ်။ အဲဒီနေရာက ရေခဲပြင်မှာ စကိတ်စီးတဲ့ နေရာပါ။ ရေခဲပြင်ပေါ် စကိတ်စီးတာကို အရင်က ရုပ်ရှင်တွေထဲမှာသာ မြင်ဖူးတာမို့ အတွေ့အကြုံရအောင် ကျမလည်း လိုက်သွားခဲ့ပါတယ်။

ဟိုရောက်တော့ တယောက်ပြီး တယောက် တန်းစီ၊ လက်မှတ်လေးတွေ ဖြတ်ပေးပြီး အထဲမှာ အဲဒီ လက်မှတ်နဲ့ ဖိနပ် ယူရပါတယ်။ ကိုယ့်ဖိနပ်တွေကို ချွတ်ပြီးအပ်၊ ကိုယ့်ရဲ့ ဖိနပ် အရွယ်အစားကို ပြောရင် သူတို့က သင့်တော်ရာ ဖိနပ်ကို ထုတ်ပေးတယ်။ အဲဒါကို စီးပြီးရင် ရေခဲပြင်ပေါ်မှာ စကိတ်စီးဖို့ အဆင်သင့် ဖြစ်ပြီပေါ့။

ကွင်းထဲမှာ သီချင်းတွေက မြူးမြူးကြွကြွ၊ မီးရောင်စုံတွေက တဖျတ်ဖျတ် တောက်ပ၊ လူငယ်လေးတွေက သွက်လက် ဖြတ်လတ်စွာ ကစားနေကြလို့…။ ကျမကတော့ ဖိနပ်စီးပြီးကတည်းက လမ်းလျှောက်ရတာ အဆင်မပြေ တော့ပါဘူး။ ရိုးရိုး လမ်းလျှောက်ဖိနပ် (ဝေါကင်းရှူး) နဲ့တောင် ကိုယ်က စီးနေကျ အလေ့အကျင့် မရှိလို့ ခြေထောက် နာရတဲ့အထဲ အဲဒီ စကိတ်စီး ဖိနပ်နဲ့ဆို တွေးသာ ကြည့်ကြပါတော့။ ဒီလိုနဲ့ ယိုင်တိုင်တိုင် လမ်းလျှောက်ရင်း ကွင်းထဲကို ရောက်သွားတယ် ဆိုရင်ပဲ …

`အမလေး … ဗုဒ္ဓေါ´

လျှောခနဲ စလစ်ဖြစ်သွားလို့ ဘေးနားက ဘောင်ကို ကမန်းကတန်း ကိုင်လိုက် ရပါတယ်။ လဲကျတော့မလားလို့ ရင်ထဲလည်း တဒိန်းဒိန်းနဲ့…။ လဲသာ ကျလို့ကတော့ ပြန်ထလို့ လွယ်မယ် မထင်ပါဘူး။ အေးလွန်းလို့ အထပ်ထပ် ၀တ်ထားတဲ့ အင်္ကျီတွေ ဘောင်းဘီတွေနဲ့ လူတကိုယ်လုံး ကျပ်စည်းသလို ဖြစ်နေတဲ့ အပြင် အဲဒီ ဖိနပ်ကြီးနဲ့ ဘယ်လိုလုပ် ပြန်ထလို့ လွယ်ပါလိမ့်မလဲ။

ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ သူများတကာတွေ တလျှောလျှောနဲ့ စီးနေလိုက်ကြတာ၊ က-ရင်း စီးနေတဲ့ လူတောင် ရှိသေး။ ဒါနဲ့ သူတို့ ခြေထောက် အနေအထားကို လိုက်ကြည့်တယ်။ ဘယ်လိုရွှေ့တယ်၊ ဘယ်လို ရပ်တယ်၊ ဘယ်လို လှုပ်ရှားတယ် စသဖြင့် လေ့လာပြီး သကာလ ကြိုးစား ကြည့်မိပြန်တယ်။

