Saturday, March 14, 2009

သူနှင့် မီးပွိုင့်များ

ဖြတ်သန်းနေကျ
လောကလမ်းဆုံမှာ
မီးနီလာရင် ရပ်ကြ
မီးစိမ်းပြမှ သွား
မီးဝါရင် သတိထား … တဲ့
အမှတ်အသားပြုကြတယ်။

***
ကျောင်းသွား ကျောင်းပြန် လမ်းလျှောက်တိုင်း လမ်းများစွာကို ဖြတ်ကူးသွားရသည်။ တချို့လမ်းက လမ်းကျဉ်း၊ တချို့လမ်းက မကျဉ်းမကျယ်၊ တချို့လမ်းကတော့ ယာဉ်ကြောများစွာ မောင်းနှင်နိုင်သည့် လမ်းမကျယ်ကြီးတွေ။ ဖြတ်သန်းသွားရသော လမ်းတော်တော်များများမှာ မီးပွိုင့်တွေရှိသည်။ ရောက်ခါစကတော့ လမ်းဖြတ်ကူးရတာ သိပ်အထာမကျလှ။ ကိုယ့်ပြည် ကိုယ့်ရွာမှာ ကားတွေက ညာဘက် ကပ်မောင်းပြီး ဒီမှာက ဘယ်ဘက် ကပ်မောင်းတာဆိုတော့ လမ်းကူးသည့်အခါ ဘယ်ကို ကြည့်ရမလို ညာကို ကြည့်ရမလို ကြောင်တိ ကြောင်တောင် ဖြစ်မိသည်က အမြဲလိုလို။ ခုတော့လည်း အထာကျသွားပြီမို့ ဘယ်ညာ သိပ်မမှားတော့။ ဒါပေမဲ့ မီးပွိုင့်မှာ လူကူးဖို့ အချက်ပြသည့် အရုပ်ကလေး အစိမ်းကို စောင့်ရသည်မှာ စိတ်မရှည်။ တခါတလေ ကျောင်းက နောက်ကျ နေရတဲ့အထဲ ကိုယ့်အတွက်မီးက တော်တော်နှင့် မစိမ်းနိုင်သည့်အခါ စွတ်ရွတ်ပြေးပြီး ကူးမိသည်။ တဘက်ယာဉ်ကြောမှ ကားကွေ့အလာနှင့် တိုးလျှင်တော့ ယာဉ်မောင်းသူက ဆဲမသွားပေမဲ့ သူကိုယ်တိုင်က ရင်တွေ တဒိန်းဒိန်းခုန် ဘုရားစာတွေ ရွတ်၊ တော်ပြီ နောက် ဒီလို စည်းကမ်းမဲ့ မလုပ်တော့ဘူးလို့ နောင်တ ရလို ရ။

ဒီအကြောင်း အဖေ့ကို ပြောပြမိတော့ အဖေက … စိတ်ရှည်ဖို့၊ မလောဖို့၊ စည်းကမ်းရှိဖို့၊ မီးပွိုင့်မှာ ရပ်စောင့်ရမည့် အချိန်ကိုပါ တွက်ပြီး အိမ်က စောထွက်ဖို့ … စသည်ဖြင့် မှာတမ်းချွေသည်။ အဖေပြောပြီး ခါစမှာတော့ စိတ်ရှည်ရှည်ထားပြီး ရပ်စောင့်ဖြစ်၏။ အဲဒီလို စောင့်ခါမှ အတူ လမ်းသွားနေကြသည့် တခြားသူတွေက လူကူးဖို့ မီးစိမ်းမပြခင်မှာ အသီးသီး ဖြတ်ကူးကြသည်။ သူများတွေ ဘယ်လိုကူးကူး ကိုယ်က စည်းကမ်းမမဲ့ဘူး၊ မကူးဘူးဟု အားတင်းကာ ပေစောင့်၏။ မီးက တော်တော်နှင့် မစိမ်း။ နောက်မှ ပါလာသူတွေ ကျော်တက်ကုန်ကြပြီ။ သူတယောက်တည်း မီးပွိုင့်မှာ ရပ်လျက်။ နောက်ဆုံးတော့လည်း ကိုယ့်အတွက်မီးက စိမ်းပါသည်။ ဒီလိုနှင့် အချိန် တော်တော်ကုန်သွားပေမဲ့ အိနြေ္ဒရရ စိတ်ချ လက်ချ လမ်းကူးဖြစ်ခဲ့သည်။

