Saturday, March 05, 2011

မိုးမချုပ်ခင် ...

မိုးမချုပ်ခင်
ရိက္ခာပြင်လျက်
ခရီးဆက်ရပေဦးမည်။
***
၂၀၀၇ ခုနှစ် ဇူလိုင် ၄ ရက်နေ့တုန်းက “လူနာဆောင် အမှတ် ၁” ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ကျမ မိတ်ဆွေတယောက် ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသခံစဉ် လူနာသွားမေးခဲ့တဲ့ အတွေ့အကြုံလေးကို ပြန်ရေးထားခဲ့တာပါ။ ပြီးခဲ့တဲ့ တနှစ်ကျော် ၂၀၀၉ ခုနှစ် သြဂုတ်လထဲမှာတော့ ဦးရီးတော် မိတ်ဆွေရဲ့ ဖခင်ကြီး ဆေးရုံတင်ရလို့ ဦးရီးတော်နဲ့ ကျမ လူမမာကြည့် သွားခဲ့ကြပါတယ်။ မြန်မာပြည်ရဲ့ အထင်ကရ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးနဲ့ အင်္ဂလန်နိုင်ငံ နယ်မြို့လေးတမြို့ရဲ့ ဆေးရုံတရုံ … ဆေးရုံချင်း တူပေမဲ့ မတူညီတဲ့ ကွာခြားပုံလေးတွေကို ကျမစိတ်ထဲ မှတ်ထင် စွဲမြဲခဲ့တယ်။ ပြီးတော့ ဆေးရုံပေါ်က အထီးကျန် သူအိုတွေရဲ့ ဘ၀ကို ကြည့်ရင်း စိတ်မကောင်းလဲ ဖြစ်မိခဲ့တယ်။ ဒါနဲ့ပဲ ဒီစာရေးဖို့ စိတ်ကူးရခဲ့ပါတယ်။ မရေးခင် လူနာဆောင်အမှတ် ၆ လို့ ခေါင်းစဉ်ပေးပြီးမှ သွားသတိရတာ ချက်ကော့ဗ်ရဲ့ Ward 6 ကို ဆရာဖေမြင့် ဘာသာပြန်တဲ့ လူနာဆောင် အမှတ် ၆ နဲ့ တူနေလို့ … ခေါင်းစဉ်ပြောင်း လိုက်တယ်။ အဲဒီတုန်းက ရေးခဲ့ပြီး အဆုံးမသတ်ရသေးတဲ့ ဒီစာကို ခုမှ အဆုံးသတ် ဖြစ်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***
"မိုးမချုပ်ခင် ..."

သူတို့စီးလာသည့် ကားလေးက ဆေးရုံသို့ လမ်းညွှန်ထားသည့်ဘက်ကို ကွေ့လိုက်စဉ်မှာ မြင့်မားရှည်လျားသည့် မီးခိုးခေါင်းတိုင်ကြီးကို မြင်လိုက်ရသည်။ ဆေးရုံ၏ ၀င်ပေါက်ကို ဂိတ်တံခါးတွေဖြင့် တားဆီး မထား။ ကားကို ၁၅ မိုင်နှုန်းဖြင့်သာ မောင်းရန်၊ ဖြည်းဖြည်းမောင်းရန် သတိပေး ဆိုင်းဘုတ်တွေသာ ကားလမ်းတလျှောက် မြင်တွေ့ရသည်။ ဆေးရုံဝင်းကြီးက ကြီးမား ကျယ်ပြောလှသလို အဆောက်အဦးတွေက များပြားလှသည်။ အရေးပေါ်ဌာန၊ နှလုံးရောဂါကု ဌာန စသဖြင့် ဌာနအလိုက် အဆောက်အဦးတွေက အသီးသီး အသက။ ကားရပ်ရန် နေရာများကလည်း သူ့အဆောက်အဦးအတွက် သူ့နေရာနှင့်သူ။

