Monday, December 25, 2017

ခရစ်စမတ် လက်ဆောင်


***
ခရစ်ယာန်တယောက် မဟုတ်ပေမဲ့ ခရစ်စမတ်ကို ကျွန်မ နှစ်သက်ပါတယ်။ အေးမြတဲ့ ရာသီ၊ ကမ္ဘာသုံး ပြက္ခဒိန်ရဲ့ ပိတ်ရက်၊ ကြည်နူးစရာ တေးသံသာသာ များနဲ့ ငြိမ်းချမ်းတဲ့ မေတ္တာဓာတ် တွေကြောင့် ခရစ်စမတ်ဟာ နှစ်သက်စရာ စွဲလမ်းစရာ ပျော်ရွှင်စရာ အတိပေါ့။ ငယ်ငယ်တုန်းကတော့ ခရစ်စမတ် အကြိုညတွေမှာ မောင်နှမတွေ သူငယ်ချင်းတွေနဲ့ အတူ ခြံထဲမှာ မီးဖိုလေးတွေ ဖိုပြီး အကင်တွေ လုပ်စားကြ၊ အကြော်တွေ ကြော်စားကြ၊ တယောက်နဲ့ တယောက် လက်ဆောင်လေးတွေ လဲလှယ်ကြ၊ ဆော့ကြ ကစားကြ … ပျော်စရာလေးတွေ ဖန်တီးဖြစ်ခဲ့ကြတယ်။ ခုတော့ … မောင်နှမတွေလည်း တယောက်တနေရာစီ၊ သူငယ်ချင်းတွေလည်း တယောက် တကွဲစီ ဝေးလွင့်နေကြပြီ။ တချိန်တုန်းက ပျော်ခဲ့ဖူးတာတွေဟာ ခုချိန်မှာတော့ အိပ်မက်တွေလိုပဲ တဖြည်းဖြည်း မှုန်တိမှုန်ဝါးနဲ့ ကျန်ရစ်လို့ … ။
.
ငယ်ငယ်တုန်းက ဖတ်ပြီး ခုထိ မှတ်မိ စွဲလမ်း နေမိတဲ့ ဘာသာပြန် ၀တ္ထုတိုလေး တပုဒ်ကို ခရစ်စမတ်ရာသီ ရောက်တိုင်း သတိရမိတယ်။ ၀တ္ထုလေး နာမည်က “ခရစ်စမတ် လက်ဆောင်” တဲ့။ ဖတ်ဖူးကြ မလားတော့ မသိဘူး။ စာရေးဆရာ နှစ်ဦး သုံးဦး ဘာသာပြန်ခဲ့ ကြဖူးတယ် ထင်ရဲ့။
.
မှတ်မိသလို ပြန်ပြောရရင် ... ဇာတ်လမ်းလေးက ငွေကြေး မပြည့်စုံတဲ့ ချစ်သူ နှစ်ဦးဟာ ခရစ်စမတ်မှာ လက်ဆောင်ပေးဖို့ တယောက်နဲ့ တယောက် ဖွင့်မပြောဘဲ တိတ်တိတ်ကလေး ကြံစည် နေခဲ့ကြတယ်။ ကောင်လေးက ဆံပင်ရှည်လေးနဲ့ လှတဲ့ သူ့ချစ်သူ မိန်းကလေး အတွက် အဖိုးတန် ကလစ် လှလှပေး ပေးချင်တယ်၊ မိန်းကလေးကတော့ ကောင်လေးရဲ့ နာရီလက်ပတ်ကြိုးလေး ဟောင်းနေပြီမို့ လက်ပတ်ကြိုး အသစ်ကလေး ၀ယ်ပေးချင်နေသတဲ့။ ဒီလိုနဲ့ သူတို့ ကြိုးစားပိုက်ဆံရှာပြီး နောက်ဆုံး ခရစ်စမတ် နေ့မှာ တယောက်နဲ့ တယောက်ဆုံတော့ လက်ဆောင်လေးတွေ ပေးကြတဲ့အခါ … လက်ဆောင်လေးတွေက အားလုံး ထင်ထားသလို ကောင်မလေးအတွက် … ကလစ်ကလေးနဲ့ ကောင်လေးအတွက် နာရီကြိုးကလေးပါပဲ။ ဒါပေမဲ့ …
.
