Tuesday, April 03, 2007

သူရဲကောင်းရဲ့ လက်ထဲမှာ …

တခါတလေမှာ ကိုယ့်ကိုယ်ကို ပေးဆပ်သူတယောက်လို့ သူရဲကောင်းဆန်ဆန် စိတ်ကူးယဉ်တွေးပြီး … အရာရာကို စွန့်လွှတ် အနစ်နာခံချင်မိတယ်။ အဲဒီလို အနစ်နာခံရ စွန့်လွှတ်ရ ပေးဆပ် ရတာကိုပဲ ဂုဏ်ယူစွာ မွေ့ပျော်လို့ … ။

ခုချိန်မှာတော့ ….
မလိုအပ်ဘဲ အနစ်နာခံ စွန့်လွှတ်ခြင်းဟာလည်း မိုက်ရူးရဲခြင်းပေလား ဆိုတဲ့ အတွေးမျိုး တွေးမိနေပါပြီ။
ကိုယ်က ပေးဆပ်မယ့်သူဟာ ကိုယ့်ပေးဆပ်မှုနဲ့ ထိုက်တန်တဲ့သူတယောက် … ဟုတ်ရောဟုတ်ပါရဲ့လား။
အပေးအယူ သဘောမျိုး ဘယ်တော့မှ မစဉ်းစားခဲ့ပေမယ့် … တခါတလေတော့လည်း စဉ်းစားမိပြန်ပါတယ်။
ကိုယ့် ပေးဆပ်ခြင်းအပေါ် ဘယ်လို နားလည်မှုမျိုးနဲ့ လက်ခံကြမှာလဲ။
“ဒါဟာ ငါ့ကံနဲ့ ငါ ဖြစ်လာတာပဲ … ငါနဲ့ထိုက်လို့ ငါရတာ။ ကံနဲ့လူ ပူစရာမလို” … ဆိုပြီး သဘောထားကြတဲ့ လူတွေကြားမှာ ကိုယ်အနစ်နာခံ စွန့်လွှတ်မှုတွေက အဟောသိကံ ဖြစ်ခဲ့ရပေါင်း များလှပေါ့။

ဒီတော့လဲ …
စေတနာ၊ မေတ္တာ၊ အကြင်နာတွေဟာ လူတိုင်းနဲ့ မထိုက်တန်၊ ပေးဆပ်သင့်တဲ့ နေရာမှာသာ ပေးဆပ်ရမယ် ဆိုတဲ့ အယူအဆသာ ကျန်တော့ပြီး အရင်ကလို စိတ်ကူးယဉ် သူရဲကောင်း စိတ်ဓာတ်တွေလည်း ပျက်ပြားသွားခဲ့ရပါပြီ။
***
ဒီကနေ့ … ကွန်ပျူတာထဲက ဖိုင်တွေရှင်းရင်း ဖိုင်ဟောင်းလေးတခု ဖွင့်ကြည့်လိုက်တော့ … အမှတ်မထင်ဘဲ ဒီကဗျာလေး သွားတွေ့တယ်။
ဒီကဗျာကို ဘာအတွက်ရေးခဲ့မိသလဲ ဆိုတာ မမှတ်မိတော့ပါဘူး။ ကြာလည်း ကြာခဲ့ပြီပဲလေ။
ဒီလိုပါပဲ … တချိန်တခါမှာ နင့်နင့်သည်းသည်း ခံစားခဲ့ရတာတွေဟာ အချိန်တွေ ကြာညောင်းလာတာနဲ့အမျှ ခံစားချက်တွေ လျော့ပါး ပျောက်ကွယ် မှေးမှိန်သွားတတ်တာပါပဲ။
ဒါကြောင့်မို့လည်း “အချိန်ဆိုတာ အကောင်းဆုံး မေ့ဆေးပါ” လို့ စိုင်းထီးဆိုင်က သီချင်းထဲမှာ ဆိုခဲ့တာ ထင်ပါရဲ့။

ဒါပေမဲ့လည်း ကိုယ့်စိတ်အာရုံထဲ မေ့လျော့ ပျောက်ကွယ်သွားတဲ့ အကြောင်းအရာလေးတွေဟာ တခါတခါတော့ အကြောင်းတိုက်ဆိုင်လာရင် … ပြန်ပေါ်လာတတ်ကြပြန်ပါရော … ။
ပြန်မရနိုင်တော့တဲ့ အတိတ်ကလေးတွေဟာ … သတိရစရာအဖြစ် အနားကို ရောက်လာတော့လည်း ခဏတဖြုတ် ဖမ်းဆုပ်ပြီး ခံစားကြည့်မိတာပေါ့။ ရယ်စရာတော့ ကောင်းနေမလား မသိ … ။ ဖတ်ကြည့်ပါအုံး။
***
“မင်းလက်ထဲမှာ …”

မင်းဟာ မြားတစင်း …
ငါ့ရင်ကို ထွင်းလျက်
ထုတ်ချင်းခတ်အောင်
မင်းစွမ်းဆောင်ခဲ့ … ။

မင်းဟာ ဓားတလက် …
လက်တလွှဲမှာ
တချက်ထဲ …
သေပွဲဝင်အောင်
မင်းစွမ်းဆောင်ခဲ့ … ။

ငါ့ရင်ကို ထွင်းမယ့် မြားတစင်း
ငါ့လည်ပင်းကို ဖြတ်မယ့် ဓားတလက်
ငါ့အသက် ငါ့ခန္ဓာ
ငါ့ကမ္ဘာကို အပ်နှင်း
မင်းရဲ့ ခြေရင်း စင်းဝပ်
နင်းပစ်ရင်လည်း ကြေ …
ခြေပစ်ရင်လည်း မွ …
ဒီဘ၀ ဒီမျှနဲ့သာ
မကျေနပ်ပါရင်လည်း
သံသရာ အဆက်ဆက်
မင်းလက်ထဲမှာ … ငါ … ။

***
ဒီကဗျာလေး ရေးပြီးတော့ ထုံးစံအတိုင်း ၀ါသနာတူ သူငယ်ချင်းကို ပြမိတယ်။ သူငယ်ချင်းလေးက ဒီကဗျာကို ခံစားပြီး ကဗျာတပုဒ် ပြန်ရေးပေးခဲ့ပါတယ်။
သူ့ကဗျာလေးက ….
***
“သူရဲကောင်း ဒူး”

မင်းထင်သလို
ငါဟာ မြားတစင်းမဟုတ်ပါ
ပန်းတပွင့်ရယ်သာ ..
မင်းဘ၀ ချိုမွှေးအောင်
ငါ စွမ်းဆောင်ချင်ရဲ့။

မင်းပြောသလို
ငါဟာ ဓားတလက်မဟုတ်ပါ
ပျားတစက်ရယ်သာ …
မင်းဘ၀ချိုအေးအောင်
ငါ စွမ်းဆောင်ချင်ခဲ့။

ငါ့ဘ၀ ငါ့ခန္ဓာ
ငါ့သံသရာမှာ
မနေ့က ဒီနေ့နဲ့ မနက်ဖြန်
မင်းသဏ္ဍာန်ကြီးစိုး
မင်းတန်ခိုး မိုမောက်
မင်းရဲ့ ရှေ့မှောက်မှာ
ကျေနပ်စွာ ငါ … ဒူးထောက်ခဲ့။

တကယ်တော့ …
သူရဲကောင်းဝါဒဟာ
အခုမှ မဟုတ်ဘူး …
ဟိုး .. ကမ္ဘာဦးအစကတည်းက
ကျဆုံးခဲ့တာပါ … ။ … ။
(သားဆိုး)
***
(ရေးသူကို ခွင့်မတောင်းဘဲ ဘလော့မှာ တင်လိုက်မိတဲ့အတွက် … သူငယ်ချင်း ဖတ်မိခဲ့ရင် ခွင့်လွှတ်တန် ကောင်းပါရဲ့)
***
3rd April, 2007
00:40 am
(ဒီပို့စ် တင်ဖို့ကြည့်လိုက်တော့ ဒါဟာ ကျမဘလော့ရဲ့ ၂၀၀ပြည့် ပို့စ် ဆိုပြီး တွေ့လိုက်ရပါတယ်။ ဘာလိုလို နဲ့ ခြေလှမ်းပေါင်း ၂၀၀ လှမ်းခဲ့မိပါပကော…။ )

6 comments:

နတ္ထိ said...

