ပထမ တင်လိုက်တဲ့ “လက်ဖက်သုပ်” ဆိုတဲ့ စာပြောင်ကလေးကို ရေးထားပြီးတာ ကြာပါပြီ။ အကြောင်းကြောင်းကြောင့် မတင်သေးဘဲ draft ထဲမှာ ခဏသိမ်းထားခဲ့တယ်။ မနေ့ညကမှ ဟန ပို့ပေးတဲ့ The Voice Weekly စာစောင်ဖတ်တော့ လက်ဖက်နဲ့ ပတ်သက်တဲ့ သတင်း တစ်ပုဒ် သွားတွေ့တယ်။ ဒါနဲ့ပဲ လက်ဖက်သုပ် ပို့စ်လဲ တင်လိုက်သလို ... နောက်ဆက်တွဲ ဒီစာကိုလည်း တင်လိုက်တာပါပဲ။ တနေ့ထဲ တချိန်ထဲမှာ နှစ်ပုဒ် တင်တာ ဒါ ပထမဆုံးပဲ ဆိုပါတော့။
လက်ဖက်တွေရဲ့ သတင်းဖတ်ရတော့ ကျမရဲ့ လက်ဖက်တံဆိပ်များ ပါမလားလို့ ကမန်းကတန်း ရှာကြည့်တဲ့အခါ သေချာတာပေါ့။ ပင်ပျိုရွက်နု လက်ဖက် အသား ဆိုတာ စာရင်းထဲမှာ ထင်းခနဲ တွေ့ရတာပါပဲ။ ဒီသတင်းကို ဖတ်ပြီး လက်ရှိ လက်ဖက်ထုပ်ကလေးကို လွှင့်ပစ်ရကောင်းနိုး၊ မသိချင်ဟန်ဆောင်ပြီး ဆက်စားရကောင်းနိုး ကျမ တွေဝေနေမိတယ်။
ဒီအကြောင်း အဖေနဲ့ ပြောဖြစ်တော့ အဖေက …
“သမီး … ကိုယ့် ၀မ်းက အမှိုက်ပုံး မဟုတ်ဘူး၊ နှမြောတယ်ဆိုပြီး မစားသင့်တာတွေ ၀မ်းထဲ မသွင်းနဲ့” လို့ ပြောတယ်။ အဖေဘယ်လို ပြောပြော လွှင့်ပစ်ဖို့က စိတ်မကောင်းကြီးစွာ နှမြောမိနေတုန်း။
***
တကယ်တော့ အစားအသောက်တွေမှာ ဆိုးဆေးပါတာ ဗမာပြည်အတွက်တော့ သိပ်မဆန်းသလိုပါပဲ။ ဈေးထဲသွားရင် ငရုတ်သီး၊ နနွင်းမှုန့်လို ဟင်းခတ်ပစ္စည်းကအစ ပဲ၊ မျှစ်၊ သရက်ချဉ် … အစရှိတဲ့ စားသုံးကုန်တွေ၊ ဇီးယို ဇီးထုတ်နဲ့ တခြား သွားရည်စာ မုန့်တွေ တော်တော်များများဟာ ဆိုးဆေးနဲ့ မကင်းကြဘူး။ ဒါကို စားသုံးသူတွေလည်း သိကြပါတယ်။ သိသိနဲ့ ရွေးချယ်ခွင့် မရှိတော့လည်း ဒါတွေပဲ စားနေကြရတာပါပဲ။ တချို့ ဈေးသည်တွေရဲ့ အပြောကတော့ အရောင်လှမှ ၀ယ်သူက ကြိုက်သတဲ့။ ဒါလည်း လူတိုင်းတော့ မဟုတ်လောက်ပါဘူး။ ကျမ ဈေးဝယ်စဉ် ကတော့ မျှစ်ဝယ်ရင် နီနီရဲရဲ မျှစ်မျိုး ရှောင်လေ့ရှိပါတယ်။ မျှစ်အ၀ါ ၀ယ်တော့လည်း ထူးတော့ မထူးပါဘူး၊ ဆေးဝါ ဆိုးထားတာပါပဲ။ အနီထက်စာရင် အ၀ါက အရောင် သိပ်မတောက်တော့ စားရတာ နည်းနည်း စိတ်သက်သာရာရ သလိုမျိုး ကိုယ့်စိတ်ကိုယ် လှည့်စားမိတာပေါ့။ ဒါကြောင့်လည်း ၀ယ်ပြီးတာနဲ့ ရေနာနာဆေး၊ ရေကြာကြာစိမ်၊ တခါတလေ ပြုတ်ပြီး တရေ နှစ်ရေ သွန်ပစ်၊ အဲဒီလိုမျိုး ဆေးဆိုးဒဏ်ချက် လျော့လို လျော့ငြား ကုစားရတယ်။