ကောင်မလေးအတွက် အဖိုးတန် ကလစ်ကလေး ၀ယ်ဖို့ ပိုက်ဆံ မပြည့်လို့ ကောင်လေးက သူ့နာရီလေး ရောင်းလိုက်ရတယ်။ ကောင်မလေးကလည်း နာရီကြိုးလေး ၀ယ်ဖို့ ငွေမလောက်တာနဲ့ သူမြတ်နိုးတဲ့ ဆံပင်ရှည်လေးကိုဖြတ်ပြီး ရောင်းလိုက်ရသတဲ့။ ဒါပေမဲ့… သူတို့ရဲ့ လက်ဆောင်လေးတွေက အချည်းနှီး ဖြစ်မသွားခဲ့ပါဘူး။ သူတို့နှစ်ယောက်လုံး ဒီလက်ဆောင်လေးတွေကို တမြတ်တနိုး တန်ဖိုးထားခဲ့ကြတယ်။ ဒါ့ထက် ကြည်နူးဖို့ ကောင်းတာက ... တယောက်ရဲ့ လိုအပ်ချက်ကို တယောက်က ဖြည့်ဆီးပေးတဲ့နေရာမှာ ကိုယ်သိပ်မြတ်နိုးတဲ့ အရာကိုတောင် စွန့်လွှတ်နိုင်ခဲ့တဲ့ သူတို့နှစ်ဦးရဲ့ ခိုင်မြဲတဲ့ ချစ်ခြင်းမေတ္တာတွေက ဒီခရစ်စမတ်အတွက် အကောင်းဆုံး .လက်ဆောင်ပဲ မဟုတ်လား။
.
တကယ်ကို သိင်္ဂါရ ရသမြောက်တဲ့ ၀တ္ထုလေးတပုဒ်ပါပဲ။ အဲဒီ ဇာတ်လမ်းလေး ဖတ်ပြီး နောက်ပိုင်းကတည်းက ကျွန်မအနေနဲ့ တစုံတယောက်ကို လက်ဆောင် ပေးမယ်ဆိုတိုင်း သူ့အတွက် အသုံးဝင်မယ့် ပစ္စည်းကိုသာ ဦးစားပေး စဉ်းစားခဲ့မိတယ်။
***
ဒီလိုနဲ့ ခရစ်စမတ်တွေ အလီလီ ကူးပြောင်းခဲ့ပြီးတဲ့နောက် … တခုသော ခရစ်စမတ်မှာ ကျွန်မကို သူက သူ့ဘဝ တစ်ခုလုံး ကျွန်မထံ လက်ဆောင်အဖြစ် ပေးအပ်ရင် လက်ခံဖို့ တောင်းဆိုခဲ့တယ်။ သူ့ရဲ့လက်ဆောင်ကို ကျွန်မက လိုလားနှစ်သက်စွာ ခံယူခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်ဘဝ စတင်ဖို့ ခရစ်စမတ်နေ့လေးက အစပြုခဲ့ တာပေါ့။
.
အဲဒီအကြောင်း ကျွန်မက ကဗျာလေး တပုဒ် အခုလို ရေးခဲ့ပါတယ်။
.
“လက်ဆောင်”
...
မျက်ရည်တွေ ခြောက်ခမ်း
အလွမ်းတွေ ပြေစေရအောင်
လက်ဆောင်တခု ရခဲ့တယ်။
.
တသက်စာ
မျက်နှာမညိုဖို့
နှလုံးသားရဲ့ အလိုတော်အတိုင်း
ကိုယ်တော်ပေးသနားခဲ့လေသလား
“မေတ္တာတရား စစ်စစ်” တဲ့ …
ဒီခရစ်စမတ်က စ
ထာဝရနှစ်ရှည်
ကမ္ဘာတည်ပါစေသား … ။
....
၂၅၊ ၁၂၊ ၂၀၁၄
***
သူနဲ့ကျွန်မ နှစ်ယောက်ဘဝ တည်ဆောက်ခဲ့ကြပြီး အတူနေရတာ ခဏ၊ ခွဲခွါရတာ ခဏခဏ ဖြစ်ခဲ့ကြလို့ အမှတ်တရ နေ့ရက်တွေမှာ အတူ မရှိနိုင်ကြဘူး။ ၂၀၁၅ ခရစ်စမတ်မှာ ကျွန်မက မိဘများရှိရာ အမေရိကန်နိုင်ငံကို ရောက်နေခဲ့တယ်။ အဲဒီတုန်းက ဒီကဗျာလေး ရေးခဲ့ဖြစ်သေးတာ … ။
.
“တခါက ခရစ်စမတ် ညသို့”
.
ခရစ်စမတ်တဲ့
မြင့်မြတ်တဲ့ အခါသမယ
ဆိုကြပါစို့ရဲ့။
… … ..
အဲဒီနေ့က
ချစ်ခြင်းတရားတွေရဲ့ အစ
သောကတွေရဲ့ အဆုံး
အမုန်းတွေ ဖယ်ခွါ
အပြုံးတွေ သယ်လာခဲ့တယ်။
.
အဲဒီနေ့က
နွမ်းခဲ့သမျှ ပြေ
ကျွမ်းခဲ့သမျှ ကြေ
ဝေဒနာတွေ လျော့ပါး
နားလည်မှုများ ထားခဲ့ကြတယ်။
.
အဲဒီနေ့က
ပန်းတွေက ပိုမွှေးမြ
စမ်းရေက ပိုအေးမြ
နှစ်ယောက်ဘဝရဲ့ အစပျိုး
မေတ္တာမိုးတွေ စွေခဲ့ကြတယ်။
.
