Friday, November 16, 2007

ကျောင်းသွားရတဲ့နေ့ ...

“ကျောင်းကိုသွားမယ် … လွယ်အိတ်လွယ် … ပျော်ပျော်ပါးပါးကွယ် …
ခေါင်းလောင်းထိုးသံ သာယာတယ် … ကျောင်းတက်ပါပြီကွယ် …”
… … … … …. … … … … ….
… … … … …. … … … … ….

ငယ်စဉ်တောင်ကျေး ကလေးဘ၀ ကျောင်းနေခါစအရွယ်ကတည်းက ကျောင်းတက်ဖို့ အလွန်ပျင်းခဲ့သည်။ ကျောင်းသွားဖို့ တွန့်ဆုတ်သည့်ထဲမှာ ဆရာမကို ကြောက်တာလည်း ပါ၏။ ကျောင်းမသွားချင်၍ အိပ်ချင်ယောင် ဆောင်နေလို့ တမျိုး၊ နေမကောင်းဘူးဟု အကြောင်းပြလို့ တဖုံ ခဏခဏ ကျောင်းပြေးဖူးသည်။ ကျောင်းပြေးသည်ဆိုလို့ သူများတွေလို ဟိုဟို သည်သည် သူငယ်ချင်းတွေနှင့် လျှောက်သွားခြင်းမဟုတ်။ အိမ်မှာပဲ အိပ်လိုက် စားလိုက် နေရုံ သက်သက်မျှသာ။

ကျောင်းတက်ပျင်းပြီး ကျောင်းကိုမုန်းသည့် သူ့ကို အမေက အထက်ပါ သီချင်းလေးဆိုပြကာ ချော့မော့အားပေးခဲ့ဖူး၏။ တခါတလေလည်း ခေါင်းမာလွန်းသည့် သူ့ကို စိတ်မရှည်စွာ မာန်မဲလို့ပေါ့။ ထိုစဉ်က အမေ ဘယ်လိုပင် အားပေးပေး၊ အော်ငေါက်ငေါက် သူကတော့ ကျောင်းတက် ပျင်းစမြဲ … ။ ဆရာမတွေနှင့် အဆင်မပြေဖြစ်စမြဲ … ။ ကျောင်းတက် ခေါင်းလောင်းထိုးသံကို ငှက်ဆိုးထိုးသံအလား နားထဲမှာ ကြားယောင်စမြဲ …။

အဲဒီလို ကျောင်းနှင့် သဟဇာတ မဖြစ်လွန်းလှတဲ့သူ့အဖို့ ဒီအရွယ်ကြီး ရောက်ခါမှ ကျောင်းတက်ရဖို့ ဖန်လာပြန်ပါပြိ။ မြည်တွန်တောက်တီး တလှည့် အားပေးဖျောင်းဖျတလှည့် ပြုလုပ်ပေးမည့် အမေကလည်း သူ့အနားမှာ မရှိနိုင်သည့် ဒီအချိန်မှာ အမေဆိုပြခဲ့ဖူးသည့် ထိုသီချင်းလေး ကိုသာ တတမ်းတတ သတိရနေမိပါတော့၏။
***
နိုဝင်ဘာလ (၂) ရက်၊ သောကြာနေ့

ထိုညနေခင်းက ဘူတာရုံကလေးမှာ သူစောင့်နေခဲ့ရသည်။
စုံစီနဖာထည့်ထားသော အထုတ်အပိုးများနှင့် အိတ်ကလေးကို စလွယ် သိုင်းကာ လာကြိုမည့် တစုံတယောက်ကို စောင့်မျှော်လျက်။ သတ်မှတ်ချိန် လွန်သည်ထိ ထိုသူက ရောက်မလာ။ နာရီကြည့်လိုက် ထိုင်လိုက် ထလိုက် ဂနာမငြိမ်စွာ စောင့်နေ၍ အတော်ကြာမှ သူ့နာမည်ရေးထားသည့် စာရွက် ကိုင်ထားသူတဦးကို တွေ့လိုက်ရသည်။

ထုံးတမ်းစဉ်လာအရ နှုတ်ဆက်ကြ၊ မိတ်ဆက်ကြပြီးနောက် အထုတ်အပိုး တွေ ကားပေါ်တင်ကာ ကျောင်းရှိရာသို့ သူ့ကို ခေါ်ဆောင်သွားလေတော့ သည်။

လာခေါ်သူ Pavi ဆိုသော ကောင်ကလေးနှင့် ကားမောင်းသူ ဘရာဇီး အမျိုးသမီး Isabel တို့၏ မေးခွန်းများကို ဖြေရင်း … သူကလည်း သိချင်တာ တွေ ပြန်မေးရင်း … ဘူတာရုံမှ ကျောင်းဆီသို့ တရိပ်ရိပ်ပြေးနေသော ကားကလေးပေါ်မှာ …
သူ … ပျော်နေပါသလား ???
ဟင့်အင်း … မပျော်ပါ။
ဒါဆို စိတ်ပျက်နေသလား ???
ဒီလိုလဲ မဟုတ်ပြန်ပါ။

