Wednesday, November 14, 2007

ကျမနှင့် ထိုခရီး

တကယ်တမ်း ဒီခရီးကိုသွားဖို့ သေချာချိန်မှာ ကျမစိတ်ထဲ နည်းနည်းတော့ လှုပ်ရှားမိပါတယ်။ ဘာလို့လဲဆိုရင် ခရီးထွက်တိုင်း မိသားစုနဲ့ဖြစ်ဖြစ် သူငယ်ချင်း မိတ်ဆွေအပေါင်းအသင်းတွေနဲ့ ဖြစ်ဖြစ်သာ သွားနေကြမို့ … ခုလို အလွန်ဝေးကွာလွန်းတဲ့ခရီးကို အဖော်မပါဘဲ တယောက်ထဲ သွားရမယ်ဆိုတော့ ကျမစိတ်ထဲ တမျိုးပဲ ခံစားမိတာပေါ့။ ဒါပေမဲ့လည်း ကျမက အဲဒီလို စိတ်လှုပ်ရှားစရာ ခံစားမှုမျိုးကို သဘောကျတာကြောင့် စိတ်ထဲ ခပ်ပေါ့ပေါ့သာ သဘောထားထားလိုက်ပါတယ်။

ဒီလိုနဲ့ ခရီးထွက်ဖို့ အချိန်နီးကပ်လာလေ … မိဘနှစ်ပါးနဲ့ အစ်မကြီးက တယောက်ထဲသွားရမယ့် ကျမကို စိတ်တွေပူပြီး မှာတမ်းတွေ ချွေကြလေ လေပါပဲ။ ကလေးတယောက်လို အရာရာ မှာကြားနေတဲ့ စကားတွေ နား ထောင်ရင်း နားထောင်ရင်း ပေါ့ပေါ့ထားမိတဲ့ စိတ်က တဖြည်းဖြည်း လေးလာပါလေရော … ။ သွားရင်းပဲ တခုခု ဖြစ်တော့မလို … ဟိုလို ဒီလို တွေ စိတ်ထဲလျှောက်တွေးပြီး လန့်လာမိပါတော့တယ်။

အဲဒီလိုလန့်နေတာနဲ့ပဲ ဘာမှလည်း မလုပ်ချင်တော့ဘူး၊ မသွားခင် အိပ်ရေး အ၀ အိပ်မယ်ဆိုပြီး အိပ်ပဲ နေလိုက်တော့တယ်။ အ၀တ်အစား အိတ်တွေ ဘာညာ သာရကာတွေအားလုံး အစ်မကြီးနဲ့ အမေက စီစဉ်ထည့်သိုပေးပြီး သွားခါနီးမှ ရေချိုးတော့လို့ ၀ိုင်းနှိုးကြတာနဲ့ ကမန်းကတန်း ရေထချိုး ရတယ်။ ရေမိုးချိုး အ၀တ်လဲပြီး ဘုရားခန်းထဲမှာ ဘုရားရှိခိုး၊ မိဘနှစ်ပါးကို ကန်တော့၊ ဆရာသမားတွေကို ကန်တော့၊ ကြီးတော်ကြီးကို ကန်တော့ … ပြီးတော့ … လေဆိပ်သွားဖို့ ကားပေါ်တက် ထွက်ခဲ့ပါတယ်။

ကျမလိုလူ ဘယ်သူရှိမလဲတော့ မပြောတတ်ပါဘူး။ ပြောရရင်လည်း တောကျတယ်ပဲ ဆိုဆိုပါ။ ဒီအသက် ဒီအရွယ်ထိ လေယာဉ်ပျံဆိုတာကြီး တခါမှ မစီးခဲ့ဖူးပါဘူး။ အရင်က ပြည်တွင်းမှာ ခရီးသွားလည်း မီးရထားတို့ ကားတို့သာ စီးနေကျမို့ ခုကျမှ အဲဒီ လေယာဉ်ပျံကြီးနဲ့ မိုင်ထောင်ချီခရီး သွားရမှာဆိုတော့ … ရင်တခုန်ခုန်နဲ့ပေါ့။

လေဆိပ်မှာ စောင့်နေတဲ့ အကိုဝမ်းကွဲ (ငယ်ငယ်က သရဲလုပ်ခြောက်သူ) က အစစ အရာရာ အဆင်ပြေအောင် စီစဉ်ပေးရှာပါတယ်။ ကျမ သွားမယ့် လေကြောင်းလိုင်းမှာက သူ့မိတ်ဆွေတွေရှိတာမို့ အဆင်ပြေတယ် ဆိုပါစို့။

