Wednesday, March 02, 2011

ကျေးလက်ကဗျာများ

မနေ့ညက အိပ်ခါနီး ကဗျာစာအုပ်ကလေး ဖတ်ဖြစ်တော့ ချစ်ရာကောင်းပြီး ကျေးလက်ရနံ့ သင်းပျံ့နေတဲ့ ကဗျာလေးတွေကို ရွေးဖတ်မိတယ်။ ရိုးရှင်းတဲ့ အဖွဲ့အနွဲ့၊ ရိုးသားတဲ့ အသုံးအနှုန်း၊ ဟန်ဆောင်ခြင်း ကြွားဝါခြင်း ဂုဏ်ဖော်ခြင်းတွေ ကင်းပြီး သဘာဝဆန်တဲ့ အရေးအသားတွေကြောင့် ဒီကဗျာလေးတွေကို အထပ်ထပ် ဖတ်လို့ မငြီးလှဘူး။ ဖတ်ရတာ သဘောကျလွန်းလို့ အသံထွက်ပြီး ရွတ်ဖြစ်တယ်။ ဖတ်ရင်းလဲ ပြုံးမိတယ်။ ကိုယ်နှစ်သက်တဲ့ ကဗျာတွေမို့ ကိုယ့်လိုပဲ ကဗျာမြတ်နိုးသူများ ဖတ်ရအောင် ပြန်လည် မျှဝေလိုက်ပါတယ်။ ဖတ်ကြည့်ကြပါအုံး။
***
ပုံကြီးသံ

ကောက်စိုက်သမဖွဲ့ (ရေးသူ - သံတော်ဆင့် ဆောမြို့စား ဦးစီ)

ပျိုလေးတို့ ကောက်စိုက်ရာ၊
လိုက်လာနှင့် လေး။
လိုက်လာလျှင် ရွှံ့စင်ရော့မယ်၊
ပေါင်းကြော့ ရင်သွေး။ ။

မဲပန်းညို ပတ်လည်ဝိုက်လို့၊
ထပ်စိုက်တဲ့ မရိုးခိုင်ငယ်၊
ကိုးတိုင်က မွှေး။
လယ်ပွဲတော်ဝင်၊
ပန်ချင်လျှင် ပုံတော်တီးငယ်၊
ခေါင်းဖြီးခဲ့လေး။ ။

အောင်ပင်လယ် ကန်မြမင်းနှင့်၊
ရန်ကင်းတောင် သီခေါင်၊
ရီမှောင်လို့ ဖွေး။
ပျာကသီ၊ တာဆီကို မရွာပါနှင့်၊
မင်္ဂလာလယ်တော်စိုက်ကို၊
ဆိုင်းလိုက်ပါလေး။ ။

ပျိုစိုက်တဲ့ လယ်ကန်သင်းက၊
ရွှေယင်းမာပင်။
မပွင့်ခင်က ငုံတန်သေးငယ်၊
ချိုး ပန်ခဲ့လေး။

တို့တိုင်းမြေနယ်ပေါ်၊
လယ်တော်နှင့် လေး … တော့။
အို-ဘုန်းတော်လေ ကြီးလို့၊
လယ်တော်လေ သီးလို့၊
ပြည်ကြီးမို့လေး။

ရွှေမန်းမြို့ စံရာ၊
ရန်ကွာလို့ ဝေး … တော့။
အို-စက်တော်လေအောက်မတော့၊
ဆဒ္ဒန်ရောက်ပေါ့၊ ရန်ပြန်လို့အေး။ ။

မိုးချုပ်လို့ ချိန်တန်၊
ပြန်ချိန်မှ မျှော်ကွဲ့လေး။
ရွှေဘိုးခေါင် ညီနောင်အိပ်တဲ့၊
တောင်ထပ်ကို နေစွယ်ခ-မှ၊
ချစ်တဲ့လူ ရွှေယောင်ပွက၊
ကြိုပ့ါကွဲ့လေး။ ။

တို့နန္ဒာ လယ်တော်တိုက်မအေ့၊
ညည်းစိုက်တဲ့ ကောက်သွယ်ငယ်၊
မှန်း-ဘယ်မျှကြီး။
ဟော ကြည့်စမ်းမွန်၊
တနှံကို ဆယ်ပြည်ထွက်တယ်၊
ဖြိုးအက်လို့ သီး။ ။