နောက်ပိုင်းတော့ အခြေအနေအရ ဖြတ်သင့်လျှင် ဖြတ်၊ ရပ်သင့်လျှင်ရပ်၊ လျှင်သလို ကြည့်လုပ်မိတော့၏။ တခါတလေလည်း အဖေ့ပြောစကားကို သတိရမိပြီး စိတ်ရှည်ရှည် စောင့်ဖြစ်အောင် ကြိုးစားခဲ့သည်။ ဟုတ်သည်။ မီးပွိုင့်များ၏ အချက်ပြ သတိပေးခြင်းကို နာခံဖို့ရာ သူတကယ်ကို ကြိုးစားခဲ့ရပါသည်။ စည်းကမ်းမရှိသော သူ့အတွက် … ဘာမဟုတ်သည့် စည်းကမ်းလေး တခုကပင် လိုက်နာနိုင်ရန် အတော်လေး ခဲယဉ်းနေပေ၏။
***
မိဘအရိပ်အောက်မှာ နေစဉ်က အဖေ အမေတို့၏ စည်းကမ်းချက်များ၊ သတိပေး တားမြစ်မှုများကို တခါတရံ စိတ်ကျဉ်းကျပ်၊ တခါတရံ စိတ်ပျက်၊ တခါတရံ စိတ်ကောက်၊ တခါတရံ ငြူစူခဲ့မိသည်။ အဖေက သိပ်မတင်းကျပ်ပေမဲ့ အမေကတော့ စိတ်မထင်လျှင် မထင်သလို ဗီတို အာဏာသုံးလေ့ရှိ၏။ တခါတလေ ကျပြန်တော့လည်း ခွင့်မပြုလောက်ဘူးဟု ထင်ထားသည့် ကိစ္စမျိုးမှာ လျှောလျှောရှူရှူ ခွင့်ပေးတော့ အံ့သြ ၀မ်းသာမိရ ပြန်သည်။ ထိုကဲ့သို့ စိတ်ကျဉ်းကျပ်တခါ ၀မ်းသာတလှည့် နှစ်ရှည်လများ နေလာရင်း တခါတခါမှာ မိဘများ တားမြစ်ထားသည့် ကိစ္စမျိုးကို မသိအောင် ခိုးကြောင် ခိုးဝှက်လည်း လုပ်ခဲ့ဖူးသည်။ ထိုသို့ပြုရင်း အဆင်ပြေသည်လည်းရှိ အဆင်မပြေဘဲ ဒုက္ခရောက်သည်လည်းရှိ။ ခလုတ်ထိလို့ အမိရော အဖပါ တ-ရသည်မှာ ခဏခဏ။ ဒါပေမဲ့လည်း ခုချိန်ထိ အမှတ် မရှိပြန်။

ခုတော့ … မိဘအရိပ်နှင့် ဝေးကွာခဲ့ပြီမို့ အရင်လို စည်းကမ်း သတ်မှတ် ပေးမည့် သူလည်းမရှိ။ ဒါ … မသင့်၊ ဒါ … မတော် ဟု အနီးကပ် ပြောဆို ဆုံးမ တားမြစ်မည့် သူလည်း မရှိပြီ။ တခါတရံ ဝေခွဲမရသည့် ကိစ္စမျိုးတွေ၊ ရပ်ရမလား သွားရမလား မစဉ်းစားတတ်သည့် အခြေအနေမျိုးတွေ ကြုံတွေ့ရချိန်မှာ … … ။
***
စမ်းတ၀ါးဝါး …
လမ်းသွားနေလျက်
ဘ၀လမ်းဆုံမှာ ရပ်မိ
ဟိုသည် ကြည့်ပေမဲ့
သတိပေးမယ့်သူ
အခွင့်ပေးမယ့်သူ
တားမြစ်မယ့်သူ
ဘယ်သူမှမရှိတော့ … ။

***
သည်တော့လည်း သူဝမ်းနည်းရသည်။
အရင်က ချုပ်ချယ်တားမြစ်မှုတွေ ၀န်းရံနေပေမဲ့ ဘ၀က လုံခြုံမှုရှိသည်။ ချုပ်ချယ်သည့်ကြားက ပြုမိသည့် အမှားများ အတွက်လည်း ကာကွယ်ပေးမည့် မိဘ ဆွေမျိုးများ၊ ပြန်လည် ကုစားပေးမည့်သူများ ဘေးနားမှာ ၀န်းရံလျက်။ ခုချိန်မှာတော့ … ခလုတ်ထိသော်လည်း တ-ရမယ့် အမိက အနားမှာမရှိ။ ဒီအခါကျမှ မီးပွိုင့်လေးတွေ နီ စိမ်း ၀ါ တလှည့်စီ လာသလို လျှော့တခါ တင်းတလှည့် ပဲ့ကိုင်ပေးမယ့်သူကို လိုချင် တမ်းတမိပြန်၏။

နောက်ဆုံးတော့လဲ
…. …. …. …. …. ….
…. …. …. …. …. ….
…. …. …. …. …. ….
ကိုယ့်ကြမ္မာ ကိုယ်ဖန်တီး
ကိုယ့်ခရီး ကိုယ်လျှောက်
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်
ကိုယ့်အတတ် ကိုယ်သင်
ကိုယ့်အင် ကိုယ့်အားနဲ့
ခရီးသွားတဲ့အခါ …
ကိုယ့်အမှား ကိုယ်ခံ
ကိုယ့်ကံ ကိုယ်လုပ်
ကိုယ့်အရှုပ် ကိုယ်ရှင်း
အားတင်းရင်းရှေ့ဆက်
သတိလက်မလွတ်စေရေး
ကိုယ့်ကိုယ်ကို အသိပေးလျက်
ခရီးဆက် နေမိပါတော့တယ် … ။
***
နောက်ဆိုလျှင် ... လမ်းဖြတ်ကူးမည့် အခါတိုင်း မီးပွိုင့်လေးတွေ၏ အချက်ပြ မီးရောင်လေးများကို လေးစား လိုက်နာတော့မည်ဟု သူ တွေးနေမိပါတော့သည်။
***
မေဓာဝီ
၁၄၊ မတ်၊ ၂၀၀၉
၀၉း၁၇ နာရီ

9 comments:

မီးမီးစပယ် said...

အမ စာတွေပြန်ရေးနေပီကိုး ၀မ်းသာပါတယ်
များများရေးပါ အားပေးနေပါတယ်

ဟနစံ said...

မမေ...
မိုက်တယ်။ ဖတ်ရတာ ဂွဒ်။ အိုင်ဒီယာလေးတွေ ဂွဒ်။

Mhu Darye said...

ချုပ်ချယ်တားမြစ်မှုတွေ ၀န်းရံနေပေမဲ့ ဘ၀က လုံခြုံမှုရှိသည်။ ချုပ်ချယ်သည့်ကြားက ပြုမိသည့် အမှားများ အတွက်လည်း ကာကွယ်ပေးမည့် မိဘ ဆွေမျိုးများ၊ ပြန်လည် ကုစားပေးမည့်သူများ ဘေးနားမှာ ၀န်းရံလျက်။ ခုချိန်မှာတော့ … ခလုတ်ထိသော်လည်း တ-ရမယ့် အမိက အနားမှာမရှိ။

:) အဝေးရောက်နေသူတိုင်း အိမ်လွမ်းလောက်တဲ့ ပိုစ့်လေးပေါ့နော်....။
အားပေးလျက်...။

Nyein Chan Aung said...

တချို့ လမ်းလျှောက်သူတွေက လမ်းစည်းကမ်းကို မလိုက်နာကြဘူး၊ တချို့ကားသမားတွေကလည်း မီးနီနေလျှက်နဲ့ အတင်းဖြတ်မောင်းတာတွေရှိတယ်။ အဲဒီလို စည်းကမ်းမလိုက်နာမူတွေရှိတဲ့ အခါ လမ်းလေးခွဆုံဆိုရင် အနရာယ်တော်တော်ကြီးတယ်။ ကားပဲမောင်းမောင်း၊ လမ်းပဲလျှောက်လျှောက် လမ်းပေါ်ရောက်ပြီဆိုကတည်းက risk ရှိသွားပြီ။ Road accident နဲ့ အသေအပျောက်စာရင်း ကလည်း နိုင်ငံတကာမှာ နှစ်စဉ်ထိပ်ဆုံးမှာ ရှိနေတယ်။ လမ်းလျှောက်သူကော၊ စက်ဘီးသမားကော၊ ဆိုင်ကယ်သမားကော၊ ကားဆရာရော အားလုံး လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းတွေ လိုက်နာကြရင်တော့ အသေအပျောက်တွေ ဒီထက်ပိုနည်းသွားမှာပါပဲ။

တန်ခူး said...

ဝါနီစိမ်း မီးပွိုင့်အရောင်လေးတွေနဲ့  ဘ၀ရဲ့အရောင်လေးတွေ ယှဉ်ပြီးရေးသွားတာ လှတယ်မေ…
အမမောင်လေး အဝေးရောက်တော့ အိမ်ကို ရေးတဲ့စာထဲမှာ “အရင်က အိမ်ကို ပြန်တာ နောက်ကျရင် အဖေကအပေါက်ဝက ဆီးပြီးဆူတယ်… ခုကျွန်တော်အိမ်ပြန်နောက်ကျတော့ ခြောက်ကပ်ကပ်နဲ့ … အဖေ့ဆူသံကို လွမ်းလိုက်တာ” တဲ့… အဲဒါလေးဖတ်ပြီး အမအဖေ မျက်ရည်ကျတယ်…
မေရေ… မိဘတွေကတော့ သူတို့ မျက်စိတွေထဲမှာ သားသမီးတွေကို ကလေးလိုမြင်တုန်း… ချစ်တုန်း… ဂရုစိုက်တုန်းပါ… အမအဖေဆို အမကို ပြန်တိုင်း ကလေးလေးလို ဟိုလိုက်ပို့  ဒီလိုက်ပို့ လုပ်နေတုန်း… အဲဒီဘ၀လေးကို လွမ်းမိတယ်မေရေ…
လမ်းကူးရင်တော့ သတိနဲ့ ကူးပါမေ… အမလဲ အဲဒီလို လောလော လောလော လုပ်တတ်လွန်းလို့  အမအမျိုးသားက ခဏခဏဆူတယ်… တမိနစ်နောက်ကျတာနဲ့  အန္တရယ် ဘယ်ဟာကို ရွေးမလဲတဲ့…

Anonymous said...

ခဲတန်ရဲ့ နောက်မြီးမှာ ခဲဖျက်ပါတယ်
မှားတက်လို့ထည့်ပေးထားတာ။

အဲ.. ခဲဖျက်နဲ့
ဖြတ်လို့ မရတဲ့ အမှားမျိုး ဆိုရင်တော့

ခဲဖျက်လဲ တာဝန် ယူနိုင်မှာ မဟုတ်ပါ။

အကောင်းဆုံးကတော့
အတ္တ သမာ မဏိဓိ ခဲတန်ပါ

ကျနော်...မောင်ုကီး

Anonymous said...

နိုင်ငံရပ်ခြားမှာ မိဝေး ဘဝေး နဲ့ မတူညီတဲ့ ယဉ်ကျေးမှူ့အောက်မှာ နေုကတဲ့ ရွေမြန်မာအားလုံး အတွက် သတိထားရမည့် အချက်ပြ ပို့စ်လေးပါဘဲ..
အောင်ခိုင်

Anonymous said...

http://myanmarblogreader.blogspot.com/

yangonthar said...

နေ့ တိုင်းဖြတ်ကူးနေရတဲ့လမ်း လတိုင်းဖြတ်ကူး နေရတဲ့ လမ်းတွေ .... မစောင့်နိုင်လို့ တိုက်ခံရ လုမတတ်ဖြစ်ခဲ့ရတဲ့ အချိန်တွေ အသက်ပါမ တတ် ထိတ်လန့် တုန်လှုပ်ရမှုတွေ .... အတူ ရှိနေသူတွေထဲက ရဲရင့်သူ ဒါမှမဟုတ် ဇွတ်တ ရွတ်နိုင်သူတွေ ကတော့ ဟိုတစ်ဖက်ကို မြန်မြန် ရောက်သွား ... စည်းကမ်းဘောင်ထဲနေပြီး စိတ် ကိုလျှော့ သည်းခံနေပေမယ့် .... ဘဝက လိုအပ် ချက်တွေ အချိန်တွေက တွန်းအားတွေ ပေး .... တစ်ချိန်လုံး မီးဝါပဲ မြင်နေရတယ် အစ် မမေ ....
လေးစားလျှက်
ရန်ကုန်သား
အဆင်ပြေပါစေ :)