ဒီကနေ့ဟာ ၀ါခေါင်လပြည့် မေတ္တာအခါတော်နေ့ ဖြစ်ပါတယ်။ မေတ္တာအခါတော်နေ့ကို ရည်ရွယ်ပြီး မေတ္တာနဲ့ ပတ်သက်တဲ့ ပို့စ်လေးတွေ ရှေ့ရှေ့နှစ်တွေတုန်းက တင်ခဲ့ဖူးပါတယ်၊ ဒီတခါတော့ ဆရာတော် အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာထဲမှာပါတဲ့ မေတ္တာအကြောင်းလေးကို ကောက်နုတ်ပြီး မေတ္တာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ဘလော့မှာ ဖော်ပြလိုက်ပါတယ်။
***
မေတ္တာအကြောင်း
မေတ္တာဟူသော အမည်နာမဖြင့် စေတသိက် သီးခြား မရှိချေ။ အဒေါသ စေတသိက်ကိုပင် သတ္တ၀ါများ၏ စီးပွါးချမ်းသာ လိုလားချစ်ခင်ရာ၌ မေတ္တာဟု ခေါ်ဝေါ်ရပေသည်။ ထို့ကြောင့် “မှတ်ယူချစ်ငြား - မေတ္တာပွါး၍” ဟု ဆိုခဲ့သည်။ သို့ဖြစ်၍ တယောက်ယောက်အပေါ်ဝယ် သူ၏ အကျိုးစီးပွါးကို လိုလားသော (ကြီးပွါးအောင် စောင့်ရှောက် ကူညီလိုသော) ချစ်ခင်မှုကို မေတ္တာဟု မှတ်ပါ။
မေတ္တာအတု
ဆွေချစ် မျိုးချစ် သမီးခင်ပွန်းချစ် စသော အချစ်များလည်း တယောက်အကျိုး တယောက်လိုလားကြ၊ ကူညီစောင့်ရှောက်လို ထောက်ပံ့လိုကြ၏။ ထိုကဲ့သို့ ချစ်နေသူအပေါ်၌ “မေတ္တာရှိသည်” ဟုလည်း ပြောဆိုကြသည်။ သို့သော် ထိုအချစ်မျိုးမှာ မေတ္တာအစစ် မဟုတ်၊ လောဘခန်း၌ ပြခဲ့သော “ဂေဟဿိတ ပေမ = အိမ်၌မှီသော အချစ်” တည်း။
နွားမကြီး၏ မေတ္တာ
ထိုတဏှာပေမမျိုးဖြင့် ချစ်ခင်နေသူ၏ အပေါ်မှာ “မည်သည့်အခါမျှ မေတ္တာအစစ် ကုသိုလ်စိတ် မဖြစ်နိုင်” ဟု မဆိုထိုက်ပါ။ မကြာမကြာ မေတ္တာအစစ် ကုသိုလ်ဖြစ်သောအခါလည်း ရှိနိုင်ပါသည်။ ရှေးသောအခါ မိခင်နွားမကြီးသည် မေတ္တာအစစ်ဖြင့် သားငယ် နွားကလေးကို နို့ချိုတိုက်ကျွေးနေစဉ် မုဆိုးက လှံဖြင့် ထိုးသတ်လေရာ မေတ္တာတန်ခိုးကြောင့် လှံမစူးဘဲ ထန်းရွက်ကဲ့သို့ ပျော့ကျသွားလေသတဲ့။ ဤသို့လျှင် ဆွေမျိုးဉာတိ သားအမိ ဇနီးမောင်နှံတို့၏ အတွင်းမှာလည်း အချင်းချင်း မေတ္တာအစစ်များ ဖြစ်နိုင်ကြပေသည်။
သာမာဝတီ၏ မေတ္တာ
ကောသမ္ဗီပြည် ဥတေနမင်းဝယ် သာမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရား ၃ ယောက်ရှိသည်။ သာမာဝတီသည် ရတနာသုံးပါးကို ကြည်ညို၏။ မာဂဏ္ဍီကား မိဖုရားမဖြစ်ခင် အပျိုစင်ဘ၀ကပင် ဘုရားရှင်အပေါ်မှာ ရန်ငြိုးထားခဲ့သော ပုဏ္ဏေးမကလေးတည်း။ ထို့ကြောင့် မာဂဏ္ဍီသည် သာမာဝတီအပေါ် အမြဲအပြစ်ရှာ၏။ သာမာဝတီကား မေတ္တာတရား အထူးပွါးများနေသူ ဖြစ်သည်။ ဥတေနမင်းသည် မိဖုရား သုံးယောက်တို့၏ အဆောင်ဝယ် တလှည့်စီ စံစားကာ စောင်းတီးဝါသနာပါသော ဘုရင်တဦးတည်း။
