“သမားသင်တုန်း ဆွေမျိုးဖြုန်း” တဲ့ … ဆိုရိုးစကား ကြားဖူးတယ်။
အဖေနဲ့ အမလတ် တိုင်းရင်းဆေး သင်တန်း တက်တော့ ကျမတို့တွေ အဲဒီလို နောက်ခဲ့ကြတယ်။ ဒီစကားရဲ့ တကယ့်အဓိပ္ပါယ်က ဘာလဲတော့ မသိပါဘူး။ ကျမတို့ ဆိုလိုတာကတော့ အဲဒီလို သင်တန်းတက်နေဆဲ သမားတော် အလောင်းအလျာ တွေဟာ တတ်သည့်ပညာ မနေသာ ဆိုသလို ဆေးက အရမ်းကုချင်၊ ဒီ့ပြင်လူလည်း ကုခွင့်က မရှိသေး၊ ဒါနဲ့ပဲ ဆွေမျိုးတွေကို လက်တည့်စမ်းပြီး ကုကြရော။ ဆွေမျိုးတွေကလည်း အားနာပါးနာ အကုခံကြရတော့ နောက်ဆုံး ဆွေမျိုးတွေ ဆုံးဆုံးကုန်တာကြောင့် ဆွေမျိုးကို ဖြုန်းတီးသလို ဖြစ်တယ်ပေါ့။ ဒီလိုနဲ့ သမားသင်တုန်း ဆွေမျိုးဖြုန်း ဆိုတဲ့ စကားဖြစ်လာတာလို့ ကိုယ်လိုရာ ကောက်ချက် ဆွဲပြီး နောက်ခဲ့ ပြောင်ခဲ့ကြတာပါ။
ကျမတို့ တမိသားစုလုံး ဆေးမြီးတိုတို့ တိုင်းရင်းဆေးတို့ သုံးစွဲတာ အင်မတန် ၀ါသနာပါကြတယ်။ တော်ရုံတန်ရုံ နှာစေး ချောင်းဆိုး ကိုယ်လက် မအီမသာ ဖြစ်လည်း ဆေးမြီးတိုနဲ့ပဲ ပြီးလိုက်ကြတာပဲ။ မျက်စိနာရင် အိမ်နောက်ဖေးက မန်ကျည်းပင်ကြီးဆီသွားပြီး မန်ကျည်းခေါက်ကလေး ခွါ၊ ကျောက်ပျဉ်ပေါ် တဂျစ်ဂျစ်သွေးပြီး မျက်စိကို ကွင်းထားလိုက်ရုံပဲ၊ ရုတ်တရက် ကြည့်ရင်တော့ ငတက်ပြားလိုလို ဘာလိုလိုနဲ့ပေါ့။ သိပ်မကြာပါဘူး၊ လေးငါးခါလောက် ကွင်းပြီးရင် မျက်စိက ပြန်ကြည်သွားတော့တယ်။ အမေ့ရဲ့ သနပ်ခါးဗန်းထဲမှာ မန်ကျည်းခေါက်၊ နလင်ကျော်၊ ဇာတိပ္ဖိုလ်သီး စတာတွေလည်း သနပ်ခါးတုံးတွေနဲ့ အတူ ရှိနေတတ်တာ သတိရမိ ပါသေးတယ်။
လက်သည်းပုပ်တာတို့ လက်စွယ်ငုပ်တာတို့ ဆိုလည်း နောက်ဖေး ရေတွင်းနားက ရေစင်ကြီးဘေးမှာ ပေါက်နေတဲ့ ဒန်းပင်က အရွက် လက်တဆုပ်စာလောက်ကို ခူး၊ ထမင်းပူပူနဲ့ ရောထောင်းပြီး ငုပ်တဲ့ လက်မှာ အုံပြီးစည်း၊ သိပ်မကြာပါဘူး … ပျောက်တာပဲ။
ဝမ်းကိုက်ရင် အိမ်ရှေ့မှာ စိုက်ထားတဲ့ မီးကွင်းဂမုန်းတွေ ပါးပါးလှီးပြီး စားရင် ပျောက်သတဲ့။ အဲဒါတော့ တခါမှ စမ်းမကြည့်ဖူးဘူး။ လူတကာ လာလာတောင်းကြတော့ ပျောက်လို့နေမှာပါပဲ။ သာမန် ၀မ်းပျက် ၀မ်းလျှောတာတော့ ရေနွေးကြမ်း ကျကျကို သကြားထည့် မွှေပြီး သောက်၊ မကြာခင် ပျောက်ပါတယ်။ အဲဒါကတော့ လက်တွေ့ပါ။ ချောင်းဆိုးရင် အိမ်ရဲ့ အုတ်တံတိုင်းမှာ ကပ်ပေါက်နေတဲ့ ရဲယိုပင်က ရဲယိုသီးအမှည့်ကို ထန်းလျက်နဲ့ ခေါက်စားကြတယ်။ ကျမကတော့ ရဲယိုသီးအနံ့ကြီး မကြိုက်လို့ မစားဖြစ်ပါဘူး။ ရဲယိုရွက်တော့ ငါးရံ့နဲ့ ချက်စားရတာ ကြိုက်တယ်။ အသံဝင်ရင်တော့ ကြောင်ပန်း ရွက်ကလေး ဟင်းချိုချက်သောက်ရင် သက်သာပြီး ဒန့်သလွန်ရွက်ဟင်းချိုကတော့ သွေးတိုး ကျသတဲ့။
အိမ်တောင်ဘက်က လက်ထုတ်ပင်ကြီးကတော့ ဘယ်လိုဆေးဘက်ဝင်လည်း မပြောတတ်ဘူး။ ပင်စည်က ယောက်ျားကြီး သုံးယောက်ဖက်စာလောက် ကြီးတယ်။ ဆောင်းတွင်းဘက်ဆို အီနေအောင်ကို တအားမွှေးတာပဲ။ ညဘက်မှ မွှေးတာပါ၊ ညမွှေးပန်းလိုပေါ့။ အဲဒီအပင်ကြီး ဓာတ်တိုင်နဲ့ မလွတ်လို့ ခုတ်ပစ်၊ နောက် အတက်တွေ ပြန်ထွက်တာပဲ။ အိမ်နားက အဘွားကြီးတယောက် အခေါက်လာလာခွါတယ်၊ လက်ထုတ်ခေါက်က ဆေးဘက်ဝင်လို့တဲ့။ အဲဒီအဘွားကြီး ခွါပါများလို့လားတော့ မသိဘူး ခုတ်လို့တောင် မသေတဲ့ အပင်က နောက်တော့ သေသွားရော။
အိမ်မှာ အလိုလို သေသွားတဲ့ အပင် တပင်ကတော့ သပြေပင်ပါ။ ဇမ္ဗူ့သပြေမျိုးလို့ လူကြီးတွေ ပြောတာပဲ။ အိမ်ရဲ့ အရှေ့တောင်ထောင့်မှာ ပေါက်တဲ့ အဲဒီ သပြေပင်ကြီးက သက်တမ်း ဘယ်လောက် ရှိနေပြီလဲတော့ မသိပါဘူး။ အပင် အကြီးကြီးပါပဲ။ မိုးဖြိုင်ဖြိုင်ရွာတဲ့ ၀ါဆိုဝါခေါင်ဆို သပြေသီးတွေ တအားသီးတယ်။ ကျမတို့ဆို နှုတ်ခမ်းတွေ ပြာနှမ်းနေတဲ့ထိ မက်မက်စက်စက် စားခဲ့ကြတာ။ သူ့အရသာက ဖန်တွတ်တွတ်နဲ့ စားလို့လည်း ကောင်းပါတယ်။ တခုသော မိုးဥတုရဲ့ တနေ့သ၌မှာ သပြေပင်ကြီး အလိုလို လဲကျ သေဆုံးသွားတယ်၊ နှမြောစရာပါ။ အဲဒီသပြေသီးကလည်း ဆီးချိုကျတယ်တဲ့။
စားစရာမဟုတ်ဘဲ ဆေးဘက်ဝင်တဲ့ အပင်နောက်တခုက … ထောလပတ်ပင်ပါ။ ဆံပင်နက် ဆံပင်သန်တယ်လို့ ဆိုကြပါတယ်။ အဒေါ်တွေက ခေါင်းလျှော်တဲ့အခါ ထောလပတ်ရွက် ထည့်လျှော်ကြတယ်။ အဲဒီတုန်းက တရော် ကင်ပွန်းသီးနဲ့ ခေါင်းလျှော်တာဆိုတော့ ထောလပတ်ရွက်တွေ ချေပြီး တရော် ကင်ပွန်းသီးနဲ့ ရောလျှော်ကြတာပါ။ ပြောရင်းနဲ့ ထောလပတ်ပင်ကို သတိရမိလို့ … ဒီအပင်တွေက အိမ်နောက်ဖက်ထောင့် ရေတွင်းနားမှာပဲ ရုံလိုက်ကြီး ပေါက်နေကြတာပါ။ ထောလပတ် ပန်းက ဗျိုင်းကလေးတွေလိုပဲ၊ လည်တိုင် ရှည်ရှည်၊ ခြေတံရှည်ရှည် ဖြူဖြူလေးတွေ။ ပန်းပွင့်ချိန်ဆို တရုံလုံး ဗျိုင်းပိစိ လေးတွေ နားနေတဲ့အတိုင်း သိပ်ကြည့်ကောင်းတာပဲ။ အနံ့တော့ မရှိဘူး။ မိုးတွင်းဆို အရွက်တွေသန်ပေမဲ့ နွေဆို အရွက်တွေကျကုန်ရော။ ဒါကြောင့် လူကြီးတွေက မိုးတွင်းဘက်မှာ အရွက်တွေခူး အခြောက်လှန်းပြီး အုန်းဆီနဲ့ စိမ်ထားတတ်ကြတယ်။ အဲဒီအုန်းဆီကို လိမ်းရင်လည်း ဆံပင်နက် ဆံပင်သန်တာပဲတဲ့။ ကျမကတော့ အုန်းဆီ မကြိုက်လို့ မလိမ်းပါဘူး။
ခုလို နွေရာသီဘက်ဆို အမေက မန်ကျည်းမှည့်ကို ထန်းလျက်ကလေးနဲ့ စိမ်ပြီး မန်ကျည်း ဖျော်ရည် ဖျော်တိုက် လေ့ရှိတယ်။ အပူငြိမ်းအောင် ၀မ်းတွင်းအေးအောင်ပေါ့။ နောက် ကျမရဲ့ ဆရာတော် (ပုံပြောပြတဲ့ဘုန်းဘုန်း-ပျံလွန်တော်မူပြီး) ပြောတဲ့နည်းက ကန်စွန်းရိုးနီတစည်းကို မန်ကျည်းမှည့် ကွမ်းသီးလုံးလောက်နဲ့ ထန်းလျက် ၃-၄ ခဲ (အချိုကြိုက်ရင်တော့ များများထည့်ပေါ့) ထည့်ပြီး သုံးခွက် တခွက်တင် ကျိုသောက်ရင် အပူကင်းတယ်၊ ရင်အေးတယ်တဲ့။ အဲဒီဆေးလည်း မကြာမကြာ ကျိုသောက်လေ့ရှိပါတယ်။ အဖေက ကြိုက်တော့ တခါကျိုရင် အိုးကြီးကြီးနဲ့ အများကြီးကျိုပြီး တစွတ်စွတ်နဲ့ သောက်တာပဲ။ ကျမတို့ တအိမ်လုံးလည်း သောက်ကြပါတယ်။
အဲဒီလို ကျမတို့ မိသားစုဟာ ကိုယ့်ခြံထဲကဖြစ်ဖြစ် ဒါမှမဟုတ် ဈေးထဲမှာ အလွယ်တကူ ရနိုင်တဲ့ အသီးအရွက်တွေပဲ ဖြစ်ဖြစ် ကိုယ်တိုင်စီမံပြီး ဆေးမြီးတိုအဖြစ် သုံးစွဲကြသလို ဗမာ တိုင်းရင်းဆေးတွေကိုလည်း နှစ်သက်စွာ သုံးစွဲကြပါတယ်။ ကျမကတော့ ဗမာ ဆေးတိုင်းကို ကြိုက်လှတာ မဟုတ်ပါဘူး။ ကျမစိတ်ထဲ ခါးခါးသီးသီးနဲ့ စွဲနေအောင် မှတ်မိနေတဲ့ ဗမာဆေးတခုကတော့ အာယုဒီဃ အပုပ်ချဆေးပါပဲ။
ကျောင်းတက်ခါစ အရွယ်ကတည်းက သောကြာနေ့ညဆို ကျမတို့ ညီအမတတွေ အာယုဒီဃ သောက်ကြရတယ်။ အဒေါ်လုပ်သူက သူကိုယ်တိုင်လည်း သောက်၊ ကျမတို့ကိုလည်း သောက်စေတာပါ။ အဲဒီဆေးက အမှုန့်ဖြစ်တဲ့အပြင် အနံ့ကြီးကလည်း နံ၊ အ၀င်ကလည်း ဆိုးတော့ သောက်ပြီးတာနဲ့ ပြန်အန်မထွက် အောင် မနည်း ထိန်းထားရတယ်။ သကြားလုံးလေး ဘာလေး ကူရတာပေါ့။ နောက်တနေ့ မနက်မိုးလင်းတာနဲ့ အိမ်သာ ပြေးကြပေတော့ပဲ။ အာယုဒီဃက အပူ အပုပ်ကျသတဲ့။ အဲဒီဆေးကို အခု စဉ်းစားရင် အခု မုန်းတုန်း။ အဒေါ်လုပ်သူက ဆရာဝန်ဖြစ်ပေမဲ့ ဗမာဆေးတွေ တော်တော်လေး ကြိုက်တာ … ခုထိအောင်ပဲ။
အဘိုးကစပြီး တအိမ်လုံး တညီတညွတ်ထဲ ကြိုက်ကြတာကတော့ ဝေဘူလျက်ဆားပါ။ အဘိုးက ဝေဘူဆရာတော်ရဲ့ တပည့်ဆိုတော့ ဝေဘူချောင်မှာ တရားအားထုတ်ရင်း ဆရာတော်ရဲ့ လျက်ဆား ဖော်နည်းကို ရခဲ့တယ်။ အဲဒီဆေးညွှန်းအတိုင်း ဗိုလ်ချုပ်ဈေးထဲက ဦးဘညိန်ဆိုင်မှာ သွားဖော်ပြီး ပုလင်းကြီးထဲ ထည့်ထား၊ နောက် … ဗူးကလေးတွေနဲ့ ခွဲထည့်ပြီး အားလုံး စားကြတယ်။ ထမင်းစားပြီးချိန်ဆို ဝေဘူလျက်ဆားလေးမှ မလျက်ရရင် တခုခုလိုနေသလို။ တယောက်ယောက် လျက်နေလည်း ကိုယ်ပါ လိုက်လျက်ချင်လာရော။ လက်ဝါးလေး တဖြန့်ဖြန့်နဲ့ လက်ညှိုးလေးနဲ့ တို့ကာ တို့ကာ လျက်ဆားလျက်ရတာ တော်တော်လေး အရသာရှိတယ်။
ငန်းနီကျော်၊ ငန်းနက်ကျော်၊ မောရိယမန်းဆေး၊ ဆရာခို၊ လူပျံတော် ပတ္တမြား၊ ဦးချိန်တီ၊ ကိုးပါးဆေး၊ ဒေါ်ခမ်းလောင် … နောက် … ဘာကျန်သေးလဲ မသိဘူး၊ ငယ်ငယ်တုန်းက ဆေးတွေ မှတ်မိသလောက် ရွတ်ကြည့်တာပါ။ အဲဒီ ဗမာဆေးတွေ သုံးကြတာ တအိမ်လုံးပါပဲ။ မောင်လေးမွေးတုန်းက အမေ့ဆီက ဆေးတို့ဖတ်တို့ အုပ်ဆေးတို့လို ဗမာဆေးနံ့တွေ ရနေတာလည်း မှတ်မိပါသေးတယ်။ နောက်ပိုင်း တီဗီကြော်ငြာတွေ ပေါ်လာတဲ့အခါ ကြော်ငြာတဲ့ ဆေးတွေရော၊ မကြော်ငြာတဲ့ ဆေးတွေရော ကောင်းနိုးရာရာ ၀ယ်သုံးခဲ့ကြတယ်။ အခု ဒီကိုလာတော့လည်း ကိုယ်သုံးနေကျ ဆေးတချို့ ယူလာခဲ့ပါတယ်။
ပုံမှာ မြင်ရတဲ့ထဲက အောင်တံခွန်ဆိုတဲ့ ဆေးကိုတော့ ကျမက ဆေးအဖြစ်စားတာ မဟုတ်ဘူး။ ကြိုက်လို့ကို ရှောက်သီးဆေးပြား စားသလို စားတာ။ စားလွန်းလို့ အစာတွေကြေ၊ ခဏခဏ ထပ်ဆာနဲ့ ဒုက္ခကို များလို့။ ကျမနဲ့အတူ ပါလာတဲ့ တဗူးက ကုန်သွားတာနဲ့ အမေတို့ကို ထပ်မှာရတယ်။ တလောက အစားအသောက်တွေနဲ့ အတူ အောင်တံခွန် ၄-ဗူး ပို့ပေးလိုက်လို့ တော်တော်လေး ၀မ်းသာမိပါတယ်။ ကျမက စာကြည့်ရင် ဇက်ကြောတက်တတ်လို့ ကျော်ရှောက်ပေါင်း ပရုတ်ဆီလည်း ဆောင်ထားရသေးတယ်။ မဟာဖြေဆေးကတော့ အစားမှားလို့ လေထိုးလေအောင့်ရင် သောက်ရတာပါ။ အရက်မူးလွန်ရင်လည်း သောက်လို့ရသတဲ့။ ဆေးညွှန်းထဲမှာ ရေးထားတာပဲ၊ လက်တွေ့တော့ စမ်းမကြည့်ရသေးဘူး။
ရွှေခေါင်းပေါင်းဆိုတဲ့ အာရုံငါးပါးဆေးကလည်း ကောင်းပါတယ်။ သွေးဆေးလို အမှုန့်လေးတွေ၊ ပွတ်ပြီးရှူလိုက်ရင် လန်းသွားတာပဲ။ ဟိုနောက်က ဆေးဗူးဖြူဖြူက ဝေဘူလျက်ဆား ထည့်ထားတဲ့ ဗူးကလေးပါ။ ကျမလိုချင်တယ်ပြောလို့ အမေရိကန်ရောက်နေတဲ့ အဒေါ်ဆရာဝန်က သူ့ရှိတဲ့ထဲက ခွဲပြီး ပို့ပေးလိုက်တာ။ သူလည်း ဗမာဆေးတွေ ဗမာပြည်ကနေ မှာမှာသုံးနေဆဲလေ။ မြတ်ဘုန်းပွင့် ဆိုတာက သောက်ရတဲ့ ဆေးတော့ မဟုတ်ပါဘူး။ ဗောက်ပျောက်တဲ့ ဆီပါ။ ဒီရောက်ကတည်းက ရေပူတွေနဲ့ ခေါင်းလျှော်ရတော့ ဦးရေပြားတွေ ခြောက်ပြီး ဗောက်တွေဖြစ်လာတာနဲ့ အမေ့ကို ပြောပြတဲ့အခါ မနှစ်ကနွေရာသီ အမေ လာလည်တုန်းက အဲဒီဆီ ယူလာပေးခဲ့တယ်။ အုန်းဆီရယ်၊ သံပုရာဆီရယ် သံလွင်ဆီရယ် သုံးမျိုး ရောထားတာလို့ ပြောတာပဲ။ အနံ့လေးလည်း မွှေးပါတယ်။ ကျမက အုန်းဆီ မကြိုက်ပေမဲ့ အဲဒီဆီကိုတော့ အကြိုက်သား။
***
ဗမာဆေးအကြောင်းတွေ ရှည်ရှည်ဝေးဝေး ရေးနေမိတာက … တနေ့က ရောက်လာတဲ့ ဟနရဲ့ မေးလ် တစောင်ကြောင့် ဆိုပါတော့။ သူ့စာက အောက်ပါအတိုင်းပါပဲ။
ဟနက မြန်မာတိုင်းရင်းဆေးတွေ သုံးလေ့ရှိတယ်။ ရှမ်းပျိုမယ်၊ ဂြိုလ်တု အစာကြေဆေး၊ လူပျံတော်ပတ္တမြား စတာတွေ။ ဆေးတွေမှာ နိုင်ငံခြားဆေးတွေကို အမှုန့်လုပ်ပြီး ထည့်တယ်လို့ ပြောသံကြားပေမယ့် မဟုတ်လောက်ဘူး ထင်တာ။ လိမ်းဆေးတွေလည်း တိုင်းရင်းဆေးကို တကူးတကမှာ သုံးတာ ဆရာခို၊ လင်ဇီးပရုတ်ဆီ။ တိုင်းရင်းဆေးတွေ ဆေးကြိတ် ဆေးထောင်းတဲ့နေရာမှာ သန့်ပြန့်မှု ရှိ မရှိ ဆိုတာလည်း မသိနိုင်ဘူး။ ဆေးဖော်မြူလာ ရရင် ကိုယ့်ဘာကိုယ် ပစ္စည်းရှာ၊ ဆေးထောင်း ဆေးကြိတ်မှပဲ။ ၀ယ်တော့ မသုံးတော့ဘူး။ အားတဲ့ အခါ လုပ်ဦးမယ်။ ဆေးဆရာမကြီးဟန ဆိုပြီး ကိုယ့်ဘာကိုယ် ဆေးထောင်းဦးမယ်။
စာထဲမှာ အတက်ခ်ျဖိုင်နဲ့ တွဲလျက်ပါလာတဲ့ သတင်းကတော့ အားလုံး သိပြီး ဖြစ်ချင်လည်းဖြစ်မှာပါ။ ဒေါ်ထွေးရဲ့ ဂေါမုတ္တဆေးနဲ့ ဒေါ်ကျင်ရဲ့ သူငယ်နာ ၀မ်းနှုတ်ဆေးထဲမှာ ခဲနဲ့ အာဆင်းနစ် ဓာတ် ပမာဏ လွန်ကဲစွာ ပါနေတယ် ဆိုတဲ့ သတင်းပါ။ အဲဒီဓာတ်တွေ လွန်ကဲရင် ဘာတွေဖြစ်နိုင်တယ် … ဘာညာ စသဖြင့်ရေးထားပါတယ်။ ဒီသတင်း ဖတ်ဖတ်ခြင်းတော့ စိတ်ထဲ မကောင်းဘူးပေါ့။ စီးပွါးရေးသမားတွေများ ကလေး ဆေးတောင် မချန် လုပ်ရက်တယ်လို့ ဒေါသလည်း ထွက်မိတယ်။ အဲဒါနဲ့ ပတ်သက်ပြီး မိတ်ဆွေကြီး တယောက်နဲ့ ဆွေးနွေးဖြစ်တော့ … သူကခုလို ပြောပါတယ်။
“စဉ်းစားကြည့်လေ … ဗမာပြည်မှာ ဓာတ်ခွဲခန်းက လုံလုံလောက်လောက် ရှိတာလည်း မဟုတ်ဘူး။ ပြီးတော့ တိုင်းရင်းဆေးဖော်ဖို့ဆိုပြီး အပင်တွေကို သီးသန့်စိုက်တာလည်း ရှားတယ်။ ဒီတော့ ဓာတုစွန့်ပစ် ပစ္စည်းတွေရှိတဲ့ နေရာမှာ ပေါက်နေတဲ့ အပင်၊ အဲဒီပတ်ဝန်းကျင်က ပစ္စည်းတွေဟာ အဆိပ်သင့်နေမှာပဲ။ သူတို့လည်း သိချင်မှ သိမယ် ... ဒီလိုပဲ သုံးနေကျအတိုင်း သုံးလိုက်တာနေမှာပေါ့။ တကယ်လို့သာ ဓာတ်ခွဲခန်း လုံလုံလောက်လောက် ရှိပြီး သေချာ စစ်ဆေးနိုင်ရင် ခုလို မဖြစ်နိုင်ဘူး”
သူပြောတာလည်း စဉ်းစားစရာပါ။ ဟုတ်လည်း ဟုတ်လောက်ပါတယ်။ အဲဒီလိုသာဆို … ဆေးဘက် ၀င်ပါတယ်ဆိုတဲ့ နွယ်မြက် သစ်ပင်တွေဟာ အဆိပ်သင့် နေတာတွေလည်း ရှိမှာပဲ။ တကယ်တော့လည်း နွယ်မြက် သစ်ပင်တိုင်း ဆေးဘက်မ၀င်ပါဘူး။ ချွင်းချက်က ရှိသေးတာ သတိမထားမိလို့ပါ။
ကတိသစ္စာ
တည်သောခါဝယ်
သြဇာလေးနက်
ပေါ်ဆီတက်၍
နွယ်မြက်သစ်ပင်
ဆေးဘက်ဝင်၏ … တဲ့ … ဆိုထားတယ် မဟုတ်လား။
လူတွေ ကတိသစ္စာ တည်မှသာ နွယ်မြက်သစ်ပင် ဆိုတာ ဆေးဘက်ဝင်မှာပေါ့။ ခုလို ဆုတ်ကပ် ခေတ်ကြီးမှာ ကတိသစ္စာ တည်တဲ့သူဆိုတာ ခပ်ရှားရှားရယ်။
ဒါကြောင့်ပဲ နွယ်မြက်သစ်ပင်တွေက ဆေးဘက်မ၀င်ဘဲ အဆိပ်သင့် သွားရလေသလား … ။ ဉာဏ်မမီမကမ်းနဲ့ စဉ်းစား နေမိပါတယ်။ အဲဒီလိုသာဆို … ဟန ပြောသလို ကိုယ်တိုင် ဆေးထောင်း ဆေးကြိတ်လည်း သိပ်မလွယ်ဘူး ထင်ပါရဲ့။ အိမ်က အပင်တွေလည်း အဆိပ်တွေများ သင့်နေမလား … အိမ်ပြန်ရောက်ရင် အရင်လို အလွယ်တကူ ဟိုဟာခူး၊ ဒီဟာဝါး လုပ်တာ ရှောင်မှ … ရှောင်မှ … ။ ကိုယ်တိုင်က ကတိ သိပ်တည်လှတာမှ မဟုတ်ဘဲလေ … ။
***
မေဓာဝီ
၂၇၊ မတ်၊ ၂၀၀၉
၀၁း၁၅ နာရီ
လွန်ခဲ့တဲ့ ၂-နှစ်က ရေးခဲ့သော ကျမနှင့် ဆေးမြီးတို

11 comments:
စဉ်းစားစရာပါလား မမေရေ
ထုတ်လုပ်တဲ့ တိုင်းရင်းဆေးတွေကိုတော့ ဒီ့ထက်ပိုပြီး စနစ်တကျ ဓာတ်ခွဲ စစ်ဆေးမှုတွေနဲ့ တိတိကျကျ လုပ်လာနိုင်ရင် ပိုကောင်းမယ်။
အခုနောက်ပိုင်းမှာ တချို့လည်း capsule လေးတွေကို ကဒ်လေးတွေနဲ့ ထည့်ပြီး သပ်သပ်ရပ်ရပ် ထုတ်လာတာကို တွေ့ရတယ်။
Traditional Knowledge နည်းပညာတွေဟာ တိုးတက်တဲ့ နိုင်ငံတွေမှာတောင် လျစ်လျူရှုမထားကြတဲ့ အရာပါ။
တိုးတက်တဲ့ အနာဂတ်တခုမှာ စနစ်တကျ စီမံမှုတွေနဲ့ ဆေးစွမ်းထက်လာကြရင်တော့ ကောင်းမှာပဲ။
မမေဆေးဗူးတွေထဲမှာ တူတာတော့..အစာဖျက်ဆေးနဲ့ ဆရာခိုလား -
ကတိသစ္စါ တည်သောခါ - ဆိုတာလည်း..အခုလို ငွေနောက်လိုက်နေရ- ဘောဘဇောတွေ အလိုလိုတက်နေရကြရတဲ့ ခေတ်ကြီး နဲ့ ကမ္ဘာကြီးညစ်နွမ်းလာမူ တွေ အားလုံးစုဆုံလာတာပဲ ထင်ပါရဲ့း
ဗမာတိုင်းရင်းဆေးတွေ သိက္ခာကျသလိုဖြစ်ရတဲ့ အဖြစ်အတွက်တော့..၀မ်းနဲမိတယ်။
အင်း..မြန်မာပြည်အေုကာင်း ကြားရတာလဲ ဘာမှကို မကောင်းပါလား အရပ်ကတို့.. ကောင်းတာလေး ရှာရေးပါဦး မမေ ခင်ဗျာ။ မြန်မာပြည်က ပညာရှငိုကီး တစ်ယောက်ပြောသလို ဆင်ရဲသားကား မရေးပါနဲ့လား.. အဲလေ .. မရိုက်ပါနဲ့လား လို့. ပြောရမလိုဖြစ်နေပြီ ..မောင်ုကီး
ဟီးဟီး...မမေ။ ဟန ခုဖျားနေတာ ကွမ်းရွက် ရှာဝယ်ပြီး ကွမ်းရွက်ပြုတ်ရည် သောက်ထားတာ။
ရှမ်းလူမျိုးဆိုတော့လေ မဟာဖြေဆေးလေးကတော့ လက်စွဲပေါ့။ အစာစားပြီးတိုင်း လျက်ဆားလိုပဲ သူ့ကို လျက်ဖြစ်တယ်..ခုထိပါပဲ။ သွားလေရာလည်းယူသွားတယ်..ဗူးလေးနဲ့ပေါ့။အင်း သူ့ကိုလည်း စနစ်တကျ ဓာတ်ခွဲ စစ်ဆေးမှုတွေနဲ့ တိတိကျကျ စစ်ဆေးရင်ဘာတွေတွေ့အုံးမှာပါလိမ့်။ ရင်မောရပါလား။
ဟာကွာ
စိတ် နဲ့  လူနဲ့  ညစ်ပ
ဒီမလေ အမိတို့ 
လှည်းခေတ်မှာ လှည်းစီးတယ်
ကားပေါ်လာတော့ ကားစီးတယ်
ဒီလိုဘဲ
ကိုယ်ရောက်နေတဲ့ အရပ်မှာ ကျန်းမာရေး စောင့်ရှောက်မှု ဘာရှိလဲ လေ့လာ ။ တန်သလောက် သုံးကြမှပေါ့ကွယ် ။ free ပေးနေတာမှ မယူတတ်ဘဲ လှည်းကြမ်းကြီးစီးနေချင်ရင်လဲ
အင်း
အမိတို့ ဖင်မခံနိုင်အောင် ဆောင့်ကြပေအုံးတော့
:p
မမေ.. ကျနော်လဲ မဟာဖြေဆေးကို အားကိုးပြီး နေ့-ည အစားတွေ သောင်းကျန်းနေတာ ခု ဗိုက်ုကီးကို စူလို့.. အဲ ဒီဆေး ရပြီးမှ အစားမှားမှာ မေုကာက်။ အစားများမှာ မေုကာက် ။ မဟာဖြေဆေးကို အားကိုးပြီး မိုက်နေတာ.. ဘယ်နေ့များ.... ဟိ ဟိ.. မောင်ုကီး
ဟုတ်တယ် ပန်ပန် ... သေချာ ဓာတ်ခွဲစမ်းသပ်ပြီးမှ ထုတ်နိုင်ရင် အကောင်းဆုံးပေါ့။ မမေကတော့ capsule နဲ့ ဗမာဆေးဆိုရင် ခံစားလို့မရဘူး ဟီး။ capsule နံ့ကြီး မကြိုက်တာလဲပါတယ်။ သပ်သပ်ရပ်ရပ်တော့ ဖြစ်သွားတာပေါ့။
မကေရေ ... ဗမာတိုင်းရင်းဆေး သိက္ခာကျတာ တကယ်ပဲ စိတ်မကောင်းစရာပါ။ ဗမာတိုင်းရင်းဆေးကိုလဲ သေချာ သုတေသနလုပ်ပြီး ထုတ်လုပ်သင့်တယ် လို့ ထင်ပါတယ်။
ကိုမောင်ကြီးပြောသလို မကောင်းတာတွေချည်း ရှာကြံ ရေးနေတာတော့ မဟုတ်ပါဘူး၊ မြင်တာကြားတာလေးတွေ ရေးမိတာပါ။ စိတ်အနှောက်အယှက်ဖြစ်သွားရင် စိတ်မကောင်းပါဘူးရှင်။
ကြည် ... ဟုတ်တယ် ... မဟာဖြေဆေးကို ကျမလည်း ကြိုက်တယ်။ ဘာပဲဖြစ်ဖြစ် ခုထိတော့ စားနေမိသေးတာပဲ။
အကိုဒေါက်တာရေ ...
ပြောချင်တာသာ ပြောပါတော့ ... ရိုးရာဆေးကိုတော့ဖြင့် ဖက်တွယ်နေမိပါသေးတယ်။
လှည်းခေတ်မှာ လှည်းစီး၊ ကားခေတ်မှာ ကားစီးပေမဲ့ ကိုယ့်ခြေထောက်ကိုယ်အားကိုးပြီး လမ်းလည်း လျှောက်တဲ့ အခါ လျှောက်သလိုပေါ့။ လှည်းလည်း လှည်းအလျောက် လှေလည်း လှေအလျောက် သူ့ဟာနဲ့သူတော့ ခရီးတွင်တာပဲ မဟုတ်လား။
ပြောချင်တာက အခုလို ကိစ္စမျိုးဖြစ်တာနဲ့ ဗမာတိုင်းရင်းဆေးကို ပစ်ပယ်ဖို့ မဟုတ်ဘဲ ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကိုရှာ၊ သုတေသနလုပ်၊ နောက်ထပ် မဖြစ်အောင်လို့ ကာကွယ်၊ ပြီးတော့ ကိုယ့်တိုင်းရင်းဆေးကို တိုးတက်အောင် ပြန့်ပွါးအောင် ပြုပြင်လုပ်ဆောင်စေချင်တာပါပဲ။
ကွန်မန့်များအား ကျေးဇူးတင်ပါတယ်။
tint ဆိုသူဟာ ဒီပို့စ်မှာပါတဲ့အချက်အလက်တွေနဲ့ မိမိသဘောထား မတိုက်ဆိုင်သည့်တိုင်အောင် အမျိုးသမီးတယောက်ရဲ့ ဘလော့ဂ်ပေါ်မှာ လာရေးတဲ့ စကားလုံး အသုံးအစွဲကို ဆင်ခြင်သင့်တယ်လို့ မြင်တယ်။ မြန်မာတယောက် ဘယ်နိုင်ငံရောက်ရောက် သူ့ရိုးရာဆေးကို မမေ့တာဟာ အပြစ်တခု မဟုတ်ပါဘူး။ ပြီးတော့ မမေဓာဝီရဲ့ ဒီပို့စ်ရေးတဲ့ ရည်ရွယ်ချက်နဲ့ tint ရဲ့ မှတ်ချက်က လားရာခြင်းက တခြားစီဖြစ်နေပါတယ်။
မေတို့ အိမ်မှာ တကယ် အပင်တွေ စုံနေတာပဲ…
နောက် မရှော့ရွက်ကလဲ အဆိတ်ပြေတယ်ဆိုပဲ… မေမေလဲ အစုံစိုက်တာ…
အမ ဒီတခေါက်ပြန်တော့ ထောလပတ်ပင်လေး မြန်မာပြည်က ယူခဲ့တာ… ဒီမှာ စိုက်တာရှင်တာ မေရေ… ပန်းတော့ မပွင့်သေးဘူး….
မေရေ… အဆုံးသတ်လေးက လှတယ်…
တကယ်တော့ အမတို့ နိုင်ငံမှာ ဆေးဘက်ဝင်တဲ့ သစ်ပင်တွေက အများသားနော်…
သုံးတတ်ဖို့ သာ လိုတာပေါ့လေ…
ဝေဘူဆရာတော်လျက်ဆားဖော်နည်း သိပါရစေ ဒကာမကြီး
Post a Comment