Sunday, April 08, 2007

နွေလယ်ခေါင်မှာ ...

တပေါင်း၊ တန်ခူး၊ ကဆုန် မြန်မာနွေဥတု သုံးလမှာ တန်ခူးက နွေလယ်လ တလ၊
မတ်၊ ဧပြီ၊ မေ ကမ္ဘာသုံး ပြက္ခဒိန်၏ နွေသုံးလမှာလည်း ဧပြီလက နွေ၏ အလယ်တည့်တည့်။

ရာသီက နွေရဲ့ အလယ်မှာ ရောက်နေသည့်အပြင် အချိန်ကလည်း နေမွန်းတည့်ချိန်။
အပူရှိန်က တရိပ်ရိပ်တက်နေသည်။ကတ္တရာ ကားလမ်းမက နေပူဒဏ်ကြောင့် အရည်ပျော်တော့မည့်နှယ်။ တံလျှပ်တို့ တလက်လက် ထလို့နေ၏။ တချက်တချက် တိုက်ခတ်လိုက်သော လေပူကလည်း အသားတွေကို ပို၍ စပ်ဖျဉ်းဖျဉ်း ဖြစ်စေပြန်သည်။ လေပူ အဝှေ့မှာ ကတ္တရာလမ်း၏ နဘေးမှ ဖုန်ထုထူထူက တဝေ့ဝေ့ တထောင်းထောင်း။

ကုက္ကိုပင်ထက်မှ ကုက္ကိုပွင့်ဟောင်း ညိုယောင်းယောင်းတို့က လမ်းမထက်ကို တလွင့်လွင့်ကြွေလျက်။ အပင်ပေါ်မှာတော့ အစိမ်းရောင် ရွက်စိပ်စိပ်တွေ ထက်မှာ ပန်းရောင်ရင့်အသွေး လက်ကျန်ပန်းပွင့်လေးတွေက အပင်အိုကို မခွဲနိုင်သေးသည့်အလား တွယ်ကပ်လျက် ကျန်နေသေး၏။ လေပူရိုင်းကလည်း ရွက်ခြောက်တွေ ပန်းပွင့်တွေ မကြွေကြွေအောင် ချွေချွေနိုင်လွန်းသည်။

နေရောင်အောက်မှာ လမ်းလျှောက်နေရင်း ဖြတ်သွားသော ထီရောင်းသည့် စက်ဘီးထံမှ သင်္ကြန်သီချင်းသံ ပျံ့လွင့်လာပြန်သည်။ လမ်းဘေး ကွမ်းယာဆိုင်မှာ ရောင်းသူအမျိုးသမီးက အကြောင်းမရှိ အကြောင်းရှာပြီး ထုံးခွက်မွှေလိုက်၊ ကွမ်းရွက်စီလိုက် လုပ်နေရင်း ပျင်းပျင်းရိရိ တချက် သန်းနေသည်။ ကွမ်းယာဆိုင်နဘေး ဆိုက်ကားဂိတ်က ဆိုက်ကားသမားသည်လည်း ဆိုက်ကားပေါ် ခပ်လျှောလျှောထိုင်ရင်း လက်က အငြိမ်မနေနိုင်ဘဲ ဆိုက်ကားဘဲလ်ကို ကလင် ကလင် တီးနေ၏။ ခွေးတကောင်က အေးရာအေးကြောင်း ရေမြောင်းနှုတ်ခမ်းမှာ ခွေလိပ်ပြီး အိပ်နေသည်။ ခေါင်းရွက်ဗျပ်ထိုး ဈေးသည် တယောက် ဘောက်ဆတ် ဘောက်ဆတ် ရှပ်တိုက် လမ်းလျှောက်ရင်း … “ပြောင်း …… ဖူးပြုတ်” ဟု ဆွဲဆွဲငင်ငင် အော်သွား၏။ သူ၏ ခေါင်းပေါ်က တောင်းမှာ အငွေ့တထောင်းထောင်း။ သူ၏ ခြေထောက်အောက်က မြေကြီးသည်လည်း ဖုန်တထောင်းထောင်း။

မြင်ကွင်းက ငြီးငွေ့စရာ။
တလောကလုံး ပူပြင်းသောနေရောင် အောက်မှာ ပင်ပန်း ငြီးငွေ့ နေကြလေရော့သလားမသိ။ မြက်ခင်းများလည်း မစိမ်းလန်းနိုင်တော့။ နေရောင်ဒဏ်ကြောင့် မွဲခြောက်ခြောက် ဖြစ်ကုန်ကြလေပြီ။
ဒီနေရောင်ကို ထီးဖြင့်လည်း မကာကွယ်နိုင်၊ ဦးထုပ်ဖြင့်လည်း အံမတုနိုင်။
နေကလည်းပူ …လေကလည်းပူ … အထက်ကပူ အောက်ကပူနှင့်။
“ဒီနှစ်နွေ ပိုပူတာပဲ” နှစ်တိုင်း ဤသို့ပင် ညည်းခဲ့ကြသည်။ ဒီလိုနှင့် တနွေပြီး တနွေ ကုန်ခဲ့လေပေါ့။
တချို့ လူကြီးတွေကတော့ နှီးယပ်တောင်လေး တဖျပ်ဖျပ်ခပ်ရင်း
“ငရဲ .. ဒီ့ထက်ပူမယ်ဟေ့ … ဒီအပူလောက်ကို စာဖွဲ့ မနေကြနဲ့” လို့ ပြောကြသည်။
ငရဲ အပူဆိုတာ ကိုယ်က လောလောလတ်လတ် ခံစားရတာမှ မဟုတ်တာ၊ ဘယ်သိမှာလဲ။ ဒီအပူက လောလော လတ်လတ် ပူသည့် အပူ။

ငြီးငွေ့ဖွယ်မြင်ကွင်းကို မျက်စိလွှဲဖယ်ရင်း လမ်းတဖက်ကို ကြည့်တော့ တရုတ်စံကားပင်ထက်မှာ စံကားပွင့်ဖြူဖြူလေးတွေက ရွက်စိမ်းရင့်ရင့်တွေရဲ့ အကြား ဝေနေအောင် ပွင့်လန်းလို့။ အစိမ်းတွေထက် အဖြူစွက်ကာ… အဖြူနှင့် အစိမ်း လိုက်လည်း လိုက်ဖက်ညီပါပေ့။
ငုဝါပင်ကြီးမှာလည်း ငုပန်းတွေ ၀ါဝါထိန်အောင် ပွင့်နေကြသည်။ ငုရွက်စိမ်း ဖျော့ဖျော့တွေထက်ကိုပင် ပန်းပွင့် ၀ါဝါတွေက ပိုများနေသေးသည်။ အ၀ါရောင် အလယ် စိမ်းပြောက်ခြယ်လို့။
ခရမ်းရောင်သန်းသည့် ပျဉ်းမပန်းတွေ ကလည်း နွေကို အံတုကာ လန်းပွင့်နေကြပြန်၏။ ခရမ်းရောင်၏ တော်ဝင်ခြင်းနှင့် အစိမ်း၏ ငြိမ်းချမ်းခြင်း။
ဖုန်အလိမ်းလိမ်းနှင့် မန်ကျည်းပင်ကြီး ထက်မှာတော့ မန်ကျည်းသီးတောင့် ညိုညိုတွေ တွဲရရွဲကျနေကြသည်။ အညိုရောင်၏ တည်ငြိမ်ခြင်းနှင့် ရွက်စိမ်းတို့၏ ရင့်ကျက်ခြင်းပေလား။ ပန်းပွင့်တွေ မဝေနိုင်တော့သော ကံ့ကော်ပင်ကြီးကတော့ ရွက်နု ရွက်ရင့် ရွက်ဟောင်းများ ပေါင်းစပ်ပြီး အစိမ်း ဖျော့၊ နု၊ ရင့် သုံးရောင်ခြယ် အလှဖြင့် တင့်တယ်နေရှာ၏။

ဒီလိုလည်း လှပေအုံးမှ။
နွေ၏အလယ်ခေါင် မွန်းတည့်ချိန်ဟာ ငြီးငွေ့ဖွယ် ကောင်းသော်လည်း ဒီလိုအလှတွေကို ကြံဖန်ရှာဖွေ ဖြေသိမ့်နေနိုင်တာက အကောင်းဆုံးပဲ မဟုတ်လား။
အပူတောထဲမှ ရုန်းမထွက်နိုင်သေးခင် အပူတွေကြားထဲမှ နှစ်သိမ့်စရာကို ကြိုးစားရှာကြည့်တော့လည်း အနည်းငယ်တော့ စိတ်လက် ချမ်းသာစေပါသေးသည်။

မွန်းတည့်နေရောင် ပူပူလောင်အောက်မှ အိမ်ခြံဝင်းထဲ ၀င်လိုက်သည့်အခိုက် ၀င်းခြံထဲမှ သစ်ရိပ်ဝါးရိပ်ကြောင့် အေးမြခြင်း ရသကို တခဏခံစားလိုက်ရသည်။
အပြင်မှ ပြန်လာသူကို အမေက အပြုံးဖြင့် ဆီးကြိုရင်း သောက်ရေတခွက် ကမ်းပေးတော့ အမေ့အပြုံး အမေ့စေတနာ အမေ့မေတ္တာ ရေစင်တခွက်ကြောင့် ရင်ထဲ အေးချမ်း သွားပြန်၏။
အိမ်ပေါ်ထပ်အတက် မျက်နှာချင်းဆိုင် ဘုရားခန်းမှာ တင့်တယ်စွာ စမ္ပါယ်နေသည့် မြတ်စွာဘုရား ဆင်းတုတော် ရှေ့မှောက် ရှိခိုးဦးခိုက် ကန်တော့ရင်း ဗုဒ္ဓကို ကြည်ညိုမိစဉ်မှာတော့ နှိုင်းမရသော ငြိမ်းချမ်းအေးမြခြင်း အပေါင်းက နွေလယ်ခေါင်အပူကို အံတုနိုင်ပေပြီတကား … ။
***
မေဓာဝီ
8th April, 2007
12:20 pm

4 comments:

mg gyi said...

Ba yar yeik, ta yar yeik ko Ma May shar twe b po naw?

Thar Du, Thar Du, Thar Du... Kya naw le, ta yar ne, nee nee lar b byo, ma may ye posts twe kyaung , thanks ma may..

Natthi said...

လောကနီတိက ဒီလိုဆိုတယ်ဗျ…
သစ်ရိပ်ဝါးရိပ်သည် အေးမြ၏။
ထို့ထက် ဆွေမျိုးရိပ် မိဘရိပ် ဆရာရိပ် မင်း”ရိပ်တို့သည် အေးမြ၏။
ထို့ထက် ဘုရားရိပ်သည် ပို၍ ပို၍ သာလွန် အေးမြ၏။
နွေလည်ခေါင်ကို ဘယ်လို ဖြတ်သန်းရမလဲ စဉ်းစားနေတာနဲ့ အတော်ပဲဗျာ။

maydarwii said...

ဟုတ်ကဲ့ … ဘုရားရိပ် တရားရိပ် ရှာတွေ့ပြီပဲ ဆိုပါတော့ ကိုမောင်ကြီး။
ဒီအခါတွင်းမှာ ဘုရား တရားနဲ့ ငြိမ်းချမ်းစွာနေမလား စိတ်ကူးမိလို့ပါ။
ကျမရဲ့ပို့စ်တွေကြောင့် တရားနဲ့နီးလာတယ်ဆိုလို့လည်း ၀မ်းသာပါတယ်။ ကျမကလည်း သာဓု ပြန်ခေါ်လိုက်ပါရဲ့။ (တကြိမ်)

ကိုနတ္ထိပြောတာ မှန်ပါတယ်။
ကျမ ဆိုလိုချင်တာ အဲဒါပါပဲ။ တိုက်ရိုက် မရေးချင်လို့ ခုလို ရေးလိုက်ရတာ ဖြစ်ပါတယ်ရှင်။
ကွန်မန့်အတွက် ကျေးဇူးပါ။

ကလိုစေးထူး said...

မမေဓာဝီ ဒီလိုပုံစံတွေ မရေးဖြစ်တာကြာနေပြီနော်။ ပူပြင်းလှတဲ့ နေရောင်အောက်က ဖုန်းတထောင်းထောင်းနဲ့ ကားလမ်း၊ ကုက္ကိုလ်ပင်ဟောင်းက ကြွေတ၀က်၊ စိမ်းတချို့ ရွက်ငယ်တွေ၊ အပူရှိန်အောက်မှာ ၀မ်းစာရေး ရုန်းကန်နေကြတဲ့ ထီသည်၊ ကွမ်းယာသည်၊ နေပူပူအောက်က ပြောင်းဖူးပြုတ်ပူနွေးနွေးနဲ့ ပြောင်းဖူးရောင်းသူရဲ့ အပူ။ မြင်ကွင်းတွေကို မြင်ယောင်လာအောင် ရေးတဲ့ သရုပ်ဖော်အဖွဲ့တွေကို ပြန်ဖတ်ရတယ်။

သရုပ်ဖော်အဖွဲ့တွေနဲ့ အတူ အမပေးချင်၊ ပြောချင်တဲ့ ဆန္ဒတစုံကိုလည်း မြင်လိုက်ပါရဲ့။ ကဲ.. လေကြောနည်းနည်းရှည်မိသွားပြီဗျို့။