တခုသော နွေရာသီမှာပေါ့။
ကျမဆီကို ဆင်လေး သုံးကောင် ရောက်လာကြပါတယ်။
ဆင်သုံးကောင်ဆိုလို့ တိရစ္ဆာန် ဆင်လို့ မထင်လိုက်ကြပါနဲ့။
သူတို့နာမည်လေးတွေမှာ “ဆင်” ဆိုတာပါလို့ ဆင်သုံးကောင်လို့ ကျမက ကင်ပွန်းတပ်လိုက်မိတာ။
ဟယ်ရီဆင်၊ အနယ်လ်ဆင် နဲ့ လဲဗီဆင် အမည်ရတဲ့ အင်ဂလို အင်ဒီးယန်း ကလေးလေးတွေပါ။ စာသင်ဖို့ ရောက်လာကြတဲ့ သူတို့ သုံးယောက်ဟာ တခြားကလေးတွေ ကြားထဲမှာ တမျိုးတဘာသာ ဖြစ်နေပါတယ်။ သူတို့ထဲမှာ ဟယ်ရီဆင်နဲ့ အနယ်လ်ဆင်က ညီအစ်ကို အရင်း၊ လဲဗီဆင်နဲ့က တ၀မ်းကို ညီအစ်ကိုတွေပါ။
“လဲဗီဆင်ရဲ့ အမေက မန္တလေးမှာ အလုပ်သွားလုပ်နေတာ”
အငယ်ဆုံးဖြစ်သူ ဟယ်ရီဆင်က ပြောတယ်။
“ဟာကွာ … မန္တလေး မဟုတ်ပါဘူး … မလေးရှားပါကွ” လဲဗီဆင်က ပြာပြာသလဲ ပြင်ပေးရှာတယ်။
“သြော် … ဟုတ်တယ် … ငါမေ့သွားလို့ … ငါက ‘လေး’ ဆိုတာပဲ မှတ်ထားတာ”
သူတို့ပြောတာကို နားထောင်ရင်း ကျမမှာ ရယ်လိုက်ရတာ။ မန္တလေးနဲ့ မလေးရှား … မှားရတယ်လို့။ ကလေးဆိုတော့လည်း နီးစပ်သလို မှတ်ထားမိတာ နေမှာပေါ့။
လဲဗီဆင်က အမေနဲ့အတူမနေရသလို အဖေနဲ့လည်း အတူမနေရရှာပါဘူး။ အမေနဲ့အဖေ ကွဲနေသလား … အဖေက ဘယ်မှာလဲ ဆိုတာ ကျမလည်း မေးမထွက်လို့ မမေးခဲ့မိဘူး။
မိဘနဲ့ အတူမနေရတဲ့ ကလေးမို့လားမသိဘူး။ အဖွားတွေ အဒေါ်တွေက အလိုလိုက်ထားပုံရပါတယ်။ သူဟာ တော်တော်လေးကို ဆိုးဆိုးသွမ်းသွမ်း ကလေးတယောက် ဖြစ်နေတယ်။ မဟုတ်တာ လုပ်ချင်စိတ်၊ တခြားကလေးတွေကို အနိုင်ကျင့် ဗိုလ်ကျချင်တဲ့ စိတ်တွေ သူ့ဆီမှာရှိနေပါတယ်။
“လဲဗီဆင် ဟင်းလုစားလို့”
“လဲဗီဆင် အိမ်သာထဲက ရေတွေနဲ့ လိုက်ပက်နေတယ်”
“လဲဗီဆင် … သား ကို လုပ်တယ်”
“လဲဗီဆင် လိုက်စ နေတယ်”
ဆိုတဲ့ အသံတွေ တခြားကလေးတွေဆီက အမြဲကြားနေရတဲ့အခါ ဒီကလေးလေးဟာ သတိထားဆက်ဆံရမယ့် ကလေးလို့ ကျမသိလိုက်တယ်။ သူ့ကို အားလုံးနဲ့တန်းတူ ပုံမှန်ဆက်ဆံလို့ မရဘူး။ လိမ္မာယဉ်ကျေးပြီး အားလုံးနဲ့ အံဝင်ခွင်ကျ ဖြစ်အောင် ဂရုစိုက်ပေးရမယ်လို့လည်း စိတ်ထဲ တေးထားလိုက်တယ်။
