Sunday, March 13, 2011

ကံ့ကော်ပွင့်ချိန် ...

“ဒီအချိန်ဆို ကံ့ကော်တွေ ပွင့်နေလောက်ပြီ”
မတ်လ ၀င်စကတည်းက ထိုသို့ တွေးနေမိခဲ့သည်။ တလောက ဦးဟန်ကြည် ဘလော့ထဲမှာ ဆယ်တန်းတွေ စာမေးပွဲဖြေနေပြီဆိုတာ ဖတ်လိုက်ရတော့ ဒါဆိုရင် ကံ့ကော်တွေ ပွင့်ကို ပွင့်နေမှာပဲဟု ကိုယ့်အတွေးကိုယ် အတည်ပြုမိလိုက်သေး၏။ များသောအားဖြင့် ဆယ်တန်းစာမေးပွဲ ဖြေချိန်နဲ့ ကံ့ကော်ပွင့်ချိန်က တိုက်ဆိုင်တတ်သည်ပဲ။ အင်း … ဒီအချိန်ဆို အိမ်ခြံဝင်းထဲက ကံ့ကော်ပင်ကြီးမှာ ကံ့ကော်ပန်းတွေ ဝေနေရောပေါ့ … ။

တွေးကြည့်ရုံဖြင့် ကံ့ကော်ရနံ့က ဂန္ဓာရုံမှာ သင်းပျံ့၍လာသည်။ စိမ်းမြမြ အရွက်များကြားဝယ် ဖြူစင်သောပွင့်ဖတ် ၀ါလွင်သောဝတ်ဆံတို့နှင့် ပျိုမျစ်နုနယ်စွာ တင့်တယ်နေမည့် ကံ့ကော်ပန်းများ၏ အသွင်က အမြင်အာရုံထဲ ရစ်ဝဲ၍လာသည်။
ဘယ်တော့မှ မမေ့ပျောက်နိုင်သည့် အရာများ … ထိုကံ့ကော်ပန်းများက ဘ၀၏ အစိတ်အပိုင်းတချို့မှာ ကြီးစိုးခဲ့ဖူးသည်လေ … ။

အိမ်က ကံ့ကော်ပင်ကြီးနှစ်ပင်ကို အမေစိုက်ခဲ့သည်ဟု ပြောပြဖူးသည်။
“တက္ကသိုလ်ကျောင်းထဲက မျိုးယူပြီးစိုက်တာ” … ဟု အမေပြောခဲ့ဖူးသဖြင့် ထိုကံ့ကော်တွေကို ပို၍ မြတ်နိုးခဲ့ရလေသလား မသိ။ တကယ်တမ်း ထိုစဉ်က တက္ကသိုလ်ဆိုသည့် နေရာကို ရောက်ပင် မရောက်ဖူးသေးပါ။ သို့ပေမဲ့ တက္ကသိုလ်ဆိုသည်က မြင့်မြတ် ကြီးကျယ် ခန်းနားသည့် ဒေသတခုဟု စိတ်ထဲ စွဲသိနေသည်မို့ ထိုဒေသ၏ အထင်ကရ သစ်ပင်မျိုးဆက်တွေ မိမိခြံထဲမှာ ရှင်သန်နေခြင်းကို ကျေနပ်လှသည်။

သိတတ်စ အရွယ်မှာကတည်းက ထိုကံ့ကော်ပင်ကြီးနှစ်ပင်က အတော်လေး ကြီးနေပြီ။ ကံ့ကော်ပင်က အရွက်စိပ်စိပ်နှင့် သိပ်သိပ်သည်းသည်း ရှိလှတာကြောင့် အပင်အောက်မှာ နေပြောက်မထိုး။ ကံ့ကော်ရွက်တွေက ရွက်နုထွက်စဆိုလျှင် နီတျာတျာအသွေး၊ တဖြည်းဖြည်း စိမ်းညိုရောယှက်၊ ထိုမှတဖန် စိမ်းဖန့်ဖန့်၊ နောက်ဆုံးမှာတော့ ခပ်ရင့်ရင့် စိမ်းသွားတတ်သည်။

စိမ်းရင့်နေသည့် ကံ့ကော်ရွက်တွေကို မမီတမီခုန်ခူးကာ ခေါက်ချိုးချိုး၊ ထိပ်ဖြတ် နောက်ဖြတ် ဖြတ်ကာ ပီပီမှုတ်ပြီး ကစားခဲ့ကြဖူးသည်။ ကံ့ကော်ပင်ကြီးအောက်မှာ သစ်သား ခုံဝိုင်းလေး ပတ်ရိုက်ထားသည်မို့ နွေရာသီမှာ ကံ့ကော်ရိပ်က ချွေးသိပ်အပမ်းဖြေ၍ ကောင်းသော နေရာလေးတခု။ မိုးတွင်းဆိုလျှင် ကံ့ကော်ပင်အောက်၌ ကြွေကျနေသည့် ကံ့ကော်သီးတွေက အညှောက်ကလေးတွေ ထွက်ပြီး အပင်လေးတွေ ပြန်ပေါက်တတ်သည်။ ထိုသို့ဖြင့် ခြံထဲမှာ ကံ့ကော် မျိုးဆက်သစ်တွေ တပင်ပြီး တပင် ရှင်သန် ပေါက်ဖွားခဲ့ကြလေ၏။

ဆောင်းအကုန် နွေအကူး၊ နွေဦးဝင်စ ခုလိုကာလမျိုး ဆိုလျှင်တော့ ကံ့ကော်ပင်ကြီးမှာ အဖူးတွေ ဖွေးဖွေးလှုပ် ဖူးနေပြီ။ ထို့နောက် တပွင့်စ နှစ်ပွင့်စမှသည် တပင်လုံး ခဲနေအောင် ပွင့်ကြပြီ။ တအိမ်လုံးမှာ ကံ့ကော်ရနံ့တွေ ကြိုင်နေ လှိုင်နေပြီ။ ထိုသို့ဆိုလျှင် အိမ်မှာ ကူဖော်လောင်ဖက် ခေါ်ထားသည့် အမကြီးက လွယ်အိတ်တလုံး လွယ်ပြီး သစ်ပင်ပေါ်တက်ကာ ပန်းတွေ ရသလောက် ခူးလေ့ရှိသည်။ ခူး၍ရသမျှ ပန်းတွေထဲမှ ဦးဦးဖျားဖျားကို ဘုရားကပ်၊ အိမ်နီးချင်းတွေဝေ၊ ကျန်သည့် ပန်းတွေကိုတော့ လေးငါးပွင့်စီ စုပြီး နှီးကြိုးဖြင့်စည်း၊ ဗန်းလေးထဲထည့်ကာ အရပ်ထဲလည်၍ ပန်းရောင်းထွက် လေတော့သည်။ ထိုအမကြီးသည် ကံ့ကော်ပင် နှစ်ပင်မှ ပွင့်သည့်ပန်းတွေ ရောင်းချရသည့်ငွေဖြင့် နှစ်စဉ် ၀ါဆိုသင်္ကန်း ကပ်လေ့ရှိ၏။ သူ၏ အလှူမှာ ကိုယ်တွေလဲ လုပ်အားဒါန ပါရလေအောင် ပန်းစည်း စည်းပေး နှီးဖြာပေး စသဖြင့် ကူညီ လုပ်အားပေးခဲ့ဖူးပါသည်။

“ကံ့ကော်ပန်းလေးက ကျောင်းသူလေးတယောက်နဲ့ မတူဘူးလား … အင်္ကျီဖြူ၊ လုံချည်စိမ်းနဲ့ ပါးကွက်ဝါ၀ါလေး ကွက်ထားတဲ့ ဆယ်ကျော်သက် ကျောင်းသူကလေးပေါ့ …”

ပန်းတွေကို နှစ်သက်မြတ်နိုးပေမဲ့ ကိုယ်တိုင်က ပန်းမပန်တတ်သူမို့ ကံ့ကော်ပန်းလေးတွေကို ကျောင်းအင်္ကျီ ရင်ဘတ်တံဆိပ်မှာ ထိုးပြီး ပန်းရင်ထိုးဖြင့် ကျောင်းတက်ခဲ့ဖူးသည်။ ကံ့ကော်ရနံ့ကြောင့် လူက တနေ့လုံး လန်းဆန်း နေတတ်သည်။ ညှိုးနွမ်းသွားသော ပန်းလေးတွေကိုပင် လွှင့်မပစ်ရက်။ သနပ်ခါးကျောက်ပျဉ် အုပ်သည့် ၀ါးဆန်ကာကုံးလေးထဲ ထည့်ကာ အခြောက်ခံထားပြီး ၀တ်မှုန်လေးတွေကို သနပ်ခါးထဲ ထည့်သွေး၍ လိမ်းခဲ့ဖူးသည်။ ၀ါညက်ညက် မွှေးပျံ့ပျံ့ ကံ့ကော်သနပ်ခါးကို နှစ်ခြိုက်စွဲမြဲစွာ လိမ်းခဲ့ဖူးသည့် ငယ်ဘ၀က မမေ့ရက်စရာ။

ရန်ကုန်တက္ကသိုလ်ပင်မမှာ ကျောင်းတက်ရတော့ ကံ့ကော်တွေနှင့် ကျွမ်းဝင် ရင်းနှီးရပြန်သည်။ အစဉ်အလာကြီးမားသည့် တက္ကသိုလ်မြေ၏ ကံ့ကော်တောမှာ ပျော်မွေ့ သာယာခဲ့ဖူးသည်။ ကံ့ကော်ရနံ့မှာ မိန်းမော နှောင်ဖွဲ့ခဲ့ဖူးသည်။ အနီရောင်လွှမ်းသည့် ကံ့ကော်ပန်းတွေကြောင့် အံ့မခန်း ဖြစ်ခဲ့ရဖူးသည်။
“ပန်းကံ့ကော် ၀င်းဖန့် … သင်းပျံ့ကြိုင်လှိုင်ထုံ … တို့တက္ကသိုလ်ဂုဏ် …”
တက္ကသိုလ်မြေကို ကျောခိုင်းခဲ့သော်လဲ သတိရတိုင်း သီချင်းတပိုင်းတစကို နှုတ်ဖျားမှာ ညည်းတွားမိရင်း ကံ့ကော်ရနံ့တွေ ရစ်ဝဲသင်းပျံ့နေဆဲ၊ ကံ့ကော်အိပ်မက်တွေ အထပ်ထပ် ဆက်မက်နေဆဲ။

တက္ကသိုလ်မြေက ကံ့ကော်တောနှင့် ဝေးခဲ့သော်လဲ ခြံထဲက ကံ့ကော်တန်းမှာ ခြေခင်းလက်ခင်းသာသော ညနေတိုင်းလိုလို လမ်းလျှောက်ဖြစ်ခဲ့သည်။ ထိုသို့ ကံ့ကော်တန်းမှာ လမ်းလျှောက်ကြပြီဆိုလျှင်အမေက ကံ့ကော်ပင်ကြီးတွေကို အမြဲရေလောင်းလေ့ရှိသည်၊ ညဘက်ဆို တခါတလေ အမွှေးတိုင်လေး ဖယောင်းတိုင်လေးများ ပူဇော်တတ်သေးသည်။
“နောင်ပွင့်မယ့် အရိမေတ္တေယျ မြတ်စွာဘုရားက ကံ့ကော်ပင်အောက်မှာ ပွင့်မှာ၊ ကံ့ကော်က ဗောဓိထိုက်တဲ့ အပင်ပဲ၊ ဒါကြောင့် ခုလို ရေတွေမီးတွေ ပူဇော်တာ”

ဒီလိုနှင့် ကံ့ကော်ကို ပို၍ မြတ်နိုးတတ်လာ၏။
***
“အမေ … ကံ့ကော်ပန်းတွေ ပွင့်နေပြီလား …”
သောကြာနေ့က အမေနဲ့ အွန်လိုင်းမှာ စကားပြောဖြစ်စဉ် သတိတရ မေးကြည့်မိသည်။
“ပွင့်နေပြီပေါ့ အများကြီးပဲ”
“ဟယ် ဟုတ်လား … ကြည့်ချင်လိုက်တာ … ဓာတ်ပုံရိုက်ပြီး သမီးဆီ ပို့ပေးပါလားဟင်”
မရနိုင်မှန်း သိလျက်နှင့် ပူဆာကြည့်မိပြန်သည်။
“ဘယ်သူမှ မအားပါဘူးအေ … ရိုက်ပြီးလဲ ပို့လို့ အဆင်ပြေမှာမဟုတ်ဘူး၊ ကွန်နက်ရှင်က သိပ်ကောင်းတာမှ မဟုတ်ဘဲ”
“ဟင် … အမေကလဲ”

“နင် အဲဒီပုံတွေရရင် ၀က်ဘ်ဆိုက်မှာ တင်အုံးမှာ မဟုတ်လား”
အကြောင်းသိနေသည့် အမကြီးက ဘေးမှ ၀င်ပြောသည်။ နောက်တော့ အမေက သနားသွား၍ထင့် … ဘုရားပန်းအိုး ထိုးထားတဲ့ ကံ့ကော်ပန်းတွေ ယူလာပြသည်။
“ကံ့ကော်ပန်းလေးတွေက လှလိုက်တာ … ဒီကတောင် ကံ့ကော်နံ့လေးတွေ ရလာသလိုပဲ”
စိတ်လှုပ်ရှားကာ တတွတ်တွတ် ပြောနေမိသည်။ ပန်းတွေက ၀က်ဘ်ကမ်မှ တဆင့်ဆိုတော့ ခပ်ဝါးဝါး၊ ဒါပေမဲ့ လှသည်။ ကြည့်ချင်သည့် အချိန်မှာ မြင်လိုက်ရ၍ စိတ်အဆာပြေကာ ကျေနပ်သွားသည်။ ပုံရိုက်ချင်၍ မြင်သာအောင် ဟိုဘက် ဒီဘက် လှည့်ပြပေးဖို့ ပူဆာမိပြန်သည်။ အမေတို့ကလဲ ဒီတခါတော့ စိတ်ကျေနပ်အောင် ပန်းအိုးလေးကို ရှုထောင့်အမျိုးမျိုး လှည့်ပြောင်းကာ ရွှေ့ပြသည်။




ထိုသို့ဖြင့် ဒီကံ့ကော်ပန်း ဓာတ်ပုံလေးတွေ ရခဲ့လေသည်။
***
ဒီရက်ပိုင်း အိမ်ရှေ့မှာ Daffodils တွေ စပွင့်ခဲ့သည်။ ဘိလပ်သို့ ရောက်ခါစက ထိုပန်းတွေ စပွင့်တာ မြင်တော့ ရင်ခုန်လှုပ်ရှားခဲ့ရသည်။ ငယ်စဉ်က ကျောင်းသင်ခန်းစာ ကဗျာထဲမှာ သင်ခဲ့ရသည့် ထိုပန်းကလေးတွေကို ကိုယ်တိုင်မြင်ခွင့်ရတော့ ပျော်လိုက်သည် ဖြစ်ခြင်း။ ဓာတ်ပုံတွေရိုက်ယူရတာလဲ မနည်း။ ခုချိန်မှာတော့ ထိုစဉ်ကလို စိတ်လှုပ်ရှားမှု မရှိတော့၊ ဓာတ်ပုံလဲ မရိုက်လိုတော့။ မြင်ပါများလို့ ရိုးသွားသည်လား၊ ကြာလာ၍ သွေးအေး သွားခဲ့သည်လား။ ကိုယ့်ကိုယ်ကိုယ် ပြန်မေးခွန်းထုတ်ကြည့်မိ၏။

ဒါဆိုရင် … တသက်လုံး မြင်လာခဲ့တဲ့ ကံ့ကော်ပန်းတွေကိုတော့ ဘာလို့ ရိုးမသွားသလဲ၊ သွေးအေးမသွားသလဲ … ဘာလို့ တတမ်းတတ ဖြစ်နေရသလဲ … ပန်းပွင့်လေးတွေ မြင်ရုံနဲ့ ဘာလို့ ရင်ခုန်လှုပ်ရှားနေရသလဲ … ။

မတူပါ။ မည်သည့်နည်းနဲ့မှ မတူနိုင်ပါ။
ကံ့ကော်ရဲ့ ရာဇ၀င်တွေ၊ ကံ့ကော်ရဲ့ သမိုင်းတွေနဲ့ ကံ့ကော်ရဲ့ တန်ဖိုးတွေကို ကံ့ကော်မြေက လူတွေပဲ သိနိုင် ခံစားနိုင်သည်။ daffodils ပန်းတွေရဲ့ အလှအပကိုတော့ သူ့ပြည်သူ ပြည်သားတွေသာ ခံစားကြပါစေတော့ … ။ ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တဲ့ နေရာပဲ ရောက်ရောက်၊ ဘယ်လောက်ပဲ ခမ်းနားအောင် ကဗျာလင်္ကာတွေနဲ့ ဖွဲ့ဆိုထားထား ရင်ခုန်သံချင်း နီးစပ်မှသာ ခံစားချက်တွေ ထပ်တူ ညီမျှနိုင်မည် မဟုတ်လား။

တွေးမိရင်း အလွတ်ရနေသည့် ကဗျာတပုဒ်ကို စိတ်ထဲက ရွတ်ဆိုနေမိ၏။

အေးရိပ်သာတဲ့ ပြည်ညောင်ညို
ဥသြတွန်သံချို
ဒိုးယိုစီးတဲ့ နဒီတွင်း
သမင်ရေသောက်ဆင်း
မြက်ခင်းလဲ့လဲ့ မြေညီညီ
ကံ့ကော်ဝတ်မှုန်စီ
ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်း
လူလေး သွားချင်စမ်း … ။ … ။

သြော် … သွားချင်စမ်းပါဘိတော့ ကံ့ကော်ရွှေပြည် … ။
***
မေဓာဝီ
၁၃၊ မတ်၊ ၂၀၁၁
၀၁း၂၇ နာရီ

27 comments:

sosegado said...

စကာင်္ပူမှာလည်း ကံ့ကော်တွေစိုက်ထားတဲ့လမ်းရှိတယ် ပွင့်မပွင့်သွားကြည့်လိုက်ဦးမယ်၊

ငွေစန္ဒာ said...

မရေ ကံ့ကော်ပန်းလေးတွေကြည့်ပြီး၊ကဗျာလေးဖတ်ရင်း
လွမ်းသွားပါတယ်။

khin oo may said...

အရေးကောင်းတယ။် လွမ်းတာ.
တို့လဲ ဒီတစ်ခေါက် ကံကော်ပင်တစ်ပင် ငါးရာ ကျပ်နဲ့ ဝယ်ခဲ့တယ် စိုက်ဘို့မှာထားခဲ့တယ်။ နောက်တစ်ပင် ကို နစ်ရာနဲ့ပေးတာမယူခဲ့မိတာ နောင်တရမဆုံးဘူး နောက်တစ်ခါ ထပ်ဝယ်ဦးမယ်။ ဖောင်ကြီးမှာ.ကန့်ကော်ပင်ရှိတယ။်

khin oo may said...

တို့လဲ ကိုဟန်ကြည်ဘလော့မှာမေဒါဝီကွန်မက်တွေ့ခဲ့တယ။်

khin oo may said...

ပန်းလေးတွေ လှလိုက်တာ ခံစားနားလည်မိတယ်။

khin oo may said...

တို့လဲကြည့်မဝဘူး အနံ့လေးရှူချင်လိုက်တာ.

khin oo may said...

အသုပ်သည်ကြီး ဒီနေ့ဘာသုပ်စားမလဲ။

khin oo may said...

အခုအိမ်ပုံက ဘိလပ်က အိမ်ပုံလား ချစ်စရာလေး. steve က အပင်ပန်းကို မသိဘူးတဲ့။

khin oo may said...

လွယ်လွယ်ကူကူမရနိုင်တာကို လိုချင်တတ်တဲ့ one of the လူ့သဘောတစ်ခုလဲပါပါတယ် အခု ဘိလပ်ကနေ အကြောင်းအမျိုးမျိုးကြောင့် မိသားစုက ပြန်ခေါ်လို့ဘဲဖြစ်ဖြစ် ပြန်ကို ပြန်ရတော့မယ်လို့တွေးကြည့်ပါလား ဘိလပ်ကို လွမ်းသလိုလိုဖြစ်လာမယ်။ တို့ရန်ကုန်အပြီးပြန်ရတော့မလာား မသိ ဆိုတဲ့အချိန်က စလုံး မလေးရှားကို လွမ်းမိသလိုဘဲ နောက်ပြန်မဆုံနိုင်တော့ဘူးဆိုပြီး.
လွမ်းတာကတောကလွမ်းပါ လွမ်းလို့ရပါတယ် တို့ အတွေးကို ပြောပြတာပါ။

Anonymous said...

ဆောရီးး
anomynous တေါ လုပ်ဘို့မေ့သွားတယ် ကွန်မက်တွေ ဖျက်လို့ရတယ်နော်ဘယ်လိုမှ သဘောမထားဘူး တို့ ကြေ့ပာလိုက်ရရင်ပြီးရော.မေဓါဝီ သမင်မလေး ဖ တ်လိုက်ရတယ်ဆိုရင်ပြီးရော.
kom

Kay said...

ကံကော်ရွှေပြည် ဆိုလို့..၁၀ တန်းတုန်းက..တမမ လုပ်ခဲ့ရတဲ့..အထူးထုပ် ကြီးတောင် သတိရသွားတယ်..မမေ..း)

ကံ့ကော် နဲ့.. ခွဲမရ ပါလေ

မေဓာဝီ said...

အမခင်ဦးမေက ကွန်မန့်တွေ အလှူကြီးလာပေးသွားတာကိုး ... ပို့စ်တင်ပြီးတာနဲ့ အိပ်ပျော်သွားလို့ မနက်မိုးလင်းမှ ကွန်မန့်တွေ တင်လိုက်ရတာပါ။ အနောနိမတ် မလုပ်လို့ မတင်ပေးတာ မဟုတ်ဘူး အမ။

ဓာတ်ပုံထဲက အိမ်က ဘိလပ်က မဟုတ်ပါဘူး။ ရန်ကုန်ကပါ။ ဒီကိုမလာခင်ကတည်းက ရိုက်ခဲ့တာ။ အပေါ်က အုပ်မိုးနေတဲ့ ကံ့ကော်ပင်ကို ပြချင်တာ အမရေ ... ။

တကယ်တော့ ဒီပို့စ်မှာ ဆိုလိုချင်တာက မြန်မာဆိုတာ ဘယ်နေရာပဲရောက်ရောက် ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှု ကိုယ့်ဓလေ့ထုံးစံတွေမှာသာ ပျော်မွေ့ပြီး ကိုယ့်ရေမြေကို ခင်တွယ်၊ ကိုယ့်ဒေသက ပန်းတွေကိုသာ ပိုပြီး နှစ်သက်၊ ကိုယ့်ရိုးရာ ကဗျာစာပေကို ပိုပြီး တန်ဖိုးထားတတ်တယ် ဆိုတာကို ပြောချင်တာပါ။
ဒီ့ပြင်လူတော့ မသိဘူး။ ကျမကတော့ အဲဒီအတိုင်းပါပဲ။

ကွန်မန့်တွေအားလုံးအတွက် ကျေးဇူးပါ။

Sint Si said...

Botanic Garden has many ကံ့ကော်​ပင် in Singapore. They are not tall and has very big flowers. You can hold branches and smell it. Sadly it's not allow to pluck.

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျောင်းဖွင့်ချိန် စိန်ပန်းတွေလဲ မြေမှာကြဲပြန့်နေ ကံ့ကော်ပန်းတွေနဲ့ အတူ သူနဲ့ တွေ့ရာနယ်မြေ တက္ကသိုလ် သို့မဟုတ် မြကျွန်းသာအင်းယားကန်နယ်မြေ...
သီချင်းလေးဆိုပြီး ကော်မန့်ကို ရေးချလိုက်ပါတယ်..း)
မြကျွန်းသာထဲက ကံကော်ပန်းတွေကို ၀တ်ဆံလေးတွေ အခြောက်ခံပြီး လက်ဆောင်ပေးသူကြောင့် သနပ်ခါးလေးနဲ့ မွှေးမြစွာ သွေးလိမ်းခဲ့ဖူးတယ်..
ခုတော့ အဲဒီရနံ့လေးတွေ ပြန်မရတော့ဘူး...
မမေရဲ့ ကံ့ကော်တွေမြင်တော့ ပြန်သတိရလိုက်မိသား..
တရားခံ မမေ .............း)

မြစ်ကျိုးအင်း said...

ပန်းလည်းကြိုက်တာမဟုတ်ဘဲ ကျနော်တော့ သင်္ကြန်ရောက်တိုင်း ပိတောက်ပန်းတွေ ပွင့်နေတဲ့ ပိတောက်ပင်ကို အမြဲ မြင်ချင်နေတတ်တယ်။
ဖိနှိပ်ထားရတဲ့ အိမ်လွမ်းနာကို သင်္ကြန်အငွေ့နဲ့ ပုတ်နိုးခံရတာမျိုးနဲ့တူပါရဲ့။
မမေ ကံ့ကော်ရွှေပြည်ကို လွမ်းနေတာ ကိုယ်ချင်းစာမိတယ်။

Shinlay said...

ကံ့ကော်ကို ကျမလည်းကြိုက်ပါတယ်။
ဓါတ်ပုံတွေအတွက်ကျေးဇူးပါ။

မောင်မျိုး said...

ဟုတ်တယ်နော် ကံ့ကော်ရဲ့ ၇နံကို လူကိုတော်တော်ကြည်နူးစေတယ် ကျနော် ကျောင်းတက်တုန်းက ကျောင်းပရ၀ုဒ်အစပ်တွေမှာ ကံ့ကော်ပင်အကြီးကြီးတွေ အများကြီးပဲ ပွင့်တဲ့အချိန်ကျ မွှေ့းလိုက်တာများဗျာ နှင်းရေလေး မိုးရေလေးများ သောက်လိုက်ရလို့ကတော့ လှချက်တော့ ပြောမနေနဲ့ ကံကော်ရွက် နုနုနီနီလေးတွေလည်းလှတာပဲ ကားလမ်းဘေးဆိုတော့ ကားပေါ်က ခရီးသည်တွေက ကံ့ကော်ပန်းတွေကို ငေးမော သဘောကျသွားရင် ဘာကြောင့်မှန်းမသိဘူး ဂုဏ်ယူသလိုလိုနဲ့ပျော်တယ် လွမ်းမိပါရဲ့ ကံ့ကော်ရယ် ။

ညီလင်းသစ် said...

ကံကော်တွေကို ကောင်းကောင်း မသိခဲ့ပေမယ့် အခုလို ဆိုတော့လည်း လွမ်းချင်မိသလိုလို....၊ ကျနော် သဘောကျတာက ဝက်ဘ်ကမ်က ရိုက်ထားတဲ့ ကံကော် ပုံလေးတွေ..၊ မှုန်ဝါးဝါးပေမယ့် သူတို့ကို တစုံတယောက်က ဘယ်လောက်များ တမ်းတမ်းတတ နဲ့​ရိုက်ထားခဲ့သလဲဆိုတာ ပေါ်လွင်တယ်..။ :)

မာမီကျောက် said...

ဇာလီပျော်တဲ့ ကျောင်းသင်္ခမ်းက ဝင်္ကဘာတောထဲမှာ..
ဓါဝီပျော်တဲ့ ကျောင်းသင်္ခမ်းက အင်္ဂလန်မှာ...
ဗာဗီ..အဲလေ..ဗီဗာ ..ပျော်တဲ့ ကျောင်းသင်္ခမ်းက ...သီချင်းဆိုကပြီး ဗီဒီယို ရိုက်လို့ရတယ်

ဟန်ကြည် said...

အထက်တန်းကျောင်းသားဘ၀က ၀ထ္ထုတွေ စဖတ်ဖြစ်တော့ ဆရာငြိမ်းကျော်ရဲ့ ၀ထ္ထုတွေကို တရှိုက်မက်မက်ဖတ်ရင်း ရန်ကုန်တက္ကသိုလ် ပရ၀ုဏ်ထဲက ကံကော်တန်း၊ သစ်ပုတ်ပင်၊ ဦးချစ်ဆိုင် ဆိုတဲ့ အထင်ကရနေရာတွေကို စိတ်ကူးနဲ့မြင်ကြည့်ရင်း ရင်တွေခုန်ခဲ့ဖူးပါတယ်...ဆယ်တန်းအောင်ရင် ရန်ကုန်မှာ ကျောင်းတက်မယ်လို့ စိတ်ကူးထားခဲ့ပေမယ့် အညာသားဖြစ်နေတော့ မန္တလေးမှာပဲ တက်ခွင့်ရခဲ့တယ်...မန္တလေးဝ/သ ၀န်းထဲမှာလဲ ကံ့ကော်ပင်က ခပ်ရှားရှားဆိုတော့ သွားကြည့်ပေမယ့်လည်း ရင်သိပ်မခုန်ခဲ့ရပါ...ကိုယ်တက်ခဲ့တဲ့ ဆေးကျောင်းကလည်း ကျောင်းဝန်းကျဉ်းကျဉ်းလေးထဲမှာ သစ်ပင်ဆိုလို့ သုံးလေးပင်သာ ရှိတာဖြစ်လို့ ရင်ထဲက ကံ့ကော်အစွဲကို အာသာပြေအောင် မစွမ်းခဲ့ပြန်ပါ...ရန်ကုန်ကို အလည်သွားတော့လည်း တက္ကသိုလ်နယ်မြေကို မရောက်ဖြစ်ပြန်တာမို့ ကံ့ကော်ရဲ့လွမ်းမောစရာ ရသကို မခံစားခဲ့ရပြန်ပါ...ဒီနှစ်စာမေးပွဲပြီးလို့ ခရီးထွက်ရင်တော့ ရန်ကုန်တက္ကသိုလ်ဝန်းထဲဝင်ပြီး ကံ့ကော်ရနံ့ကို အားရအောင်ရှူဖို့ စိတ်ကူးထားမိပါတယ်...အစ်မဘလော့ထဲက ကံ့ကော်တွေကို ပြန်မြင်ရတော့ ခပ်ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ဆရာငြိမ်းကျော်ရဲ့ ၀တ္တုတွေထဲက ဇာတ်ကောင်တွေကို ပြန်လွမ်းမိပါသေးရဲ့ အစ်မရေ...

seesein said...

ကြီးမေ
ကျော်ခွမရလို့ ပို့စ်အသစ်လေးတောင် ဒီနေ့မှ လာဖတ်ရတာ ကံကော်တွေပွင့်နေတာကြာပေါ့နော
ဒါပေမယ့် စစတို့စီတော့ ကံကော်က ရန်ကုန်လောက်မပေါဘူး မန်းမှာ တမာရနံ့တွေ သင်းပျံ့ကြိုင်လှိုင်နေပြီ လွမ်းမယ်ဆိုလဲ လွမ်းစရာပေါ့နော် စာဖတ်ပြီး လွမ်းသွားပြီ။

ခင်မင်တဲ့
seesein

ပန်ဒိုရာ said...

အိုးးးးး.. လွမ်းလိုက်တာ မမေရယ်
“ပန်းကံ့ကော် ၀င်းဖန့် … သင်းပျံ့ကြိုင်လှိုင်ထုံ … တို့တက္ကသိုလ်ဂုဏ် …”

ကံ့ကော်ရနံ့တွေ သင်းပျံ့ကြိုင်လှိုင်ထုံသေးရဲ့လား
တို့..တက္ကသိုလ်ဂုဏ် ရော........????

ကိုအောင်(ပျူနိုင်ငံ) said...

နွေဦးကံကော်တွေပေါ့၊ ကိုကြီးကျောက် ရေးထား
တဲ့ ကော်မန့်ဖတ်ပြီး ရီရတယ် ...

ကိုကိုမောင်(ပန်းရနံ့) said...

ကံ့ကော်ပန်းလေး မြင်လိုက်ရမှ အတိတ်က အရိပ်တွေက ထင်ဟပ်လာတယ်။ ညနေ ဆည်းဆာခင်းလေးတွေမှာပေါ့။ ကျနော်က ကံ့ကော်ပင်ပေါ်တက်ပြီး ကံ့ကော်ပွင့်လေးတွေကို ချွေချပေးခဲ့တယ်။ အလှပဆုံး ကံ့ကော်ပွင့်လေးတွေကိုမှ ရွေးပြီး ချွေချပေးလေ့ရှိခဲ့တယ်။ အပွင့်လှလှ ရနံ့မြမြ ငွါးငွါးစွင့်စွင့် ပွင့်နေတဲ့ ပွင့်ဖတ်အာအာကြီးတွေကိုမှ ရွေးပြီး ချွေချပေးလေ့ရှိခဲ့တယ်။ညနေခင်းလေးတွေမှာပေါ့။ အောက်က ကောက်တဲ့ သူကလဲ တမြတ်တနိုး ခပ်ဖွဖွလေး ကိုင်တွယ်ပြီး ကောက်ရှာပါတယ်။ ပွင့်ချပ်ပွင့်ဖတ်တွေ မပျက်ကြွေဖို့က အရေးကြီးတယ် မဟုတ်လား။ အဲဒီလို အဲဒီလိုနဲ့ ညနေခင်းလေး အတော်များများမှာ ကံ့ကော်ပွင့် တက်ခူးခဲ့ရတယ်။ ပြန်ပြောင်းတွေးကြည့်ရင်တော့ လွမ်းမောစရာကြီးပါဘဲ။ ခင်ဗျာ။ ဟုတ်ကဲ့။ ဘုရားတင်ဖို့ တက်ခူးတာပါဗျာ။ တလွဲ မတွေးပါနဲ့။ ဟဲ ဟဲ။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

သားသားသန့် said...

ကံ့ကော်ပန်းတွေကို ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာတွေ့ဖူးတယ်..
သဘောကျတယ်...မမမေလုပ်မှပဲ..မတက်ဖူးတဲ့
ရန်ကုန်တက္ကသိုလ်ကိုသတိရလာပြီ...

Angelhlaing(May everybody be happy and healthy! said...

ဘယ်လောက်ပဲ ကြီးကျယ်မြင့်မြတ်တဲ့ နေရာပဲ ရောက်ရောက်၊ ဘယ်လောက်ပဲ ခမ်းနားအောင် ကဗျာလင်္ကာတွေနဲ့ ဖွဲ့ဆိုထားထား ရင်ခုန်သံချင်း နီးစပ်မှသာ ခံစားချက်တွေ ထပ်တူ ညီမျှနိုင်မည် မဟုတ်လား။ ဟုတ်တာပေါ့မမရေ..
အလွမ်းပေါ် အလွမ်းဆင့်လို့ ခုလို သင်္ကြန် ချိန်ခါနိးတော့
သီချင်းသံ ကြားရင်တောင် ရင်တွေခုန်ပြိး လွမ်းနေရ တဲ့အဖြစ်။ မမစာလေး ဖတ်ရတော့ ပိုလွမ်းမိတယ်မမရေ။
ကောင်းသောနေ့လေး ဖြစ်ပါစေ။

တောက်ပကြယ်စင် said...

မမေရေ စာတစ်ပုဒ်ဖတ်လိုက်ရင် ကျန်တာခြင်းမတူဘူးနော်၊ ခုဖတ်လိုက်တာ ကံ့ကော်ပန်းရောင်းပြီး ရတဲ့ပိုက်ဆံကို ၀ါဆိုသင်္ကန်းကပ်တယ်၊ သာဓုပါကွယ်၊ သာဓုပါ။ အရိမေတ္တေယျဘုရားရှင်ကျရင် ကံ့ကော်ပင်အောက်မှာ ဘုရားဖြစ်မယ်။ သင်္ကန်းလှူရတဲ့ အကျိုးအားကြောင့် အရိမေတ္တေယျဘုရားရှင်ကို ဖူးတွေ့နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်နော်။
ကံကော်ပန်းဆိုလို့ သာသနာ့တက္ကသိုလ် ကမ္ဘာအေးမှာတက်တုန်းကပေါ့ တစ်ခုသော မနက်မှာ ဘုရားပန်းကပ်ဖို့ဆိုပြီး အပင်ပေါ်တက်ခူးတာ ခူးနေစဉ်မှာပဲ ပါမောက္ခချုပ်ဆရာတော်က လာတွေ့သွားလို့ ဆင်းခိုင်းလိုက်တယ်။ အပင်ကျိုးသွားမှာစိုးလို့တဲ့။ ကံ့ကော်ပန်းကို အရမ်းကြိုက်ပေမယ့် မမေလို သတိတော့ မရမိဘူး။ မမေစာကို ဖတ်ပြီးမှပဲ သတိရတော့တယ်။ ကျေးဇူးနော်။ ရွှင်လန်းချမ်းမြေ့ပါစေ...