Saturday, April 02, 2011

ပါရမီဖြည့်ဘက် ...

ဒီနေ့အဖို့ ကျောင်းစာလုပ်ရတာ စိတ်မပါဘူး။ ဒါနဲ့ပဲ ဖုန်တက်စပြုနေတဲ့ ဘလော့လေးဆီ ခြေဦးလှည့်လိုက်တယ်။ ကိုယ့်ဘလော့တောင် ကိုယ်မရောက်တာ အတော်ကြာနေလို့ သိပ်တောင် မမှတ်မိချင်တော့ဘူး။ တခြားဘလော့တွေလဲ အိမ်တိုင်ယာရောက်သာ မလည်ဖြစ်ပေမဲ့ တင်သမျှတွေကို ရီဒါထဲက တိတ်တခိုး ဖတ်နေမိတယ်။ ညအိပ်ခါနီး ခဏတဖြုတ် စိတ်အပမ်းပြေ ဖတ်တာရယ်လို့ အကြောင်းပြချက်နဲ့ပေါ့။ အဲဒီလို ညည စာခိုးဖတ်ရင်း မသက်ဝေက အချစ်အကြောင်း တဂ်ထားတာ တွေ့ပေမဲ့ မသိချင်ယောင် ဆောင်နေမိတယ်။ မဆောင်လို့လဲ မဖြစ်ဘူး၊ ဒီအသက်အရွယ်ကြီးကျမှ ကလေးကလား အချစ်အကြောင်း ပြောရမှာ ရှက်တာက တကြောင်း၊ ကိုယ့်အချစ်ကိုယ်လဲ ကိုယ်နားမလည်၊ ကိုယ့်ကို ချစ်ပါတယ် ဆိုသူတွေရဲ့ အချစ်ကိုလဲ မယုံကြည်ခဲ့တာက တကြောင်းကြောင့် ....... ဆိုပါတော့လေ။

ကိုယ်ကြုံခဲ့ဖူးတဲ့ ခပ်ညံ့ညံ့ အချစ်တွေကို ယုံကြည် နားလည်ဖို့ ခက်ခဲပေမဲ့ လောကမှာ တကယ်ကို စစ်မှန်ပြီး အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္တာတရားတွေ ရှိတယ်ဆိုတာ လက်ခံသလို အဲဒီလို ချစ်ကြသူတွေကိုလဲ လေးစားမိပါတယ်။

ဒီလိုနဲ့ ရာဇ၀င်တွေ ဗုဒ္ဓ၀င်တွေထဲက အချစ်အကြောင်းတွေ ရောက်တတ်ရာရာ လျှောက်တွေးရင်း သီချင်း တပိုင်းတစနဲ့အတူ စန္ဒကိန္နရီဇာတ်လမ်းလေး အတွေးထဲ ရောက်လာတယ်။
"ရက်စက်စွာ ပြောသော်လဲ ... ချစ်လင်ကလွဲ ဖွဲဆန်ကွဲ ထင်တယ် ..."

သြော် ... ချစ်တတ်လိုက်ကြတဲ့ သူတို့တတွေ ... ။ မြားဆိပ်သင့်လို့ မြတ်စွာဘုရား အလောင်းတော် ကိန္နရာဖိုကြီး သေငယ်ဇောနဲ့ မြောနေတာတောင် ကိန္နရီမလေးက သစ္စာဆိုပြီး မြားဆိပ်ပြယ်စေခဲ့တာ ... ။ မိန်းကလေးတယောက်ရဲ့ အင်အားကြီးမားတဲ့ ချစ်ခြင်းမေတ္တာနဲ့ သစ္စာတရား ... လေးစားဂုဏ်ယူစရာပဲ။

ကိုယ်က မိန်းမဆိုတော့ မိန်းမတွေဘက်က သာသာထိုးထိုး တွေးမိသလား မပြောတတ်ပါဘူး။ ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင် မိန်းမတွေက ပိုသာတယ်လို့ ထင်မိတယ်။ "အောင်မြင်တဲ့ ယောက်ျားတွေရဲ့ နောက်ကွယ်မှာ ထက်မြက်တဲ့ မိန်းမတွေက ချစ်ခြင်းမေတ္တာတွေနဲ့ ပံ့ပိုးပေးထားတယ်" မဟုတ်လား။ အတိုဆုံးစကားလုံးနဲ့ ပြောရရင်တော့ ပါရမီဖြည့်ဘက် ... ဆိုပါတော့။ ယောက်ျားတယောက် အောင်မြင်ဖို့ရာ ပါရမီဖြည့်ဘက်ကောင်း ရှိဖို့ကလဲ အရေးကြီးတယ်လေ။