အခါတပါး၌ သာမာဝတီအထံ အဆောင်တော်ကူးရန်နီးလေသော် မဂဏ္ဍီသည် သူ၏ ဘထွေးထံ အဆိပ်ပြင်းသော မြွေကိုမှာ၍ အဆိပ်ကိုဖြေစေလျက် စောင်းခွက်အတွင်းသို့ သွင်းထားလေသည်။ ထို့နောက် အပေါက်ကို ပန်းကုံးဖြင့် ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွား၍ အိပ်မက်ရာမက် မကောင်းသောကြောင့် သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ ပင်ကိုယ်ဉာဏ်ဖြင့် သံတော်ဦးတင်လေသော် ဘုရင်က ဂရုမစိုက်ဘဲ သာမာဝတီ၏ အဆောင်သို့ ကူးသွားလေရာ စိတ်မချသည့်ဟန်ဖြင့် နောက်က အတင်းလိုက်သွားလေသည်။
အဆောင်တော်ရောက်၍ ဆက်သသော ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်၍ လျောင်းသည့်အခါ မယောင်မလည်နှင့် သူပိတ်ဆို့ထားသော ပန်းကုံးကို နုတ်လိုက်လေသည်။ ထိုအခါ ထည့်ထားသော မြွေသည် အလွန်စိတ်ဆိုးနေရကား ရှူးခနဲ ထွက်ခါ ဘုရင့်ဦးခေါင်း အနီးသို့ ရောက်လာလေသော် အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်ဘုရင်ကိုပြ၍ သာမာဝတီနှင့် မောင်းမတစုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကိုလည်း သူ့စကားကို နားမထောင်သဖြင့် ယခုလိုဖြစ်ရသည်ဟု အပြစ်တင်လေသည်။
ဥတေနမင်းကား မာဂဏ္ဍီစီစဉ်သမျှကို လုံးဝနားမလည်ခြင်းကြောင့် လွန်စွာထိတ်လန့်၍ ရာဇမာန်ရှလေရကား “မင်းတို့ မျက်စောင်း အကြောင်းမရွေး” တော့ဘဲ ကိုင်နေကျ လေးကိုတင်ကာ သာမာဝတီတို့ အစုကို စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် ထိပ်ထားလေးက သူ၏ မောင်းမမိဿံများကို သြ၀ါဒပေးသည်မှာ
“အမိတို့ … မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်၊ ယခုလို အခါမျိုးမှာ မေတ္တာမှတပါး အားကိုးစရာ မရှိပေဘူး၊ အမိတို့ ပွါးများနေကျဖြစ်သော မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍ ပွါးများကြပါ”
ဤသို့ တိုက်တွန်းလေလျှင် ပင်ကို ယဉ်ကျေးပြီးသော မောင်းမများဖြစ်သည့်အတွက် နီးကပ်သော အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွါးကြလေသည်။ ဥတေနမင်းကား အမျက်မပြေနိုင်သေးသဖြင့် ချိန်ရွယ်ထားသော မြားကို တအားကုန် လွှတ်လိုက်လေရာ မေတ္တာတန်ခိုးကြောင့် မြားအရှိန်ရှေ့မတိုးဘဲ ပစ်သူ့အထံ မြားပြန်၍ ခ,လေသော် ဥတေနမင်း သတိရ၍ မိဖုရားခြေရင်း၌ထိုင်ကာ သည်းခံဖို့ရန် တောင်းပန်ရှာလေသည်။