အဲ … ငရုတ်သီးမှုန့်မျိုးကျတော့ ဆေးကြောလို့ မရတဲ့ ပစ္စည်းမို့ ဒီတိုင်းပဲ ကြိတ်မှိတ် စားရတာပါပဲ။ ကျမ အသိ တချို့ကတော့ ငရုတ်သီး အခြောက်တောင့်ကို ၀ယ်၊ နေပြန်လှန်း၊ ကြိတ်စက်ကလေးနဲ့ ကိုယ်တိုင် ကြိတ်ပြီး စားကြတယ်။ ကျမတို့တော့ အဲဒီလို လုပ်ဖို့ အချိန်လည်း မရတာကြောင့် ရယ်ဒီမိတ် အမှုန့်ထုပ်ပဲ ၀ယ်ပြီး မချစ်သော်လည်း အောင့်ကာ နမ်းကြရပါတယ်။ ဟုတ်တယ်လေ … ဒီငရုတ်သီးမှုန့်တွေထဲမှာက ဆိုးဆေးတွေ ပါသလို မမြင်ရတဲ့ မှိုတွေလည်း ပါနိုင်တယ် မဟုတ်လား။ ဒီတော့ ကျမတို့ ဘာလုပ်ကြရမလဲ။ အမျိုးမျိုး ကြော်ငြာတဲ့ တံဆိပ်တွေနဲ့ ကုန်ပစ္စည်းတွေဟာ စိတ်ချရသလား၊ အာမခံနိုင်သလား??? မသေချာပါဘူး။ ကိုယ်တိုင်လည်း ဘယ်လိုမှ မခွဲခြားတတ်ပါဘူး။
အမေကတော့ ဈေးသွားနေကျမို့ သိပါတယ်။ ငရုတ်သီးမှုန့်ဝယ်ရင် ကိုယ်တိုင်ကြိတ်တဲ့ တရုတ်မကြီး ဆိုင်က ၀ယ်လို့ ကျမကို အမြဲမှာတယ်။ သူ့ဆိုင်က ဈေးကြီးတယ် ဆိုပေမဲ့ စိတ်ချရတယ်ဆိုရင်တော့ ၀ယ်ယူဖို့ ၀န်မလေးပါဘူး။ ဒါဆို … ဈေးကြီးမပေးနိုင်တဲ့ သူတွေအတွက် ဘယ်လိုလုပ်မလဲ။ တချို့ကတော့ ဈေးချိုချို၊ အရောင်လှလှ ရွေးဝယ်ကြတယ်။ တချို့ကလည်း နာမည်ကြီး သရုပ်ဆောင်တွေနဲ့ ကြော်ငြာတဲ့ ကုန်ပစ္စည်းမျိုး ရွေးဝယ်ကြတယ်။ အဓိက ဖြစ်တဲ့ ကုန်ပစ္စည်းရဲ့ အရည်အသွေး ကောင်းမကောင်းဆိုတာ သာမန် ဈေးဝယ်သူတွေ အတွက် သိနိုင်ဖို့ မလွယ်ကူ သလို ရွေးချယ်နိုင်စွမ်းလည်း သိပ်မရှိလှပါဘူး။
ရွေးချယ်ခွင့် မရှိတဲ့ စားသုံးသူတွေဟာ ဒီလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ စားသောက်ကုန်တွေ နေ့စဉ်နဲ့အမျှ စားသောက်နေကြရတော့ တဖြည်းဖြည်း ရောဂါတွေ ရလာကြတော့တာပေါ့။ ဗမာပြည်မှာ အသည်းရောဂါဖြစ်သူ၊ အသည်းရောဂါနဲ့ သေဆုံးသူတွေ တော်တော်များနေပါပြီ။ ကျမအဘွား အသည်းရောဂါနဲ့ ကွယ်လွန်တုန်းက ဘွားဘွားက အရက်လည်း မသောက်ဘဲ ဘာလို့ အသည်းရောဂါ ဖြစ်တာပါလိမ့် … လို့ ကျမ တွေးနေမိတာ။ နောက်ပိုင်းလည်း အသိ မိတ်ဆွေတွေထဲ အသက်သိပ်မကြီးခင် အသည်းရောဂါ ကျောက်ကပ်ရောဂါတွေ ဖြစ်ကြတာ (တချို့လည်း ဒီရောဂါတွေနဲ့ပဲ ဆုံးပါးသွားကြတာ) မြင်နေ ကြားနေရပါတယ်။ ဒါဟာ ခုလို ကျန်းမာရေးနဲ့ မညီတဲ့ စားသောက်ကုန်တွေရဲ့ လက်ချက်ပဲဆိုတာ နောက်မှ ကျမ သိခဲ့ရတယ်။
ကျမတို့လို စားသုံးသူတွေဟာ ကိုယ့်ချွေးနည်းစာ ငွေကလေးတွေနဲ့ ကိုယ့်ကို ရောဂါပေးမယ့် အစားအစာတွေ၊ ကိုယ့်ဇီဝိန်ကို ချွေမယ့် အစားအစာတွေကို တကူးတက ၀ယ်ပြီး စားနေကြရတယ်။ ရောဂါကို ငွေပေးဝယ်သလို၊ အသက်သေဖို့ ငွေကုန်ခံနေရသလို ဖြစ်နေပါတယ်။ ကျမတို့ဟာ အဆိပ်သင့်အစာတွေနဲ့ ဘယ်အချိန်ကတည်းက ယဉ်ပါးနေကြတာလဲ … ။ ဘယ်အချိန်ထဲက စားသုံးနေကြတာလဲ … ။ ပြီးတော့ … ဒီကိစ္စမှာ ဘယ်သူက တာဝန်ရှိသလဲ လို့ ကျမ မမီတဲ့ ဉာဏ် တထွာတမိုက်နဲ့ စဉ်းစားမိတယ်။
ရောင်းသူလား …
ဝယ်သူလား …
ဒါမှမဟုတ် … … … ။
***
သတင်းစာဖြတ်ပိုင်းထဲက သတင်းကို ကျမ သေချာပြန်ဖတ်မိတယ်။
“ကျန်းမာရေး ၀န်ကြီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် စစ်ဆေးလျက်ရှိသည်။” ... တဲ့။
ခုလို ဈေးကွက်ထဲ ရောက်မှ စစ်ဆေးတာထက် … ဈေးကွက်ထဲ မရောက်ခင်၊ မဖြန့်ဖြူးခင် ကြပ်မတ်တဲ့ စစ်ဆေးမှုမျိုးတွေ ပြုလုပ်မယ်ဆိုရင် … … … ရောင်းသူတွေလည်း ဆင်ခြင်နိုင်မယ်၊ စားသုံးသူတွေလည်း စိတ်အေးလက်အေး စားသုံးနိုင်မယ်၊ မဖြစ်သင့်တဲ့ ရောဂါဘယတွေလည်း နည်းသွားမှာပဲ … လို့ ကျမအဝေးကနေသာ တွေးနေမိပါတော့တယ်။
***
မေဓာဝီ
၁၅၊ မတ်၊ ၂၀၀၉
၂၀း၄၈ နာရီ
*လက်ဖက်သုပ်* စာလုံးပေါင်း ပြန်ပြင်ထားပါသည်။
၁၈၊ မတ်၊ ၂၀၀၉

7 comments:
ဒီသတင်းကြားတုန်းက ကျနော်လဲ... `ဟ၊ ငါဝယ်ထားတဲ့ လက်ဖက်ရောပါသေးလား မသိဘူးဟ´ ဆိုပြီး စိတ်ကဖြစ်သေးတယ်။ အတ္တပေါ့။ :) ဒါပေမယ့် ကျနော်ဝယ်ထားတာက ယုဇနလက်ဖက်ပါ။ အရီးတောင်းတို့၊ ပင်ပျိုရွက်နုတို့တော့ အထိနာကြမှာပဲနော်။ စိတ်ထဲကနေ အဲဒီလုပ်ငန်းပိုင်ရှင်တွေအတွက် ဘာမဆိုင်ညာမဆိုင်လှမ်းပူမိသေးပေမယ့် တကယ်တမ်း အဲလိုမျိုးကြီးတွေ ဆိုးဆေးသုံးတာ ဘာညာနဲ့လဲ ပိုက်ဆံမရှာသင့်ပါဘူးလေ။