“ပစ်စည်းတွေက ပေါင်ပိုနေသေးလား”
လေကြောင်းလိုင်းက မိန်းကလေးက အကို့ကို မေးတာပါ။
“ပစ်စည်းကတော့ ပိုမှာမဟုတ်ဘူး … လူပဲ ပေါင်ပိုရင် ပိုလိမ့်မယ်”
အဲ… နှိပ်ပဟ၊ ကျမအကိုက အဲဒီလို ကြုံရင် ကြုံသလို … မကြုံရင်လည်း ကြုံအောင်လုပ်ပြီး လူတဖက်သားကို နှိပ်ကွပ်တတ်ပါတယ်။ အကို အဲဒီလို ပြောတာနဲ့ပဲ သူ့မိတ်ဆွေ မိန်းကလေးက ကျမကို နေရာထိုင်ခင်း ကျယ်ကျယ် လွင့်လွင့်ဖြစ်အောင် အရေးပေါ် ထွက်ပေါက်နဲ့ နီးတဲ့နေရာမှာ ထိုင်ခုံနံပါတ် ရေးပေးပါတယ်။

“ပြတင်းပေါက်ဖက်ထိုင်မလား၊ လမ်းဘက်မှာ ထိုင်မလား”
အင်း … ငယ်ငယ်ထဲက ကားစီးစီး ရထားစီးစီး လေတ၀ှီးဝှီးတိုက်ပြီး ရှုမျှော်ခင်းတွေမြင်ရတဲ့ ပြတင်းပေါက်နား လုထိုင်ခဲ့ကြတာကို သတိရပြီး ခုလည်း ပြတင်းပေါက်နား လို့သာ ပြောလိုက်မိတယ်။ တကယ်တမ်းက ညကြီးမင်းကြီး ထွက်တဲ့ လေယာဉ်ပျံပေါ်မှာ ဘာရှုခင်းမြင်ရမှာလဲ … ။ ဒါပေမဲ့ အကျင့်ပါနေလို့ ပြတင်းပေါက်နားမှ ပြတင်းပေါက်နားပဲ … တပြားသားမှ မလျှော့ပါဘူး။

လေယာဉ်ပေါ်ရောက်တော့ ပြတင်းပေါက်နားမှာထိုင်ပြီး ဘာမှ မမြင်ရတဲ့ အပြင်ရှုခင်းကို ငေးကြည့်နေမိတယ်။ လေယာဉ်ထွက်တော့ … တဖြည်းဖြည်း ဝေးဝေးကျန်ခဲ့တဲ့ မြေပြင်ကို ငုံ့ကြည့်ရင်း … ခပ်တိုးတိုးပဲ နှုတ်ဆက်လိုက်ပါတယ် … ။
ရွှေရောင်လွှမ်းတဲ့ ကျမချစ်သော တိုင်းပြည်ကို … တနေ့တော့ ပြန်လာမည် … ပေါ့ … ။

လေယာဉ်ထွက်တဲ့အထိ ကျမဘေးက ထိုင်ခုံမှာ ဘယ်သူမှ လာမထိုင် ပါဘူး။ ဒါနဲ့ ပါလာတဲ့ ဂျင်းအိတ်ကလေးကို ဘေးခုံမှာချထားလိုက်တယ်။ ဒီဂျင်းအိတ်ထဲမှာ အမေထည့်ပေးလိုက်တဲ့ ရေသန့်ဗူးတဗူး၊ ပန်းသီးတလုံး၊ ဘီစကစ်မုန့်ထုတ်နဲ့ သကြားလုံးတွေ၊ ပရုပ်ဆီ၊ ရှူဆေး၊ သွေးဆေး၊ ပလာစတာ၊ မာဖလာ၊ ခေါင်းစွပ် အကုန်သွတ်ပြီး ထည့်လာတာ။ လေယာဉ် ပေါ်က မဇ်ဈိမ တိုင်းသူ လှပျိုဖြူလေးတွေ လိုက်ဝေတဲ့ သကြားလုံးတွေလဲ ၂ လုံးစ ၃ လုံးစ နှိုက်ယူထားပြီး သကြားလုံးစားလိုက် ရေသောက်လိုက် ပရုပ်ဆီလေးရှူလိုက်နဲ့ နေလာလိုက်တာ …. …. …. ….
မှောင်ကြီးမည်းထဲမှာ လေယာဉ်ကြီးက မရပ်မနား ပျံသန်းရင်း … ကျမလည်း စိတ်ထဲကနေ ဘုရားစာတွေ တတွတ်တွတ်ရွတ်ရင်း … နာရီတွေလည်း ဟိုရွှေ့ဒီရွှေ့ ရွှေ့ရင်း …. မိုးလည်း လင်းရော လိုရာခရီးကို ရောက်ခဲ့ရော ဆိုပါတော့ … ။

လေယာဉ်ပေါ်ကဆင်း အိတ်ရွေးတဲ့နေရာရောက်တော့ ကိုယ့်အိတ်ကိုယ် မမှတ်မိလို့ မနည်း လိုက်ကြည့်နေရသေးတယ်။ အိတ်တွေသာ တပတ်ပြီး တပတ်လည်လည်သွားတယ် ကျမအိတ်က ထွက်မလာသေးပါဘူး။ ထွက်လာပြန်တော့လည်း မမှတ်မိတာနဲ့ အိတ်ကလွန်သွားလို့ မနည်း လိုက်ယူရပါတယ်။ အဲဒီလို အရပ်ကူပါ လူဝိုင်းပါနဲ့ နောက်ဆုံးတော့ အိတ် နှစ်လုံးကို တွန်းလှည်းလေးပေါ်တင်ပြီး ယိုင်ထိုးယိုင်ထိုးနဲ့ ထွက်ပေါက်ကို လျှောက်လာခဲ့လိုက်တယ်။

(((( ဟေး ))))
လာကြိုတဲ့သူကို လှမ်းတွေ့လို့ အဝေးကနေ လက်ပြလိုက်တယ်။

အနီးရောက်တော့ သူက ကိုယ့်ကို ပွေ့ဖက်တော့မယ်အလား လက်ကြီးကား လာတာနဲ့ ကမန်းကတန်း ညာဘက်လက်ကို လှမ်းပေးလို့ အမြန် လက်ဆွဲနှုတ်ဆက် လိုက်ပြီး …
တွေ့ရတာ ဘာဖြစ်လိုက်တာ ညာဖြစ်လိုက်တာ … စသဖြင့် ခွန်းဆက်စကား ပြောပြီးသကာလ … ဒီမြေပေါ်ကို အသေအချာ ခြေချရင်း ဒီခရီးစဉ်ကို နိဂုံးချုပ် လိုက်ရပါတော့တယ်။
***
မေဓာဝီ
၁၄၊ နိုဝင်ဘာ၊ ၂၀၀၇
***
(ဒီစာကို တပိုင်းတစ ရေးထားတာတော့ ကြာပါပြီ။ မအားသေးတာနဲ့ အဆုံး မသတ်ဖြစ်ခဲ့ဘူး။ ဒီနေ့တော့ ကံကောင်းထောက်မစွာ အိမ်ကိုပြန်ရောက် တာနဲ့ အဆုံးလေးပြီးအောင်သတ်ပြီး တင်လိုက်ပါတယ်ရှင်။)

10 comments:

philtre said...

အဲ့ဒီလက်ကြီး ကားလာတာ အဒူလဲဟင်...
ကြောက်လန့်တကြား အဖက်မခံရအောင်..
လက်ပြန်ပေးလိုက်ရတယ်ဆိုတော့...
အမ မဟုတ်တာသေချာတယ်...
:P

Anonymous said...

hey,
where did u go?
puzzles for us?
:D

Prince said...

You are very lucky as your sis , mom and aunt will get ready all the stuffs that you needed.They are very kind indeed.

In fact, it would have been more excited if you had arranged all these stuffs by your self.

Not only you have made the 1st journey by airplane but also it is the beginning of your life.I guess you will have to experience different people , different religion, different culture.

In my opinion that is diversity.I hope that you can continue your journey full of energy...

Prince

မျှားပြာ said...

အစ်မရေ အဆင်ပြေပါစေဗျာ။

pandora said...

ထိုခရီးနီးသလား..
မမေတို့ကတော့ ဘာလေးလုပ်လုပ် သွားလေရာ ရောက်လေရာအတွက် ရေးစရာလေးတွေ ရေးတတ်ပါ့။
နေရာအသစ် ရောက်နေတာပဲ ပန်ဒိုရာတို့အတွက် တမျိုးအသစ် ဖတ်စရာရတယ်လို့ ကျေးဇူးတင်ရမလိုဖြစ်နေပြီ။
စောင့်မျှော်ဖတ်ရှုလျှက်..

Winkabar said...

ကောင်းတယ်အစ်မရေ ရေးထားတာ။ အားပေးနေတယ်နော်။

လင်း said...

မမေစာလေးတွေကအမြဲတမ်းတွေးစရာလေးတွေနဲ့ နော်။
ခုလဲမမေဘယ်မှာပါလိမ့်လို့ တွေးနေမိတယ်။
ဘာဘဲဖြစ်ဖြစ်ပါ စာလေးတွေမပြတ်ရေးပါနော်။
အကြာကြီးဝေးနေရတဲ့မမေလက်ရာလေးတွေကို
အလွမ်းမပြေသေးလို့ ပါ။

မေပျို said...

မမေရေ
လာလည်ပါတယ်နော်။ အစစအရာရာ အဆင်ပြေပါစေ။

ကလူသစ် said...

အောင်မယ်....မြန်မာပြည်ကနေ အပြင်ထွက်သွားရင် ပိုတောင် ဘလော့ဂ်ရေးလို့ကောင်းအုန်းမယ်။ ရေးလို့မရဘူး မညာနဲ့နော်။ မမမေဒါဝိန်

ညီလင်းသစ် said...

မမေရဲ့ ဒီပို့စ်လေး မဖတ်ရသေးဘူး၊ ကျနော် သဘောကျတာက နောက်ဆုံး ဘာမှ မလုပ်ဖြစ်တော့ဘဲ အိပ်နေလိုက်တယ် ဆိုတာကိုပဲ၊ ဟုတ်တယ်ဗျ၊ ဟိုတွေး ဒီတွေး ပူနေမယ့်အစား အိပ်လိုက်တာ အမှန်ဆုံးပဲ..။း)