“ဒါက လိုင်ဘရီနဲ့ စာသင်ဆောင်”
ကားကို ဖြည်းဖြည်းချင်း မောင်းရင်း ဦးရီးတော်က ပြော၍ လှမ်းကြည့်တော့ Library ဟု ရေးထားသည့် အဆောက်အဦးတခုကို မြင်သည်။
“ဒီထဲမှာပဲ စာသင်ရတာလေ …”
ဦးရီးတော်က ဤဆေးရုံတွင် ၄-နှစ်လောက် လုပ်ခဲ့ဖူးသည်။
“အခုတော့ တော်တော်လေး ပြောင်းလဲကုန်ပြီ၊ အရင်နဲ့ မတူတော့ဘူး …”

နှစ်တွေကလည်း ကြာခဲ့ပြီကိုး။ ထိုစဉ်က ဦးရီးတော် ဒီမြေကိုရောက်ပြီး မကြာခင် နှစ်ပိုင်းလောက် ဖြစ်မည်။ ခုဆိုလျှင် နှစ်ပေါင်း သုံးဆယ်နီးပါး ရှိလောက်ပြီ။
“အဲဒီအဆောင်လေးတွေ့လား၊ အဲဒီမှာ နေရတာ … ပထမထပ်က အခန်းလေးမှာ နေခဲ့တာပေါ့”
ထို အခန်းကျဉ်းလေးမှာနေပြီး အလုပ်သွား၊ စားတော့ ဆေးရုံကန်တင်းမှာ၊ ဈေးဝယ်ရင် အနီးအနားက Somerfield ဆိုတဲ့ ဆိုင်ကလေးမှာ။ ရုန်းကန်ခဲ့ရသည့် ဘ၀ တစိတ်တဒေသကို ဦးရီးတော်က ပြန်ပြောင်း သတိရနေသည်ထင့်။

ကားရပ်ဖို့ ပါကင်ကိုသွားတော့ ကားပါကင်ကြေးအတွက် အလိုအလျောက် မောင်းတံဖြင့် တားထားသည့် နေရာမှာရပ်ရင်း စက် ခလုတ်ကို နှိပ်ရသည်။
“အရင်က ကားပါကင်ကြေး မပေးရဘူး၊ နောက်ပိုင်းမှ လုပ်လိုက်တာနေမှာ”
ယာဉ်ရပ်နားခက အနည်းဆုံး ၂ နာရီအတွက် ၂ ပေါင်။ စက်က ထုတ်ပေးသည့် ဖြတ်ပိုင်းလေးကိုယူပြီး နေရာလွတ်တခုတွင် ကားရပ်လိုက်သည်။ နေရာ တော်တော်များများမှာ ကားတွေအပြည့်။ ဆေးရုံ, ဆေးခန်း မစည်ကားအပ်သည့် အရပ်များတွင် လူစည်ကားလှချည်ရဲ့။ ဘယ်နေရာ ဘယ်ဒေသမှာမဆို မကျန်းမာသူတွေ သိပ်များနေသလား … စဉ်းစားနေမိ၏။

ကားရပ်သည့်နေရာနှင့် ဆေးရုံ ပင်မ အဆောက်အဦးက သိပ်မဝေး၊ ဆင်ဝင်၏နဘေး ၀င်ပေါက်မှ ၀င်ကြရသည်။ ဆေးရုံဝင်ပေါက်ရှိ အလိုအလျောက် ဖွင့်ပိတ်ပေးသည့် မှန်တံခါးအနီးတွင် ဆေးလိပ် ထွက်သောက်နေသူ တယောက်တလေကို တွေ့ရသည်။ သဒ္ဓါကြေး တောင်းခံနေသော အပေါက်စောင့် တဦးတယောက်မှ ရှိမနေ။ သူသူကိုယ်ကိုယ် ၀င်ချည် ထွက်ချည် ထိုတံခါးပေါက်မှ အတားအဆီး အစစ်အဆေးမရှိ ဖြတ်သန်း သွားလာနေကြ၏။ ကောင်းလေစွ။

အဆောက်အဦးထဲဝင်တော့ ဆေးရုံအနံ့ ခပ်သဲ့သဲ့ရသည်။ သို့သော် စိတ်အနှောက်အယှက် ဖြစ်ရလောက်အောင် မဆိုးရွား၊ သာမန်ရှူရိုးရှူစဉ်သာ အသက်ကို ရှူရှိုက်ရင်း ဦးရီးတော် အနောက်မှ လိုက်ခဲ့သည်။ ကော်ရစ်ဒါတလျှောက် အမှိုက်အစအနများ၊ ဖုန်များ၊ သဲများ၊ ကွမ်းတံတွေးများ … ဘာတခုမှ မတွေ့ရ။ ဘီးတပ်ကုလားထိုင်များ လွယ်လင့်တကူ သွားလာနိုင်ရန် အတက်အဆင်းကို ဆင်ခြေလျှောများဖြင့် ပြုလုပ်ပေးထားသည်။ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများ၊ ဆရာဝန်ဟု ထင်ရဟန်ရှိသူများ သွက်လက်စွာ လှုပ်ရှား သွားလာနေကြသည်။ ဧည့်ချိန် ၆ နာရီခွဲမှ ၈ နာရီ ဟု ရေးထားသည်ကို သတိပြုမိ၏။

ပထမထပ်ကို ဦးရီးတော်က ဓာတ်လှေခါးဖြင့် တက်သည်။ ဓာတ်လှေခါးက လူနာကုတင် ၃လုံးခန့် ဆန့်လောက်အောင် ကျယ်ဝန်းသည်၊ သန့်ရှင်းသည်။ သည်လိုနှင့် လူနာထားသည့် အဆောင်ဆီရောက်ပြီ။ Ward 6-7 ဟု ရေးထားသော အခန်းရှေ့တွင်ရပ်ပြီး ဘဲလ် တီးလိုက်သည်။ အခန်းဆီသို့ မ၀င်ခင် လက်ကို သန့်စင်အောင် အရည် (ဂျဲလ်) တမျိုးဖြင့် သုတ်လိမ်းရသေးသည်။ သူနာပြု ၀န်ထမ်းတယောက် တံခါးလာဖွင့်၏။ ၀င်ဝင်ချင်းက သူနာပြု ၀န်ထမ်းများ၏ ကောင်တာ၊ တယ်လီဖုန်း, ဖက်စ်, ကွန်ပျူတာ စသဖြင့် လိုအပ်သည့် ပစ္စည်းပစ္စယ အစုံအလင်။ ထိုနေရာကို ဖြတ်ပြီးမှ Ward 6 ကို ရောက်သည်။ လူမမာထားရာ အခန်းက ၆-ယောက်ခန်း၊ တဘက် ၃-ယောက်စီ။ ကုတင်ဘေးမှာ ကုလားထိုင်နှင့် စားပွဲဆက်လျက် တစုံ၊ ဗီရိုငယ်တလုံး၊ ကုတင်အနောက်မှာ ဧည့်သည် ဆောင်သည် ထိုင်ရန် ဆိုဖာတပ် ခုံတန်းရှည်ငယ်လေးတခု။ လူမမာ အမည်၊ သက်ဆိုင်ရာ ဆရာဝန်အမည်နှင့် လူမမာနှင့် ပတ်သက်သည့် စာရွက်စာတမ်းတွေကို ကုတင်၏ အနောက်ဖက်မှာ မြင်သာထင်သာ ချိတ်ထား၏။

သတင်းသွားမေးရသည့် လူမမာက အသက် ၉၀ ကျော် အဘိုးအိုတဦး။ သူတို့ရောက်သွားတော့ ကုတင်ပေါ် လှဲနေရင်းက ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်။ လူက လန်းလန်းဆန်းဆန်း၊ အသံက ကျယ်ကျယ် လောင်လောင်၊ အမှတ်သညာ အနည်းငယ် ချို့ယွင်းသည်မှလွဲ၍ မမာသည်နှင့် သိပ်မတူလှ။ အသက် ၉၀ ကျော် သော်လည်း သန်မာဆဲ။ သက်ကြီးပြောက်, သူအိုမှည့် စသည့် အစက်အပြောက်တချို့ မျက်နှာမှာ ရှိနေပေမဲ့ အသားအရေ ပျော့တွဲ ရှုံ့တွမနေ။ မျက်စိ၊ နား၊ သွား အကုန်ကောင်းတုန်း။ ရှေးကုသိုလ် ကောင်းလှသူပင်။

ထိုအဘိုး၏ ဘယ်ဘက်ဘေးက အဘိုးအိုကတော့ ကုတင်မှာအိပ်မနေ၊ ကုလားထိုင်မှာ တောင့်တောင့်ကြီး ထိုင်လျက် မျက်စိအစုံကို မှိတ်ထားသည်။ ညာဘက်က အဘိုးအိုကတော့ အသံနည်းနည်း ကျယ်ကျယ် ထွက်မိလျှင် တချက်တချက် ဒီဘက်ကို လှမ်းလှမ်းကြည့်သည်။ မျက်နှာချင်းဆိုင် ကုတင်များအနက် ဘယ်ဘက်အစွန်မှ အဘိုးအိုက အလွန်ပိန်လွန်းလှသည်။ ပက်လက် အိပ်နေသော ထိုအဘိုးအိုကို ကြည့်ရသည်မှာ စိတ်မသက်သာ၊ အရိုးပေါ် အရေတင် ခန္ဓာနှင့် အသက်ကို အားခဲ ရှူနေရသည့်နှယ်။ အလယ်ကုတင်က အဘိုးကတော့ နည်းနည်း ပြည့်ပြည့် ဖြိုးဖြိုးရှိသည်။ ဆေးရုံဝတ်စုံ အစိမ်းကို ၀တ်ထားပြီး ကုတင်ပေါ်မှာ ခပ်လျှောလျှောမှီရင်း လှဲလျောင်းနေသည်။ ညာအစွန်က အဘိုးအိုသည်လည်း မျက်စိစုံမှိတ်ရင်း အိပ်ရာပေါ်မှာ ပက်လက်။ တချက်တချက် ချောင်းက တဟွတ်ဟွတ်။

အိုခြင်းဆင်းရဲနှင့် နာခြင်းဆင်းရဲကို တပြိုင်နက် ခံစားနေရသူတွေ။ ဧည့်ချိန်ပေမဲ့ ထိုအဘိုးအိုများကို လာကြည့်မည့်သူ တစုံတယောက်မှ မရှိ။ ဆေးရုံမှ ကျွေးသော အစာကို စား၊ သူနာပြုများ၏ ပြုစုမှုကိုခံကာ မခန့်မှန်းနိုင်သော အချိန်အတွင်း ကြုံတွေ့ရတော့မည့် သေခြင်းတရားကို စောင့်စားနေကြရှာသူတွေ။ သူတို့၏ ပျိုမြစ်သောအချိန်တွေကို မည်သို့ ကုန်ဆုံးခဲ့ကြသလဲ မသိ။ တိုင်းပြည်တာဝန် ထမ်းဆောင်ရင်းလား … သားကျွေးမှု မယားကျွေးမှုဖြင့်လား။ ထိုသူများသည် အတိတ်ကာလတခုမှာ ကြိုးစားခဲ့ကြရမည် … ရုန်းကန်ခဲ့ ကြရမည် … ပေးဆပ်ခဲ့ကြရမည်။ သို့တိုင်လျက် ထိုသူတို့ ဘ၀၏ ညနေစောင်းသည် မှေးမှိန်ဖျော့တော့စွာ အထီးကျန်ဆန်လွန်းလှပေ၏။

အစွမ်းထက်သော ဆေးဝါးနှင့် စက်ကရိယာများ၊ ခေတ်မီတိုးတက်သော အသုံးအဆောင်များ ခြံရံကာ အချိန်ပြည့် စောင့်ရှောက် ကြည့်ရှုပေးမည့် ဆရာဝန် သူနာပြု စသူတို့ အနီးအပါးတွင် ရှိပါလျက် ထိုသူတို့ ဘ၀သည် ပြည့်စုံပါရဲ့လား … ဟု တွေးနေမိ၏။ တနေ့ပြီးတနေ့ ရွေ့လျား ကုန်ဆုံးရင်း ဘ၀နေ၀င်ချိန်ကို အဓိပ္ပါယ်မဲ့ ငြီးငွေ့စွာ ထိုင်စောင့်နေကြရရှာသည့် အဖြစ်။ ရုပ်ဝတ္ထု ပစ္စည်းများ ပြည့်စုံနေပါလျက် တစုံတခု လိုအပ်နေသော ထိုဝန်းကျင်မှာ မွန်းကျပ်၍ လာသည်။

အခန်းတွင်းရှိ ဇရာဗေဒကို စေ့ငုစွာ ကြည့်ရှုရင်း “သင်လည်း တနေ့အိုရဦးမည်” ဟူသည့် ဘိုးဘွားရိပ်သာမှ စာတန်းလေးကို သတိရ မိရာက သက်ပြင်းတချက် ခပ်လေးလေး မှုတ်ထုတ်လိုက်မိသည်။

“ပြန်ကြစို့ … မိုးချုပ်တော့မယ် …”

ဦးရီးတော်၏ စကားအဆုံး လူနာအဘိုးအိုကို နှုတ်ဆက်ပြီး ထိုအခန်းလေးအား ကျောခိုင်းထွက်ခဲ့လေသည်။ သန့်ရှင်းသပ်ရပ်သည့် အဆောက်အဦးကြီးက မမာသည်တွေကို သူ့ရင်ခွင်မှာ ထည့်ထားလျက် မှောင်ရီပျိုးစ ကောင်းကင်အောက်မှာ ငြိမ်သက်စွာ ထီးတည်း ရပ်လို့နေ၏။ ကားပေါ်တက်၊ ထိုင်ခုံခါးပတ် ပတ်ပြီး ခပ်လျှောလျှော မှီထိုင်ရင်း မျက်စိအစုံကို မှိတ်ထားလိုက်သည်။ ကားလေးက တရွေ့ရွေ့သွားနေသည်။ အမှောင်ထုက တစစ ချဉ်းကပ်လို့လာပြီ။ မကြာခင် နေမင်း၏ အလင်းရောင် လက်ကျန်လေး ကုန်ဆုံးကာ မိုးစုန်းစုန်း ချုပ်တော့မည်။

မျက်စိ မှိတ်ထားသဖြင့် ပို၍ မှောင်နေသလို ခံစားနေရသည်။ အမှောင်က လူတွေကို လှည့်စားတတ်သည်၊ အားငယ်စေသည်၊ ထိတ်လန့်မှုကို ပေးသည်။ ထို့နောက် မျက်စိကို ပြန်ဖွင့်၍ အမှောင်ကို ရင်ဆိုင်လိုက်သည်။ ကားလေးက အနောက်ဘက်ကို ဦးတည် မောင်းနှင်နေသောကြောင့် အလင်းရောင် တစွန်းတစကို မြင်နေရသေး၏။ မည်သို့ပင်ဖြစ်စေ … … …
မိုးမချုပ်ခင် ရိက္ခာပြင်လျက် ခရီးဆက်ရပေဦးမည်တည့်။ … ။
***
မေဓာဝီ
၅၊ မတ်၊ ၂၀၁၁
၁၇း၁၂ နာရီ

13 comments:

ကိုကိုမောင်(ပန်းရနံ့) said...

မိုးမချုပ်သေးပါဘူး။ မွန်းတည့်ချိန်ဘဲ ရှိပါသေးတယ်။ နေမကြပ်ဖူးဆိုရင်ပေါ့လေ။

အရုဏ်ဦးအချိန်ဘဲ ဖြစ်ဖြစ်၊ မွန်းတည့်ချိန်ဘဲ ဖြစ်ဖြစ်၊ ဆည်းဆာချိန်ဘဲ ဖြစ်ဖြစ် အချိန်မရွေးဘဲ ရိက္ခာထုပ်တွေတွေ ပြင်ဆင်ထားသင့်ပါတယ်။

ဒါမှ မွန်းတည့်ချိန်မှာ နေ၀င်သွားခဲ့ရင် ရိက္ခာလုံလောက်မှု ရှိမှာ။

တရားသံဝေပွါးသွားပါတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

7pm said...

"နေ့တနေ့ မိုးမချုပ်ခင်၊ ဘဝတခုလုံး မိုးမချုပ်ခင် ၊ သံသရာတခုလုံး မိုးမချုပ်ခင် ရိက္ခာများပြင်ကြရအုံးမည်သာ" - ဟု ဆိုလိုကြောင်း ဆင့်ပွားအတွေးများမိပာသည်...

ကိုအောင်(ပျူနိုင်ငံ) said...

ဘ၀တွေက ဒီလိုပါပဲ၊ မိုးမချုပ်ခင်အထိပေါ့ ...

ညီလင်းသစ် said...

ကိုယ်က ထွန်ရေးပြန်ချိန် ဒါမှမဟုတ် မွန်းတည့်ချိန်လောက် မှာပေမယ့် မိုးချုပ်၊ နေဝင်မယ့်အချိန်ကို ကြိုမြင်၊ သုံးသပ်ထားမိတာလေးက သတိကောင်းတယ်လို့ပဲ ဆိုရမယ် ထင်ပါရဲ့ မမေဓာဝီရေ..၊ သက်ကြီးရွယ်အိုတွေရဲ့ ဘဝက အနောက်မှာ ဖြစ်ဖြစ်၊ အရှေ့မှာဖြစ်ဖြစ် ရုပ်ဝတ္ထု၊ မေတ္တာ တခုခုတော့ လိုအပ်နေတာချည်းပါပဲ..၊ ဒီပို့စ် လေးကို ဖတ်ရတာ အနှေးပြကွက်တွေများတဲ့ ရုပ်ရှင် တခုကို ကြည့်ရသလိုပါပဲ...။

ကျောက်ဘိုးဘိုးကြီး said...

ငယ်ငယ်က မသိသာပေမဲ့ ခု အိုလာချိန်...ပြီးတော့ အနာရောဂါစွဲကပ်ပြီး နာလာချိန်... သေခြင်းတရားကလဲ လက်တလှမ်းပဲလို့ ကြုံလာချိန်မှာ အတော်သိသာတယ် ဒေါ်လေးမေရေ့....
ဒါပေမဲ့ တယောက်ထဲ နေသားကျနေပြီး..ကိုယ့်ဖာသာ အားကိုးရတာတွေက အလေ့အကျင့်ရလာတော့..နောက်ဆံငင်စရာမရှိ အရာရာကို တယောက်ထဲ ရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားတယ်..
ဆေးရုံတွေကတော့ ဒီမှာ တက်ရတာ အဆင်ပြေတယ်..တယောက်ထဲသမားအတွက်ပေါ့လေ..အများနဲ့ သိုက်သိုက်ဝန်းဝန်းနေချင်ရင်တော့ မပြောတတ်ဘူး..
ဒီမှာက ခလုပ်နှိပ်ယုံနဲ့ သူနာပြုက အဆင်သင့်..ဖုန်းလေးနဲ့ စားစရာကြိုက်တာ အဆင်သင့်မှာလို့ရတယ်..
ဆီးသွားချင်တောင်..ခွက်ထိုးပေးတာမျိုး..
ဗမာပြည်မှာ ငှက်ဖျားနဲ့ ဆေးရုံမှာ တယောက်ထဲတက်ရတုန်းက အပေါ့အပါးသွားချင်တာ ဘယ်သူမှ မရှိ လူကလဲ မထန်ုင်တော့ ကုတင်ပေါ်က လှိမ့်ချပြီး..ညစ်ပတ်နေတဲ့အိမ်သာကို ဖင်တရွတ်သွားခဲ့ရဘူးတယ်လေ..

ချော(အစိမ်းရောင်လွင်ပြင်) said...

အိမ်မှာလည်း အဖေနေမကောင်းဘူးလို့ ဒီမနက်ပဲဖုန်းလာတယ်
မမေစာလေးဖတ်ပြီး အဖေ့ကိုမြင်ယောင်သွားမိတယ်..
အဖေလည်း အသက်ကြီးပြီလေ.. စိတ်ပူနေရတာ။
ခုတလော ကျန်းမာရေးသိပ်မကောင်းဘူး..
အိမ်ပြန်ချင်လိုက်တာ
သက်ြန်ရောက်ရင် အိမ်ပြန်ပြီး အဖေအမေကို သွားတွေ့ဦးမယ်.. မမေရေ....
ကိုယ်လဲတစ်နေ့တော့ သက်ကြီးရွယ်အို ဘ၀ကို မလွဲမသွေ ဖြတ်သန်းရဦးမယ်နော် စောစောမသေခဲ့ရင်ပေါ့လေ
အင်း အထုပ်လေး ထုပ်ထားဦးမှပါ..

မောင်မျိုး said...

အထီးကျန်ခြင်းက ငယ်ရွယ်တုန်း စိတ်ထဲရှိတာ လုပ်နိုင်တဲ့အရွယ်မှာတောင် တော်တော်ကို ခံစားရခက်တာ အသက်ရွယ်ကြီးလို ထားရာနေ ရတဲ့ ဝေဒနာက ပိုဆိုးမှာပဲ ။ အိုရမှာတောင် ကြောက်လာသလိုလိုး(

sosegado said...

“သင်လည်း တနေ့အိုရဦးမည်”
ရှောင်လွဲလို့မရတဲ့ အရာတစ်ခုပါပဲ၊ စေတနာ သုံးတန်ပြတ်တဲ့သူတွေတော့ အိုဇာတာကောင်းကြတယ် ပြောကြပါတယ်၊

သစ်နက်ဆူး said...

ညီမမေ..
မိုးမချုပ်ခင်..ပို့ စ်လေးကို လေးလေးနက်နက်တွေးတောပြီးဖတ်ပါတယ်..။
ညီမမေရဲ့  ဦးရီးတော်က ညီမအတွက် ဘ၀မှာ အမှောင်ဖုံးစိတ်တွေ၊ အကာတွေကို မြင်တွေ့ နိုင်အောင် ပါရမီဖြည့်ပေးနေသလိုဘဲလို့  ထင်မိတယ်..။
မထင်မှတ်ဘဲခေါ်သွားတတ်တဲ့ နေရာလေးတွေက
လူငယ်တွေ အမှတ်မထားတတ်တဲ့ နေရာ၊သတိမပြုမိတဲ့ 
နေရာလေးတွေ ဖြစ်နေတယ်..။
အကို ငယ်တုန်းက...ဟင်္သတဦးထွန်းရင်ရဲ့ 
“အကောင်းဆုံး အရှုံးသမား” ဆိုတဲ့ သီချင်းလေးကို နားထောင်ပြီး ကြောက်လန့် သွားဘူးတယ်..
နုပျိုတဲ့ ဘ၀ကနေ အိုမင်းရွတ်တွတဲ့ အထိ ရုန်းကန်ခဲ့ ရတဲ့ နွားတစ်ကောင်..သားသတ်ရုံကို ပို့ တဲ့ အဖြစ်အပျက်လေးကို သီဆိုထားတာ..
တစ်ကယ်တော့ ကိုယ်တို့ ကလဲ ၃၁ဘုံက မလွတ်နိုင်သေးတဲ့  ဆုံလည်နွားတွေပါဘဲ...။
မိုးချုပ်တာကတော့ ရှောင်လို့ မရပါဘူး..
အချိန်ကျရင်ပေါ့လေ..

မြစ်ကျိုးအင်း said...

အိုရတာခြင်းအတူတူ သက်သောင့်သက်သာနဲ့ ဘဝနေဝင်ချိန်ကို ထိုင်စောင့်ရတာ နဲနဲ တော်သေးတယ် ပြောရမယ်။
ကိုယ့်အလှည့်မှာ သက်သောင့်သက်သာ ဖြစ်ဖို့ ကြိုးစားအားထုတ်ရအုံးမယ်။

pyehtookyaw said...

ကြီးသူကိုရိုသေဂါဝရတရားရှိတဲ့ မိသားစုစုံစုံလင်လင်ရှိတဲ့ ကိုယ့်ရေမြေမှာဘဲ ပြန်ပြီးအိုနေချင်ပါတ်ာဗျာ

seesein said...

ကြီးမေ

မိုးမချုပ်ခင် ရိက္ခာပြင်တာ
အထုတ်ကြီးကြီးရပြီလားဗျို့
အထုတ်ပြင်ဖို့ကို အားထုတ်ရအုံးမယ်နော

ခင်မင်တဲ့
seesein

သားသားသန့် said...

အဲတာတွေကွာတယ်နော်..မြန်မာမှာဖြင့်
အသက်ကြီးလာပေမဲ့ သားသမီးမြေးမြစ်တစ်စု
ရဲ့ အကြင်နာ၊မေတ္တာ၊စောင့်ရှောက်မှုတွေနဲ့
သေပျော်နေပျော်ပါသေးတယ်...ခုတော့ဗျာ...