Thursday, March 19, 2009

ပီကေလမ်းမှ အတွေး

လူတိုင်းတွင် အကျင့် စရိုက် လေးတွေ ကိုယ်စီ ရှိကြစမြဲ။
ထိုထို အကျင့် စရိုက်မျိုးတွေကလည်း စွဲမိလျှင် ဖျောက်နိုင်ဖို့ ခဲယဉ်းလှပါဘိ။
***
တချို့က ဆေးလိပ်စွဲသည်။ တချို့က ကွမ်းစွဲသည်။ ဗမာပြည်မှာ ကွမ်းယာစားသည့် လူဦးရေ များမများတော့ မသိ၊ ဘယ်နေရာ ကြည့်ကြည့် ကွမ်းယာဆိုင်တွေ မှိုလိုပေါက်။ အိမ်ရှေ့မှာပင် ခြံဝင်း၏ ဟိုဘက်ထိပ်မှာ တဆိုင် ဒီဘက်ထိပ်မှာ တဆိုင် ရှိနေသည်။ ကွမ်းယာသည်တွေ ဘယ်လောက်များများ သူ့ဖောက်သည်နှင့်သူ အဆင်ပြေကြသည်ချည်း။ ထိုသို့ ကွမ်းယာစားသုံးသည့် လူဦးရေ များလာသည်နှင့်အမျှ ဘေးထွက် ပစ္စည်းဖြစ်သော ကွမ်းတံတွေးများကိုလည်း ဟိုနေရာ ဒီနေရာ တွေ့ရတတ်သည်။ ကားဂိတ်မှာ၊ ပလက်ဖောင်းပေါ်မှာ၊ လမ်းမထက်မှာ၊ တိုက် အချိုးအကွေ့များမှာ၊ လှေခါးထောင့်များမှာ စသည်ဖြင့် မြို့တော်အလှကို ပျက်ပြားစေသော ကွမ်းတံတွေး တွေက မသတီစရာ။

“အမှိုက်မပစ်ရ၊ ကွမ်းတံတွေး မထွေးရ” ဟူသည့် စာတန်းများနှင့် တားမြစ် သတိပေးထားသော်လည်း အချည်းနှီးသာ။ ကွမ်းတံတွေးနှင့် ကင်းသောနေရာဟူ၍ မရှိသလောက်ပင် ဖြစ်၏။ ဒီလိုတွေ့မြင်ပါများတော့ ဗမာတွေ စည်းကမ်းမရှိဘူးဟု စိတ်ထဲမှ ကျိတ်ပြီး မှတ်ချက် ချဖြစ်သည်။ ကွမ်းယာစားသုံးသူတွေထဲမှာ ဗမာချည်း သက်သက် မဟုတ်၊ တရုတ် ကုလားလည်း ပါနိုင်ပေမဲ့ ဗမာပြည်မှာ နေကြသူချည်းမို့ “ဗမာတွေ” ဟု သိမ်းကြုံး၍သာ ပြောမိသည် ဆိုပါတော့။

ကွမ်းစားသူဦးရေသည် ရန်ကုန်မြို့ထက် နယ်မြို့တွေမှာ ပိုများမလား မပြောတတ်။ ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီတုန်းက ဂျာနယ်ကိစ္စဖြင့် မန္တလေးကိုသွားတော့ ချာတိတ်လေးတွေကအစ တမြို့လုံးနီးပါး ကွမ်းတ၀ါးဝါး လုပ်နေသည်ကို သတိထားမိခဲ့ဖူးသည်။ ဖြန့်ချိရေးကိစ္စ ဦးထွန်းဦးနှင့် တွေ့ဖို့ ထွန်းဦးစာပေတိုက်ကို သွားတော့ အလုပ်စားပွဲတခု ဘေးမှာ ရေသန့်ဗူးလေး ထောင်ထားပြီး ထိုရေသန့်ဗူးထဲတွင်ကား နီညိုရင့်ရောင် အသွေး ကွမ်းတံတွေးများ။ တခါ … လူထုတိုက်ကို သွားပြန်တော့လည်း ဤနည်းနှင်နှင် မြင်ခဲ့ရပြန်သည်။ ရေသန့်ဗူးကို အ၀ကျယ်သွားအောင် ထိပ်ဖြတ်ပြီး သံဖြင့် စားပွဲဘေးမှာ ကပ်ရိုက်ထားသည့် ခေတ်သစ် ထွေးခံပေါ့။ ဟိုဟိုဒီဒီ လျှောက်ထွေးနေတာနဲ့ စာရင် ရေသန့်ဗူးဖြင့် ထွေးခံလုပ်သည်က ခပ်ကောင်းကောင်းလို့ ဆိုရပေမဲ့ ကွမ်းတံတွေးတွေကို ခုလို တစုတဝေး အများကြီး မြင်လိုက်ရတော့ စိတ်ထဲ တမျိုးကြီး ဖြစ်မိတာ ၀န်ခံပါသည်။

