Thursday, November 29, 2007

၄၃ … သို့ ဆုတောင်း

သူတို့ဟာ…
’၄’ နဲ့ ‘၃’ လိုပဲ …
အမြဲနီးကပ်စွာ ရှိနေကြတယ်။

’၄’ နဲ့ ‘၃’ လိုပဲ …
အမြဲ မခွဲမခွါ ရှိနေကြတယ်။

’၄’ နဲ့ ‘၃’ လိုပဲ…
အမြဲမျက်နှာချင်းဆိုင်လျက်
တယောက်မျက်နှာ တယောက် ကြည့်နေကြတယ်။

’၄’ နဲ့ ‘၃’ ပေါင်းတဲ့အခါ…
ကံကောင်းစေတဲ့ ‘၇’ ဂဏန်းရသလို
သူတို့ရဲ့ ပေါင်းစပ်မှုဟာလည်း
သာယာလှပတဲ့ ဘ၀ကလေးတွေကို ဖြစ်ပေါ်စေတယ်။

ဒါပေမဲ့ …
အဲဒီ ’၄’ နဲ့ ‘၃’ ဟာ
လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။

စက္ကန့်၊ မိနစ်၊ နာရီတွေ စုစည်း
တရက်ပြီး တရက်
တလပြီး တလ
တနှစ်ပြီး တနှစ်
ဖြစ်တည်ခဲ့ရတာပါ။

အဲဒီ ’၄’ နဲ့ ‘၃’ ရဲ့
ဖြစ်တည်မှု အစကတည်းက
ချစ်ခြင်းမေတ္တာများစွာ…
နားလည် ခွင့်လွှတ်ခြင်းများစွာ…
စေတနာနဲ့ အကြင်နာများစွာ ပေါင်းပြီး
စုစည်း တည်ဆောက်ခဲ့ကြတယ်။

ဘ၀ခရီးလမ်း တလျှောက်မှာ
ပင်ပန်းပန်း နွမ်းလျလျ
တဦးကိုတဦး ဖေးမလျက်
တွဲလက်တွေ မဖြုတ်တမ်း
လမ်းကြမ်းကြမ်းတွေလည်း
မနားတမ်း လျှောက်ခဲ့ကြတယ်။

ဒီအချိန်မှာ…
နောက်ကို ပြန်ပြီးလှည့်ကြည့်ရင်
၄၃-နှစ် ဆိုတဲ့ ခရီး…
အရှည်ကြီးပေမယ့်
မကြာသေးသလို ခဏလေးလို့ပဲ ထင်နေမှာ
သေချာသလောက်ပါပဲ။

ဒီလိုနဲ့…
လေးဆယ့်သုံးမှသည် …
လေးဆယ့်လေး …
လေးဆယ့်ငါး …
တဖြည်းဖြည်း နှစ်ဆပွားလို့
ကာလများ ရှည်ကြာသည့်တိုင်
ပါရမီ အတူဖြည့်နိုင်ပါစေသား။

မြတ်နိဗ္ဗာန် ခရီးလမ်းကို
ဘ၀တိုင်း မခွဲစတမ်း
အတူ လျှောက်လှမ်းနိုင်ပါစေသား။ ။

မေဓာဝီ
၂၉၊ ၁၁၊ ၂၀၀၇

(အမေနဲ့ အဖေရဲ့ ၄၃ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ အမှတ်တရ)

1 comment:

pandora said...

တိုက်ဆိုင်လိုက်တာ မမေရယ်
အဲဒီလို ဆင်တဲ့ ကဗျာလေးတစ်ပုဒ် ကြိုစပ်ထားတာ ရှိတယ်