ကျမက ကလေးတွေရဲ့ စိတ်ပညာပိုင်းဆိုင်ရာကိုလည်း နားမလည်ပါဘူး။ ဒါပေမဲ့ ကလေးတွေကိုဆက်ဆံရင် စိတ်ရှည်ရမယ်၊ သည်းခံရမယ်၊ သူတို့ကို ဇွတ်လုပ်ခိုင်းတာထက် ကိုယ်လိုချင်တဲ့ပုံစံ ဖြစ်အောင် တဖြည်းဖြည်း သိမ်းသွင်းယူရမယ် ဆိုတာလောက်တော့ နားလည်ထားပါတယ်။ ဒါကြောင့်လည်း ပင်ကိုယ်စိတ် သိပ်စိတ်မရှည်တဲ့ ကျမဟာ ကလေးတွေနဲ့ကျတော့ စိတ်ရှည်ချင်ယောင် ဆောင်ထားရပါတော့တယ်။
အတန်းထဲမှာ လဲဗီဆင်ဟာ စာအညံ့ဆုံးပါပဲ။ သူ့အောက်ငယ်တဲ့ ကလေးတွေ လောက်တောင် စာမရပါဘူး။ ဒါပေမဲ့ သူ့ကိုညံ့တယ် မပြောဘဲ ကြိုးစားချင်စိတ် ပေါ်အောင် တက်ကြွလာအောင် ပြောဆိုပေးရပါတယ်။ ဒီလိုနဲ့ တရက်ပြီး တရက်သာ ကုန်လာတယ်။ သူကတော့ ဒုံရင်း ဒုံရင်းပါပဲ။ စာလည်း ညံ့စမြဲ၊ ပြဿနာလည်း ရှာစမြဲ။ စီကနဲဆို လဲဗီဆင် ဆိုတာမျိုးပဲဖြစ်နေတယ်။
သူတို့ သင်ရမယ့် သင်ခန်းစာတွေထဲမှာ အားကစားလည်း ပါတာမို့ ရေကူးသင်တဲ့အချိန်ဆိုရင် ကျမလည်း လိုက်ပြီးကူးပါတယ်။ (တယောက် အလကားကူးခွင့်ရှိလို့ပါ။) သူတို့တဖက်ခြမ်းမှာ ရေကူးနည်းပြဆရာနဲ့ သင်နေချိန်မှာ ကျမက ခပ်လှမ်းလှမ်းမှာ တယောက်ထဲ ကူးလေ့ရှိပါတယ်။ သူတို့ကို ဆရာကခွင့်ပေးလို့ စိတ်ကြိုက် ကူးခွင့်ရပြီဆိုတာနဲ့ တယောက်နဲ့ တယောက် စကြနောက်ကြ ဆော့ကြနဲ့ တခါတလေ ရန်ဖြစ်ကြတယ်။ ဒီအခါမှာတော့ ကျမက ကလေးထိန်းဖြစ်သွားပြန်ပါရော။
“လဲဗီဆင် ကန်ဘောင်ပေါ်ပတ်ပြေးနေတယ် …”
“လဲဗီဆင် ကျောက်စရစ်ခဲတွေနဲ့ လိုက်ပေါက်တယ် …”
“လဲဗီဆင် နှပ်ချေးနဲ့ လိုက်သုတ်တယ် …”
“လဲဗီဆင် ကန်ဘောင်ပေါ်ကနေ သားရဲ့ ကျောပေါ် ခုန်ချတယ် …”
စတဲ့ အတိုင်အတောသံတွေ ကြားရပြန်တယ် … ။ ရေကျတော့လည်း ကောင်းကောင်း မကူးတတ်သေးဘူး။ သူများတကာကို လိုက်နှောက်ယှက် လိုက်စ နေပြန်တယ်။
ဒီလိုဖြစ်ပါများလာတော့ တခြားကလေးတွေက သူတို့ သုံးယောက်ကို ၀ိုင်းကြဉ်လိုက်ကြပါတော့တယ်။
ဟယ်ရီဆင်နဲ့ အနယ်လ်ဆင်ကတော့ သူ့လောက်ပြဿနာ မရှာပေမဲ့ ညီအစ်ကို တော်စပ်နေကြတာဆိုတော့ တဂိုဏ်းထဲသားတွေဆိုပြီး ကြဉ်လိုက်ကြတာပါ။ ဟယ်ရီဆင်နဲ့ အနယ်လ်ဆင် နှစ်ယောက်ကတော့ ညီအစ်ကို အရင်း ဆိုတော့ သူတို့ချင်းချင်း ကစားကြပေမဲ့ လဲဗီဆင်က အဖော်မဲ့နေတယ်။ အဖော်မဲ့နေတဲ့သူဆိုတော့ သူ့ကို ဂရုစိုက်အောင် လိုက်စပြန်ရော … ။ လိုက်စတော့ ကျမကို လာတိုင်။ ကျမက ဖြေရှင်းပေးရ …။
ဒီလိုနဲ့ … စိတ်ရှည်ချင်ယောင် ဆောင်ထားတဲ့ ကျမလည်း သိပ်ဟန်မဆောင်နိုင်တော့ပါဘူး။ ဒီကလေးကို ဘယ်လို နားဝင်အောင် ပြောရမှန်းလဲ မသိ၊ ချော့လည်း မရ ခြောက်လည်း မဖြစ်နဲ့ ကြာတော့ စိတ်ပျက်လာလို့ သူတို့နဲ့ဝေးရာမှာ ရေသွားကူးနေလိုက်တယ်။ ၂ ခေါက် ၃ခေါက် ကူးအပြီးမှာ …
“ဟေ့ကောင် ရန်နိုင် … မင်း သစ္စာဖောက်တယ် … ဒီကောင်နဲ့ မပေါင်းပါနဲ့ဆို … ဘာလို့ပေါင်းတာလဲကွ”
ကလေးတယောက်ရဲ့ အသံကျယ်ကျယ်ကြောင့် ကျမ ခေါင်းထောင်ကြည့်လိုက်တော့ …
ရန်နိုင်ဆိုတဲ့ ၀တုတ်တုတ် ကလေးလေးက လဲဗီဆင်နဲ့ သွားဆော့နေတာ တွေ့ရတယ်။ ဆော့ပုံကလည်း ကြည့်၊ လဲဗီဆင်က ရန်နိုင်ကျောပေါ် ခွစီးလို့၊ ရန်နိုင်က တက်ကလုတ် တက်ကလုတ်နဲ့ ရေထဲမှာ မြင်းလုပ်ပြီး သွားနေရတယ်။ သူဒီလိုဆော့တာကို ကျန်တဲ့ ကလေးတွေက မကျေနပ်ပါဘူး။ သူတို့အားလုံး သဘောတူညီချက်နဲ့ ၀ိုင်းပယ်ထားတဲ့ကောင်ကို အရေးလုပ်နေတော့ ဘယ်ကြိုက်မလဲ။ လဲဗီဆင်ကတော့ ရန်နိုင့်ကျောပေါ်ကနေ စပ်ဖြီးဖြီးနဲ့ သွားကျိုးလေးပေါ်အောင်ရယ်လို့ .. ဟဲ့မြင်း ဟဲ့မြင်းတောင် အော်လိုက်သေးတယ်။
“ရန်နိုင် … မင်း အဲဒီကောင်နဲ့ ပေါင်းရင် မင်းကို မခေါ်တော့ဘူး”
နည်းနည်းစွာတဲ့ ကလေးတယောက်က ရန်နိုင့်ကို ပြောတယ်။ ရန်နိုင်ကတော့ သူ့ထုံးစံအတိုင်း လေသံ ခပ်လေးလေးကြီးနဲ့ စကားတလုံးချင်း ခုလိုပြန်ပြောပါတယ်။
“မင်းတို့ကလည်းကွာ … သူ့ကို အားလုံးက မပေါင်းဘဲ ပစ်ထားတော့ သူက အားလုံးကို လိုက်နှောက်ယှက်မှာပေါ့ကွ၊ အခု ငါက သူနဲ့ဆော့ပေးလိုက်တော့ မင်းတို့အေးအေးဆေးဆေး ကစားလို့ရတယ်၊ သူ လိုက်မနှောက်ယှက်တော့ဘူး မဟုတ်လား”
ရန်နိုင်ပြောတာ ဟုတ်နေတော့ ဟိုကလေးကလည်း ဘာမှပြန်မပြောသာတော့ဘူး။ ဒါဖြင့်လည်း ပြီးရောကွာ ဆိုပြီး သူတို့ဟာသူတို့ ဆက်ကစားကြနေကြတော့တယ်။
လဲဗီဆင်ကိုကြည့်လိုက်တော့ ရန်နိုင်ကျောပေါ်မှာ အမြိန့်သား တဟီးဟီးနဲ့ သဘောတွေကျလို့။
ရန်နိုင်ကလည်း ကျေကျေနပ်နပ် ကျောပေါ်မှာ အစီးခံလို့။
ကျမကသာ ရေဆက်မကူးနိုင်တော့ဘဲ ရန်နိုင့်စကားကို စဉ်းစားနေမိတယ်။
လောဘကြီးသူကို ပေးကမ်းခြင်းဖြင့် အောင်မြင်ရာ၏။
ဒေါသကြီးသူကို မေတ္တာထားခြင်းဖြင့် အောင်မြင်ရာ၏။ ဆိုတာတွေ ကျမ ဖတ်ခဲ့ မှတ်ခဲ့ ဖူးပါရဲ့။
ဒီလိုကလေးမျိုးကို ကျမဘယ်လို လုပ်ခြင်းဖြင့် အောင်မြင်မလဲ … သူ့ကို ဘယ်လို ကိုင်တွယ်ရမလဲ …. ကျမ မသိခဲ့ပါဘူး။ သူ့ရဲ့ ဆိုးသွမ်းတဲ့ စိတ်ဓာတ်ကလေးကို ဒီနွေသုံးလ ကျောင်းလာတက်စဉ်မှာ တတ်နိုင်သလောက် ပြင်ပေးဖို့ ကြိုးစားခဲ့မိပါတယ်။ ဒါပေမဲ့လည်း ကျမ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်တဲ့ အဆုံး လစ်လျူရှု လိုက်မိပါတယ်။
ခုတော့ ရန်နိုင်က ကျမ မလုပ်နိုင်တာကို လုပ်ပြခဲ့တယ်။ ကျမက လဲဗီဆင်ကို မသင်နိုင်ခင် … မပြင်နိုင်ခင်မှာ ရန်နိုင်ဟာ ကျမကို သင်ပေးလိုက်တာပါပဲ။ ကျမ .. ရန်နိုင့်ကို ကျေးဇူးတင်လိုက်မိပါတယ်။
***
နွေရာသီ တခါရောက်ပြန်လို့ ကလေးလေးတွေ ဆူဆူညံညံနဲ့ ကျောင်းလာတက်ပြီဆိုရင် ကျမ ဒီဆင်ကလေးတွေကို သတိရမိပါတယ်။ နောက်နှစ်တွေမှာတော့ ဆင်လေးတွေ ရောက်မလာကြတော့ပါဘူး။
ရန်နိုင်လေးကတော့ နှစ်တိုင်း မပျက်မကွက် ကျောင်းလာတက်နေဆဲပါပဲ … ။
***
မေဓာဝီ
5th April 2007
00:55 am
(ရန်နိုင်နဲ့အတူ ရိုက်ထားတဲ့ပုံလေးကို အမှတ်တရ တင်လိုက်ပါတယ်။)

4 comments:
မမေ.. ရန်နိုင့်အကြောင်းဖတ်ပြီး ပြုံးလိုက်မိတယ် ။ တခါတလေ ကလေးတွေဟာ သိပ်ဖြူစင်ကြတယ် ။
ဒါနဲ့ စကားမစပ်.. ဘလောက်ခ့်စာအုပ်နာမည်လုပ်ဖို့ ကိစ္စ အကူအညီလိုနေလို့ မြန်မာစာကျွမ်းကျင်တဲ့ မမေ လာကူညီပါဦး လို့ မေတ္တာရပ်ခံပါတယ် ။
http://myanmarbloggers.forum5.com/index.php?mforum=myanmarbloggers
ကို သွားပြီး register လုပ်ပါ ။
နောက် Forum ခေါင်းစဉ်တွေအောက်.. Go to General->lobby-> creative name for myanmar blogger book
Ya ... It is difficult to handle all those kids sometime, but they are simple, clear, and I can put it as no colour.