`အလိုလေး … ဘုရား ဘုရား´

လူက ရှေ့ကို မှောက်ရက် လဲတော့မလို ဟပ်ထိုး ဟပ်ထိုး ဖြစ်သွားလို့ ဘေးဘောင်ကို အမြန် ကိုင်လိုက်ရပြန်ပါရော။ အေးလွန်းတဲ့ နေရာမှာ လူလည်း ချွေးစေးတွေကို ပြန်လို့။ ရင်တွေ တလှပ်လှပ် ခုန်လို့…။ မဖြစ်ပါဘူး ဘယ်နှယ့် လုပ်ရပါ့။ ကွင်းထဲ ရောက်ပြီးမှ အလျှော့ပေးလို့တော့ မဖြစ်ဘူး။ ကိုင်း … နောက်တခေါက်၊ တလှမ်း … နှစ်လှမ်း … သုံးလှမ်းမြောက်မှာ လူက Balance မမျှဘဲ ယိုင်သွားပြန်ပါတယ်။

`၀ှူးး … ခက်ပါဘိ´

အရှုံးပေးရမလို ဖြစ်နေပြီ။ သီချင်းသံတွေက ပိုပြီး မြူးကြွလာတယ်။ လူတွေရဲ့ အော်သံ၊ ရယ်သံ၊ စကားပြောသံ တွေကလည်း ဆူညံလို့ …။ နောက်ဆုံးတော့ ကျမ ဆုံးဖြတ်လိုက်တယ်။ သူများတွေလို တလျှောလျှောနဲ့ မစီးနိုင်ရင်တောင် ဒီကွင်း တပတ်တော့ ဖြည်းဖြည်းချင်း ရအောင် လျှောက်မယ်လို့ပေါ့။
***
ဒီလိုနဲ့ ဘေးဘောင်ကို ကိုင်ပြီး ခြေလှမ်းတွေကို သတိကြီးစွာ လှမ်းရင်း တလှမ်းခြင်း ကျမ လျှောက်လာလိုက်တယ်။ နည်းနည်း လျှောက်လိုက်၊ နားလိုက် လျှောက်နေတဲ့ ကျမကို ဘေးပတ်ဝန်းကျင်က ရယ်ချင်ပက်ကျိနဲ့ ကြည့်နေကြ လေမလားဘဲ။ ဘောင်မရှိတဲ့ ၀င်ပေါက် ထွက်ပေါက် နေရာက အဖြတ်၊ ခြေ သုံးလေးလှမ်းစာလောက်ကို အသက် အောင့်ရင်း အမြန် ဖြတ်လိုက်ရတယ်။

`အိုး … ဆောရီး´

ရွှီးခနဲ အနားရောက်လာတဲ့ မိန်းကလေး တယောက်နဲ့ တိုက်မိမလို ဖြစ်လို့ အမြန် တောင်းပန် လိုက်ရတယ်။ သူကတော့ ပြုံးပြီး လက်ပြသွားလေရဲ့။ ကျမမှာတော့ ယိုင်ထိုး ယိုင်ထိုးနဲ့ တလှမ်းခြင်း လျှောက်နေရတုန်းပါပဲ။

ဘောင်ကို ကိုင်ပြီး နားနေကြတဲ့ လူတွေက ကျမ အနားရောက်လာတာနဲ့ အလိုက်တသိ ရှောင်ပေးကြပါတယ်။ တချို့က မမြင်လို့ မရှောင်ပေးတဲ့ အခါ ကျမကပဲ သူတို့ကို ကွင်းရှောင်သွားရတယ်။ အဲဒီလို ရှောင်သွားလို့ ဘောင်ကို လက်လွှတ်လိုက်ရတုန်း တော်တော်လေး ဟန်ချက်ပျက်ပြီး လူက လဲကျမလို ဖြစ်သွား ပြန်ပါတယ်။ တော်သေးလို့ … အနား ရောက်လာတဲ့ ကျောင်းက ဆရာမက အမြန် လက်လှမ်း ကမ်းလိုက်တာနဲ့ အောက်အထိ လဲကျ မသွား တာပါ။

