Saturday, March 19, 2011

တပေါင်းလနှင့် ဂါထာခြောက်ဆယ်

ဒီကနေ့ တပေါင်းလပြည့်နေ့ … ။
ကျောင်းဖွင့်ကတည်းက ဘလော့တွေ လည်ပတ်ဖတ်ရှုပြီး ကွန်မန့်ရေးတာတွေ မလုပ်၊ ကိုယ်တိုင်လဲ အသစ်မရေးဘဲ ကြိုးစား အားတင်းပြီး နေခဲ့တာ တပတ်ရှိသွားပါပြီ။ (ဘာမှလဲ မကြာသေးဘူး၊ စိတ်ထဲမှာတော့ အတော်ကြာနေသလိုပဲ) ကျောင်းဖွင့်တာနဲ့ စာတွေက များလွန်းလို့ ခင်မင်ရာ ခင်မင်ကြောင်း ဘလော့အပေါင်းကို သံယောဇဉ် မဖြတ်ချင်ဘဲ ဖြတ်ထားရတဲ့အတွက် ကျမရဲ့ ပျက်ကွက်မှုတွေကို အားလုံး နားလည်ပေးကြပါ။

ဒီနေ့ တပေါင်းလပြည့်နေ့မို့ မနက်စောစော အမလတ်ဆီ ဖုန်းဆက်ပြီး ဥပုသ်စောင့်ချင် စောင့်ရအောင် သတိပေးတော့ သူက တပေါင်းလပြည့်က ဘာနေ့လဲလို့ မေးတယ်။ ကျမလဲ ပြောချင်နေတာနဲ့ အတော်ပဲဆိုတော့ … တပေါင်းလက မြတ်စွာဘုရား ပြည်တော်ဝင် အခါတော်နေ့ ဖြစ်ကြောင်းက အစချီလို့ ကာဠုဒါယီ အမတ်ကြီးက တပေါင်းလသာယာပုံ ဂါထာတွေနဲ့ ပြည်တော်ဝင်ဖို့ မြတ်စွာဘုရားကို ပင့်ဖိတ်ကြောင်း အလယ်၊ ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ အဆုံး … မရပ်မနား ပြောပြလိုက်တယ်။ ဒီတော့သူက …

“မဟုတ်ပါဘူး ငါက မြန်မာပြည်မှာ ဘာတွေလုပ်ကြလဲ မေးတာ” …
ဆိုတော့မှ ကျမလဲ …
“သြော် … မြန်မာပြည်မှာတော့ တပေါင်းလဆို ဘုရားပွဲတွေ လုပ်တယ်လေ၊ ရန်ကုန်မှာဆို ရွှေတိဂုံဘုရားပွဲပေါ့ … ခုနက ပြောပြတာက အဲဒီလို ဘုရားပွဲတွေ လုပ်ရခြင်းရဲ့ အကြောင်းရင်း ဇစ်မြစ်ကို ပြောပြတာလေ …” လို့ ပြောလိုက်ရတယ်။ လျှော့လို့တော့ မဖြစ်ဘူး မဟုတ်လား။

တပေါင်းလပြည့်နေ့က စနေနေ့နဲ့လဲ တိုက်ဆိုင်တော့ ကျောင်းမသွားရတဲ့တူတူ န၀င်္ဂသီလ ဆောက်တည်ဖြစ်တယ်။ အမကို တပေါင်းလနဲ့ ပတ်သက်တာ ပြောပြရင်း ခြောက်ကပ်နေတဲ့ ဘလော့လေးလဲ အသက်ဝင်ရအောင် ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ထဲက တပေါင်းလရဲ့ သာယာပုံ လျှောက်တင်ခန်းကို တင်မယ်လို့ စိတ်ကူးဖြစ်တယ်။ တပေါင်းလပြည့်နေ့ အမှတ်တရ ဆိုပါတော့။ ရှင်အုန်းညိုရဲ့ ပြောင်မြောက်တဲ့ အသုံးအနှုန်းနဲ့ ရေးဖွဲ့မှုတွေကို ဖတ်ရတာ အလွန်ကို နှစ်သက်ဖို့ ကောင်းလှပါတယ်။ ဒီနေရာမှာ အီးဘွတ် ပီဒီအက်ဖ်ဖိုင် တင်ထားတာ တွေ့ပေမဲ့ ကိုယ့်ဘလော့လေးမှာလဲ တင်ချင်လွန်းလို့ တင်လိုက်တာပါ။ ဖတ်ကြည့်ကြပါအုံး။
***

ဆောင်းကူးနွေစ တပေါင်းလ သာယာပုံ
လျှောက်တင်ခန်း
(ရှင်အုန်းညို)

လူ့ဘုံသုံးပါး၊ အထွတ်ထား၍၊ တရားရသာ၊ မြိုက်သြဇာဖြင့်၊ သတ္တ၀ါလူ၊ ခပ်သိမ်းသူကို၊ ဆယ်ယူကယ်နိုင်၊ ရွှေပြည်ခိုင်သို့၊ တိုင်တိုင်ဘေးလွတ်၊ ပို့ပေတတ်သည်၊ လူနတ်ဆရာ၊ ရတနာဟု၊ မဟာဝီရ၊ လုံ့လအခေါင်၊ ဗောဓိညောင်နှိုက်၊ ခြောက်ရောင်လျှံဝါ၊ ဉာဏ်စကြာနှင့်၊ သစ္စာရဲးရဲး၊ ပွင့်ဆဲးဆဲးလျှင်၊ အံ့အဲးမနိုင်၊ ဆွယ်ပြိုင်နှိုင်းသော်၊ တုမမြော်သည်၊ ဘုန်းတော်ထွန်းလစ်၊ တို့သျှင်ချစ် … ။ အဖြစ်ကြောင်းလျား၊ မှာစကားကို၊ ဦးဖျားထိပ်ထက်၊ လျှောက်ကြားဆက်အံ့၊ ဘွားချက်မြှုပ်ထွေ၊ ဇာတိနေသား၊ အောင်မြေပြည်မ၊ ကပိလတွင်၊ မွေးဘသုဒ္ဓေါ်၊ တကာတော်နှင့်၊ ယသော်ဓရာ၊ ဗိမ္ဗာမြောက်သား၊ သည်းချားရာဟု၊ မျှော်ရာရှုလျက်၊ တစုတရုံး၊ ပန်းနှယ်ကုံးမျှ၊ သက်လုံးမေတ္တာ၊ ပြတ်ကြင်နာသော်၊ ဖူးပါလှချင်၊ ငါ့သခင်ကို၊ သို့ပင်ဆိုတမ်း၊ နိစ္စလွမ်း၍၊ မျက်ယမ်းထိထိ၊ မြော်ချင်ဘိဟု၊ ကြားသိတုံလို၊ တသောင်းဗိုလ်တွင်၊ ကျွန့်ကိုနောက်ဆင့်၊ ချီပင့်ရလှာ၊ ဤအခါကား၊ ဟေမာချမ်းဆောင်း၊ ကြွလှဲးပြောင်းသား၊ တပေါင်းနွေလ၊ ဂိမှာနဟု၊ သာလှပျော်မှု၊ သည်ရတုနှိုက်၊ ညွန့်နုဆဲးဆဲး၊ မီးလျှံခဲးသို့၊ ရဲးရဲးပြောင်ပြောင်၊ တောကုန်အောင်လည်း၊ ပွင့်ရောင်တိချည်း၊ ဖြင်ပေါပည်း၏့၊ ခမည်းတော်တောင်း၊ ပြည်တော်ဟောင်းသို့၊ ဖူးပေါင်းစိမ့်ငှာ၊ တောင်းပန်ထွာသည်။ … ။ သွားခါကာလ တန်ပြီတည်း။

မျှော်ရှုမျှော်ရှု၊ မျိုးတစုတွင်၊ ရာဟုအမိ၊ တစိဘွားတော်၊ မြောက်သားတော်နှင့်၊ သုဒ္ဓေါ်မွေးဘ၊ ရူတတင်းမေး၊ မိထွေးဂေါတမီ၊ ကလျာဏီတို့၊ ညီကားမင်းနန်၊ မကျန်လုံးခြုံ၊ ဇာတိဘုံဝယ်၊ အပုံမျိုးပေါင်း၊ ဆွေရှစ်သောင်းတို့၊ လွမ်းဟောင်းမပြေ၊ လွမ်းထွေကဲးဆင့်၊ ကွာသည်မြင့်ဟု၊ ယခင့်ရှေးသော်၊ ရွှေနန်းတော်နှိုက်၊ နှစ်ဘော်မောင်နှံ၊ ဗိုလ်ရှုခံလျက်၊ နတ်စံအလား၊ မိထွတ်ဖျားနှင့်၊ သိကြားသူဇာ၊ သက်ကျလှာသို့၊ မတ်ရာများဘောင်၊ လူ့တန်ဆောင်ကို၊ ယခေါင်ထက်တိုက်၊ ချစ်ဝမ်းပိုက်လျက်၊ ခေါ်စိုက်မေးစမ်း၊ ပြည်လုံးလွှမ်း၍့၊ ဆိုတမ်းအသံ၊ နှုတ်မညံ့တည့်၊ ကျံကျံသီးသီး၊ ပူပန်ကြီးသော်၊ ညီးညီးဝင်းဝင်း၊ တရားမင်းကြောင့်၊ သတင်းကြားကာ၊ မနေသာခဲ့၊ သွားခါတန်စွ၊ ဤကာလက၊ ချမ်းမြမသန်၊ ပြင်းထန်မပူ၊ လွင့်မြူမထောင်း၊ ညွန်ပြောင်းမချဉ်း၊ လေပြင်းမလာ၊ သည်းစွာထစ်ကြိုး၊ အုံ့မိုဃ်းမစွေ၊ ရေလည်းမကြီး၊ ခရီးဓွန့်ရှည်၊ နှစ်သောင်းထေရ်နှင့်၊ ရောင်ခြည်ပြိုးပြက်၊ အောက်ထက်မညံ၊ ထွန်းရိပ်လျှံမျှ၊ မဆံတူရိုး၊ သကျမျိုးကို၊ မြတ်နိုးလွန်ကျူး၊ အံ့မိန်းမူးလျက်၊ နဖူးထိပ်ပြင်၊ ရှိပန်ဆင်လျက်၊ ထိုတွင်ပြည်သူ၊ ဆုယူဆုတောင်း၊ မျှော်လင့်ရှောင်းသည်။ … ။ ချမ်းဆောင်းဟေမန် လွန်ပြီတည်း။

မြော်ဆုမြော်ဆု၊ တောင့်တပြုလျက်၊ မျှော်ရှုမပြတ်၊ သုံးလူ့ထွတ်ကို၊ ရိုညွတ်ပြင်းစွာ၊ ချစ်သဒ္ဓါ၍့၊ တကာတော်ရင်း၊ မွေးဘမင်းကား၊ ကြောင်းခြင်းပြန်ခေါက်၊ ဆယ်ထောင်မြောက်လျှင်၊ ဆယ်ခေါက်မင်းစေ၊ ပင့်ရထွေကို၊ ပရမေထိပ်မိုး၊ ထွတ်ခေါင်စိုးသည်၊ နွယ်ရိုးမြတ်လှ၊ မုနိန္ဒလျှင်၊ ဒေသရပ်ဟောင်း၊ ဆွေရှစ်သောင်းသို့၊ ရက်ပြောင်းခြောက်ဆယ်၊ ဝေးဓွန့်ကျယ်လည်း၊ သွားဘွယ်ချိန်ထောက်၊ ထိုပြည်ရောက်က၊ အနောက်တူရူ၊ ရှုတော်မူလျက်၊ မပြူနိုင်ပြီ၊ ရွှေစက်ချီ၍့၊ ရောဟိနီမြစ်၊ ကူးတုံလစ်က၊ သျှင်ချစ်ဌာန၊ ကပိလနှင့်၊ ကောဠိယတွင်၊ သာကိဝင်တို့၊ ပျော်အင်နှစ်ခြိုက်၊ ရှိပန်းစိုက်အံ့၊ ကျွတ်ထိုက်ရာရာ၊ လူတကာကို၊ ချမ်းသာရပ်တင်၊ ပို့စေချင်သည်။ … ။ မဂ္ဂင်အမြိုက် တန်ပြီတည်း။

ဘော်စုဘော်စု၊ ခေါ်သာဓုဖြင့်၊ လွမ်းမှုစည်းဝေး၊ ကြည်စိတ်ပြေးလျက်၊ ရေးရေးထင်လွန်း၊ ဆယ်ခိုင်ပန်းဖြင့်၊ ဦးစွန်းတူရူ၊ ပွင့်လူလူလျှင်၊ မည်သူမပြိုင်၊ ထွတ်ဖျားတိုင်သား၊ ဦးကိုင်ချက်မ၊ သုံးလူ့ဘကို၊ မြင်ရနိုးနိုး၊ ရှစ်သောင်းမျိုးတွင်၊ မင်းစိုးသုဒ္ဓေါ်၊ ခမည်းတော်က၊ ဖူးမြော်ချင်လှ၊ ခါနိစ္စဖြင့်၊ ပါဒနက်သန်၊ မြတ်ခြင်းလွန်သား၊ စက်မွန်နှစ်ဘော်၊ ဖ၀ါးတော်ကို၊ ကော်ရော်ထိပ်ထက်၊ မြဲးစွာရွက်၍့၊ စုံမက်ပြင်းလှ၊ ဖူးချင်တလျက်၊ ဘယ်လဘယ်နေ့၊ ဘယ်နံတွေ့၍့၊ စေ့စေ့ခြင်းတ၊ ပြန်တုံရအံ့၊ မြမြချိုစွာ၊ မြိုက်ရသာကို၊ တကာဆွေကောင်း၊ လူအပေါင်းနှင့်၊ ဆယ်ချောင်းဦးထိ၊ ကြားရဘိမူ၊ မြှေးငြိဝိဇ္ဇာ၊ ဘယာမောဟ၊ ရာဂမြစ်စည်၊ သံသာရှည်လည်း၊ ရွှေပြည်မဂ်ဖိုလ်၊ မခဲးငြိုတည့်၊ ကျွန့်ကိုမှာထား၊ လျှောက်လိုက်ကြားသည်။ … ။ တရားအရ မှန်ပြီတည်း။

ပျော်မှုပျော်မှု၊ မျှော်ကြည့်ရှု၍့၊ ရတုကောင်းစွာ၊ ဤအခါကား၊ သာသည်ညင်းညင်း၊ မြောက်လေကြွင်းနှင့်၊ ဆီးနှင်းမကုန်၊ ပူဟုန်မသည်း၊ ပျံ့ပျံ့ဖြည်းသား၊ တိမ်မည်းမဆိုင်၊ မြည်အိုင်ရိုက်ကြူး၊ မင်းလွင်မြူးသား၊ နွေဦးသရစ်၊ အခါဖြစ်၍၊ သျှင်ချစ်ဘုရား၊ သုံးလူ့ဖျားလျှင်၊ ဖ၀ါးစက်တော်၊ ချီတုံသော်လည်း၊ ထော်လော်စုန့်လုန့်၊ မြေမှုန့်မြေကြမ်း၊ ခရီးလမ်းနှိုက်၊ သာချမ်းညံ့စေ၊ လွှဲးဖယ်လေလျက်၊ ပရမေထွန်းပေါ်၊ မြတ်နုဘော်ဖြင့်၊ သျှင်တော်မှန်စင်၊ ငါ့သခင်ကို၊ စက်ရှင်မြုတေ၊ ကြွသာစေဟု၊ ဝေးမြေတပါး၊ ဖဲးနှင့်ရှား၍၊ ပြန်သွားမငြီး၊ သဲးမွေ့နှီးသည်။ … ။ ခရီးသာစွ မွန်ပြီတည်း။

ပေါ်လှုပေါ်လှု၊ ညွှန့်သစ်နုနှင့်၊ ရတုသာထွေ၊ နွေကားရောက်ပြီး၊ ဆောင်းအမြီးဟု၊ ခရီးလမ်းလျဉ်၊ ခက်ချင်းယှဉ်သား၊ ပင်စည်ဖြူးဖြူး၊ ရိပ်စက်ကူး၍၊ ငုံဖူးစီစို့၊ တချို့ကားပွင့်၊ ကင်းနှင့်မညံ၊ မီးလျံသဘွယ်၊ ၀င်းဝင်းကယ်မျှ၊ မြိုင်လယ်ရဲးရဲး၊ အခဲးခဲးတိ၊ တော်ထဲးစုံကောင်း၊ ပန်းအပေါင်းနှင့်၊ ရွက်ဟောင်းပင်အောက်၊ ဖူးညှောက်လူလူ၊ ထွက်စပြူလျက်၊ ပျံ့ကြူဧးဧး၊ လေညှင်းသွေးသော်၊ မွှေးမွှေးရဂုံ၊ သင်းနံ့ထုံသို့၊ ပြောစုံခန့်ချုံး၊ ပွင့်ရောင်ဖုံးသည်။ … ။ တောလုံးညွန့်သစ် လှန်ပြီတည်း။

ယော်နုယော်နု၊ ရွက်သစ်ပြုလျက်၊ ရတုအလိုက်၊ ခက်ချင်းဆိုက်၍့၊ အကိုက်ငုံဖူး၊ ဖြူးရရူးလျှင်၊ တန်ခူးမပြောင်း၊ တပေါင်းမကုန်၊ ပူဟုန်မပြင်း၊ နှင်းလည်းစဲးစ၊ ကာလသာထွေ၊ ဆောင်းနွေဆိုးဆမ်း၊ ပူချမ်းနှစ်ပါး၊ ဆွေတော်များတို့၊ ဘုရားမြတ်စွာ၊ ဖူးအံ့ခါကား၊ သာယာသောတိ၊ ကြွဘွယ်ရှိစွ၊ ခရီ့းဆစ်ပိုင်း၊ လမ်းစဉ်တိုင်းတုံ၊ သစ်ကိုင်းညွန့်လန်း၊ ဂနိုင်ပန်းတိ၊ ထက်ဝန်းဖြင်မျှ၊ ပွင့်လတ်ကြသော်၊ ရွှင်ပျမြည်ရှုန်း၊ ပိတုန်းမည်းနက်၊ ၀တ်ရက်ယူယူ၊ ချမ်မူဘော်နှော၊ ရဂုံတောဝယ်၊ ဥသြကျေးငှက်၊ ယှဉ်ဘက်မကွာ၊ ဟင်္သာပဲးထွေး၊ သံလေးကျူးဆင့်၊ ကြွေးရင့်မညံ၊ ခုန်ပျံပြေးသွား၊ တပင်းနားလျက်၊ ပင်ဖျားပင်ခြေ၊ မွမ်းမွမ်းထွေလျက်၊ စုံမြေရိပ်ကောင်း၊ ရွေများပေါင်းသည်။ … ။ ဥဒေါင်းမောရ တွန်ပြီတည်း။
ဆောင်းကူးနွေစ တပေါင်းလသာယာပုံ လျှောက်တင်ခန်း ပြီး၏။
***
လပြည့်နေ့လေးတွေဟာ ကျမအတွက် အမြဲအမှတ်တရ ဖြစ်စေပြီး ထူးခြားတဲ့ စိတ်ခံစားမှုကို ပေးစွမ်းတဲ့အတွက် ဘ၀မှာ အရေးပါတဲ့ နေ့တွေလို့ဆိုရင် မမှားပါဘူး။ ဒီလိုနေ့မျိုးမှာ ဗုဒ္ဓရဲ့ စည်းကမ်းနဲ့ အညီ သီလဆောက်တည်လို့ ကိုယ်နှုတ်စိတ်ကို ထိမ်းသိမ်းရင်း ဗုဒ္ဓကို ပူဇော်တဲ့ ဂါထာတော်တွေ ရွတ်ဖတ်ပြီး သတ္တ၀ါ အများကို မေတ္တာပို့ကာ စိတ်အေးချမ်းစေဖို့ ဆုတောင်းမိပါတယ်။

မေတ္တာဖြင့် …
မေဓာဝီ
၁၉၊ မတ်၊ ၂၀၁၁
၁၃း၃၆ နာရီ

တပေါင်းလပြည့်နှင့် ပတ်သက်၍ ရေးခဲ့သမျှ
၁) ထူးခြားသော ဒီသောကြာ (၂၀၀၇ - မတ်)
၂) တပေါင်းလပြည့် အလွမ်း (၂၀၀၉ - မတ်)

မှတ်ချက်။ ... ။ ရှင်အုန်းညို ဂါထာခြောက်ဆယ်ပျို့ စာအုပ်ပါ သတ်ပုံသတ်ညွှန်းအတိုင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။

16 comments:

ဝါတော်ခြောက်ဆယ်ကျောက် said...

ဒေါ်လေးမေရေ..ကျေးဇူးပဲ..ဂါထာခြောက်ဆယ် ပျို့ကို မဖတ်ရတာကြာပြီ..ခု ပြန်ဖတ်တော့လဲ အရသာရှိလိုက်တာ..
အဟဲ...post card တော့ရပြီ..ဦးထုပ်မရောက်သေးဘူး..
ရမှ ဦးထုပ်ဆောင်းပြီး Mr Beam ကပြဦးမယ်..

ဟန်ကြည် said...

ရှင်အုန်းညိုရဲ့ ဂါထာခြောက်ဆယ်ပျို့ကို ကြားဖူးပေမယ့် အခွင့်မသာတာကြောင့် ရှာမဖတ်ဖြစ်ခဲ့မိဘူး...အခုမှပဲ ရေကန်အသင့်ကြာအသင့် ဖြစ်သွားတော့တယ်...နတ်တို့ဖန်တာတော့မဟုတ်ဘူးပေါ့ အစ်မကျေးဇူးနဲ့ပါ..

sosegado said...

တပေါင်းဆို နွေရောက်ပြီပဲသိတာ၊ ရတုဖတ်သွားပါတယ်၊
ရတုတွေဖတ်ရတာများတော့ ရတုရေးချင်စိတ်ပေါက်လာတယ်၊ မော်ဒန်ရတုတော့ဖြစ်မှာပဲ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီနေ့တပေါင်းလပြည့်နေ့ဆိုတာ မမေပိုစ့်လာဖတ်မှသိတော့တယ် ဟီး
ကမန်းကတန်း အပြင်ထွက်ပြီး လပြည့်ကြီးကို တွေ့မလား သွားချောင်းကြည့်တာ လနဲ့တူတဲ့ အရိပ်အယောင်တောင်မတွေ့လိုက်ရဘူး.
ရာသီဥတုတွေဖောက်လွဲဖောက်ပြန်ဖြစ်ပြီး မိုးတွေရွာ နွေခေါင်ခေါင် မိုးတွင်းတွေဖြစ်နေတော့ နွေရောက်ပြီဆိုတာလည်း မေ့သွားတယ်
လပြည့်ဆိုတာလဲ မတွေ့ရဘူး ဖြစ်နေတယ်..
ရာသီတွေထဲမှာ နွေရာသီကို မကြိုက်ပေမဲ့ ကဗျာထဲမှာတော့ နွေဦးအလှကို ရေးဖွဲ့တဲ့ ကဗျာတွေကို အကြိုက်ဆုံးဘဲ။ စိတ်ဖြောင့်ဖြောင့်နဲ့ စာတွေသင်နိုင်ပါစေး)

ကိုအောင်(ပျူနိုင်ငံ) said...

ရှားရှားပါးပါးတွေ ဖတ်ရလို့ ကျေးဇူးဗျို့ ...

Angelhlaing(May everybody be happy and healthy! said...

မသိသေးတဲ့အကြောင်း အရာတွေ တော်တော် များများ သိခွင့်ရလို့ ကျေးဇူးပါနော်။ ကောင်းသော နေ့လေးဖြစ်ပါစေ။

ညီလင်းသစ် said...

မမေဓါဝီ တင်ပေးတော့မှပဲ ဒီ ဂါထာခြောက်ဆယ်ပျို့ကို ဖတ်ဖူးတော့တယ်၊ ကျေးဇူးပါပဲဗျာ...၊ ဘလော့ဂ်တွေမှာ အသွားအလာ မတွေ့တော့လို့ စာတွေဖက် ပြန်လှည့် နေတယ်လို့ အမှတ်ရမိပါတယ်၊ ဘဝမှာ ဦးစားပေးရတာ တွေက ဒီလိုပါပဲလေ..၊ အဆင်ပြေတဲ့အခါလည်း တွေ့ကြတာပေါ့၊ ဘလော့ဂ်တွေကတော့ အနည်းနဲ့အများ ရှိ နေကြမှာပါပဲ မမေဓါဝီရေ...။

တောက်ပကြယ်စင် said...

မမေက မြန်မာပြည်နဲ့ ဟိုးအဝေးကို ရောက်နေပေမယ့် မြန်မာပြည်မှာ နေရသလိုပါပဲလား န၀င်္ဂဥပုသ်သီလတွေ စောင့်လို့ပေါ့...ဒီပိုစ်က ဦးဇင်းကို တက္ကသိုလ်နှစ်တွေကို ပြန်သတိစေပါတယ် မြန်မာစာထဲမှာ ပြဌာန်းစာအဖြစ် ပါနေလို့လေ...ကျန်းမာရွှင်လန်း အေးချမ်းပါစေနော်...

ကိုကိုမောင်(ပန်းရနံ့) said...

ရာသီဆိုင်ရာဖွဲ့ဆိုမှုတွေ တစ်စီတစ်တန်းကြီး သိနေတာ ချီးကျူးစရာဘဲ။ သီလရှင်လူထွက်လေးလား မသိပါဘူး။ တပို့တွဲလပြည့်နေ့တုန်းကလဲ သြ၀ါဒပါတိမောက်အခါတော်နေ့တဲ့။ အခုလဲ ပြန်တော်ဝင်နေ့တဲ့။ လာမဲ့ တန်ခူးလပြည့်နေ့မှာကော ဘာနေ့တွေ ထပ်တင်ဦးမှာပါလိမ့်။ စိတ်ဝင်စားစရာဘဲ။
အခုလို စိတ်ရှည် လက်ရှည် စာတွေ ကူးပြီး တင်ပေးတာ ကျေးဇူးတင်ဖို့ကောင်းတယ်။
ဒါကြောင့် ကျေးဇူးတင်တယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

မြစ်ကျိုးအင်း said...

ရင်ထဲက စကားပြောရရင် ဒီလိုဘလော့ဂ်ရှိတာ ဘလော့ ဟန်ချက်ညီစေတယ်။ လေးစားမိပါတယ်။

Maung Myo said...

အစ်မ က ဘာသာရေးတော်တော်လုပ်တယ်နော် အဲ့တာဆိုရင်တော့ အစ်မစိတ်လေးတွေ အမြဲအေးချမ်းနေမှာမြင်ယောင်သေး ။ ကျောင်းစာတွေအဆင်ပြေပါစေ ပို့စ်တင်တိုင်း မမေ ကော့မန့်လေးတွေ မျှော်မိတယ် မအားမှန်းသိပေမယ့်ပေါ့း)

နေ၀ဿန် said...

ဒီတပေါင်းလပြည့်နေ့တော့ လကိုအကြီးကြီးပဲ မြင်လိုက်ရတယ်... ခေါင်မိုးပေါ်တက်ပြီး ဓါတ်ပုံရိုက်ကြတာ ဒုနဲ့ဒေးပဲ... မမေဓါဝီကို ချီးကျူးတာက စာဖတ်အားတော်တော်ကောင်းတယ်...း)))


ခင်မင်လျက်
နေ၀ဿန်

သားသားသန့် said...

မမမေကတော့ဗဟုသုတ စာဖတ်အားအတော်ကောင်းပါပေတယ်....ဒါကြောင့်လည်းနာမည်ကြီးနေတာပေါ့...:)

တန်ခူး said...

မေ... တပေါင်းလပြည့်ကျော်မှ ရောက်လာဖြစ်တယ်...နေကောင်းလားမေ... စာတွေပိနေပြီလား...လွမ်းတယ်

pandora said...

ဒီနှစ် တပေါင်းလပြည့်မှာ စူပါမွန်းကြောင့် ရေတွေကြီးမယ် သဘာဝဘေးတွေဖြစ်နိုင်တယ်ဆိုလို့ စိတ်တထင့်ထင့်နဲ့ သတင်းတွေကို စောင့်ဖတ်နေခဲ့တယ်။ ဘာမှမဖြစ်ပါစေနဲ့ ဆုတောင်းနေမိတယ်။
လပြည့်ကျော်ကာသွားတော့ ....

khin oo may said...

http://lubo601.blogspot.com/2011/03/blog-post_6888.html

သူ့အကြောင်းကို ဒီခေါင်းစဉ်အောက်မှာ ရေးရတာ စိတ်ထဲ မကောင်းလှဘူး၊ ပြန်တွေးမိတိုင်းလဲ သိပ်ဝမ်းနည်းရပါတယ်။ ဒါပေမဲ့လဲ ဆက်စပ်နေတဲ့ အကြောင်းအရာမို့ ဒီခေါင်းစဉ်အောက်ပဲ ထည့်လိုက်တာကို သူသိရင် ခွင့်လွှတ်နိုင်မှာပါ။ သူက ကျမကို အမြဲ နားလည် ခွင့်လွှတ်ပေးခဲ့သူ တယောက်ပဲလေ။

ရီ

မေဓာဝီ မှကူးယူတင်ပြပါသည်။
Labels: ၀တ္ထု