You can molded or train as you wish, as saying goes " A good start is a good end" ..
The first line teacher of a kid is " the mother" then the primary or pre school teachers... do you agree?
myin ya be. burmese lo bal lol yea ya ma la' thi thay buu.
ဂျစ်တူး … ရယ်ဂျစ်စတာတော့လုပ်ပြီးသွားပြီ။ မမေလည်း အားရင် ၀င်ဆွေးနွေးပါမယ်။ လောလောဆယ်တော့ အရင်ဖတ်ကြည့်နေတယ်။
Prince .. ဟုတ်တယ်ရှင့်။ အဲဒီအရွယ်တွေက ကိုင်တွယ်ရ သိပ်ခက်ပါတယ်။ မိဘဟာ လက်ဦးဆရာ ဆိုတာလည်း ကျမ လက်ခံပါတယ်။ လဲဗီဆင်လို မိဘနဲ့ တူတူ မနေရတဲ့ ကလေးမျိုးကျတော့ လက်ဦးဆရာက ကျောင်းက ဆရာတွေပဲပေါ့။
လဲဗီဆင်ဟာ သူ့ရဲ့ အားနည်းချက်ကလေးကြောင့် သူ့ကိုအားလုံးက ဂရုစိုက်တာ ခံစေချင်တယ်။ အရာရာ အသာလိုချင်တယ် … ဆိုတဲ့ ဉာဉ်ကလေးက စွဲနေတော့တာပဲ။ အဲဒီတော့ အပေါင်းအသင်းတွေ အားလုံးက ၀ိုင်းကြဉ်တာ ခံရရော။ အဲဒီတော့ ပိုဆိုးဆိုးလာရော။
အဲဒီလိုကြဉ်တာထက် သူ့ကို လိုက်လျောစွာ ဆက်ဆံခြင်းအားဖြင့် သူ့ဉာဉ်ဆိုးကို ပြုပြင်ပေးဖို့လိုတယ်ဆိုတာကို ရန်နိုင့်သီအိုရီအရ ကျမသိလိုက်ရတယ်။
ဒါကတော့ ကလေးတယောက်နဲ့ ပတ်သက်လို့ပေါ့။
ဒီလိုပါပဲ … ဆိုးတယ်လို့ သတ်မှတ်ခံထားတဲ့… လူတယောက် .. အဖွဲ့အစည်းတခု .. နိုင်ငံ တနိုင်ငံ စတာတွေကိုရော … ဆိုးသွမ်းနေတယ်ဆိုပြီး ၀ိုင်းကြဉ်ထားကြရင် ပိုများဆိုးသွားလေမလား၊ အဲဒီလို ဆက်စပ် စဉ်းစားမိပြီး ကျမ ဒီစာကို ရေးဖြစ်သွားတာပါ။
lu …မြန်မာလိုမြင်ရပြီဆိုလို့ ၀မ်းသာပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
Post a Comment