တို့နန္ဒာ ကန်တော်လယ်မှာ၊
နှိုင်းဘွယ်ရှိဘူး။
အကျွန်စိုက်တဲ့ ပျို့ကောက်ပင်၊
ဆင်ပေါက်ကယ် ဆယ်ကောင်ဝင်တော့၊
ရှာမမြင် အနှံဖူး၊
သုံးထွာကကြူး။ ။
***
လွမ်းချင်း

ပျိုးကြဲ ပျိုးစိုက်ဖွဲ့ (ရေးသူ - ဦးကြီး)

မိုး-စရိုက်ပေမို့၊
ပျိုးစိုက်ကယ် ပျော်ပျော်၊
လက်စားငယ်ခေါ်သည်၊
မျက်ဝါးဖော် သူငယ်ချင်းတွေနှင့်၊
လယ်ခင်းပြန့် သမန်းပြင်မှာ၊
အငန်းတွင် သူငါဆင်းပါလို့၊
မူရာချင်း မြို့သူမှီပေါင်၊
တို့တူညီ သံချိုတေးငယ်နှင့်၊
ဖန်ညိုအေး ချိန်လောက်ဆီကို၊
အိမ်ရောက်မီ ကြဲရပြန်တယ်လေး။ ။

တိုထဘီငယ်၊
ဟိုဆီဖုံးရုံ၊
အလုံးခြုံလို့၊
ကုန်းပုံကညီ၊
ခေါင်းရေနှက်တဲ့ တဘက်နီနှင့်၊
ပလီလိုက်တာ၊
ကုပ်ပေါ်ရောက်တဲ့ ဆံတောက်ဟာကို၊
တကြော့ချည်ရုံး၊
လျော့ရီထုံးလို့၊
ပွင့်လုံးငယ် ခတ္တာ၊
ယောင်မငိုက်အောင်၊
ထောင်စိုက်ကာနှင့်၊
ကြိုက်ရှာတဲ့မောင်၊
မမြင်စမ်းစေရ၊
သွင်ပန်းကာ လောင်လိမ့်မယ်၊
တောခေါင်တဲ့ မြောက်ရွာကို၊
မရောက်လာ မြို့တော်ယွန်းဆီက၊
ကန်သင်းခုံ မို့မောင်စွန်းကို၊
လွမ်းလိမ့်မယ်လေး။ ။
***
လွမ်းချင်း

လယ်သမားဖွဲ့ (ရေးသူ - ဦးကြီး)

မင်ကော်ရစ်ကယ်နှင့်၊
ကြင်သစ်တဲ့ ပျို့လူ၊
ထွန်ရေးငယ်ပူ၊
ကိုတောင်သူ မနက်စော၊
ကြက်ရော ပြင်ဆင်လို့၊
ထွန်းနှင်မောင်းတဲ့ ဘေကိုလေး။ ။

လယ်ထွန်ပြန်၊
စားရန်အလို၊
ရွှေဂုံညို၊
ယုန်ဖိုနှောချက်၊
တခွက်ကယ် အချဉ်၊
တောပြည့်စင်၊
ရည်ငယ်ရွှန်းစို၊
လယ်ကန်စွန်းရယ်နှင့်၊
မယ်လွမ်းအောင် ကျိုပါ့၊
နကိုလှ ဦးရင်ငယ်၊
လှော်မီးကင် ပုစွန်ထောင်းငယ်နှင့်၊
မောင်းစေ့မယ်လေး။ ။
***
ဟန်ချင်း

ကောက်စိုက်ဖွဲ့ (ရေးသူ - မသိ)

အေးကောင်းပျိုရွယ် သူငယ်ချင်းတို့၊
လယ်တော်တွင်းက များတတွေ။
ကိုယ်စီ- က-လို့ လှစရာ၊
တို့မျက်နှာမှာ နံ့သာပြောက်လို့၊
လှည်းစာခေါက်ကို အိုင်အိုင်အေးအောင်၊
သွေးကြပါအေ့။ ။

ပန်းထိမ်လက်ခ မပေးရ၊
ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို၊
ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်၊
ပေရွက်လိပ်ကြီး နားတောင်းဆင်၊
ယဉ်နိုင်အောင် ယဉ်လိုက်ချည့်။
အောင်ပင်လယ် ရွာမရိုင်း၊
တိုင်းရွှေပြည့် လက်နား။ ။

လေးရာ့နှစ်ဆယ်၊
အနံငယ် တိုထဘီနှင့်၊
ဖျင်အင်္ကျီ သစ်ခေါက်ဆိုးလို့၊
ချုပ်ရိုးတွေ သီတတန်းမှာ၊
သန်းကိုက်လို့ မယား။ ။

ကျွဲခတ်သည့်ဟန်၊
ချဗျာဆံ စုံပါးရိုက်ကို၊
ခါလိုက်ချည့် တို့အပျိုမှာ၊
ယဉ်နကို မူကြစို့၊
မရိုးဖြူဆံခွေထုံးမှာ၊
ကုံးပန်လို့ ခြားခြား။ ။

အကျွန်တို့လယ် ကောက်စိုက်တုံးက၊
ပြုံးလိုက်တဲ့ အကောင်ဟာရယ်၊
သင်း-ပါရဲ့လား အေ့။ ။

ပုံး ဖာ မှောက်ဆင်၊
တို့-လှတုန်းကို မြင်ပတဲ့အောင်၊
ငါးမျိုးဆင် ပုဝါပြောက်မှာ၊
အဖာတွေ တရာလောက်ကို၊
ဟော-မြှောက်လို့ ပြစမ်း။ … ။
***
ချစ်စရာ ကျေးလက်ကဗျာလေးတွေကို ကဗျာချစ်သူများလဲ ကျမလိုပဲ နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ ရှေးက ကောက်စိုက်သမလေးတွေ လယ်သမားတွေရဲ့ သဘာဝ အလေ့အထကို ဒီကဗျာလေးတွေထဲမှာ တစွန်းတစ တွေ့ရတယ်။ ဒီကဗျာတွေကိုဖတ်ရင်း ခုခေတ်နဲ့ ဘယ်လောက် ကွာခြားမှု ရှိနေမလဲလို့ တွေးမိတယ်။ ဒုံရင်း ဒုံရင်းပဲလား ... တိုးတက် ပြောင်းလဲ နေပြီလား ... ဘယ်လိုပဲဖြစ်ဖြစ် ကျေးလက်က တောင်သူလယ်သမားတွေရဲ့ ဘ၀ကတော့ ရိုးသားစွာ ပင်ပန်းနေကြအုံးမှာပဲ ထင်ပါရဲ့။
***
မေဓာဝီ
၂၊ မတ်၊ ၂၀၁၁
၁၀း၂၀ နာရီ

မှတ်ချက်။ ။ ကဗျာများကို မူရင်းစာအုပ်ထဲမှ သတ်ပုံ သတ်ညွှန်းအတိုင်း ဖော်ပြထားပါသည်။
(ရည်ညွှန်း ။ ။ မြန်မာကဗျာ ရွေးချယ်ချက်နှင့် ရတုရွေးချယ်ချက် စာအုပ် - ဟံသာဝတီ)

16 comments:

ညီလင်းသစ် said...

ဒုတိယကဗျာဖြစ်တဲ့ ဦးကြီးရဲ့ ပျိုးကြဲ ပျိုးစိုက်ဖွဲ့ လွမ်းချင်းမှာ 'မျက်ဝါးဖော် သူငယ်ချင်းတွေနှင့်' ဆိုတာ လေးဖတ်ရတော့ ရပင့်နဲ့ ရရစ် အရေးကြီးတာတွေ့ရလို့ ပြုံးမိသွားသေးတယ်၊ 'မျက်' ကို ရရစ်နဲ့များ ရေးလိုက်လို့ ကတော့.....၊ :D

ချစ်စရာကဗျာလေးတွေပါပဲ မမေဓာဝီ၊ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်..။

ကိုအောင်(ပျူနိုင်ငံ) said...

ဖော်ပြပေးတာ ကျေးဇူးဗျို့ ...

ကိုကိုမောင်(ပန်းရနံ့) said...

နှစ်တစ်ရာ အတိတ်သွားလို့
စိတ်များက နုနုနယ်
ပိုငယ်လို့ တွေး။

မေဓာရဲ့ အကောင်းကဗျာ
အကြောင်းရှာ ဟန်နဲ့ဖတ်တယ်
အဟောင်းမှတ်ကွဲ့လေး။
.

မော်ဒန်ကဗျာ ချောင်ထဲထိုးလို့
မရိုးနိုင်တဲ့ ဖွဲ့နွဲ့ပုံဟန်
ကာရန်က မွှေး။

မြင်ကွင်းစုံ "လယ်"အရှိုရှိုကို
စာဆိုတော် ရိုးခံစပ်တယ်
ရေးမှတ်ကွဲ့ လေး။


ကဗျာလေးတွေ ဖတ်ပြီး အသက်ပြန်ငယ်သွားသလို ခံစားမိတယ်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
.

သစ်နက်ဆူး said...

ညီမမေ..
ရှေးကဗျာတွေအားလုံးကို ကြိုက်နှစ်သက်ပါတယ်..။
အကြိုက်ဆုံးကတော့ ရေးသူ
အမည်မသိစာဆိုရဲ့ ဟန်ချင်း..ပါဘဲ။
အဲဒီဟန်ချင်းကို ဖတ်ပြီးတော့ ဒီရာစုနှစ်တွေမှာ မြန်မာတွေ အားကျနေတဲ့ ဂျပန်ဟိုက္ကူ ကဗျာတွေက
တို့ ရှေးမြန်မာတွေထက်တောင် နောက်ကျနေသလိုဘဲလို့ တောင် ထင်မိတယ်..။

စတီးတော်ဆင့် ဦးကျောက် said...

ဒုံရင်း မဟုတ်ပေါင်ဗျာ...သတင်းစာထဲမှာ စက်မှုလယ်ယာတွေ ကူးပြောင်းနေလို့..နွားတွေတောင် အလုပ်လက်မဲ့ဖြစ်ပြီး စိတ်ညစ်နေကြသတဲ့..
ဗုံကြီးသံကတော့ ငယ်ငယ်က ဗုံရှည်ကြီးတွေနဲ့ တီးကြ ကကြတာ သတိရမိလို့ လွမ်းမိပါ့ ဒေါ်လေးမေရာ..

Angelhlaing(May everybody be happy and healthy! said...

ကျေးလက်ကဗျာလေး အားပေးသွားတယ်မမရေ။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

Anonymous said...

Dear May
Thank you for sharing folk poems.Love to read them.I like Thagyimin's comment poem too.....;-)

Gyidaw

မောင်မျိုး said...

တကယ်ပဲကောက်စိုက်သမလေးတွေ မြင်ယောင်မိသွားစေတဲ့ ကျေးလက်ကဗျာလေးတွေပဲ အစ်မရေ ဖတ်လို့ကောင်းတယ် ။

ရွှေစင်ဦး said...

လယ်ထွန်ပြန်၊
စားရန်အလို၊
ရွှေဂုံညို၊
ယုန်ဖိုနှောချက်၊
တခွက်ကယ် အချဉ်၊
တောပြည့်စင်၊
ရည်ငယ်ရွှန်းစို၊
လယ်ကန်စွန်းရယ်နှင့်၊
မယ်လွမ်းအောင် ကျိုပါ့၊
နကိုလှ ဦးရင်ငယ်၊
လှော်မီးကင် ပုစွန်ထောင်းငယ်နှင့်၊
မောင်းစေ့မယ်လေး။ ။

ဒီကဗျာလေးတော့ ခံစားမိသား

ခင်မင်စွာဖြင့်
ရွှေစင်ဦး

ချော(အစိမ်းရောင်လွင်ပြင်) said...

ကဗျာ ၁ ၄ ကိုတော့ ရင်းနှီးတယ်
၂ ၃ ကိုတော့ ခုမှ ဖတ်ဖူးတယ်
ကောက်စိုက်တဲ့အကြောင်း ရေးထားတဲ့ ကျေးလက် ကဗျာတွေအားလုံးဟာ ကျေးလက်ရဲ့ အရိုးခံပုံစံလေးတွေ တွေ့ရတာမို့ ဖတ်တိုင်းလည်း နှစ်သက် သဘောကျမိပါတယ်..
ခုလို ပြန်ဖတ်ရတော့လည်း မျက်စိထဲ မြင်ယောင်မိအောင်ကို သဘောကျတယ်
ပြန်လည်ခံစားခွင့်ပေးလို့ ကျေးဇူးပါ မမေ။

အဖြူရောင်နတ်သမီး said...

အေးကောင်းပျိုရွယ် သူငယ်ချင်းတို့၊
လယ်တော်တွင်းက များတတွေ။
ကိုယ်စီ- က-လို့ လှစရာ၊
တို့မျက်နှာမှာ နံ့သာပြောက်လို့၊
လှည်းစာခေါက်ကို အိုင်အိုင်အေးအောင်၊
သွေးကြပါအေ့။ ။

ပန်းထိမ်လက်ခ မပေးရ၊
ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို၊
ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်၊
ပေရွက်လိပ်ကြီး နားတောင်းဆင်၊
ယဉ်နိုင်အောင် ယဉ်လိုက်ချည့်။
အောင်ပင်လယ် ရွာမရိုင်း၊
တိုင်းရွှေပြည့် လက်နား။ ။

လေးရာ့နှစ်ဆယ်၊
အနံငယ် တိုထဘီနှင့်၊
ဖျင်အင်္ကျီ သစ်ခေါက်ဆိုးလို့၊
ချုပ်ရိုးတွေ သီတတန်းမှာ၊
သန်းကိုက်လို့ မယား။ ။
...................

သဘာဝ ကျကျကိုရေးထားတာနော်..
ကဗျာဖတ်ရင်း မျက်လုံးထဲမှာ ကွင်းကွင်းကွက်ကွက်ကို မြင်ရတာ..

တိုက်ရိုက်အဓိပ္ပါယ်ပေါက်စေတဲ့ ကဗျာမျိုးတွေပဲ ကြိုက်တယ်..။

ကဗျာဖတ်ပြီး အဓိပ္ပါယ်ကို ပြန်ဖော်နေရတဲ့ ကဗျာမျိုးတွေဆို မကြိုက်ဘူး..။

sosegado said...

ကျေးလက်ကဗျာဆိုတဲ့အတိုင်း ကဗျာလေးတွေကလှ၊ အသံလည်သာပါတယ်၊ အောင်ပင်လယ်ကဗျာတွေပေါ့၊ ခုတော့မြို့သစ်ဖြစ်နေပြီ၊

nyalinphyu said...

ညီမမေဓာဝီ...

ဒေသိယ ကို ဆိုလိုတာပါ။ ဘလော့ပေါ်တင်ပေးတဲ့ စာရိုက်ပေးတဲ့ ကောင်မလေးက မျက်စိလျှမ်းပြီး ဒေသယိလို့ အရေးမှားသွားတာပါ။ ဝေဖန်ထောက်ပြပေးတဲ့အတွက်ကော အားပေးတဲ့အတွက်ပါ ကျေးဇူးအထူးတင်ပါတယ်။

ခင်မင်စွာဖြင့်
ဖြူဖြူဝင်း(မြန်မာစာ)

မြစ်ကျိုးအင်း said...

ကျေးလက်ကဗျာလေးတွေကိုက အသံသာ တယ်နော်။ ရွတ်ဆိုရတာလည်းကောင်းတယ်။
တချို့အသုံးအနှုန်းလေးတွေ မသိတော့ တချက် တချက် အရသာ ပျက်ရတယ်။

Anonymous said...

နောက်ဆုံးက ကောက်စိုက်ဖွဲ့ ဟန်ချင်းလေးကို ကျောင်းမှာသင်ခဲ့ရဖူးတယ်။ ဘယ်အတန်းလဲတော့ မမှတ်မိတော့ဘူး။ အဲဒီတုံးကတဲက “ထန်းပင်ကြီးက ဖြစ်သည့်ရွှေကို၊ ဆူးပန်းကုံးတွေ သွယ်ဘယက်နှင့်၊
ပေရွက်လိပ်ကြီး နားတောင်းဆင်၊ ယဉ်နိုင်အောင် ယဉ်လိုက်ချည့်။” ဆိုတဲ့နေရာကို သိပ်သဘောကျခဲ့တာ။ အဲဒီကဗျာကိုဖတ်ရင် ကဗျာထဲက ကောက်စိုက်သမတွေရဲ့ အပြင်အဆင် အ၀တ်အစား အသွင်သဏ္ဌာန် တွေကို မျက်စိထဲ အလိုလိုကိုမြင်ယောင်လာတယ်။ ဝေမျှပေးတာကျေးဇူးပါ။

chimi zab said...

ကျေးလက်​ကဗျာ​တွေကိုအရမ်းကြိုက်​တယ်