ဒါပေမဲ့ ပါရမီဖြည့်ဘက်ဆိုတိုင်းလဲ နှစ်ဦးသား ရာသက်ပန် ပေါင်းဖက်နိုင်ကြတာ မဟုတ်ပြန်ဘူး။ ဘ၀အဆက်ဆက် ပါရမီတွေ ဖြည့်ရင်း ခွဲခွါ ကွဲကွာ ခဲ့ကြတဲ့ မောင်နှံတွေ အများသား။
ဇနပဒကလျာဏီကို ထားရစ်ခဲ့တဲ့ နန္ဒ။
ယသော်ဓရာကို ခွဲခွါခဲ့တဲ့ သိဒ္ဓတ္ထ။
သီဝလိမင်းသမီးလေးကို စွန့်ပစ်ခဲ့တဲ့ မဟာဇနက ... ။
လွတ်မြောက်ရာကိုရှာဖို့ ချည်နှောင်ပြီးသား သံယောဇဉ်တွေကို ဖြတ်ရက်ခဲ့ကြတယ်။

မိန်းကလေးတွေဘက်က တွေးကြည့်ရင် ရင်နာစရာကြီးပါ။ ကိုယ့်ချစ်သူ၊ ကိုယ့်လင်သားရဲ့ စွန့်ပစ်မှုကို ခံရတယ်ဆိုတာလောက် အားငယ်စရာ ကောင်းတာ ဘယ်ရှိမှာလဲ။ ဖောက်ပြန်ဖို့ စွန့်ခွါတာ မဟုတ်ပေမဲ့ ဘာပဲပြောပြော ချစ်ခင်အားကိုးလို့ လက်တွဲခဲ့ကြပြီးမှ စွန့်ပစ်ခံရတာ လူတွေကြားထဲ မျက်နှာငယ်ရရှာမယ်။ ဒါပေမဲ့ ဒီလိုစွန့်ပစ်ခံရလို့ မာနစိတ်နဲ့ သူကြင်မှ ကိုယ်ကြင်ဆိုပြီး ထင်ရာတွေ မလုပ်ခဲ့ကြဘူး။

အထပ်ထပ်ဖတ်ခဲ့ပြီး ဖတ်ဖြစ်တိုင်း မိန်းကလေးဘက်က စိတ်မကောင်းဖြစ်ခဲ့ရတဲ့ ဇာတ်တော်တခုက မဟာဇနက ဇာတ်တော်ပါပဲ။ မဟာဇနကဆိုရင် များသောအားဖြင့် ပင်လယ်ပြင်မှာ သင်္ဘောပျက်ပြီး မဏိမေခလာ လာကယ်တဲ့ ဇာတ်ကြောင်းက ပိုပြီး ထင်ရှားပေမဲ့ ကျမစိတ်ဝင်စားတဲ့ အပိုင်းက မဟာဇနက မင်းကြီးတောထွက်ခန်းပါ။ ဒီဇာတ်လမ်းက အများသိပြီးသားပဲမို့ အကျယ်ချဲ့ပြီး ပြန်ရေးမနေတော့ပါဘူး။ မဟာဇနက တောထွက်တော့ ငိုယိုပြီး နောက်က တကောက်ကောက် လိုက်နေတဲ့ သီဝလိမင်းသမီးလေးကို စိတ်ထဲ သိပ်သနားမိတယ်။ မဟာဇနကက မြေကြီးမှာ စည်းသားပြီး စည်းကျော် မလိုက်နဲ့ ပြောလဲ မပြန်ဘူး၊ လက်ကောက် နှစ်ကွင်းနဲ့ ဥပမာပေး၊ မျက်စိတဖက်မှိတ်ပြီး မြားပစ်သူနဲ့ ဥပမာပေးလဲ မရဘူး။ နောက်ဆုံး မြက်ပင်ကလေး ဖြတ်ပြပြီး အဲဒီလိုပဲ မင်းနဲ့ငါ ပြတ်ပြီ ဒီတသက် ပြန်ဆက်မရတော့ဘူးလို့ ဆိုခဲ့သတဲ့။

ဖတ်ရင်း မင်းသမီးလေးနေရာက ၀မ်းနည်းလို့ မျက်ရည်လည်မိတယ်။ မဟာဇနကမင်းကြီး ရက်စက်လှချည်ရဲ့လို့ တွေးများတောင် တွေးမိလိုက်သေး။ ဒါပေမဲ့ သီဝလိမင်းသမီးလေးက ပါရမီဖြည့်ဘက် ပီသစွာ သူ့မောင်တော်အပေါ် မေတ္တာမပျက်တဲ့အပြင် သူ့မောင်တော် ကျင့်ကြံတဲ့အတိုင်း အသက်ထက်ဆုံး တရားအားထုတ်ခဲ့သတဲ့။ သြော် ... ပါရမီဖြည့်ဘက်တွေရဲ့ ဘ၀ဟာ မျက်ရည်တွေ နာကျင်ခြင်းတွေ ပြည့်လို့ပါပဲလား။

ဒီဇာတ်တော်ကို အကြောင်းပြုပြီး ကျမ ကဗျာတပုဒ် ရေးခဲ့ဖူးပါတယ်။ ခေါင်းစဉ်က "ပါရမီဖြည့်ဘက်" ... တဲ့။ ဖတ်ကြည့်ကြပါအုံး ... ။
***
ပါရမီ ဖြည့်ဘက်

မနီးသင့်သည်မို့
စည်းနှင့်သားခဲ့ပြီလားလေ …။

မတားသာပေ …
ထားရာနေ စေရာသွားသူမို့
တရားရှာဖွေ ပြည်ခွါထားလေတော့
ဝေဒနာ ကုဋေကုဋာများစွာနဲ့
ဗျာမီးပူဝေ။

ပြတ်သားစွာ
မြက်အားပမာဆိုလျက်
ငိုရက်အောင် ပြုသူရေ
ကိုယ်ကြေလို့ စိတ်ထောင်း … ။

ရှောင်ရစ်ကာ
မောင်ပစ်ခွါ သွားပါလည်း
နှောင်ချစ်သဒ္ဓါ များစွာနဲ့
ပါရမီ တူညီဖြည့်ချင်စမ်းပါလို့
မဂ်လမ်းကို အတူမြန်းအောင်ပ
ဝတ်ကြောင်ကို မောင်ပယ်လျှင်ဖြင့်
မယ်လဲ ရှောင်ခွါဖယ်ပေါ့
နောင်ခါဝယ် နှစ်ကိုယ်နီးစေသား
တကိုယ်တည်းသာ မသွားပါချင်နဲ့
တရားရှာ ရှစ်ဖြာလမ်းဝင်ဖို့
ဘုရားမှာ သစ္စာပန်းတင်လို့
သခင်ရယ် .... ရင်မှ ဆုတောင်း .... ။ ... ။
***
၂၈၊ ဇန်န၀ါရီ၊ ၂၀၁၁
၁၃း၂၂ နာရီ
***
ဒီကဗျာလေး ရေးခဲ့တာ ကြာပါပြီ။ ကဗျာချည်းသက်သက် မတင်ချင်လို့ သိမ်းထားခဲ့တာ။ မသက်ဝေ တဂ်တဲ့ အချစ်အကြောင်းခေါင်းစဉ်မှာ ဒီကဗျာထည့်လို့ရတာပဲလို့ စဉ်းစားမိတာနဲ့ ဘလော့က ဖုန်လေးတွေကို အချစ်ဆိုတဲ့ လေတွေနဲ့ မှုတ်ထုတ်ရင်း တဂ်ဖြေ အမျက်ပြေ အရှက်ပြေ စာတပုဒ် ရေးထုတ် လိုက်ရပါကြောင်း။
***
မေဓာဝီ
၂၊ ဧပြီ၊ ၂၀၁၁
၀၁း၃၂

မှတ်ချက်။ ။ ကဗျာကို ဖတ်ရှုပြင်ဆင်ပေးသော
ဦးဟယ်ရီကို ကျေးဇူးအထူးတင်ပါသည်။

21 comments:

မဟာဇနကျောက် said...

အင်း....ခုမှပဲ ဒို့မအောင်မြင်ရခြင်း အကြောင်းသိ သိပြီ..
နောက်မှာကွယ်ထားတာ.ဘာမှမရှိလို့ကိုး....

sosegado said...

ကိုရင်ဝတ်သွားတဲ့ မောင်ရှင်လောင်းကို လွှမ်းတဲ့ လုံမပျို ကဗျာကို သတိရမိပါတယ်၊ တကယ်တော့ ပါရမီဖြည့်ဘို့ကမလွယ်ပါဘူး၊ ဆုတောင်းရတယ် ကျင့်ကြံရတယ် အဆက်ဆက်တိုင်း ပါရမီဖြည့်နိုင်အောင်ပေါ့၊ ဘဝဆက်တိုင်း ပါရမီဖြည့်သူဖြစ်ပါစေလို့ ဆုပေးရင် တစ်မျိုးကြီးဖြစ်သွားကြတယ်။

rose said...

ပို့စ် တစ်ခုတည်းနဲ့ကို ဇာတ်တော် ထဲက အကြောင်းတွေ၊ သိပ်ကို လှပ ပြေပြစ်တဲ့ ကဗျာလေး တစ်ပုဒ်ရယ်ကို ဖတ်ရှု လိုက်ရလို့ ကျေးဇူးပါ မမေ။

မောင်မျိုး said...

အစ်မ စာလေးတွေဖတ်ရင်းေ ရှးရှေးတုန်းက ကိုယ်မသိတာလေးတွေပါ သိလိုက်ရသလိုပဲ ကဗျာလေးတွေလည်း စပ်တာတော်တယ် ဒါကြောင့် နေ၀သန်က ပြောတာ အိမ်သာထဲမှာတောင် ကဗျာစပ်နိုင်မယ့် သူမျိုးတဲ့ မခံနဲ့ အဲ့ကောင်ပြောတား)

Anonymous said...

ဖတ်ပြီး မျက်ရည်လည်တယ်..။
အူကြောင်ကြောင်နဲ့..။




ပေါက်

နေ၀ဿန် said...

မမေဓါဝီတို့ ကဗျာစပ်တတ်ပုံများ သြချပါရဲ့...း)).. ဒါနဲ့ ကျွန်တော့်ဗျူးမှာ အမကို ချီးကျူးထားလေရဲ့. .အဟီး..

ခင်မင်လျက်
နေ၀ဿန်

မိုးယံ said...

အရှက်ပြေ ပါရမီဖြည့်ဖက် အား ဖတ်ပြီးပါကြောင်း

မဟာဇနက တောထွက်ခန်းလေး သိခွင့်ရလို့ ကျေးဇူးပါ ဒေါ်လေးမေ

မိုးယံ said...

အရှက်ပြေ ပါရမီဖြည့်ဖက် အား ဖတ်ပြီးပါကြောင်း

မဟာဇနက တောထွက်ခန်းလေး သိခွင့်ရလို့ ကျေးဇူးပါ ဒေါ်လေးမေ

Anonymous said...

မမေ ရေ

အချစ်ဆိုတဲ့ လေ နဲ့ ဘလော့ဂ် ပေါ်ကဖုန်လေး တွေ ကို မှုတ်ထုတ်လိုက်တယ်လား သူများတွေ ပေ ကုန်ပါအုန်းမယ်

အင်း တရားသဘောနဲ့ ရေးတဲ့ ပါရမီဖြည့်ဘက် ကဗျာလေး ကသိပ်ကောင်းပါတယ်

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ခရီးသွားသူတစ်ဦး... said...

ခရီးသွားရင်း ပါရမီဖြည့်ဖက် လာဖတ်သွားပါတယ် မမေရေ ကျန်းမာရွှင်လန်း အေးချမ်းပါစေ...

Angelhlaing(May everybody be happy and healthy! said...

ရင်နာနာနဲ့ ပါရမီဖြည့်ဘက် လုပ်ချင်ဘူးနော်..မမ
:P
အားပေးသွားလျှက်...
ကောင်းသောနေ့လေးဖြစ်ပါစေ။

သက်ဝေ said...

မေ့ရဲ့ စာစုလေးကလည်း
အကိုးအကားလေးတွေနဲ့ လှလှပပ...
မေ့ ကဗျာလေးကလည်း
ကာရန်ညီညီလေးနဲ့ လှလှပပ...

အခုလို လှပပြီး ကြည်နူးစရာပိုစ့်လေး ရေးပေးတာ.. ကျေးဇူးပါ မေ...း))

Sint Si said...

It's very nice story about love!!!

ချော(အစိမ်းရောင်လွင်ပြင်) said...

ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုတာ အချစ်ဆိုတဲ့ တွန်းအားလည်း ရှိဖို့လိုလိမ့်မယ်နော် မမေ။
မဟုတ်ရင် အချစ်မပါတဲ့အခါ ကြာရင်ပါရမီဖြည့်ရတာ ငြူစူလာမယ်လို့ ထင်ပါတယ်။
အချစ်နဲ့ သိုင်းဝိုင်းလွှမ်းခြုံထားခဲ့ရင်တော့ ပျော်ရွှင်စရာ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက် ဖြစ်လာနိုင်မှာပါ။
ကဗျာလေးဖတ်ပြီး လွမ်းမောမိတယ်။
မိန်းမတွေရဲ့ ပါရမီဖြည့်ဖက်ဘ၀က တကယ်တော့ အနစ်နာခံရတာ များနေမလား လို့ စဉ်းစားမိတယ်။

ညီလင်းသစ် said...

တခါတခေါက် ဘလော့ဂ်ကို လှည့်လာပေမယ့်လို့ တစ်ပုဒ်ဆို ဆိုသလောက် ပြောစမှတ် ပြုစရာပါပဲ၊ ပါရမီ ဖြည့်ဖက်တွေ အကြောင်း အကိုးအကားတွေနဲ့ အတူ သိုင်းသိုင်းဝိုင်းဝိုင်း ရှိလှတယ်၊ ကဗျာလေးကိုလည်း တော်တော် ကြိုက်မိတယ်၊ မသင့်တော်ပေမယ့် ဆန္ဒ တောင် ပြုချင်ချင် ဖြစ်မိတယ် မမေဓာဝီရေ၊ အနည်းဆုံး ၂ လ တခါလောက်တော့ ကျောင်းစာလုပ်ရတာ စိတ်မပါ, ပါစေနဲ့-လို့....။း)

မောင်လေး said...

အင်း ကျွန်တော်လည်း ပါရမီဖြည့်ဖက် ရှာဦးမှပါ...:)))

တန်ခူး said...

မေ့စာလေးဖတ်ပြီးတော့ဆက်တွေးနေမိတယ်... ပါရမီဖြည့်ဖက်တယောက်ရဲ့ အရည်အချင်းတွေကိုပါ... ပိုင်ဆိုင်လိုတဲ့အတ္တကို လွန်မြောက်သွားတဲ့ မြင့်မြတ်တဲ့ချစ်ခြင်း...အနှစ်သာရပြည့်ဝတဲ့မေပြောတဲ့အချစ်အကြောင်းအတွက် ကျေးဇူးပါမေ...

Harry said...

သီဝလိဒေဝီက တောထွက်တဲ့အချိန်မှာ "မင်းသမီးလေး" မဟုတ်တော့ဘူး မမေရဲ့ ... အဖွားကြီးဖြစ်နေပြီ ...
:D

မြစ်ကျိုးအင်း said...

ပါရမီဖြည့်ဖက်ဆိုကတည်းက ရှားပါးတန်ဖိုးရှိလွန်းနေပြီ မဟုတ်လား။
အသက်အရွယ်ရလာတော့ အချစ်ဆိုတာထက် လက်တွဲဖော်စစ်စစ်ကို ပိုမက်မောနေမိတော့တယ်။

Khin Nwe Aye said...

For Harry:

I don't think the Princess was an old woman. Didn't Maha Zanakka decide to renounce his throne to go in search for truth come to this decision when he found his first gray hair? He must be in his very early 40's, or even late 30's as people seem to go gray so young now. Whatever it, whether she was old or young, the Princess was still emotionally attached to her husband and I think the sadness faced by women at their abandonment by their men would be the same, regardless of age, religion and race. Still, even when she had been reborn in so many life times as the consort of our Buddha in his previous lives, this shows the humanity of the Princess.

Harry said...

For Khin Nwe Aye:
According to Maha Janaka Wuttu by Minbuu U Obhasa, both of them are over "7000" years old at that time. It's written as follows:
After their marriage and coronation, Maha Janaka rulued for 7000 years and one day, the Queen-consort was conceived a child and when a boy was born, he was named "Dighawu". When Dighawu was 16, King Maha Janaka made him as the heir-apparent.
After a while, he visited his royal garden in one day. There were two mango trees, one with full of fruit and the other had none. After he picked and ate some mangoes from that tree, everyone picked and ate and thus that tree was badly damaged. The one which had no fruit was still intact. When he went back to his palace in the evening, he saw the event of two differenet mango trees and realized that his royal life was similar to the fruity tree. Then he decided to renounce his throne and went in search for truth.

Thus, obviously, they are over 7000 years of age and definitely not in his very early 40's, or even late 30's. If you still think that the pricess (Queen-consort) is young, fine with me. I have no problem at all. And the reason for going to search the truth is due to "Two Mango tress" and not due to "a grey hair".
However, I have no comment on the emotional feelings of the princess. It's true that they really love each other for Kappa after Kappa in countless lives.