ဝတ္ထုမှတ်ချက်
မာဂဏ္ဍီမှာ သာမာဝတီ၏အပေါ်၌ ကိုယ့်ထက်သာ၍ မနာလိုသော ဣဿာစိတ်၊ ပရိယာယ်ဉာဏ်ဆင်ရသော မာယာစိတ်၊ သေစေလိုသော ဒေါသစိတ်များဖြစ်၏။ ဥတေနမင်း၌ မြွေကို မြင်သည်ကစ၍ ဒေါသစိတ်မွှန်ကာ မြားပြန်လာသောအခါကျမှ လွန်စွာကြောက်ရွံ့သော ဒေါသ ဒေါမနဿစိတ်များ ဖြစ်ရပြန်သည်။ မောင်းမအများနှင့်တကွ သာမာဝတီထိပ်ထားကား ရန်သူ့အပေါ်၌ပင် မေတ္တာစိတ် ထားနိုင်ပေသည်။
နည်းယူဖွယ်
ယခုကာလ သူတော်ကောင်းအမြင့်တန်းကို မှန်းထားရင်း ရှိသူများမှာလည်း သာမာဝတီထိပ်ထား၏ ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရား ဣဿာ မစ္ဆရိယ များသူများကိုပင် အတုံ့ပြန်၍ ရန်မမူမိစေဘဲ မိမိစိတ်ကိုသာ ကောင်းသည်ထက် ကောင်းအောင် ပြုပြင်ကြပါ။ အကျိုးဆောင်ခွင့်ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲသင့်ပါသည်။ ထိုသို့ သုံးစွဲနိုင်မှသာလျှင် ပါရမီရှင်ဟု ထင်မြင်နိုင်ပါသည်။
မေတ္တာသည် ရေနှင့်တူ၏၊ ဒေါသသည် မီးနှင့်တူ၏၊ ရေများလေ မီးငြိမ်းလေ။ ထို့ကြောင့် ဒေါသနည်းအောင် မေတ္တာတိုးပွါးဖို့ ကြိုးစားသင့်ကြပါသည်။
(အရှင်ဇနကာဘိဝံသ - ကိုယ်ကျင့်အဘိဓမ္မာ)
***
ငယ်ငယ်က ဆရာဦးမြသောင်းရဲ့ မေတ္တာဗြူဟာ အသင်းမှာ ရာသက်ပန် အသင်းဝင်ထားပြီး တနင်္ဂနွေနေ့တိုင်း စုပေါင်းမေတ္တာပွါးပွဲကို သွားလိုက် မေတ္တာအခါတော်နေ့ ကျင်းပတဲ့အခါ အသံမစဲ မေတ္တာပွါးလိုက်နဲ့ မေတ္တာတွေ များစွာ ပွါးခဲ့ပေမဲ့ ခုထိလည်း ဒေါသက ကြီးနေမိတုန်းပါပဲ။ ကြုံရင် ကြုံသလို ဥပုသ်သီတင်း စောင့်တဲ့အခါတိုင်း မေတ္တာသဟဂတေန ဆိုပြီး မေတ္တာခြံရံတဲ့ ကိုးပါးသီလ ဥပုသ် စောင့်ခဲ့ပေမဲ့လည်း ဒေါသကို မပယ်သတ်နိုင်သေးပါဘူး။ ဘာပဲဖြစ်ဖြစ် ရေများရေနိုင် မီးများမီးနိုင် ဆိုတာကြောင့် မီးအပူ နည်းလိုနည်းငြား ဒီနှစ် မေတ္တာအခါတော်နေ့မှာလည်း ကိုးပါးသီလ ဥပုသ်စောင့်ဖို့ ဆုံးဖြတ်ပြီး ဒေါသတွေ တဖြည်းဖြည်း လျော့နည်းစေဖို့ သတ္တ၀ါအားလုံးအပေါ် တပြေးညီ မေတ္တာထားနိုင်ဖို့ ကြိုးစားနေပါကြောင်း … ။
မေတ္တာဖြင့် ...
မေဓာဝီ
၂၅၊ သြဂုတ်၊ ၂၀၁၀
ဝါခေါင်လပြည့်
မေတ္တာအခါတော်နေ့

နံနက် ၅ နာရီ ၁၀ မိနစ်
မေတ္တာနှင့် ပတ်သက်၍ ရေးခဲ့သမျှ ...
(၁) ၀ါခေါင်မေတ္တာ
(၂) မေတ္တာအခါတော်နေ့
(၃) မေတ္တာဖြင့်
(၄) မေတ္တာ ဆုတောင်း
10 comments:
ဒီပို့စ်လေးကို ဖတ်ပြီးတော့ စိတ်အေးချမ်းသွားရတယ် မမေဓါဝီ...