ကွမ်းတံတွေးက ပေးသော ဒုက္ခကို ကိုယ်တိုင်လည်း ကြုံခဲ့ရဖူးသည်။ မှတ်မှတ်ရရ ၁၉၉၀ ကျော် ကာလများတုန်းက အေလာမှ လယ်ဝေးသို့သွားသည့် ခရီးသည်တင် ဒိုင်နာကားပေါ်မှာ ခေါင်မိုးပေါ်က စီးသူ လူတဦး၏ မဆင်မခြင်ထွေးသော ကွမ်းတံတွေးက ဂျာကင်အင်္ကျီ နောက်ကျောပေါ် အကွက်လိုက် ပေကုန်သဖြင့် တော်တော်လေး ရွံရှာ စိတ်ညစ်ခဲ့ရဖူး၏။ လမ်းဖြတ်ကူးနေတုန်း ကားသမားတွေ ထွေးထုတ်လိုက်သော ကွမ်းတံတွေးတွေက ခြေထောက်ကို လာစင်တာမျိုး၊ ဖိနပ်ကို ပေကုန်တာမျိုး ကြုံရသည်မှာတော့ ခဏခဏ။

တကယ်တော့ ကွမ်းကို မကြိုက်၍ မဟုတ်ပါ။ အမေ့ဗိုက်ထဲမှာ ကတည်းက ကွမ်းယာချဉ်ခြင်းဖြင့် သန္ဓေတည်လာခဲ့သူပီပီ ကွမ်းစားတတ်ပါသည်။ စ စားခါစတော့ အချို၊ နောက်တော့ အစိမ့်၊ နောက် ဗမာဆေး အာမွှေး၊ အဲဒီလောက်အထိတော့ စားမိသည်။ ဒီ့ထက်တော့ မပိုခဲ့။ တခါတလေသာ စားဖြစ်တာမို့ စွဲစွဲလမ်းလမ်းလည်း မရှိ။ ကွမ်းယာကြိုက်ပေမဲ့ ကွမ်းတံတွေးကိုတော့ဖြင့် ရွံရှာ မုန်းတီးခဲ့မိပါ၏။
***
ငယ်စဉ်က ဘာရယ်မဟုတ် ပီကေကို အပျော်တမ်း နှစ်ရှည်လများ စားခဲ့ဖူးသည်။ ပီကေကို ပူဖောင်းမှုတ်၍ တမျိုး၊ တဖောက်ဖောက် အသံကျယ်ကျယ် မြည်အောင် ဖောက်၍ တဖုံ၊ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်သက်သက် ကလေး စား၍ တနည်း မငြီးငွေ့တမ်း စားခဲ့ပါ၏။ သည်တုန်းက ကျော်သူက မင်းသားဖြစ်ခါစ၊ အင်တာဗျူး တခုမှာ “ဘာဝါသနာပါလဲ” ဆိုသည့် အမေးအား ကျော်သူက “ပီကေစားခြင်း” ဟု ပြန်ဖြေထားသည်ကို ဖတ်ခဲ့ရ ပြီးနောက် ပို၍ စားဖြစ်ခဲ့သေးသည်။ ကျော်သူနှင့် တူလို တူငြား စားမိသလားတော့ မပြောတတ်။ အမေက ပီကေစားတာ သိပ်မကြိုက်၊ မေးရိုးကားလိမ့်မယ် … ဟု သတိပေးသော်လည်း ပီကေစားခြင်းကို မစွန့်လွှတ်ခဲ့။