“လူစွမ်းကောင်းဆိုတာ မျက်ရည်ကို မကြည့်ဘူး, ပါရမီကိုပဲ ကြည့်တယ်။”
သူငယ်ချင်းတစ်ယောက်ရဲ့ ကဗျာထဲက စာတစ်ကြောင်းပါ။ နားလည်ဖို့ အတော် ကြိုးစားရတယ်။ မျက်ရည်”ကို နားလည်ဖို့ မခက်ပါ။ ပါရမီ”ကိုတော့ ဘယ်လို ပြောရမလဲဗျာ။
ခြေလှမ်း ၂၀၀မှသည် ကုဋေတစ်သန်းအထိ(နဲတယ်ထင်ရင် ခွင့်လွှတ်ပါ) ဆက်လှမ်းနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပါတယ်ခင်ဗျား။

Prince said...

Good blog indeed....full of emotional feeling....

pandora said...

အမြဲလာလည်ပါတယ်။ အလွန်ကောင်းတဲ့ ပို့စ်တွေပါ။

ကလိုစေးထူး said...

ကဗျာနှစ်ပုဒ်လုံးက စတင်ရေးစပ်သူရော၊ ထပ်ဆင့်ရေးစပ်သူရော ကောင်းကြပါပေတယ်။ အထူးသဖြင့် ထပ်ဆင့်ရေးစပ်သူက ပိုကောင်းမလားဘဲ။

ငါ့ဘ၀ ငါ့ခန္ဓာ
ငါ့သံသရာမှာ
မနေ့က ဒီနေ့နဲ့ မနက်ဖြန်
မင်းသဏ္ဍာန်ကြီးစိုး
မင်းတန်ခိုး မိုမောက်
မင်းရဲ့ ရှေ့မှောက်မှာ
ကျေနပ်စွာ ငါ … ဒူးထောက်ခဲ့။

အတ္တိသယ ၀ုတ္တိအလင်္ကာတွေနဲ့ သူငယ်ချင်းရဲ့ ခံစားချက်ကို အားဖြည့်ပေးထားတာ ပြောင်မြောက်တယ်ဗျာ။
ခြေလှမ်းပေါင်း နှစ်ရာရှိသွားပြီကိုး.. :) ဆက်လှမ်းနိုင်ပါစေ။ ခိုင်ကျည်စွာ၊ မြဲမြံစွာနဲ့ ယုံကြည်ချက်တွေ ရင်မှာ ပိုက်လို့ပေါ့နော..။

မေဓာဝီ said...

ကွန်မန့်များအတွက် ကျေးဇူးတင်ပါတယ်။
ကျမ တခါပြောခဲ့ဖူးသလို … အကြောင်းတရား လေးပါး ညီညွတ်နေသမျှ ကျမ ခြေလှမ်းတွေကို ဆက်လှမ်းနေမှာပါ။
တခါတလေ လှမ်းနေရင်း ခလုတ်တိုက်လဲခဲ့လို့ ခဏတဖြုတ် ခြေလှမ်းတွေ တွန့်ဆုတ်မိရင် သည်းခံကြပါ … လို့။

Anonymous said...

မမေ... ခုလို ခံစားချက်နဲ့ ပတ်သက်တာ ဖတ်ရတော့ တမျိုးကြိုက်တာပဲး) ကဗျာ၂ပုဒ်လုံး သိပ်ကောင်းပါတယ် ။ ကိုကလိုစေထူးပြောသလို အားဖြည့်ပြီးရေးနိုင်တဲ့ မမေ သူငယ်ချင်းကဗျာလေးကို ပိုကြိုက်မိတယ် ။

မမေတွက် နောက်များသော ပို့စ်ဒ်တွေကြား လျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းရင်း..