ပျော်ခြင်း မပျော်ခြင်း အလျဉ်းမရှိ၊ ၀မ်းနည်းဝမ်းသာခြင်းကင်းမဲ့လျက် ငူတူတူကြီး ဖြစ်လို့သာနေ၏။ အေးစက်စက်ရာသီဥတု .. နှင့် .. အကျွမ်းတ၀င် မရှိလှစွာသော သူစိမ်းတို့အလယ်သို့ ရုတ်တရက် ပစ်ချခံ လိုက်ရသည့်အလား။ အူကြောင်ကြောင် ရောက်ရှိသွားသည့် ညနေခင်းပင်တည့်။
***
ကျောင်းကိုရောက်တော့ မှောင်နေပြီ။
ကားပေါ်ကဆင်း၊ အထုတ်အပိုးတွေ ချရင်း ကောင်းကင်ကြီးကို မော့ကြည့် လိုက်တော့ နက်ပြာရောင် မှောင်မဲနေသည့် ကောင်းကင်ထက်မှာ ကြယ်ပွင့် တွေက တဖျတ်ဖျတ် တောက်ပ လင်းလက်လို့ … ။
ဒီကောင်းကင်ကြီးပါပဲ … သူတို့အားလုံးကို အုပ်မိုးနေတာ … ။
ဒီကြယ်ပွင့်တွေပဲ … နေရာတိုင်းမှာ လင်းလက်တောက်ပ နေမှာ … ။
ကဲ … ဘာများ အားငယ်စရာလိုသေးလို့လဲ … ။
သူတို့အားလုံးဟာ ကောင်းကင်ကြီး တခုထဲရဲ့ အောက်မှာပဲ မဟုတ်လား။

Pavi က အထုတ်အပိုးတွေ ကူသယ်ပေးကာ သူနေရမည့် အခန်းဆီ လိုက်ပို့ ပေး၏။ သစ်ပင်တွေ မြက်ခင်းပြင်ကျယ်ကြီးတွေနှင့် ကျောင်းဝင်းကြီးက ကျယ်ပြောလှသည်။ ကျောင်းဆောင် အဆောက်အဦးများကတော့ အိုမင်း ရင့်ရော်စွာ ရင့်ကျက်တည်ငြိမ်လို့ နေ၏။

“ဒီအဆောက်အဦး နာမည်က Mozambique တဲ့။ နောက် term ကျမှ အဲဒီမှာ နေရမှာ။ လောလောဆယ် မင်းနေရမယ့် အခန်းက ဟိုးနောက်ဆုံး အဆောက်အဦးမှာ ရှိတယ်။ အဲဒီအဆောက်အဦးနာမည်က Malawi တဲ့။ ဟောဟို အဆောက်အဦးလေးကတော့ Chinese Embassy လို့ နာမည် ပေးထားတာ။ ရုပ်ရှင်ပြရင်တို့၊ presentation တို့ meeting တို့ လုပ်ရင် အဲဒီမှာ လုပ်တာပေါ့”

လမ်းတလျှောက် Pavi က သူ့ကို ရှင်းပြသွားသည်။ အဆောက်အဦး နာမည်တွေကြားရတာနှင့် အာဖရိက ရောက်နေသလို ခံစားလိုက်ရသည်။ သူနေရမည့် အဆောက်အဦးရှေ့ရောက်တော့ …
“Welcome to Malawi House” ဆိုတဲ့ အစိမ်းရောင်နဲ့ ရေးထိုးထားသော စာတန်းကလေး အ၀င်တံခါးဝမှာ ကပ်ထားသည်ကို တွေ့ရ၏။

“ဒါက အိမ်သာ၊ ဒါက ရေချိုးခန်း၊ ဒါက ဧည့်ခန်း၊ ဟောဟိုမှာ မင်းရဲ့ အခန်းပဲ …”

သူနေရမည့်အခန်းက ဧည့်ခန်းနှင့် ကပ်လျက်အခန်းကလေး ဖြစ်သည်။ ဒီအခန်းမှာ ဘယ်လောက်ကြာကြာ နေရဦးမလဲ … သူမသိ။ လောလော ဆယ်တော့ ဒီအခန်းလေးမှာ ခေတ္တ နားခိုရပေဦးမည်။

Pavi ကို ကျေးဇူးတင်စကားပြောပြီး နှုတ်ဆက်ရင်း အခန်းလေးဆီ လျှောက်သွားလိုက်သည်။ အခန်းလေး၏ တံခါးဝမှာတော့ စာတန်းလေးတခုက သူ့ကို ကြိုဆိုလျက် … ။

“Welcome May”

***
မေဓာဝီ
၁၄၊ နိုဝင်ဘာ၊ ၂၀၀၇
ည ၉ နာရီ ၄၃ မိနစ်

2 comments:

ကလိုစေးထူး said...

မမေရဲ့ ဒီလို သရုပ်ဖော်စာမျိုး မဖတ်ရတာ တော်တော်ကြာပေါ့…။ အခုတော့ နေရာသစ်၊ ပတ်ဝန်းကျင် အသစ်က ရေးစရာ အသစ်တွေ ပေးလိုက်ပြီထင်ပါရဲ့…။ ရေးထားလိုက်တာ မြင်ကွင်းတွေက မျက်စိထဲကို ရုပ်ရှင်ပြကွက်တွေလိုပဲ မြင်ယောင်လာတယ်။

သဘောကျမိတာ တခုရှိတယ်။ အဆောက်အဦးနာမည်က Malawi တဲ့လား။ :D မေဓာဝီနေတဲ့ မာလ၀ီဆောင်ပေါ့။ မာလာဆောင်လိုလို ဘာလိုလို…။ :P

ကဲ…၊ ကျောင်းသူ အသစ်ကလေးရေ။ ကျောင်းမှာ အိမ်ကို သတိရပြီးတော့ အသက်ခပ်ငယ်ငယ် ငါးနှစ်သမီးဘ၀ကလို အသံပြဲနဲ့တော့ အော်ငို မနေနဲ့။ :D

Thet Oo said...

ကျောင်းက လန်ဒန်နဲ့ အတော်ဝေးလား။ ကျောင်းကို ဧည့်သည်လာရင် တည်းလို့ရသလား။