***
တနင်္ဂနွေနေ့လယ်ခင်း ပျင်းပျင်းနဲ့ အဝတ်တွေ မီးပူတိုက်နေတုန်း ...
"အိုး .... တိုက် ... ဖွဲပြာ ..." လို့ လေးလေးပင်ပင် ဆွဲငင် အော်ရောင်းသံကို ကြားလိုက်ရတယ်။ အဲဒီအသံမျိုး မကြားရတာ အတော်ကြာပြီမို့ တိုက်လက်စ မီးပူလေး အသာထောင်ပြီး အိမ်ရှေ့ ဝရံတာဘက် သွားကြည့်မိတော့ အိုးတိုက်ဖွဲပြာ ရောင်းတဲ့ သူငယ်မလေးဟာ လမ်းကျဉ်းကလေးထဲကနေ ဘောက်ဆတ် ဘောက်ဆတ်လျှောက်ရင်း ကျောခိုင်းထွက်သွားလေရဲ့။
.
ဖွဲပြာသည်လေး ထွက်သွားပေမဲ့ အတွေးတွေက ကျန်ခဲ့တယ်။ မီးပူတောင် ဆက်မတိုက်ဖြစ်သေးပဲ အိုးတိုက်ဖွဲပြာ ဆိုတဲ့ စကားလုံ လေးလုံးကို နှုတ်က ရေရွတ်ရင်း အိုးတိုက်ဖွဲပြာ အကြောင်း စဉ်းစားခန်းဝင်နေမိပါရော။ အိုးတိုက်ဖွဲပြာ ဆိုတာ ခုခေတ် ကလေးတချို့ မသိနိုင်တော့တဲ့ ဝေါဟာရများ ဖြစ်သွားပြီလား။ ကိုယ်တွေတောင် အိုးတိုက်ဖွဲပြာနဲ့ ကင်းဝေးခဲ့တာ ဆယ်စုနှစ် တခုမကတော့ဘူးလေ ... ။
***
ငယ်ငယ်က အိုးတိုက်ဖွဲပြာနဲ့ ရင်းနှီးခဲ့တာလေး ပြန်တွေးမိတော့ အိမ်က ပန်းကန်ဆေးတဲ့နေရာလေးမှာ နှုတ်ခမ်းသား ဆေးကွာနေတဲ့ ကြွေရည်သုတ် ခွက်အဟောင်းလေး တလုံးရယ် စဥ့်အင်တုံ အသေးလေး တလုံးရယ်ကို သတိရမိတယ်။ ကြွေရည်သုတ် ခွက်ကလေးထဲမှာတော့ ဆပ်ပြာခဲ အဝါလေးနဲ့ အုန်းဆံဖတ် ရှိပြီး စဥ့်အင်တုံခွက်လေးထဲမှာတော့ အိုးတိုက်ဖွဲပြာတွေ ထည့်ထားတယ်။ အိုးတိုက်ဖွဲပြာ ခွက်ထဲမှာလဲ ဖွဲပြာတွေ ပေလူးနေတဲ့ ဆပ်ပြာတုံးလေးနဲ့ အုန်းဆံဖတ် ရှိပါသေးတယ်။
.
အိမ်မှာ အုန်းပင်တွေက ပေါတော့ ပန်းကန်ဆေးဖို့ အုန်းဆံဖတ်အတွက် ပူစရာ မလိုခဲ့ဘူး။ အုန်းသီးခြောက်တွေ အပင်က ချတဲ့အခါ အခွံခွာပြီး အပြင်အခွံကြမ်းက ကြမ်းတိုက် ကြမ်းဆေးဖို့၊ အတွင်းက အုန်းဆံဖတ်နုက ပန်းကန်ဆေးဖို့ ရယ်လို့ လူကြီးတွေက ခွဲခြား သိမ်းဆည်း ခဲ့ကြတယ်။ အုန်းဆံဖတ် မဝယ်ရပေမဲ့ အိုးတိုက်ဖွဲပြာကိုတော့ ဝယ်ရပါတယ်။ လမ်းထဲမှာ လာရောင်းတဲ့ အိုးတိုက်ဖွဲပြာသည်က မရှိဘူးဆိုရင် သုံးလေးသည် လောက်တော့ ရှိမယ်။
.
အဲဒီခေတ်တုန်းက ထမင်းဟင်းချက်ရင် လျှပ်စစ်မီးဖိုနဲ့ ချက်ကြတာ နည်းပါတယ်။ ရေနံဆီ မီးဖို၊ မီးသွေး မီးဖို၊ ထင်းမီးဖို တွေနဲ့ ချက်ကြတော့ အိုးတွေမှာ မီးခိုးမှိုင်းတွေနဲ့ မည်းနေတတ်တယ်။ အိုးတွေ ဘယ်လောက်မည်းမည်း အိုးတိုက်ဖွဲပြာနဲ့ တိုက်လိုက်ရင် ပြောင်သွားတတ်တာမို့ အိမ်တိုင်းလိုလို အိုးတိုက်ဖွဲပြာ သုံးကြတော့ ရောင်းတဲ့ သူတွေလည်း များနေတာပေါ့။
.
အဲဒီတုန်းက ငယ်သေးတော့ ထမင်းစားပြီး ကိုယ့်ပန်းကန် ကိုယ်မဆေးရပေမဲ့ အိမ်က လက်တိုလက်တောင်း အမကြီးတွေ ဆေးကြောရင် မြင်နေတာမို့ ပန်းကန် ခွက်ယောက်တွေ ဆေးတဲ့အခါ ဆပ်ပြာအသန့် အုန်းဆံအသန့်နဲ့ ဆေးပြီး ဒယ်အိုးတွေ ဒန်အိုးတွေတိုက်ရင်တော့ အိုးတိုက်ဖွဲပြာနဲ့ တိုက်လေ့ရှိတာ သိခဲ့ရတယ်။ အိုးတွေတိုက်လို့ အိုးတိုက်ဖွဲပြာဆိုပြီး ခေါ်တာပဲလို့ ငယ်ကတည်းက စိတ်ထဲ စွဲနေခဲ့တယ်။
.
အိုးတိုက်ဖွဲပြာက မည်းတယ် ကြမ်းတယ်၊ သူနဲ့တိုက်လိုက်ရင် ဒန်အိုးတွေက ဘယ်လောက် ပြောင်တယ်ပဲဆိုဆို အိုးတိုက်ဖွဲပြာ မည်းမည်း ကြမ်းရှရှကြီးတွေကို ကိုင်ရ တိုက်ရမှာ မနှစ်မြို့စရာ လို့ ယူဆခဲ့ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အိုးတိုက်ဖွဲပြာ နေ့တိုင်းတိုက်တဲ့ အမကြီးတွေရဲ့ လက်ဟာ အိုးတိုက်ဖွဲပြာလိုပဲ ကြမ်းတမ်းနေလို့ပါ။
.
အသက်လေး နည်းနည်းကြီးလာတော့ အိုးတိုက်ဖွဲပြာဆိုတာ စပါးခွံတွေဆိုတာ သိလာတယ်။ ဖွဲပြာသည်လေးတွေဟာ ဆန်စက်က ထွက်တဲ့ မီးသင့်နေတဲ့ စပါးခွံတွေကို သွားကြုံးပြီး အိမ်တွေမှာ အိုးခွက်တိုက်ဖို့ ပြန်ရောင်းကြတာပေါ့။ အိုးတိုက်ဖွဲပြာ ... လို့ သံစဉ် အမျိုးမျိုးနဲ့ တလမ်းဝင် တလမ်းထွက် အော်ရောင်းနေတဲ့ သူတို့ရဲ့ ခေါင်းပေါ်က ဗန်းထဲမှာ ပုဆိုးကွင်းပတ်နဲ့ အပြည့် အိုးတိုက်ဖွဲပြာတွေ ရှိတယ်။ ဝယ်သူရှိရင် ဗန်းကလေး အောက်ချ ပုဆိုးကွင်းထဲက ဖွဲပြာတွေ နို့ဆီခွက်နဲ့ ချင်၊ တဗူး ဘယ်လောက် သတ်မှတ်ပြီး ရောင်းကြတာပါပဲ။
.