အဖိုးရှိစဉ် ပြည်ပခရီးက ပြန်လာတိုင်း ချောကလက် သကြားလုံးတွေနှင့် အတူ ပီကေလည်း အမြဲပါခဲ့သည်။ အရသာ အမျိုးမျိုးသော ပီကေများကို အလုအယက် စားခဲ့ကြရ၏။ အရသာ စုံပုံကတော့ ငရုတ်သီး အရသာပင် ပါသေးသည်။ ပီကေနှင့် ပတ်သက်သည့် ဒုက္ခတွေကလည်း သိပ်တော့ မသေးလှ။ ဖိနပ်မှာ ပီကေကပ်တာမျိုး၊ လုံခြည်မှာ ပီကေကပ်တာမျိုးလည်း ကြုံခဲ့ရဖူး၏။ ညီမ၀မ်းကွဲ တယောက်ကတော့ ဆံပင်မှာ ပီကေကပ် သဖြင့် ဆံပင်ကို ကွက်ပြီး ညှပ်ထုတ်ခဲ့ရသည်။ ပီကေကို တော်တော်လေး စွဲစွဲမြဲမြဲ စားခဲ့ဖူးပေမဲ့ နောက်ပိုင်းတော့လည်း အရှိန်ကုန်သွား၍လားမသိ၊ သိပ်မစားဖြစ်တော့။
***
ဒီနိုင်ငံရောက်တော့ ကွမ်းစားသူများကို မတွေ့ရပေမဲ့ ပီကေ၀ါးသူများကိုတော့ တော်တော်လေး တွေ့ရသည်။ ပီကေ၀ါးတာက ကိစ္စမရှိသော်လည်း ၀ါးပြီးသား ပီကေကို ထွေးသည့်အခါ ကိစ္စက ရှိလာလေပြီ။ ထွေးထုတ်ခါစမှာတော့ ပီကေလေးတခုက ဘာမှ မဖြစ်လောက်ဟု ထင်စရာပါပဲ။ ဒါပေမဲ့ တခုပြီးတခု မှ များပြားလာသောအခါ …

တွေ့ခါစမှာပင် ဘယ်လိုလဲဟု စိတ်ထဲ ဘ၀င်မကျ ဖြစ်မိသည်။
တကယ်တမ်း အမှိုက်ပုံးတွေက ခြေလှမ်း ငါးဆယ်လောက် လှမ်းလျှင် တပုံးလောက် တွေ့ရတတ်သလို ပီကေကပ်စရာ လေးတွေလည် နေရာ တော်တော်များများမှာ လုပ်ပေး ထားတတ်သေးသည်။ ဒါတောင်မှ ပီကေတွေက လမ်းမထက်မှာ၊ ပလက်ဖောင်းပေါ်မှာ၊ ကားဂိတ်မှာ၊ မြက်ခင်းထဲမှာ … နေရာအနှံ့အပြား မြင်နေရတော့ … အင်္ဂလိပ်တွေ စည်းကမ်းမဲ့လိုက်တာဟု နှိမ့်ချချင်စိတ် ပေါ်လာပြန်ပါရော။ ပီကေစားသုံးပြီး စည်းကမ်းမဲ့ ထွေးထုတ်သူတွေထဲမှာ အင်္ဂလိပ်တွင် မက တရုတ်၊ ကုလား၊ ဥရောပသား လူမျိုး တရာ့တပါး ပါနိုင်သော်လည်း အင်္ဂလန်မြေဆိုတော့ အင်္ဂလိပ်ပဲဟု သိမ်းကြုံး၍သာ ကောက်ချက်ဆွဲမိသည် ဆိုပါတော့။

ကြည့်ပါ။
နေ့စဉ် ကျောင်းသွား ကျောင်းပြန် ဖြတ်သွားနေကျ လမ်းတလမ်းရဲ့ ပလက်ဖောင်းပေါ်က ပီကေတို့၏ ခြေရာများ။ ပိတောက်ပွင့်ကြွေများဖြင့် ရွှေရောင်လွှမ်းနေသော လမ်းကို ပိတောက်လမ်း၊ ခရေပန်းများဖြင့် သင်းပျံ့နေသော လမ်းကို ခရေလမ်းဟု ခေါ်မည်ဆိုပါက ပီကေများဖြင့် ပြည့်လွှမ်းနေသော ယခုလမ်းကို “ပီကေလမ်း” ဟု သမုတ်ရသော် လွန်အံ့မထင်ပါ။

မနက်စောစော ကျောင်းသွားတိုင်း လည်ပတ်နေသော ဘရပ်ရှ်ဝိုင်းကြီး တပ်ထားသည့် အမှိုက်လှဲ ယာဉ်ငယ်ကလေးက လမ်းမပေါ်နှင့် ပလက်ဖောင်းပေါ်မှ အမှိုက်သရိုက်များအား သိမ်းကျုံးလှဲကျင်း နေသည့် မြင်ကွင်းကို တွေ့နေကျ။ ထိုသို့လှဲကျင်းပြီး သွားသည့်နောက် လမ်းပေါ်မှ တစ်ရှူး စက္ကူစများ၊ အာလူးကြော် အိတ်ခွံများ၊ သစ်ရွက်ခြောက်များ စသည် စသည်တို့ ပြောင်စင်သွားပေမဲ့ ပီကေများကတော့ ခပ်တည်တည်ဖြင့် လမ်းမထက်မှာ မခွဲနိုင် မခွါရက် ကပ်နေကြဆဲ။

ကြည့်ရတာ အတော်လေး အရုပ်ဆိုးလှပါသည်။ သတိထားကြည့်လေ ကြည့်ရဆိုးလေပင်။ ဒီလောက် အမှိုက်ပုံးတွေလည်း ပေါများသော တိုင်းပြည် ဖြစ်ပါလျက်နှင့် ဒီလို စည်းကမ်းမဲ့ကြသည့် နိုင်ငံကြီးသားများကို အံ့လည်း အံ့သြမိသည်။ ခုလိုဆိုတော့ ဗမာပြည်က ကွမ်းတံတွေးကမှ ရေနှင့်ဆေးလျှင် ပြောင်နိုင်သေးသည်။ တိုက်နံရံတွင် ပေနေသည်ဆိုအုံး ဆေးအသစ် ထပ်သုတ်လိုက်လျှင် အဆင်ပြေသွားနိုင်သည်။ ဒီလမ်းမထက်က ပီကေများကတော့ ရေဆေးလည်းမရ၊ ကွာအောင် ဘယ်လိုလုပ် ခွါကြမလဲ။ ပီကေလမ်းမှ ဖြတ်တိုင်း စွဲနေအောင် ကပ်နေသည့် ပီကေတွေ ဘယ်လိုခွါမှ ကွာမှာလဲဟု အမြဲလိုလို တွေးမိ၏။
***
ဆိုခဲ့ပြီးသည့်အတိုင်းပင် …
လူတိုင်းတွင် အကျင့် စရိုက် လေးတွေ ကိုယ်စီ ရှိကြတတ်ပါသည်။
ထိုထိုအကျင့်စရိုက်များသည် ကွမ်းတံတွေးလို အများအမြင် မတင့်တယ်စရာ ဖြစ်ပေမဲ့ အလွယ်တကူ ပြုပြင် ကုစားနိုင်သည့် အကျင့်မျိုးလား …
သို့တည်းမဟုတ် ပီကေလို အပေါ်ယံမှာတော့ အမြင်မဆိုးလှပေမဲ့ မိမိ သန္တာန်၌ အနုသယ အနေဖြင့် ကပ်ငြိ တွယ်တာကာ တသက်လုံး ဖျောက်မရ ပြင်မရဘဲ နောင်ဘ၀တွေပါ ဆက်လက် ပါသွားနိုင်သော အကျင့် စရိုက်မျိုးလား … စဉ်းစားစရာပင် … ။

မည်သို့ပင်ဖြစ်စေ …
မိမိပြုမူနေသော အလေ့စရိုက်များသည် မိမိကိုယ်တိုင်ကို ကပ်ငြိတွယ်တာ ရုံမျှမက ပတ်ဝန်းကျင်နှင့် သူတပါးကိုပါ အနှောက်အယှက်ဖြစ်စေမည် ဆိုလျှင်တော့ … … … … … ။
***
မေဓာဝီ
၁၉၊ မတ်၊ ၂၀၀၉
၀၉း၀၆ နာရီ

15 comments:

ဟနစံ said...

မမေ လုပ်တာ ပီကေ ၀ါးချင်လာပြီ။
မိုက်တယ် မမေ...ဒီပို့စ်လေး ဂွဒ်။

Anonymous said...

အဂ်လိပ်က ပီကေ ၀ါး၊
မြန်မာတွေက ကွမ်းတွေ စား။
ဝါးတာ စားတာ မတူငြား။
ထွေးတာ ချင်းတော့ အတူသား။

စုပ်ပဲ့ပဲ့ ထိုသူတွေ။
ပတ်ဝန်းကျင်ကို ဖျက်ဆီးနေ။

သူတို့ ပါးစပ် ကောင်းဘို့ အရေး
ပတ်ဝန်းကျင်ကို ဒုက္ခပေး။

ဒီ ဒုက္ခတွေ ကင်းအောင်ကွယ်
ပို့စ် ရေးကာ ကာကွယ်မယ်။

ရေးသူကိုယ်တိုင် ကွမ်းတွေစား
ပီကေ၀ါးကာ ရေးနေသလား။

ဟား ဟား ဟား၊ ဟား ဟား ဟား။

ဆောရီးဗျာ.. ကာရန် လိုက်သွားလို့။ ကျွန်တော်ကတော့ ပီကေလဲ မ၀ါး ကွမ်းလဲ မစားပါ။ ပုထုဇဉ်ပီပီ အနုသယ တော့ ရှိနေပါသေးသည်။ အဲ သူတစ်ပါးကိုတော့ အနှောက်အယှက်မပေးတန်ရာ လို့တော့ အောင့်မေ့တာဘဲ။
မောင်ုကီး။

Nyein Chan Aung said...

ဝေလသားတွေလည်း ပီကေ တယ်ဝါးသကိုး။

Anonymous said...

ကိုယ့်အကျင့်စရိုက်က သူများ-များ ထိခိုက်နေလားလို့ တွေးပြီး သူများကို ငဲ့သူ နည်းပါတယ်။ သံသရာက ပါလာတဲ့ အထုံတွေက သူတစ်ပါးကို ငဲ့ချင်စိတ် မရှိအောင် လုပ်ထားဟန်တူပါရဲ့။

Mhu Darye said...

ဆိုလိုရင်းလေးက ထိမြဲ ထိဆဲပါပဲ...။
လာဖတ်ဖြစ်တယ်..။

မေ့သမီး said...

အစ်မရေ ညီမလည်းပီကေ၀ါးတဲ့အကျင့်ရှိတယ်။ အထူးသဖြင့်အစာစားပြီး အနံ့အသက်ပျောက်အောင် Mint ပါတဲ့ပီကေတွေဝါးတတ်တယ်။ ဒါပေမယ့် ကိုယ်က ပီကေကိုတားမြစ်ထားတဲ့နိုင်ငံမှာရောက်နေတော့ တခြားနိုင်ငံတွေအလည်သွားတဲ့အခါမှ ၀ယ်လာရတယ်။ စားပြီးသွားရင်လည်း တစ်ရှုးနဲ့ထုပ်ပြီးအမှိုက်ပုံးထဲထည့် နေကျ။ ပီကေကိုကြိုက်ပေမယ့် ပီကေတွေဗလပွဖြစ်ပြီး စည်းကမ်းမဲ့ပုံစံမျိုးကိုတော့ မကြိုက်တာအမှန်ပါပဲ။

တန်ခူး said...

မေရေ… ဆွဲသွားတာလေး လှတယ်…
ဒါကြောင့်ထင်တယ် မေရေ… ဒီမှာ ပီကေကို ပိတ်ပင်ထားတာလေ…
အဆုံးလေးကို အကြိုက်ဆုံးပဲ…
ဟုတ်တယ်မေရေ…ကိုယ့်အခွင့်အရေးကိုယ်သုံးတယ်ဆိုပေမယ့် သူတပါးထိခိုက်မယ့် အပြုအမူကိုတော့ သတိထားရှောင်ရှားသင့်တာပေါ့…

pandora said...

မြန်မာပြည်မှာတော့ ကွမ်းတံထွေးပေါ့လေ။

စင်္ကာပူမှာတော့ ပီကေကို အပြီးကို ဘန်း ထားတော့တာပဲ။

ပန်ဒိုရာကတော့ အဲလို ၀ါးရတာတွေဆို ပျင်းလို့ မစားဖြစ်ဘူး။

Maydarwii said...

မှတ်ချက်လေးများ ရေးသွားကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။ စနေ တနင်္ဂနွေ ပိတ်ရက်မှာ ခရီးထွက်နေလို့ ခုမှ ပြန်ရောက်တာကြောင့် မတန်ခူးနဲ့ ပန်ပန်ရဲ့ ကွန်မန့် ၂ ခုကို ခုမှ တင်လိုက်ရပါတယ်။
လာရောက်ဖတ်ရှုသူများ အားလုံးကို အထူးကျေးဇူး ... ။

ကြယ်ရံလ said...

မမေဓာဝီရဲ.ဘလော့လေးကိုမကြာမကြာလာဖတ်ဖြစ်ပါတယ်။
အတွေးအခေါ်လေးတွေကောင်းသလောက် စာအရေးအ သားလည်း အရမ်းမြောက်လို.ပါ။ ဒါပေမဲ့ ကွန်မန်.ရေးတာ ကတော့ ဒါပထမဆုံးပါပဲ။ ဆက်လက်ပြီး အသိပညာတွေ ဖြန်.ဖြူးပေးနိုင်ပါစေ၊ ထာဝစဉ်ကျန်းမာပျော်ရွှင်ပါစေ လို. ဆုတောင်းလိုက်ပါတယ်။

M.Y. said...

အတွေးအခေါ် စာစုလေးပဲ။ကောင်းလိုက်တာဗျာ..

Co2zenith said...

မမေ မင်္ဂလာပါ၊၊
ကျွန်တော် လာလည်တရ်နော်၊၊
ကွမ်း မစားဘူးနော် မမေ၊၊

Anonymous said...

that's why Mr. Lee banned chewing gum from Singapore

kokomaung.uk said...

Anonymous က
ညွန်းလိုက်လို့ လာဖတ်တာပါ။ ပီကေလမ်းလေးက ကြည့်ရတာ ဓါတ်ပုံထဲမှာဆိုတော့ ခပ်လှလှလေးနော်။

yangonthar said...

ဟုတ်ပါတယ် အစ်မရေ .... အကျင့်ဆိုး စရိုက်ဆိုး တွေဟာ အင်မတန်အကြည့်ရ ဆိုး အမြင်ရဆိုးလှပါတယ် ..... ကျွန်တော်လည်း စွဲလမ်းတတ်လွန်းတယ် .... အဲဒီအကျင့်ကို ဘယ် လိုဖျောက်ဖျောက် ကြိုက်မိရင် မလွှတ်တမ်းစွဲနေတဲ့အကျင့်ကို ဘယ်လိုမှ ဖျောက် မရဖြစ်နေတာပါပဲ .... အဲဒီတော့ စွဲလမ်းတတ်တဲ့ အရာတွေဆို ဝေးဝေးက ကို ရှောင်နေမိတော့တယ် ထိကိုမထိရဲတော့တာ
အပြုသဘောဆောင်တဲ့ အက်ဆေးလေးကို ဖတ်ရင်း မှတ်သားသွားပါတယ် အစ်မမေရေ
ကျေးဇူးအစ်မမေ ....
အဆင်ပြေပါစေ
ရန်ကုန်သား :)