:D
အသက်ကြီးလာလို့ လေထလို့ လက်ဖက် မစားတာ ကြာပြီဆိုတော့ ဟန အတွက်တော့ ကိစ္စမရှိပါဘူးလေ။
တံဆိပ်အပိတ်ခံရပြီးရင် ပိုင်ရှင်ကိုရော နောက်တံဆိပ်သစ်နဲ့ ထပ်ထုတ်ဖို့ ခွင့်ပြုသလားဗျ..သူမိသားစုထဲက တစ်ယောက်ယောက်နာမည်နဲ့ ထပ်ထုတ်ရင်ရော....အေးဗျာ မေဓာဝီအဖေပြောသလို..အစာအိမ် အမှိုက်ပုံးဖြစ်မှာတော့ မခံချင်ဘူး
ပြည်သူ့ကျန်းမာရေး အတွက် ယခုလို စစ်ဆေးမှု့တွေ လုပ်ပေးတဲ့ အတွက် (ရှားရှားပါးပါးမှ တကယ့်ကို ရှားရှားပါးပါး) ကျေးဇူးတင်စကား ကျန်းမာရေးဌာနကို ဆိုလိုက်ပါရစေ။ (ဒီစေတနာသာမှန်ကန်ရိုးမှန်လျှင်)ဒီလို မှန်ကန်တဲ့ စေတနာတွေနဲ့ ပြည်သူကို စောင့်ရှောက်ရင် ပြည်သူကလည်း မှန်ကန်တဲ့ စေတနာတွေ တုံ့ပြန်ုကပါလိမ့်မယ်။ ပြည်သူကို စောင့်လျှောက်သော ၀န်ုကီးဌာနများ အမြန်ပေါ်ပေါက်ပါစေေုကာင်း ဆုမွန်တောင်းလိုက်ပါတယ်။ ကျန်းမာရေးဌာနကို အရက်တွေ ဆေးလိပ်တွေ ဘိန်းတွေ ဆေးခြောက်တွေကိုလည်း အမြန်ဆုံးဆက်လက် စစ်ဆေး အရေးယူပေးပါလို့... ပြီတော့ တရုပ်နို့မုံ ပိတ်ပင်တုံးက အရေးယူမှု့တွေပါ ပါတယ်..ဆိုတော့..ပြည်သူများကလည်း မိမိတို့ ပါးစပ်ကို အလို မလိုက်သင့်ဘူး၊ အဲ.. မ-မေလဲ.. စားလတ်စ လက္ဘက်ကလေးကို သံယောဇဉ်တွယ်မနေပဲ ၀ဲသာဝဲလိုက်ပါ လို့.. မေတ္တာဖြင့်.. မောင်ုကီး
i really glad u write blog again, i always visit ur blog.
မေရေ… တပြည်လုံးစားနေတဲ့ ရိုးရာစာဖြစ်တော့ အတော်စိတ်ပူမိတယ်… ပြီးတော့ အလှူမင်္ဂလာဆောင်က အစ ဧည့်ခံတဲ့အစားမိုလား… စာရင်းထဲမှာ မပါတဲ့တံဆိပ် အသဲအသန်လိုက်ရှာတာ ရည်မွန်ရိုးရိုးလက်ဖက်မပါဘူး… ဒါပေမယ့်…?????
ကိုဇော် ကလိုစေးထူးကွန်းမန့်ဖတ်လိုက်ရတော့မှပဲသဘောပေါက်မိသလိုပဲဗျာ၊ယုဖနဆိုတာငှေးမြင့်(သက်ပုံမမှားပါ၊ကီးဘုတ်မှာအလွတ်မရလို့ပါ)ပိုင်တာလားမသိဘူးနော်၊နာာမည်ကတွဲလျက်ဆိုတော့သေချာတော့မသိပါ၊ဟုတ်နေရင်တော့............အင်း(ဘယ်လိုပြောရပါ့)
Post a Comment