အိုးတိုက်ဖွဲပြာသည် ဆိုတာ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်တွေထဲမှာ အရင်းအနည်းဆုံးမို့ အဆင်းရဲဆုံးလို့ ဆိုရင်လည်း မမှားလောက်ပါဘူး။ အရောင်အသွေး မပီပြင်တော့တဲ့ အဝတ်လေးတွေကို ဝတ်၊ ဖိနပ်မြီးတိုလေး စီးပြီး ရွာရိုးကိုးပေါက် အိုးတိုက်ဖွဲပြာ အော်ရောင်းကြရတဲ့ သူတို့ဘဝဟာ အိုးတိုက်ဖွဲပြာလိုပဲ အင်မတန် ကြမ်းတမ်း နိမ့်ကျလိုက်တာ လို့ တွေးခဲ့မိတယ်။
***
ဒီလိုနဲ့ ခေတ်တွေပြောင်းလာတော့ ပန်းကန်ဆေးတဲ့နားက ခွက်ကလေးတွေဟာလည်း ကြွေရည်သုတ်ခွက် စဥ့်အင်တုံခွက် မဟုတ်တော့ပြီ။ အိုးတိုက်ဖွဲပြာနဲ့ အုန်းဆံဖတ်အစား steel wool နဲ့ sponge တို့ ဖြစ်သွားပြီ။ စတီးအိုးနဲ့ လျှပ်စစ်နဲ့ ချက်တာမို့ ပြောင်အောင် အရမ်းတိုက်စရာလည်း မလိုတော့။ အိုးတိုက်ဖွဲပြာ မည်းမည်း ကြမ်းကြမ်းကြီးတွေနဲ့ ဝေးတော့ စတိုင်တော့ အကျသား။
.
ဒါပေမဲ့ တခါတရံ ထမင်းထဲမှာ စတီးမျှင်လေးတွေ ပါလာတဲ့အခါ၊ ပန်းကန်ဆေးတဲ့ အစိမ်းဖတ်က အမျှင်လေး ကော်ဖီခွက် လက်ကိုင်မှာ ကပ်နေတဲ့အခါ ဘုရားတ ရင်း သေချာဆေးဖို့ ကောင်မလေးတွေကို မှာရပြန်ပါတယ်။ အရင်က သုံးတဲ့ အုန်းဆံလို သဘာဝမဟုတ်တာမို့ အန္တရာယ် များလွန်းတဲ့အရာတွေ ဝမ်းထဲ မရောက်စေချင်ပါဘူး။ ခေတ်ရဲ့ အလိုကျ သုံးရတဲ့ ပစ္စည်းတွေက စဉ်းစားကြည့်ရင် အန္တရာယ်တော့ အများသား။ မသုံးလိုလည်း မဖြစ်ဘူးပဲ ဆိုပါတော့။
.
အိုးတိုက်ဖွဲပြာသည် အသံကြားလို့ ပြန်တွေးရင်း အရင်ကလို အုန်းဆံဖတ်နဲ့ အိုးတိုက်ဖွဲပြာ ပြန်သုံးရ ကောင်းမလား စိတ်ကူးယဉ်နေမိပါသေးတယ်။ စိတ်ကူးသာ ယဉ်မိတာ တိုက်မလားလို့ အလကားလာပေးရင်တောင် ယူမိမှာ မဟုတ်ပါဘူး။ ခုပဲကြည့်လေ၊ အိုးတိုက်ဖွဲပြာ ရောင်းသူရှိနေသေးပေမဲ့ ဝယ်သူက မရှိတော့။
.
ခုချိန်လို ကမ္ဘာနဲ့အဝှမ်း reduce, reuse, recycle လို့ အော်နေကြတဲ့ ခေတ်ကြီးမှာ 3Rs ရဲ့ မော်ဒယ်လ် အိုးတိုက်ဖွဲပြာသည်လေးတွေဟာ အိုးတိုက်ဖွဲပြာ မည်းမည်း ကြမ်းကြမ်းကြီးတွေကို ရွက်ရင်း ဘဝကြမ်းကြမ်းရဲ့ လမ်းကြမ်းကြမ်းတွေမှာ လျှောက်နေကြရဆဲ ... ။
***
မေဓာဝီ
30.07.17
15.50

No comments:
Post a Comment