Friday, November 23, 2007

101 သို့တမ်းတခြင်း

101 ရေ …

ငါမင်းကို သတိရနေတယ်။

ဒီလိုငါကပြောတော့ မင်းအံ့ဩနေမှာလား?? ဒါမှမဟုတ် မင်းရော ငါ့လိုပဲ သတိရလို့နေမှာလား??? ဘာပဲဖြစ်ဖြစ် ငါကတော့ မင်းကို တကယ်ပဲ သတိရ တမ်းတနေမိတာ အမှန်ပါ။

အရင်ကဆို ငါ့အခန်းကျဉ်းလေးထဲမှာ မင်းက အမြဲရှိနေကျ …။ မျက်စိနှစ်လုံးဖွင့်တာနဲ့ မင်းကို အရင်ဆုံး မျက်နှာချင်းဆိုင်နေကျ…။ အရမ်းအိပ်ချင်ပြီး မျက်စိမဖွင့်နိုင်တော့မှ မင်းကို ခွဲခွာနေကျ မဟုတ်လား…။

ငါဟာ မိသားစုထက်၊ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းတွေထက်၊ ဆွေမျိုးသားချင်းတွေထက် မင်းကို ပိုပြီး အချိန်ပေးခဲ့တယ်…။

မင်းနဲ့အနေပိုများခဲ့တယ်။ မင်းကို ပိုပြီး ခင်တွယ်နေမိခဲ့တာလေ…။ မင်းက ငါခိုင်းသမျှ အရာအားလုံး မငြီးမငြူ လုပ်ပေးခဲ့သလို ငါ့လိုအပ်ချက်တွေ မှန်သမျှကိုလည်း ဖြည့်ဆည်းပေးနိုင်သူပါပဲ…။

တကယ်ပါ…။ တခါတလေ မင်းဟာ ဂျစ်တီးဂျစ်ကန် လုပ်တတ်တာက လွဲလို့ ငါ့အပေါ် တာဝန်ကျေခဲ့ပါတယ်။ ငါ့လောက်မင်းကို အနိုင်ယူသူ၊ ငါ့လောက် မင်းကို အသုံးချသူ ရှိပါဦးမလား?? ငါ စဉ်းစားနေမိတယ်…။

ငါစာဖတ်တဲ့အခါ၊ စာရေးတဲ့အခါ၊ သီချင်းနားထောင်တဲ့အခါ၊ ရုပ်ရှင်ကြည့်တဲ့အခါ၊ ကစားတဲ့အခါ၊ ပုံဆွဲတဲ့အခါ၊ အလုပ်လုပ်တဲ့အခါ …၊ အို…. အချိန်တိုင်းအချိန်တိုင်း မင်းကို အသုံးချရတာချည်းပါပဲ။

ငါဘာပဲ လုပ်ချင်လုပ်ချင် မင်းက အမြဲလိုက်လျောပေးခဲ့ပါတယ်. တခါတခါတော့လည်း ငြီးငြီးငြူငြူနဲ့ ပေကပ်ကပ်လုပ်တတ်သေးရဲ့။ ဒါပေမယ့်လည်း မင်းဟာ ငါ့အတွက် အဖော်ကောင်းအဖြစ် ငါ့အနားမှာ ရှိနေပေးခဲ့တဲ့အတွက် ငါကျေးဇူးတင်မိပါတယ် …။

တခါတုန်းက မင်းနေမကောင်းလို့ မိုးသည်းသည်းထဲမှာ အငှားကား တစီးနဲ့ မင်းကို ဆရာဝန်ဆီ ခေါ်သွားရသေးတာ မှတ်မိပါသေးတယ်။ Taxi ပေါ် ငါကိုယ်တိုင် မင်းကို ပွေ့ချီတင်ပြီး မင်းကိုယ်ပေါ်မှာတင်နေတဲ့ ရေစက်လေးတွေကို ခြောက်အောင် အမြန်သုတ်၊ ငါ့ရင်ခွင်ထဲ မင်းကို ပွေ့ပိုက်ရင်း နွေးထွေးစေခဲ့တာလေ…။ ဆရာဝန်က မင်းကို စမ်းသပ်ပြီး ထားခဲ့ရမယ်ဆိုတော့ အပြန်လမ်းမှာ မိုးရေတွေ ပြည့်လွှမ်းနေတဲ့ လမ်းမတလျှောက် ငါတယောက်တည်း…။

အဲဒီ့တုန်းကတော့ မင်းမရှိတဲ့ အခိုက်အတန့်မှာ မင်းကိုယ်စား အစားထိုးစရာတွေ (မင်းလောက်မပြည့်စုံပေမယ့်) ငါ့နံဘေးမှာ တပုံတပင်ကြီးမို့ မင်းကို ခဏခွဲရတာ ငါ့အတွက် သိပ်ပြီး မလွမ်းလောက်ခဲ့ပါဘူး…။
***
ညတညကို ငါအမြဲ သတိရနေမိတယ် …။ ငါ့ဘ၀မှာ ဘယ်တော့မှာ မမေ့ရက်စရာ ညတညပါပဲ …။ မှတ်မှတ်ရရ စက်တင်ဘာ ၁၀ ရက်ညပေါ့ …။

ငါ့ရဲ့ အမြတ်နိုးဆုံးအရာတွေ မင်းဆီကနေ အကုန်ဆွဲထုတ်ခဲ့ရတယ်လေ။ ရင်ထဲမှာ တစစ်စစ်နာလို့ ငါနှမျောနေမိတယ်. ငါဖန်တီးထားတာတွေရော၊ ငါ့လုပ်ဆောင်ချက်တွေရော၊ ငါနှစ်သက်မြတ်နိုးလို့ စုဆောင်းသိမ်းဆည်းထားတာတွေရော တခုပြီး တခု မင်းဆီကနေ ဆွဲထုတ်ဖျက်ဆီး ပစ်ရင်း နာကျင်စွာ မျက်ရည်ကျနေမိတယ်။

ဒါပေမယ့် မတတ်နိုင်ဘူးလေ …။ အခြေအနေနဲ့ အချိန်အခါအရ ငါလုပ်ခဲ့လိုက်ရပါတယ် …။
မင်းကတော့ ၀န်ထုပ်ဝန်ပိုးကြီး ကျသွားလို့ ပေါ့ပါးသွားမှာပါပဲ။ ငါကတော့ အဲဒီညက တညလုံး အိပ်မပျော်ခဲ့ပါဘူး …။
***
ဒီလိုနဲ့ မကြာခင်ရက်ပိုင်းမှာပဲ ချစ်တဲ့သူအားလုံးနဲ့ ခွဲခွာပြီး နေရာသစ်ဆီ ခရီးထွက်ခွာခဲ့ရတယ်။ ဘယ်အရပ်က ပျော်ရာလဲ? ဘယ်အရပ်က တော်ရာလဲ? ငါတကယ်ပဲ မသိတော့ပါဘူး။ သေချာတာကတော့ ငါ့ခံစားချက်တွေ ကင်းမဲ့ပြီး သွေးတွေလည်း အရည်ခဲလို့ နေပါပြီ။ ဒါပေမယ့် မင်းကိုတော့ ငါတမ်းတနေမိတုန်းပါပဲ …။

မင်းရဲ့ အဝေးမှာနေပြီး မင်းကိုသတိရရုံကလွဲလို့ ဒီအချိန်မှာ အစားထိုးစရာမရှိပြီ။ တကယ်လို့များ အခြေနေပေးလို့ အစားထိုးစရာ ရခဲ့တဲ့တိုင်အောင် ငါမင်းကိုတော့ ဘယ်တော့မှ မေးမှာမဟုတ်ပါဘူး …။

မင်းဟာ ငါ့ရဲ့ ရဲဘော်ရဲဘက်။
မင်းနဲ့အတူလက်တွဲပြီး တိုက်ပွဲလည်း ၀င်ခဲ့ဖူးရဲ့ …။
မင်းဟာ ငါ့ရဲ့ တီးတိုးတိုင်ပင်ဖော် …။
မင်းဆီမှာ ရင်ဖွင့်ငိုကြွေးတဲ့အခါ မင်းကချွေးသိပ်ပေးဖူးရဲ့ …။

မင်းဟာ ငါ့ရဲ့ ပျော်ရွှင်ခြင်း၊ ငါ့ရဲ့ ၀မ်းနည်းခြင်း၊ ငါ့ရဲ့အထီးကျန်ခြင်းတွေအားလုံးအတွက် ငါနဲ့ထပ်တူခံစားပေးနိုင်သူ …။
အခုငါ့မှာ ပျောက်ဆုံးနေပြီ …။
***
101 ရေ …
ဘယ်တော့များ ပြန်ဆုံတွေ့ရဦးမှာလဲ??
ပြန်ဆုံတဲ့အခါရော မင်းက ငါ့ကို မှတ်မိဦးမှာလား? ဒါမှမဟုတ် အရင်လို ငါနဲ့ လက်တွဲပြီး တက်တက်ကြွကြွ လှုပ်ရှားနိုင်ပါဦးမလား?? ဘာပဲဖြစ်ဖြစ် ဆုံခဲ့ရတဲ့ အခိုက်အတန့်မှာ မင်းရဲ့ ပေးဆပ်မှုတွေအားလုံးအတွက် ကျေးဇူးတင်လျက် ငါ အမြဲ အောက်မေ့နေမှာပါ။

လောလောဆယ်တော့ မင်းနဲ့ အဝေးကြီးမှာ …။
***
မေဓာဝီ
၁၈၊ နိုဝင်ဘာ၊ ၂၀၀၇
ည ၁၁း၀၁ နာရီ

No comments: