Monday, March 07, 2011

ချန်ရစ်သူ နှင့် ကျန်ရစ်သူ

"ချန်ရစ်သူ နဲ့ ကျန်ရစ်သူ ..."
အတွေးထဲ မကြာမကြာ ရောက်လာဖြစ်တဲ့ စကားလုံး နှစ်လုံး ... ။

ချန်ရစ်သူနဲ့ ကျန်ရစ်သူ ဘယ်သူက ပိုလွမ်းရမလဲ … ဘယ်သူက ပိုတမ်းတမလဲ … ခဏခဏ တွေးကြည့်မိဖူးတယ်။ တကယ်တော့ ချန်ရစ်သူပဲဖြစ်ဖြစ် ကျန်ရစ်သူပဲဖြစ်ဖြစ် နင့်နင့်သည်းသည်း ခံစားတတ်သူက ပိုပြီးလွမ်းရ … ပိုပြီးတမ်းတမှာ မဟုတ်လား။

ကိုယ့်ပုဂ္ဂလိက ခံစားချက်အနေနဲ့ ပြောရရင်တော့ ချန်ရစ်သူမဖြစ်ချင်ပါဘူး၊ ကျန်ရစ်သူသာ ဖြစ်ချင်ပါတယ်။ ကိုယ်ကစပြီး ခွဲခွါသွားဖို့ရာ အင်အားမရှိ … ကိုယ်ကစပြီး ကျောမခိုင်းချင် … ကိုယ်ကစပြီး နှုတ်မဆက်ချင်သူပါ။ ချန်ရစ်သူက ချန်ရစ်ခဲ့လို့ ကျန်ရစ်ရမယ့်ဘ၀မှာ နားလည်မှုများစွာနဲ့သာ ကျန်ရစ်ခဲ့ချင်ပါတယ်။

တကယ်လို့ မဖြစ်မနေ ကိုယ်က ချန်ရစ်သူ ဖြစ်ရမယ် ဆိုရင်ရော … ။ ချန်ရစ်သူဘ၀မှာ ပျော်ပျော်ကြီး နေနိုင်ပါ့မလား … ။ အလွမ်းမဲ့စွာ ကျောခိုင်းရက်ပါမလား … ။ စဉ်းစားရင်း ကဗျာအတိုလေး နှစ်ပုဒ် ချရေးဖြစ်တယ် … ။
***
"ချန်ရစ်သူ …"

နေခဲ့တော့နော် …
အဖော်အဖြစ် မခေါ်ရဲ
မပျော်ပါ ဒီလမ်းထက်မှာ
လွမ်းလျက်သာပဲ။
***
"ကျန်ရစ်သူ …"

ထားခဲ့တော့ကွယ် …
နားလည်စွာ ကျန်နေဆဲ
သံသရာ ဖန်တကွေ့မှာ
ပြန်တွေ့မှာပဲ။
***
မေဓာဝီ
၂၇၊ စက်တင်ဘာ၊ ၂၀၁၀
၁၂း၂၅ နာရီ

မနှစ်က တပိုင်းတစ ရေးထားတဲ့ ဒီကဗျာလေးတွေကို ကွန်ပျူတာထဲက ဖိုင်အဟောင်းတွေ ရှင်းရင်း ပြန်တွေ့လို့ နည်းနည်း ဖြည့်ရေးပြီး တင်လိုက်ပါတယ်။ ရှေ့တပတ် (၁၄ မတ်) မှာ ကျောင်းပြန်တက်ရတော့မှာမို့ ကျောင်းမဖွင့်ခင် အထိသာ ဘလော့ပေါ်မှာ စာရေး စာဖတ် လုပ်နိုင်ပါတော့မယ်။ ကျောင်းဖွင့်ရင်တော့ ဘလော့လေးကို ချန်ရစ်ခဲ့ရပါအုံးမယ်။ တကယ်ပဲ စိတ်ပြတ်သားစွာ ချန်ရစ်နိုင်မလား ဆိုတာတော့ မပြောတတ်သေးပါဘူး။ သံယောဇဉ်ဆိုတာကလဲ သက်မဲ့အပေါ်တောင် ချည်နှောင် တွယ်တာတတ်တယ် မဟုတ်လား ... ။
***
မေဓာဝီ
၇၊ မတ်၊ ၂၀၁၁
၉း၄၂ နာရီ

18 comments:

အဖြူရောင်နတ်သမီး said...

ကျောင်းပြန်တက်ရတော့မှာမို့ ကျောင်းမဖွင့်ခင် အထိသာ ဘလော့ပေါ်မှာ စာရေး စာဖတ် လုပ်နိုင်ပါတော့မယ်။ ကျောင်းဖွင့်ရင်တော့ ဘလော့လေးကို ချန်ရစ်ခဲ့ရပါအုံးမယ်။
.................
ထားရစ်တော့ကွယ်..
ကျန်ရစ်လျှက်ပဲ နားလည်ပေးမယ်...
ကျောင်းပိတ်ရင် ပြန်ဆုံကြမယ်..ဟိ
(ဝင်ရောက်အားဖြည့်ပေးသွားပါတယ် မမေရေ...)

ကိုအောင်(ပျူနိုင်ငံ) said...

တစ်ပတ်ကို ပို့စ်တစ်ခုလောက်တော့ လုပ်အုံး
လေဗျာ၊ လုံးဝတော့ မလုပ်လိုက်နဲ့လေ ...

Anonymous said...

ကျန်တာ လည်း မဖြစ်ချင် ..
ချန်တာ လည်း မဖြစ်ချင် .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အင်္ဂါမောင် said...

ချန်ရစ်တာနဲ့ ကျန်ရစ်တာ နေရာဘဲ ကွာမှာပါ။ ခံစားမှုချင်းကတော့ အတူတူဖြစ်ဖို့ များပါတယ်။ မေဓာဝီဘဲ စဉ်းစားကြည့်လေ။ မြန်မာမှာရှိတဲ့ မိသားစုကို ချန်ရစ်ထားခဲ့တာဘဲ။ ကျန်ရစ်သူနှင့် ချန်ရစ်သူ ဘယ်သူ ပို လွမ်းမလဲလို့။

ညီလင်းသစ် said...

ငယ်ငယ်တုန်းကတော့ တခါဖတ်ဖူးတယ်၊ ချန်ရစ်သူက ကျောခိုင်းထွက်သွားသူ ဖြစ်လို့ နေရာသစ်၊ လူသစ် (စိတ်သစ်) နဲ့ အလွမ်းပေါ့ နိုင်ပါတယ်-တဲ့၊ ကျန်ရစ်သူ အတွက်တော့ ဘဝက အရင်အတိုင်းပါပဲ၊ မတူတာဆိုလို့ တစ်ယောက်လျော့နေတာဆိုတော့ နေရာဟောင်းမှာ ပိုလွမ်းရတယ်-တဲ့၊ အခုတော့ ဝိုးတဝါးပဲ မှတ်မိတော့တယ်၊ ချန်သည်ပဲဖြစ်စေ ကျန်သည်ပဲဖြစ်စေ ခွဲခွာခြင်းတွေရဲ့နောက်မှာ လွမ်းဆွတ်ခြင်းက ထပ်ချပ်ပဲ မဟုတ်လား မမေဓာဝီရေ..၊

ကျောင်းပညာရေးအတွက် ဝမ်းသာရသလို ဘလော့ဂ်ကို ဆက်ဖတ်ချင်တဲ့ စိတ်ရင်းလေးကလည်း ရှိတော့ ကျောင်းနဲ့ဘလော့ဂ်အကြား မပိုမလို ထိန်းညှိနိုင်တဲ့ ဟန်ချက်လေးတခု မတ်လ ၁၄ ရက်နောက်ပိုင်းမှာ တွေ့နိုင်ပါစေလို့ပဲ ဆန္ဒပြုရပါတယ်....။

seesein said...

ကြီးမေ
ချန်ရစ်တော့လည်း ကျန်ရစ်ရုံရှိတာပ
အဲဒီကျောင်းကြီး မြန်မြန်ပြီးပစေ့ဗျာ
အင်း ကျောင်းတက်တုန်းမို့ ကြိုကြားကြိုကြား လာနိုင်အုံးမယ် အလုပ်ထဲရောက်မှ ပိုပြီး ဆိုးနေမလားမသိ
ကျန်ရစ်တဲ့သူတွေကိုတော့ လွမ်းလို့ကျန်ရစ်ရုံရှိတာပ

ခင်မင်တဲ့
seesein

မောင်မျိုး said...

ကျနော်လည်း အစ်ကိုညီလင်းသစ် ပြောသလိုပဲပြောချင်တယ် မမေ ရေ ခွဲခွာသူက နေရာသစ် ပတ်ဝန်းကျင်အသစ်မှာ ရုန်းကန်ုနေရလေတော့ သိပ်မသိသာပေမယ့် ကျန်ရစ်သူတွေကတော့ အမှတ်တရတွေကိုမြင်တိုင်း သတိရနေတတ်ပါတယ် ။


အားတဲ့ အခါလေး ပြေးပြေးတက်လာပြီး ကိုယ်ယောင်လေးလာပြလှည့်ပေါ့ ။ အားလုံးအဆင်ပြေဖို့ ဆုတောင်းနေပါတယ် ပြီးတော့ သတိရနေမှာပါး)

ဆရာလေး ဆွမ်းခံလို့ရရင်လည်း လမ်းစရိတ်လေးပေးဖို့မမေ့နဲ့နော့် ။

ကျန်ကျောက် said...

လွမ်းလို့ ကျန်ရစ်ခဲ့မျာ အားမနာတော့ဘူးပေါ့..
ကျန်ရစ်နဲ့ ချန်ရစ်ဆိုလို့..အနိစ္စအကြောင်းတွေများရေးသလားလို့ ကြောက်ကြောက်နဲ့ ဖတ်တာ တော်ပါသေးရဲ့ ..ဟုတ်ဖူး..
သားသားက အသဲငယ်တတ်လို့...

သစ်နက်ဆူး said...

ချန်ထားရစ်ခဲ့တုန်းကလဲ လွမ်းရဘူးတယ်..
ကျန်ခဲ့တော့လဲ လွမ်းရဘူးတယ်..
ဘာဘဲပြောပြောလေ...
လွမ်းရပြီဆိုကတည်းက နာကျင်ရတာပါဘဲ..။
နာကျင်မှုတွေများလာတော့လဲ..
သံသရာတစ်ကွေ့ ဆိုတာကြီးကို ကြောက်တယ်ဗျ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဟင် မမေက ကျောင်းဖွင့်တော့မယ်ဆိုပြီး ချန်ရစ်ခဲ့တော့မယ်ပေါ့
နေရင်းထိုင်ရင်း ကျန်ရစ်သူတွေ ဖြစ်ရဦးတော့မယ်။
အဲလိုတော့ မချန်ခဲ့ပါနဲ့နော် သံယောဇဉ်ကြီးတတ်လို့ပါ။ အဟဲ နုကြည့်တာပါ။
မမေရေ
ချန်ရစ်ခဲ့ဖို့ လုံလောက်တဲ့ အကြောင်းတွေကြောင့် ချန်ထားရစ်ရတဲ့အခါ နာကျင်မှုတို့ သံယောဇဉ်တို့ကို ဥပက္ခာပြုလိုက်ရတာမျိုးတွေလည်း ရှိတတ်သေးတယ် မဟုတ်လားနော်။

Anonymous said...

ချန်တာနဲ့ကျန်တာ ကြား လွမ်းနေတာ ကိုကျောက်ရေးတဲ့ကွန်မန့်ဖတ်လိုက်တော့မှဘဲ လွမ်းရမှာ ဘယ်ပျောက်သွားမှန်းမသိလိုက်ဖူးး)
မမေ ရေ ကဗျာတိုလေး နှစ်ပုဒ်လုံးကြိုက်တယ် ...

mie nge

နန္ဒာ said...

အိပ်ခါနီး မမေရဲ့ ဘလောဂ့်ဆီ ရောက်လာတယ်။

ဒီပိုစ့်နဲ့ တွဲရက်ကဗျာလေး ၂ပိုဒ်ဖတ်ပြီး ကွန်ပြူတာရှေ့ငိုင်သွားမိတယ်။

ပြီးတော့ မျက်လုံးအိမ်က မျက်ရည်တွေ တလှိမ့်ခြင်းကျလာတယ် မမေရေ။ တစက်ဆီ မဟုတ်ပဲ မျက်ရည်ပေါက်ပေါက် ကျတာမျိုးပါ။

"ချန်ရစ်သူရော., ကျန်ရစ်သူ.," အနေနဲ့ပါ ခံစားခဲ့ဘူးပါတယ်။

"ကျန်ရစ်သူ" အဖြစ် ခံစားမှု့က ပိုပါတယ်။

"ရင်နင့်စွါ
ခံစားတတ်သူမို့
ချန်ရစ်သူ
မခေါ်ရဲသော်လည်း

ကျန်ရစ်သူ
စိတ်စေတသိတ်မှာဖြင့်
တမ်းတမ်းတတ
လွမ်းကျန်ရစ်မည်။"

နန္ဒာ (SMNTL) !_!

သက်ဝေ said...

အင်းလေ...
ကျန်ရစ်သူပဲ ဖြစ်ဖြစ် ချန်ရစ်သူပဲ ဖြစ်ဖြစ်... လွမ်းတတ်သူကတော့ လွမ်းနေရတာပါပဲ...

ကိုယ်တိုင်ကတော့ သူများ ချန်ရစ်လို့ ကျန်ရစ်ခဲ့ရမှာ မလိုလားတော့ ကိုယ်ကစလို့ နှုတ်ဆက်ခွဲခွာပြီး ချန်ရစ်သူတယောက်ပဲ ဖြစ်ချင်ခဲ့ဖူးတယ်...

ကျောင်းပြန်တက်ရရင်လဲ နည်းနည်းတော့ ကျဲကျဲရေးပါ မေရေ... စာရေးဖေါ်တွေ ရော့ကုန်ရင် အားငယ်တယ်...
ချန်မထားခဲ့နဲ့နော်... အဟိ...း))

Anonymous said...

ကြီးမေ ကျောင်းတက်ရင်း သူများတွေတော့ တွဲတာမြင်ဘူးပါတယ် ဘယ်နယ့် ကြီးမေကျမှ ကျောင်းတက်လို့ ချန်ရစ်မယ်တယ် ကောင်းလား ကျောင်းက သူ့ဘာသာတက်တာ စာက သူ့အချိန်နဲ့သူ ဘလော့ရေးတာလဲ သူ့အချိန်နဲ့သူ ခွဲထားပေါ့နော
ချန်ရစ်တာရော ကျန်ရစ်မှာကို မခံစာနိုင်လို့ပေါ့

ခင်မင်တဲ့
စာဖတ်ပရိတ်သတ်လေး

sosegado said...

မချန်ခဲ့ပါနဲ့၊ မကျန်ခဲ့ပါနဲ့ စာတွေတော့ဖတ်ပါ၊ ကြုံရင်လည်းရေးပါ၊

ဟန်ကြည် said...

အေးဗျာ...ကျောင်းဖွင့်တော့မှာဆိုတော့လည်း ဘလော့ဘက်ကို အားစိုက်ဖို့ မတိုက်တွန်းရဲပြန်ဘူးလေ...ပညာရေးဆိုတာ အရာအားလုံးထက် တန်ဖိုးထားရမယ့် အရာမဟုတ်လား...ဘာပဲဖြစ်ဖြစ် ကဗျာကောင်းလေးတွေ ဖတ်နေရလို့ ကျေနပ်ပီတိဖြစ်နေရာကနေ အခုလိုဆိုတော့လည်း နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပြန်ရင် ဘ၀အတွက် ကြိုးစားတာကို မုဒိတာမပွားနိုင်ဘူးထင်မှာ စိုးပါရဲ့...ကျန်ခဲ့သူဖြစ်ရလည်း စိတ်မကောင်းမဖြစ်ရစ်အောင် ဘလော့တစ်ခုလုံး အစအဆုံး လိုက်ဖတ်နေလိုက်ပါ့မယ်...အစစအရာရာ အောင်မြင်ချောမွေ့ပါစေ...

Mhu Darye said...

ဟတ်ထိတယ် မမေး)
အရမ်းကြိုက်တာပဲ ။

Harry said...

ဒီကဗျာလေး ဖတ်ပြီး ရင်ထဲမှာ နင့်သွားတာပဲ မမေရေ ...
....
သံယောဇဉ် တဖက်ကမ်းမှာပဲ
တသက်လွမ်းကာ နေမှာပေါ့
လက်တကမ်းမှာ မနေသာသူမို့၊
ဝေဒနာအပူ ရင်မှာသိမ်းကာကွယ်၊
တမင်တကာ တိမ်းခွာရှောင်လို့၊
စိမ်းပါသယောင် မျက်နှာလွှဲကာ၊
ဆက်ကာပဲ သွားနေရပေမယ့်၊
နွေညရှည် အိပ်မက်လမ်းမှာလေ၊
လွမ်းတာတွေ ထိန်းလို့မရပါဘူး၊
ခရမ်းပြာရေ ... (တကယ်တော့)
စိမ်းလို့မှမဟုတ်ဘဲ။