အဲဒီနေ့က
ငြိမ်းချမ်းတဲ့ အခါသမယ
ခရစ်စမတ်ညပေါ့
ဘယ်တော့မှ မမေ့စရာ
နှစ်ယောက်တကမ္ဘာအဖြစ်
သစ္စာတိုင်တည်ရစ်ခဲ့ကြတယ်။
.
ချစ်သူရေ …
နေရာတွေ ကွာခြားလို့
နှစ်ယောက်သား ဝေးနေပါစေ
ထာဝရ အချစ်ဓာတ် ဖြာလွှမ်းတဲ့
တခါက ခရစ်စမတ် ညချမ်းလေးကို
အမြဲတမ်းတ နေမှာပါလေ … ။ … ။
...
၂၅၊ ၁၂၊ ၁၅
***
၂၀၁၆ ခရစ်စမတ် ကျွန်မက ရန်ကုန်မှာ ... သူက စင်​ကာပူမှာ၊ အခု ၂၀၁၇ ခရစ်စမတ်မှာတော့ အတူရှိချင်တယ်ဆိုတာ နှစ်ယောက်စလုံးရဲ့ ဆန္ဒ။ ဒါပေမဲ့ ကျွန်မကလည်း လိုက်မသွားနိုင်၊ သူကလည်း ခွင့်တော့တင်ထားတယ် ချက်ချင်းလာလို့က မရသေး။
.
နောက်ဆုံးအချိန်ထိ ဘယ်နေ့ လာဖြစ်မယ်ဆိုတာ မသေချာသေးတော့ ကျွန်မလည်း မျှော်ရ လွမ်းရတာ ဖေ့စ်ဘွတ်ကြီးတောင် နားညည်းရော့မယ်။ နောက်ဆုံး ဒီဇင်ဘာ ၂၂ ရက်နေ့ မနက်ကျမှ ကျွန်မဆီ မက်ဆေ့ခ်ျပို့ပြီး လက်မှတ်ဝယ်ရမလား … $1060 တော့ ပေးရမယ်၊ ဒီညနေ ၄ နာရီခွဲ ရောက်မယ်တဲ့။
.
လေယာဉ်လက်မှတ်ဖိုးက အမေရိက အသွားအပြန် သွားနိုင်လောက်တာမို့ နှမြောမိပေမဲ့ ငွေကြေးထက် အရေးကြီးတဲ့ အရာ “ချစ်ခြင်းမေတ္တာ” ကို ကျွန်မတို့က တန်ဖိုးထားခဲ့ကြတာမို့ နှစ်ယောက်အတူ နေနိုင်ခွင့်ကိုသာ ရွေးချယ်ခဲ့ကြတယ်။ ဒီလိုနဲ့ သူ ကျွန်မဆီ ခရစ်စမတ် အမီ ရောက်လာခဲ့ပါတယ်။
.
သူနဲ့ ကျွန်မ တယောက်အတွက် တယောက် ရည်ရွယ်ပြီး ရုပ်ဝတ္ထု ပစ္စည်းလက်ဆောင်တွေ ဒီခရစ်စမတ်မှာ မပေးဖြစ်ခဲ့ကြပေမဲ့ ဒီဇင်ဘာ ၂၂ ရက်ကနေ ၂၇ ရက်နေ့ထိ ၅ ရက်တာ ကျွန်မဘေးမှာ ရှိနေခြင်းဟာ သူက ကျွန်မကို ပေးတဲ့ လက်ဆောင်ပေါ့၊ သူပေးတဲ့ လက်ဆောင်လေးကို ကျွန်မကလည်း တန်ဖိုးထားပြီး သူ့ကို စိတ်ချမ်းသာအောင် ထားပေးတာကတော့ သူ့ကို ပြန်ပေးခဲ့တဲ့ လက်ဆောင်ပေါ့။
.
သူ့လက်ဆောင်လေးကို ကျွန်မ ကျေနပ်သလို ကျွန်မလက်ဆောင်ကိုလည်း သူကျေနပ်မယ်လို့ ထင်တာပါပဲ။ တကယ်တော့ အဖိုးတန် ရုပ်ဝတ္ထု ပစ္စည်းတွေထက် တဦးအပေါ်တဦး နားလည်စွာ မေတ္တာထားနိုင်ခြင်းသည်သာ အကောင်းဆုံး လက်ဆောင်ပဲ မဟုတ်လား။
.
အားလုံးပဲ မေတ္တာပြည့်လွှမ်းသော ခရစ်စမတ် ညချမ်းလေး ဖြစ်ပါစေ ... ။
***
မေဓာဝီ
၂၅၊ ၁၂၊ ၂၀၁၇
(ဓာတ်​ပုံလေး ရိုက်​ကူး​ပေးတဲ့ ဆရာမ နှင်း​ဝေငြိမ်းကို ​ကျေးဇူးတင်​ ချစ်​ခင်​လျက်​)

No comments: