Thursday, March 10, 2011

လိပ်ပြာသိစေ ...

တလောက မလေး (အိမ့်ချမ်းမြေ့) ဘလော့ကို ရောက်သွားတော့ “ပန်းနဲ့ လိပ်ပြာ” ဆိုတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးကို တွေ့လိုက်ရတယ်။ ငယ်ငယ်ကတည်းက ကြိုက်လို့ အလွတ်ရခဲ့တဲ့ ကဗျာလေး တပုဒ်ပါ။ မောင်စိန်ဝင်းရဲ့ ပန်းနဲ့ လိပ်ပြာကို ဖတ်ပြီးတော့ မလေးရဲ့ “ပန်းဘ၀” ဆိုတဲ့ ကဗျာလေး ကိုလဲ အဲဒီပို့စ်မှာ ဖတ်ရပါတယ်။ အဲဒီကဗျာတွေဖတ်ရင်း တခါက အဖေရေးခဲ့ဖူးတဲ့ “ပန်းပျိုနဲ့ ကိုလိပ်ပြာ” ကဗျာလေးလဲ ခေါင်းထဲ ရောက်လာတာနဲ့ ပြန်ဖတ်ဖြစ်တယ်။

ကဗျာတွေဖတ်ရင် မျက်စိထဲ မြင်ယောင်ခံစားပြီး ဖတ်လေ့ရှိတာမို့ လိပ်ပြာလေးတွေ ပန်းလေးတွေကို စိတ်နဲ့ပုံဖော်ပြီး တွေးနေမိတယ်။ ပျံဝဲနေတဲ့ လိပ်ပြာလေးတွေ … ပွင့်လန်းနေတဲ့ ပန်းလေးတွေ … ။ အရောင်စုံ အသွေးစုံ … မွှေးလို့ ပျံ့လို့ … တလောကလုံးက လှလို့ပါပဲ … ။ ဒါပေမဲ့ ဆက်ပြီး တွေးမိတာက ကဗျာရဲ့ နောက်ကွယ်က လိပ်ပြာတွေနဲ့ ပန်းပွင့်လေးတွေ ... ။ ပန်းပွင့်တိုင်းလဲ မမွှေးပျံ့ဘူး ... ပန်းပွင့်တိုင်းလဲ အဆင်းမလှဘူး။ အဆင်းမလှ ရနံ့မမွှေးတဲ့ ပန်းလေးတွေဆီကို မျက်စိလည် လမ်းမှားရောက်လာတဲ့ လိပ်ပြာတချို့ လာနားခိုတဲ့အခါ … … … ။

ပန်းပွင့်လေးတွေသာ စကားပြောတတ်ရင် သူတို့ဆီ ခေတ္တလာရောက် နားခိုပြီး ၀တ်ရည်ချိုချိုတွေ သောက်သုံးလို့ အားရတဲ့အခါ စွန့်ခွါ ပျံပြေးကြတဲ့ လိပ်ပြာလေးတွေကို ဘယ်လိုများ ပြောချင်မလဲ … ဘယ်လိုများ အပြစ်တင်မလဲ … ။ နားလည်စွာ ခွင့်လွှတ်မှာလား … ရက်စက်သူလို့ အပြစ်ယူမှာလား … ပန်းပွင့်လေးတွေ ကိုယ်စား စဉ်းစားနေမိတယ် … ။

ဘာပဲဖြစ်ဖြစ်ပါ … ပန်းလေးတွေရဲ့ဘ၀ဆိုတာ ကိုယ့်ဆီ လာရောက်ခိုနားမယ့် လိပ်ပြာကို ရွေးချယ်လို့မှ မရဘဲ။ တောင်ပံပါတဲ့ လိပ်ပြာလေးတွေကတော့ လှရာရာ ပန်းလေးတွေ တပွင့်ပြီး တပွင့် ပြောင်းလဲ နားခိုရင်း ၀တ်ရည်တွေ သောက်သုံးနေမှာပေါ့။ တကယ်တော့ … ဒါတွေဟာ သဘာဝတွေပါပဲ။ ရွေးချယ်ခွင့်ရှိတဲ့ လိပ်ပြာတို့ရဲ့ သဘာဝနဲ့ ရွေးချယ်ခွင့်မရှိတဲ့ ပန်းလေးတွေရဲ့ သဘာဝပဲလေ … ။ ဒါပေမဲ့ သဘာဝတိုင်းဟာ သဘာဝကျရဲ့လား … ။ တခါတလေ သဘာဝတွေဟာ သဘာဝမကျတဲ့အခါ … ပန်းကလေးတွေရဲ့ စိတ်မှာ ဒဏ်ရာတွေလဲ ဖြစ်တတ်တာပါပဲလို့ စိတ်ထဲ တွေးမိရင်း … ဒီကဗျာလေး ရေးဖြစ်သွားတယ်။
***

လိပ်ပြာသိစေ …


အလှမ်းရယ်ဝေးတဲ့
လမ်းသွယ်နဘေးက …
ပန်းငယ်လေးရဲ့ ဘ၀ပါလေ … ။

အညတြ ဒီရင်ခွင်မှာ
ရွှေလိပ်ပြာ လာခိုဝင်တော့
ငြိုငြင်ကာ မငြင်းပယ်ရက်ပြီမို့
အဆင်းရယ်နတ္ထိ ပန်းငယ်က
အတင်းတွယ်ဖက်မိလေသလား
မှားမိတွေဝေ … ။

အထင်မလွဲပါနဲ့ …
ရင်ထဲမှာ နာကျင်တတ်ပေမဲ့
ဇာတ်နာတယ် ဆိုရအောင်
အရပ်တကာလည် ငိုမပြပါဘု
အားငယ်သူ့ ပျိုရင်ခွင်မှာ
နားလည်မှု လိုချင်တာကို
မှားတယ်ဟု ငြိုငြင်နေ …
အို … ထင်ရက် လေသလား … ။

ရွှေလိပ်ပြာ အစာပြည့်ပြီမို့
ဖြေသိမ့်စရာ ရှာမတွေ့သည်လား
စကားဆို ပျားလိုမချိုတဲ့ပြင်
အနားကိုလဲ မသွားလို မလာလိုတော့
လျော့ရဲရဲ မေတ္တာဓာတ်
ပေါ့နည်းနည်း သစ္စာပျက်ကာ
အချစ်မပါ အပြစ်ရှာရက်တဲ့အပြင်
နောက်တပင် လျှောက်ဝင်လို့ လှမ်းလိုမှ
ပန်းပျိုမှာ နွမ်းငိုကာ တ-ရှာရ
သဘာဝပါ လိပ်ပြာအကျင့်ပေမို့
စိတ်မှာ ကျိတ်ခါ ဖြေမိလေငြား
အတိတ်ဟာ အဆိပ်ပမာ ပူလောင်ငြိလေပေါ့
သိက္ခာရှိယောင် သူဟန်ဆောင်တဲ့
ရွှေလိပ်ပြာ အမောင်သိစေသား … ။ … ။
***

မေဓာဝီ
၀၁၊ ၀၂၊ ၂၀၁၁
၁၄း၄၄ နာရီ

(ရေးထားတာ ကြာပါပြီ။ အလုပ်တွေရှုပ်နေလို့ အသစ်မရေးဖြစ်တာနဲ့ မတင်ရသေးတဲ့ အဟောင်းတွေ ပြန်ရှာပြီး တင်လိုက်ပါတယ်။)

16 comments:

ညီလင်းသစ် said...

ကဗျာကို ဖြစ်လာစေတဲ့ အတွေးလေးကလည်း ကဗျာလေးလိုပဲ ချစ်စရာကောင်းတယ်၊ လိပ်ပြာတွေ ကတော့ “အတောင်ပံပါရင် ပန်းဆီကို...” ပဲ ဖြစ်နေကြ မယ် ထင်ပါရဲ့နော်၊ အစာဝတော့လည်း လိပ်ပြာက ချန်ရစ်သူ၊ ပန်းက ကျန်ရစ်သူပေါ့..၊ ပိုးတုံးလုံးဘဝမှာ ကြာရှည်စွာ အကျဉ်းကျခဲ့သူတွေမို့ လွပ်လပ်တဲ့ အခါ အစွမ်းကုန်များ ပျော်ပါးမိကြလေ သလား၊ ဘာပဲဖြစ်ဖြစ် လိပ်ပြာတောင်ပံခတ်သံ တွေက မမေဓာဝီရဲ့ အတွေးအငုံလေးကို လှပတဲ့ ကဗျာပန်းလေးတစ်ပွင့် ပွင့်လာစေခဲ့တာတော့ အသေအချာပါပဲ...။

Angelhlaing(May everybody be happy and healthy! said...

ပန်းနဲ့လိပ်ပြာ ပို့စ်ကောင်းလေးတစ်ခု
ဖတ်ခွင့်ရလို့ ကျေးဇူးပါမမရေ.။
ခံစားအားပေးသွားလျှက်
ကောင်းသောနေ့လေးဖြစ်ပါစေရှင်။

ချစ်ကြည်အေး said...

ညီမမေ ကဗျာ အဖွဲ့ ကာရန် ယူပုံလေးတွေကို သဘောကျတယ်...ဖတ်ရတာ ပန်းကလေးတွေရဲ့ဘဝကို သနားစာနာမိသွားတယ်...
ဟို သစ္စာရှင်ကိုကြီးကျောက်တို့လို လိပ်ပြာ ဆိုးဆိုးကြီးတွေကို ပန်းလေးတွေ ကိုယ်စား မုန်းထှာ...:)

Anonymous said...

အမရေ .. ကဗျာလေးကို အရမ်းကြိုက်တယ်။
ဂျမ်း

မောင်မျိုး said...

အစ်မရေးတဲ့ကဗျာလေးတွေက ဟိုးတုန်းက ကဗျာမျိုးလေးတွေ ချစ်စရာကောင်းတယ် ရွတ်လို့ကောင်းတယ် အဓိပ်ပါယ်ဖော်ရလွယ်တယ် ရုပ်လုံးလည်းပေါ်တယ် ။ ဒီကဗျာလေးထဲက ပန်း နဲ့ လိပ်ပြာ လေးကြားက ချစ်ခြင်းတရားကိုရလိုက်ပါတယ် ။ အမောင့်ရင်ထဲမှာလည်း တစ်စုံတစ်ရာရှိချင်ရှိနေနိုင်မှာ သူလည်းသိမယ်ထင်ပါတယ် ။

sosegado said...

တကယ်တော့ လိပ်ပြာလေးရဲ့ ရှင်သန်ရတဲ့ဘဝကို ပန်းပွင့်လေးကမသိလို့ပါ၊

ကိုအောင်(ပျူနိုင်ငံ) said...

ကျောင်းမတက်ခင် နောက်ဆုံးတင်တဲ့ ကဗျာလေး ဖတ်သွားတယ် မမေရေ ...

မြစ်ကျိုးအင်း said...

ကဗျာလေးက ဖတ်လို့ကောင်းတယ်။ ဖတ်ရတာ ပြေပြစ်ပြီး အဓိပ္ပါယ်ပေါ်လွင်တော့ ကဗျာကောင်းလေးလို့ သတ်မှတ်မိတယ်။
ပန်းနဲ့လိပ်ပြာရဲ့ ရှေးယခင်ထဲက နောင်လည်းရှိနေအုံးမယ့် သဘာဝပါပဲ။
ပန်းဖြစ်ပြီး လိပ်ပြာ အနားမခံရတာမှ နာကျင်ဖို့ ကောင်းတာပါ။

သစ္စာရှင်ကျောက်လိပ်ပြာလေး said...

ကိုယ့်ဖာသာမလှဘူးထင်ပြီး အားငယ်မနေပါနဲ့ ပန်းလေးရာ..
ဟို...အတင်းပြောတတ်တဲ့ ချစ်ကြည်အေး ဆိုတဲ့ ရုပ်ဆိုးဆိုးအဖွားကြီးရိုက်တဲ့ ဓါတ်ပုံတွေထဲမှာတောင်
ခွေးသေးပန်းတွေက လှလို့...

တောက်ပကြယ်စင် said...

မေဓာဝီက စာအရေးအသားကောင်းတယ်နော် စာပိုဒ်ခွဲတာ၊ စာပိုဒ်ခြားတာကအစ အကုန်လုံးပေါ့၊ တကယ်တော့ တစ်ချို့တစ်ချို့သော ပန်းတွေရဲ့ဘ၀ကို သနားမိပါတယ်လေ၊ ရေးတတ်ပါ့ဗျာ၊ ဘလော့ဂ်နာမည်နဲ့ လိုက်ဖက်တယ်၊ ဘုန်းဘုန်းလည်း ဟိုလည်ဒီလည်ရင်းနဲ့ ရောက်လာခဲ့ပါတယ်၊ အင်္ဂလန်မှာ တော်တော်အေးလားဟင် အို မဆီမဆိုင်၊ ကျန်းမာပျော်ရွှင်ပါစေနော်...

ချော(အစိမ်းရောင်လွင်ပြင်) said...

ချစ်ဖို့ကောင်းလိုက်တဲ့ ကဗျာလေး
မမေရေးထားတဲ့ကဗျာထဲက
သိက္ခာရှိယောင် သူဟန်ဆောင်တဲ့
ရွှေလိပ်ပြာ အမောင်လိုလူတွေကို
ဝေးဝေးက ရှောင်ရမယ်.. ဟဲဟဲ

အိမ့်ချမ်းမြေ့ said...

မလေးထင်တာ မမေ ခုတလော အရမ်းကို နူးညံ့နေတယ် .. :P

ဒီကဗျာလေးမျိုး..ရွက်ကြွေကဗျာလေးမျိုး.. သိပ်လှတယ်..။

သို့ပေမယ့် မလေးမှာ မိန်းမ၀ါဒီ ကိစ္စ အရှိန်မသေသေးတော့လေ...

အဲလို လိပ်ပြာမျိုးကို စိတ်တိုချင်သလိုပဲ.. :D

ဒါပေမယ့် သူက လိပ်ပြာဘ၀ကိုးလေ..
ဒီလိုပဲဖြေသိမ့်ရမှာပဲနော်..

ကိုကိုမောင်(ပန်းရနံ့) said...

လိပ်ပြာလေးလဲ အခုလောက်ဆို သိလောက်ပါပြီ။ သိလောက်ပြီပေါ့နော်။

ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)

ဟန်ကြည် said...

လှလိုက်တဲ့ လေးချိုးလေး...မန်ကျည်းရွက်သတ်နဘေယူပုံဆန်ဆန်ယူထားတာ သဘောကျတယ်...နရီမှန်မှန်နဲ့ စာသားရွေးချယ်ပုံ သိမ်မွေ့တယ်...ဒါပေမယ့် နောက်ဆုံးပိုဒ် ၅ကြောင်းမြောက်နဲ့ ၆ကြောင်းမြောက်မှာ “လျော့ရဲရဲ” နဲ့ “ပေါ့နည်းနည်း” ကို နဘေကိုလိုက်ပြီး ယူလိုက်တာ သဘောပေါက်ပေမယ့် စာသားအားလျော့သွားသလိုပဲ...ဘာပဲဖြစ်ဖြစ် ကဗျာကောင်းလေးအတွက် ကျေးဇူးပါ...မှတ်စုထဲမှာကူးထားလိုက်ပါတယ်...

Mhu Darye said...

မမေ.. လာဖတ်သွားတယ်း)

than said...

မေဓါဝီ
ကျနော်တို့လာလည်သွားပါတယ်..
စာလေးတွေကြိုက်..တ..ယ်..၊
မဂ္ဂဇင်းမှာ ပြည်ပအနုပညာရှင်ကလောင်ရှင်တွေအတွက် အခန်းတစ်ခန်းရှိတယ်..၊ကဗျာ၊ဆောင်းပါး၊၀ထ္ထု၊ရှိတယ် ၀င်ရေးဖို့ဖိတ်ခေါ်ပါတယ်၊
ဒုတိယအုပ်အဖြစ် july issue ကိုသည်လကုန်ထွက် မယ်..
အယ်ဒီတာအဖွဲ့
international look Magazine