တပတ်ပြည့်အောင် မနည်း အားတင်းပြီး ဖြည်းဖြည်းချင်း လျှောက်သာ လျှောက်နေရတယ်။ လူက စိတ်ညစ်လှပြီ။ ချော်လဲမှာစိုးတာက တကြောင်း၊ ဖိနပ်ကြီးကြောင့် ခြေထောက်နာတာက တကြောင်းလေ။ စိတ်ညစ်ပေမဲ့ ဘယ်တတ်နိုင်လဲ …။ ဒီအရပ်ကို ရောက်လာမှတော့ ဒီဖိနပ်စီးပြီး ဒီလိုပဲ လျှောက်ရတော့မှာပေါ့။

ဒီလိုနဲ့ပဲ နောက်ဆုံးတော့ ကွင်းကျယ်ကြီး တပတ် တုန်တုန်ရီရီနဲ့ လျှောက်နိုင် သွားပါတယ်။ အပြင်ကို ထွက်တော့မှ သက်ပြင်းကို ဟူးခနဲ ချပြီး မြေကြီးပေါ် ခိုင်ခိုင်မာမာ ခြေချလိုက်ရတာ အလွန်ကို အားရှိသွားသလိုပဲ။ ခုံတခုမှာ အမြန် ထိုင်နားလိုက်ရင်း …
`ငါဟာ လမ်းတောင် ဖြောင့်အောင် မလျှောက်တတ်သေးပါလား´ … လို့ ကျမ တွေးနေမိတယ်။
***
တကယ်ပါပဲ …
ကျမ လမ်းမလျှောက်တတ်သေးပါဘူး။ အခုအချိန်မှာ ကျမဟာ ခြေလှမ်းတွေ ကို စမ်းတ၀ါးဝါး လှမ်းရင်း ဘယ်အချိန် ချော်လဲကျလေမလဲ … လို့ တထိတ်ထိတ်နဲ့ လျှောက်နေရသလိုပါပဲ။ ကိုယ့်ခြေထောက်ကို ကိုယ် စိတ်မချတဲ့ အတွက် လက်ကလည်း တစုံတခုကို မြဲမြဲ ကိုင်ထားရပါ သေးတယ်။ ကိုယ့်ကိုယ်ကိုယ် ဟန်ချက်ညီအောင် မနည်းထိမ်းပြီး လျှောက်နေရတဲ့အတွက် တခါတလေ ယိမ်းယိုင်ပြီး သူတပါးကို မတော်တဆ တိုက်မိမလိုလည်း ဖြစ်တတ်ပါသေးတယ်။ တခါတလေ … အမှီအတွယ် ကင်းစွာ လက်လွှတ်လိုက်ရတဲ့အခါ … ဘေးနားမှာလည်း တွဲမယ့် လက်တွေ မရှိတဲ့အခါ မျိုးမှာတော့ … ပြိုလဲကျမတတ် ဖြစ်ခဲ့ရပါတယ်။

ဒါပေမဲ့ …
ဘယ်လိုပဲ ယိုင်လဲပါစေ … လဲကျပါစေ … ဖြည်းဖြည်းခြင်းပဲ ဖြစ်ဖြစ် … ဒဏ်ရာ အနာတရတွေနဲ့ပဲ ဖြစ်ဖြစ် … နောက်ဆုံးမှာတော့ လိုရာခရီးကို ဘယ်နည်းနဲ့မဆို အောင်မြင်စွာ ရောက်နိုင်ရမယ်လို့ အားတင်းရင်း … … …
ဘ၀ ရေခဲပြင်ပေါ်မှာ လမ်းလျှောက် နေမိပါတော့တယ်။
***
မေဓာဝီ
၂၅၊ နိုဝင်ဘာ ၂၀၀၇
ည ၁၁း၁၃ နာရီ
(မှတ်ချက်။ ကူညီစာရိုက်ပေးသော ကိုစေးထူးကို ကျေးဇူးတင်ပါတယ်ရှင်။)

1 comment:

Thet Oo said...

Good writing! Keep on walking!!