ခင်မင်တဲ့
နေ၀သန်
မမေဓါဝီ ရေ
အခါကြီးရက်ကြီး နဲ့ အဆင်ပြေသလို ဥပုသ် စောင့် နိုင်တဲ့ မမေဓါဝီ ကို အားကျပါရဲ့ ကုသိုလ် ကောင်းမှု့ တွေ လည်း အများကြီးပြုနိုင်တယ်နော်
ခင်တဲ့
ရွှေစင်ဦး
မေတ္တာသုတ်ရွတ်ပြီး ဒေါသကြီ်းတုန်းဆိုတော့ ပြုံးပြုံးနဲ့ဖတ်သွားပါတယ်
ငြိမ်းအေးပါစေ
ခင်မင်စွာဖြင့်
seesein
နှုတ်က မေတ္တာ၊ စိတ် မပါ၊ ဒေါသာဖြစ်တတ်သည်။
ပုထုဇဉ်တိုင်း၊ ဒေါသ၀ိုင်း၊ မှိုင်းမှိုင်းမှုန်တတ်သည်။
ဒေါသနဲ့ကွယ်၊ ဒေါကိုပယ်၊ လွယ်လွယ်မဖြစ်ပြီ။
မေတ္တာနဲ့မှ၊ ပယ်ဒေါသ၊ မုချဖြစ်နိုင်သည်။
ဒေါရဲ လောပြိတ်၊ မောတိရိစ်၊ သံခိပ်လင်္ကာရှိလေသည်။
ထိုသည့်သုံးပါး၊ ဝေးရှောင်ရှား၊ အမှားဘယ်ခါမရှိပြီ။
မေတ္တာနေ့မှာ၊ မေတ္တာရှာ၊ မေဓာလုပ်ရပ်မှန်လေသည်။
မေဓာ့မေတ္တာ၊ ကပ်ကမ္ဘာ၊ မှန်စွာပျံ့နှံ့တည်နိုင်သည်။
ကိုကိုမောင်မှာ၊ ခေါင်းပူရှာ၊ ကျောင်းစာတွေက များလှသည်။
မေဓာတည်ပြု၊ ကုသိုလ်စု၊ သာဓုသာဓု ခေါ်ပါသည်။
သာဓု...သာဓု.. သာဓု..
ခင်မင်လျက်
ကိုကိုမောင်(ပန်းရနံ့)
.
မေတ္တာတွေထဲ လူရွှင်တော် မေတ္တာရော
မပါဘူးလား မမေ၊ နောက်တာပါ ဥပုပ်နဲ့ စိတ်မတိုနဲ့နော် ....း)
ပို့စ်ဖတ်ပြီး ဟုတ်တယ် တနေ့လုံး မေတ္တာနဲ့ သတိထားနေမယ်ဆိုပြီး...
ညနေလောက်ရောက်တော့ နှုတ်ခမ်းကြီးက စူ၊
မျက်နှာကြီးက ပုတ်သိုးသိုး ဖြစ်လာပြန်တာပဲ မမေဓာဝီရေ
(ဘယ်သူနဲ့မှ မဟုတ်ဘူး ထုံးစံအတိုင်း သားနှစ်ယောက်နဲ့...ဟူး..တကယ်မလွယ်ဘူး)
အောင်မြင်အောင် ကြိုးစားပါမယ်
ဥပုဒ်သယ်ကြီး
ကြယ်နီ ရဲ့ ဥပုဒ်သယ် ၊ တွင်းကြီး ၀မ်းမောင် ငတော ငလုံး ဥပုဒ်သယ် အခု ကြီးမေရဲ့ ဥပုဒ်သယ်ပေါ့ ဥပုဒ်စောင့်ပြီးဘလော့လည် ဆိုတော့ သူတို့လိုပေါ့
ငတောငလုံးလည်း ကောင်းတယ်ဗျ
ခင်မင်စွာဖြင့်
seesein
ဒီနေ့အတွက် အလိုက်ဖက်ဆုံး ပို့စ်လေးပါပဲ။
အငြိုးအမှတ်တွေ မထားဘဲ မေတ္တာတွေသာ ပွားများကြနိင်ရင်တော့ သိပ်သာယာသွားမှာပဲ..။
သာမာဝတီတို့ မာဂဏ္ဍီတို့အကြောင်းကို ငယ်ငယ်ကတည်းက အမေက ဖတ်ဖတ်ခိုင်းလို့ မှတ်မိနေတယ်.. ဒီကြားထဲ မဖတ်ရတာကြာတော့ မေ့သလောက်ရှိသွားပြီ။ မမေဓာဝီဆီမှာ စာလာဖတ်တော့မှ ပြန်အမှတ်ရသွားတော့တယ်.. မကောင်းတာလုပ်တဲ့သူဟာ ကောင်းတဲ့စိတ်ရှိတဲ့သူကို မကျော်လွှားနိုင်ဘူးနော်.. ကိုယ်တိုင်လဲ ဒေါသတော့ ကြီးမိတာပါဘဲ မေရယ်.. ဒါပေမဲ့ မကောင်းတဲ့စိတ်တော့ မထားမိအောင် ကြိုးစားပါတယ်.. ဒီပိုစ့်လေးဖတ်ပြီး စိတ်နှလုံး ငြိမ်းချမ်းမိပါတယ်.. ကျေးဇူးပါနော်...
good ကြိုက်တယ်
Post a Comment